Home ဆောင်းပါး နိုင်ငံ့ဂုဏ်ဆောင် စစ်ရှောင်သမီးငယ် – ကရာတေးချန်ပီယံ ဆိုင်းနူး

နိုင်ငံ့ဂုဏ်ဆောင် စစ်ရှောင်သမီးငယ် – ကရာတေးချန်ပီယံ ဆိုင်းနူး

Photo: International Karate Organization Myanmar Branch

နန်းဆိုင်နွမ်။            ။

သူမဟာ စစ်ကြောင့်ဖြစ်တဲ့စိတ်ဒဏ်ရာကို မေ့ပျောက်နိုင်ဖို့ ကရာတေးကစားခဲ့ရာမှ စစ်ရှောင်လူငယ်တွေအတွက် စံပြဖြစ်လာခဲ့ပါတယ်။

“ စစ်ရှောင်စခန်းမှာ နေရတာ စိတ်မွန်းကြပ်တယ်။ စိတ်ညစ်တယ်။ ကရာတေးဆော့ရင် စိတ်ညစ်တာတွေ ပျောက်ကုန်တယ်” လို့ ဆိုင်းနူးက ပြောပြပါတယ်။

ဆိုင်းနူးဟာ  ကရာတေးကို (၇)တန်းအရွယ်တွင် စတင်ကစားခဲ့ပြီး လက်ရှိမှာ (၉)တန်းကျောင်းသူဖြစ်နေပါပြီ။

ဆိုင်းနူးက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Invitational Friendship Tournment Singapore 2018 ဖိတ်ခေါ် ကရာ တေးပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး  နိုင်ငံ့ကိုယ်စားပြုချန်ပီယံဆု ဆွတ်ခူးလာခဲ့တဲ့ ကချင်စစ်ဘေးရှောင်စခန်း က မိန်းကလေးငယ်တဦးဖြစ်ပါတယ်။

“သမီးက ဒီဆုရဖို့ မျှော်လင့်ထားတယ်။ ဆရာတွေ အသင်အပြတွေကြောင့်ပါတယ်။ နောက်မျှော်လင့်ထားသလို ရ လာတဲ့အတွက် ဝမ်းသာတယ်။ ဘုရားသခင် ကျေးဇူးတော်ကြောင့်ပါပဲ” လို့ ဆိုင်းနူးက ဝမ်းသာစွာ ပြောပါတယ်။

ဆိုင်းနူးဟာ လွန်ခဲ့တဲ့(၂)နှစ်မှစပြီး ကရာတေးကို စတင်ကစားခဲ့သူ တဦးလည်းဖြစ်ပါတယ်။

“ သမီးက စစ်ရှောင်မှာနေတော့ ကျောင်းသွားတယ်။ သူများလို ကျူရှင်တွေ မတက်တော့ အချိန်တွေပိုတယ်။ နောက်သမီးရဲ့ စိတ်ဒဏ်ရာတွေကို မေ့ပျောက်ဖို့အတွက် ဆော့တာလည်းပါတယ်” လို့  ဆိုင်းနူးက ဆိုပါတယ်။

သူမဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလော့ကြီးကျေးရွာမှ မြစ်ကြီးနား ရွှေစက်စစ်ရှောင်သို့ ရောက်ရှိ လာခဲ့သူဖြစ်ပါတယ်။

သူမငယ်ရွယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖခင်ကတော့ စစ်ရှောင်စခန်းမှာ လွန်ခဲ့တဲ့ (၃)နှစ်ခန့်က ဆုံးပါးသွားခဲ့ပါတယ်။

ဆိုင်းနူးဟာ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ အဒေါ်ဖြစ်သူနဲ့အတူ စစ်ရှောင်စခန်းမှာသာ ဆက်လက်နေထိုင် နေပါတယ်။

“ ဆိုင်းနူးက မနက်ဆိုရင် သူ့အဒေါ်နဲ့အတူ စခန်းမှာ ခေါက်ဆွဲရောင်းတယ်။ ဝီရိယရှိတယ်။ ကြိုးစားချင်စိတ် ရှိ တယ်” လို့ ရွှေစက်စစ်ရှောင်စခန်း တာဝန်ခံ ဆရာခလန်အာရွန်တူးက ပြောပြပါတယ်။

စစ်ရှောင်စခန်းအတွင်းမှာ နေထိုင်ကြတဲ့ ကလေးတွေဟာ တခြားအပြင်က ကလေးတွေလို ကျူရှင်များ မတက်နိုင် ကြဘဲ အားလပ်ချိန်များမှာ စိတ်လေလွှင့်မှာကို စိုးရိမ်တဲ့အတွက် ကလေးငယ်တွေကို ကရာတေးသင်ကြားပေးခဲ့ရ ခြင်း ဖြစ်တယ်လို့  ဆရာခလန်အာရွန်တူးက ဆိုပါတယ်။

“  ကရာတေးသင်ရတဲ့ အဓိကအချက်ကတော့ ကလေးတွေစိတ်လေမှာစိုးတယ်။ နောက်  ကျန်းမာရေး၊ သူတို့ ဘဝ လုံခြုံရေး၊  ကိုယ့်ကိုကိုယ်ကာကွယ်တတ်အောင် ဒါတွေကြောင့်သင်ပေးတာပါ” လို့ ဆရာခလန်အာရွန်တူးက ပြော ပြပါတယ်။

စစ်ရှောင်စခန်းက ကရာတေးကစားကြသူတွေထဲမှာ ယောကျ်ားလေးထက် မိန်းကလေးဦးရေက ပိုများကြောင်း လည်း သူက ပြောပြပါတယ်။

Photo: International Karate Organization Myanmar Branch

ဆိုင်းနူးတယောက် စင်္ကာပူမှာ သွားရောက်ယှဉ်ပြိုင်ပြီး ချန်ပီယံဆုရလာတဲ့နောက်ပိုင်း စစ်ရှောင်မှ အမျိုးသမီးများနဲ့ ကလေးများဟာ ကရာတေးဆော့တာကို ပိုပြီးစိတ်ဝင်စားလာတယ်လို့လည်း ရွှေစက် စစ်ရှောင် တာဝန်ခံဆရာက ထပ်လောင်းပြောပြပါတယ်။

“  သူ(ဆိုင်းနူး)က  ဘဝကို ရုန်းကန်နေရတဲ့ကလေး။ ငယ်ငယ်ကတည်း မိဘနှစ်ပါးစလုံး ဆုံးသွားတယ်။ စစ်ရှောင် မှာလည်း သူ့ထက်ငယ်တဲ့ မောင်တွေ၊ ညီမတွေနဲ့ နေရတယ်။ လုံခြုံမှု မရှိဘူး။ တဲတွေက နှစ်ကြာတော့ မိုးတွေယို တယ်။ သူက အစ်မကြီးတယောက် ပီသတယ်။ သူ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ်” စစ်ရှောင်စခန်းကို ကူညီ နေတဲ့ Shingni Nbat စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ  ဒေါ်လဖိုင်နန်ပရီက ဆိုင်းနူးဘဝအကြောင်း ပြောပြပါတယ်။

ဆိုင်းနူးဟာ စစ်ဒဏ်ကြောင့် ရုန်းကန်နေရတဲ့ကလေးဖြစ်ပြီး စစ်ရှောင်မှာ နေထိုင်တဲ့ မိန်းကလေးငယ်အများစုက  စိတ်ဓာတ်ကျကာ ကျောင်းမတက်တော့ဘဲ တရုတ်ပြည်မှာ အလုပ်သွားလုပ်ဖို့ ကြိုးစားကြပေမယ့် ဆိုင်းနူးတ ယောက်ကတော့ စစ်ရှောင်အမျိုးသမီးငယ်တွေအတွက် စံပြနမူနာပါလို့ ဒေါ်လဖိုင်နန်ပရီက ပြောပါတယ်။

“ စစ်ရှောင်အမျိုးသမီးအများစုက စိတ်ဓာတ်ကျတယ်။  ကျောင်းဆက်မတက်ကြဘူး။ တရုတ်ပြည်ဘက်သွားပြီး အလုပ်လုပ်ကြတယ်။ ဆိုင်းနူးကတော့ စစ်ရှောင်တခုလုံးမှာရှိတဲ့ မိန်းကလေးအားလုံးရဲ့ စံပြမိန်းကလေးတယောက်၊ ရဲရင့်တယ်၊ ချီးမွမ်းထိုက်တဲ့  မိန်းကလေးတယောက်လို့ ပြောချင်ပါတယ်” လို့ သူက ဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ ဆိုင်းနူးက နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ကလေးဖြစ်လာပြီး မိသားစုအတွက်၊ မောင်နှမအတွက် ထောက်ပံ့ပေးနိုင်တဲ့ မိန်းကလေးတယောက်လည်းဖြစ်ကာ စစ်ရှောင်တခုလုံးအတွက် စံပြဖြစ်လာတဲ့အတွက် စိတ် ဓာတ်မကျဖို့ အမြဲပြောထားကြောင်း သူမက ပြောပါတယ်။

“ သမီးမှာ အားငယ်စရာမလိုဘူး။ ကမ္ဘာကလည်း သိနေပြီ။ ကချင်မိသားစုတွေအားလုံးလည်း သိနေပြီ။ ဘုရားနဲ့ မဝေးဖို့ကအစ သွန်သင်ပေးပါတယ်” လို့ ဒေါ်လဖိုင်နန်ပရီက ဆိုင်းနူးကို အားပေးစကားဆိုပါတယ်။

ကရာတေးကစားခြင်းက ကိုယ်ခန္ဓာထိခိုက်နာကျင်မှုကို ခံစားရပြီး၊ ဒီလိုနာကျင်မှုတွေကြောင့် အမျိုးသမီး တော် တော်များများက ဆက်လက်မကစားကြတော့ကြောင်း၊ အခုတော့ ဆိုင်းနူးတယောက် စင်္ကာပူမှ ချန်ပီယံဆု ရယူ လာတဲ့အတွက် အမျိုးသမီးငယ်လေးတွေ ကရာတေးကို စိတ်ပါလက်ပါ ပြန်လာကစားကြကြောင်းလည်း ဒေါ်လဖိုင် နန်ပရီက ပြောပြပါတယ်။

Photo: Nang Pu

အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုများ ပိုမိုများပြားလာတဲ့အတွက်လည်း မိမိကိုယ်ကို ခုခံနိုင်ဖို့ ကရာတေးကစားသင့်ပြီး ကချင်ပြည်နယ်က မူးယစ်ဆေးဝါးသုံးစွဲသူများမှာ အမျိုးသမီးငယ်အများစု  ပါဝင်နေတဲ့ အ တွက် မူးယစ်ဆေးဝါး ကင်းစင်ရန် အားကစားတခုအဖြစ် ကစားသင့်တယ်လို့လည်း ရွှေစက် စစ်ရှောင်စခန်းမှ တာဝန်ခံ ဆရာခလန်အာရွန်တူးက ထောက်ပြပါတယ်။။

“ ကရာတေးက အမျိုးသမီးတွေအတွက် ကျန်းမာရေး၊ လုံခြုံရေးအတွက် ကစားသင့်တဲ့ ကစားနည်းပါ။ အခုနောက် ပိုင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ကလည်း များလာတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်  ခုခံကာကွယ်နိုင်တဲ့ ကစားနည်းပါ” လို့  စစ်ရှောင်စခန်းကို အကူအညီပေးနေတဲ့ ဒေါ်လဖိုင်နန်ပရီက မှတ်ချက်ပြု ပါတယ်။

လာမယ့်နှစ်၊ ဧပြီလမှာလည်း ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ကရာတေးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေ တယ်လို့ ဆိုင်းနူးက ပြောပြပါတယ်။

“ စင်္ကာပူကနေ ပြန်လာပြီးနောက်မှာတော့ စစ်ရှောင်စခန်းမှာ ကရာတေးသင်ချင်တဲ့သူတွေကို အခြေခံကရာတေး သင်တန်း ပြန်ပေးနေပါတယ်” လို့လည်း သူမက ပျော်ရွှင်စွာ ပြောပြပါသေးတယ်။

ကရာတေးကစားနည်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး၊ ကရာတေးသင်ချင်တဲ့ စစ်ရှောင်ကလေး တွေကိုလည်း သင်တန်းပြန်လည်ပေးသွားမယ်လို့ သူမက ဆိုပါတယ်။

“ နောက်ထပ်လည်း အောင်မြင်အောင်ဆော့သွားမယ်။  တခြားမိန်းကလေးတွေလည်း ဆော့စေချင်တယ်။ ဒီကစား နည်းက မိန်းကလေးတွေအတွက် လုံခြုံရေး၊ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆော့ဖို့ တိုက်တွန်းချင် ပါတယ်” လို့ ဆိုင်းနူးက အမျိုးသမီးတွေကို ကရာတေးကစားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Related Articles