နွေဦးမောင်။ ။
‘ကပေါရူး ကပေါရူး’ ဆိုတဲ့ ကရင်ဘာသာစကားနဲ့ ညကင်းစောင့်တဲ့လူငယ်ဆီက အော်သံဟာ သန်းခေါင်းချိန်မှာ ထွက်ပေါ်လာပါတယ်။
နိုးတဝက် အိပ်တဝက်နဲ့ ဒေါ်မီးငယ်ရဲ့စိတ်ထဲမှာတော့ ကင်းသမားက ညကြီးမင်းကြီး ဘယ်သူ့ကို အော်ခေါ်နေပါလိမ့်ဆိုပြီး တွေးနေမိသလို ပြန်မထူးတဲ့သူအပေါ်ကိုလည်း ဒေါသစိတ်ဝင်လာပါတော့တယ်။
အမှန်တော့ ‘ကပေါရူး’ဆိုတာ လူနာမည်မဟုတ်ပါဘူး။ ဒါကို သူနေတဲ့စခန်းထဲက ရဲဘော်လေးတစ်ယောက် သူ့ကိုအပြေးလာခေါ်တော့မှ ဒေါ်မီးငယ် သိလိုက်ရတာပါ။
“အမေ လေယာဉ်တွေ လာတယ်။ အမြန်ပြေးရအောင်” လို့အဲဒီရဲဘော်လေးက ပြောလည်းပြော ဒေါ်မီးငယ်ရဲ့ လက်တစ်ဖက်ကိုလည်း အတင်းဆွဲပြီးပြေးကာမှ သူလည်းကြောင်အန်းအန်းနဲ့ ဗုံးခိုကျင်းရှိရာ အပြေးလေး လိုက်လာမိပါတော့တာ။ တပ်ဖွဲ့ဝင်တွေထဲမှာ ဒေါ်မီးငယ်က အသက်ကြီးဆုံးဆိုတော့ သူ့ကို ရဲဘော်လေးတွေက ‘အမေ’ လို့သာ ခေါ်ဝေါ်ကြပါတယ်။
“လေယာဉ်လာတာအမေဆိုပြီး ဆွဲပြေးတာ၊ ခြေထောက်နဲ့မြေကြီးတောင် မထိလိုက်ဘူးရယ်”လို့ အသက် (၄၃) နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မီးငယ်က တောတွင်းအတွေ့အကြုံတစ်ခုကို ဟာသနှောပြီး ပြန်ပြောပြပါတယ်။
ညကင်းသမား ကရင်ဘာသာစကားနဲ့ အဆက်မပြတ်အော်နေတဲ့ ‘ကပေါရူး ကပေါရူး’ဆိုတာ လေယာဉ်၊ လေယာဉ်လို့ သတိပေးတာဖြစ်ကြောင်း ဒေါ်မီးငယ် ကိုယ်တွေ့နဲ့ယှဉ်ပြီး သိလိုက်ရပါတော့တယ်။
ပြောမယ်ဆို ဒေါ်မီးငယ်တစ်ယောက် နယ်မြေဒေသ မကျွမ်းကျင်၊ ဒေသိယစကားလည်း နားလည်တတ်မြောက်ခြင်းမရှိဘဲ တိုင်းရင်းသားဒေသတစ်ခုက လွတ်မြောက်နယ်မြေထဲ ရောက်နေခဲ့တာ ခုဆို (၂)နှစ်နီးပါး ရှိလာပါပြီ။
အမှန်တော့ တော်လှန်ရေးကာလ အစောပိုင်းကနေ အခုချိန်အထိ နွေဦးတော်လှန်ရေးမှာ ဒေါ်မီးငယ်ဟာ ပံ့ပိုးသူတစ်ဦးမျှသာပါ။ လမ်းပေါ်ထွက် သပိတ်တိုက်ပွဲတွေ ဆင်နွှဲကြစဉ်ထဲက သူ့အမျိုးသားကသာ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ရှိခဲ့တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ယောကျ်ားဖြစ်သူကို သူဆန္ဒရှိတဲ့အတိုင်း တော်လှန်ရေးအလုပ်တွေ ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ နောက်ကနေ ပံ့ပိုးခဲ့တာပါ။ ပံ့ပိုးဆို ခုလိုမျိုး မိသားစုလိုက် တောထဲ ရောက်လာတဲ့အထိပါပဲ။
သူတို့ဇနီးမောင်နှံမှာ သားနှစ်ယောက်ရှိပါတယ်။ သားကြီးက (၁၃)နှစ်၊ သားငယ်က (၄)နှစ်ပါ။ သူတို့ ဇာတိမြို့ကနေထွက်လာတဲ့ ၂၀၂၁၊ ဧပြီလတုန်းက သားငယ်လေးဟာ နှစ်နှစ်နဲ့ သုံးလသာ ရှိပါသေးတယ်။
သားအကြီးကတော့ လေးတန်းအောင်ပြီးထဲက ကိုဗစ်ဖြစ်ပြီး ကျောင်းတွေပိတ်တော့ အခြားကလေးတွေလို စာဆက်မသင်နိုင်ခဲ့ဘူး။ ခုတစ်ခါ အာဏာသိမ်းလိုက်ပြန်တော့ ပညာရေးနဲ့ အလှမ်းဝေးခဲ့ရပြန်တယ်။ ဒေါ်မီးငယ်က သူ့သားတွေကို ဘွဲ့ရပညာ တတ်ကြီးတွေ ဖြစ်စေချင်တာ။
သူကိုယ်တိုင်လည်း မိဘတွေတာဝန်ကျေခဲ့လို့ ဘွဲ့တစ်ခုရခဲ့တဲ့အပြင် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူပါ။ အာဏာမသိမ်းခင်အထိ ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ခုမှာ နည်းပြဆရာမ လုပ်ကိုင်ခဲ့ပါတယ်။ သူ့အမျိုးသားကလည်း သူ့အလုပ်နဲ့သူ။
ပြောမယ်ဆို အာဏာမသိမ်းမီက သူတို့မိသားစုလေးအတွက် ‘ရွှေရောင်နေ့ရက်’ တွေပါပဲ။ မိသားစုဘဝလေး တစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့တာကတော့ စစ်တပ်အာဏာသိမ်းပြီး (၂)လကျော် အကြာမှာပါ။ တိတိကျဆိုရရင် ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပေါ့။
သည်တုန်းက မြို့လယ်နားမှာရှိတဲ့ သူတို့အိမ်နားတင် သပိတ်အင်အားစုတွေက ခံတပ်တွေဆောက်ပြီး စစ်အာဏာရှင်ကို အပြင်းအထန် ခုခံတွန်းလှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အကြီးအကျယ်ဆန့်ကျင်မှုကို ခံလာရတဲ့ စစ်အုပ်စုဟာ ဧပြီ (၉)ရက်မှာ ဒေါ်မီးငယ်တို့နားက ခံတပ်ကို အင်အားသုံးဖြိုခွင်းတဲ့အပြင် ဆန့်ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက်ဖမ်းဆီးတာတွေ ဆက်တိုက်ကျူးလွန်လာပါတော့တယ်။
အဲဒီလို စစ်တပ်ရဲ့အကြမ်းဖက်မှုအောက် အသက်ဆုံးရှုံးခဲ့ရသူ တစ်ဒါဇင်ကျော်ရှိခဲ့ပြီး ရိုက်နှက်ဖမ်းဆီး ထောင်သွင်းအကျဉ်းချခံရသူ ဒါဇင်နဲ့ချီရှိတဲ့အထဲမှာ ဒေါ်မီးငယ်အမျိုးသားရဲ့ တော်လှန်ရဲဘော်တွေ ပါသွားခဲ့တယ်။ ဒီတော့ အချိန်မရွေးရန်ပြုလာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရှောင်ရှားဖို့ မိသားစုလိုက် ကိုယ်ရောင်ဖျောက်ရပါတော့တယ်။
“မိသားစုလိုက် ထွက်လာဖို့ဆိုတာ တော်တော်ကြီးကို စွန့်စားခဲ့ရတာပါ။ ဘာလို့ဆို ကလေးတွေကလည်း ငယ်သေးတော့လေ။ ကိုယ်နေခဲ့တာကလည်း မြို့ပေါ်မှာမှ မြို့လယ်ခေါင်လို နေရာမျိုးကနေ တောထဲပြေးလာရတာ။ ဒါပေမဲ့ ကလေးတွေက ထင်ထားတာထက် ခံနိုင်ရည်ရှိတော့ သက်သာရာရခဲ့တယ်”လို့ ဒေါ်မီးငယ်က ဆိုပါတယ်။
ဒီလိုနဲ့ သူတို့မိသားစုလေးယောက် တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲက ကျေးရွာလေးတစ်ရွာကို ရောက်လာခဲ့ပါတယ်။ အဲဒီရွာလေးမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ အကူအညီနဲ့ သီးပင်စားပင်လေးတွေစိုက်ပြီး မိသားစုဝမ်းရေး ဖြေရှင်းနေခဲ့ရတာ ခုနစ်လကြာတယ်။
မြို့ပေါ်မှာနေပြီး မြေဖြူနဲ့ ဘောလ်ပင်သာကိုယ်ခဲ့တဲ့ သူတို့ဇနီးမောင်နှံအဖို့ အဲဒိကာလတွေဟာ မဟာစွန့်စားခန်းကြီးပါပဲလို့ ဒေါ်မီးငယ်က ရင်ဖွင့်တယ်။ သည်တုန်းက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လည်း မဖွဲ့ရသေးတော့ သူ့အမျိုးသားမှာ တော်လှန်ရေးတာဝန် သီးခြားရှိမနေခဲ့ပါဘူး။ ဒါကြောင့် မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို စိုက်ပျိုးရေးလုပ်ငန်းကို တက်ညီလက်ညီလုပ်နိုင်ခဲ့တယ်။
၂၀၂၁ နှစ်မကုန်ခင်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံစစ်ကြေညာတဲ့အပြင် မြို့နယ်အသီးသီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေဖွဲ့လာခဲ့တယ်။ ဒီတော့ ဒေါ်မီးငယ်ရဲ့ အမျိုးသားဟာလည်း လတ်တလောရောက်နေတဲ့ ရွာလေးကနေ လွတ်မြောက်ဒေသကိုထွက်ခွာပြီး ပ.က.ဖ တာဝန်တွေထမ်းဆောင်ဖို့ ဖြစ်လာခဲ့တယ်။
တိုတိုပြောရရင် နှစ်မကုန်ခင်ဘဲ လွတ်မြောက်နယ်မြေထဲရောက်ခဲ့ပြီး တိုင်းဒေသကြီးတစ်ခုရဲ့ မြို့တော် မြို့နယ် ပ.က.ဖ ရဲဘော်တစ်ဦးရဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ရပါတော့တယ်။ ဒါပေမဲ့ သူ့အမျိုးသားဟာ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်ရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကို ဒေါ်မီးငယ်က ခုလိုရှင်းပြပါတယ်။
“အရေးကြီးတဲ့ တာဝန်ပေါ့။ ပြောပြမရတာ နားလည်ပေးပါနော်။ သူ့တာဝန်ထမ်းတာလည်း မိသားစုအနားမှာပါပဲ။ တိုက်ခိုက်ရေးမဟုတ်တဲ့ တာဝန်လို့ပဲ အသိပေးပါရစေ”
သည်တော့ ဒေါ်မီးငယ်တစ်ယောက် သူ့အခြေအနေသူ ပြန်သုံးသပ်ကြည့်တယ်။
‘ငါ့ယောကျာ်းက တော်လှန်ရေးတာဝန် ထမ်းဆောင်နိုင်ပေမယ့် ငါကရော ဘာလုပ်မလဲ’ ဆိုတာကိုပါ။
သူက ကိုယ့်တူသားအရွယ်သာရှိသေးတဲ့ ရဲဘော်လူငယ်လေးတွေကြားမှာ လူပိုကြီး ဖြစ်မနေချင်ဘူးလေ။ အဲတော့
‘ငါ ဘာလုပ်နိုင်မလဲ’ဆိုပြီး သူ့ကိုယ်သူ မေးခွန်းတွေ အကြိမ်ကြိမ် မေးမိတယ်လို့ ဒေါ်မီးငယ်က ဆိုပါတယ်။
နောက်တော့ သူအဖြေတစ်ခု ရလိုက်ပါတယ်။ အဲဒီအဖြေက တခြားတော့ မဟုတ်ပါဘူး။ စခန်းမှာနေပြီး ကလေးနှစ်ယောက်ကို ထိန်းကြောင်းရင်း တပ်ဖွဲ့ဝင်ရဲဘော်တွေ အဆင်ပြေပြေစားနိုင်အောင် စားဖိုတာဝန်ယူမယ်လို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာပါပဲ။ ဒါကြောင့် တပ်စခန်းစရောက်ထဲက ခုချိန်ထိ တပ်ဖွဲ့ဝင်ရဲဘော် အယောက် (၂၀) စာ ချက်ပြုတ်စီစဉ်ပေးပြီး နိုင်ရာတာဝန် ထမ်းလျှက်ရှိပါတယ်။
တစ်ခါသား တိုင်းစစ်ဒေသခွဲရဲ့ ညွှန်ကြားချက်နဲ့ သူတို့တပ်ဖွဲ့စခန်း ပြောင်းရွှေ့ရဖို့ ဖြစ်လာတယ်။ ရာသီက မိုးကာလကြီး။ သူတို့ရောက်နေတဲ့ လွတ်မြောက်နယ်မြေမှာက တောင်ကုန်းတွေ၊ လျှိုမြောင်တွေပေါသလောက် မြေသားလမ်းလေးတွေက ဆိုင်ကယ်တစ်စီးသွားသာယုံလောက်သာရှိတာ။ အဲဒီလမ်းကျဉ်းကျဉ်းလေးကို မိုးရွာကြီးထဲ ဖြတ်မောင်းသွားရမှာ သူစိုးထိတ်နေမိတယ်။
ဒါပေမဲ့ တော်လှန်ရေးတာဝန်အရ ပြောင်းရမှာဆိုတော့ ငြင်းဆန်လို့လဲ မဖြစ်ဘူးလေ။ ဒီတော့ သူ့အမျိုးသားနဲ့ သားငယ်ဆိုင်ကယ်တစ်စီး၊ သားကြီးနဲ့သူက တစ်စီးဆီမောင်းပြီး စခန်းသစ်ဆီ ထွက်လာခဲ့တယ်။ အဲဒီနေ့က မိုးကသည်းလိုက်တာမှ တဝေါဝေါပါပဲ။
လမ်းကကျဉ်း၊ မြေသားကဖြစ် မိုးကသည်းဆိုတော့ ဘာပြောကောင်းမလဲ။ စခန်းသစ်ချမယ့် နေရာမရောက်မချင်း ဆိုင်ကယ်တွေလဲလိုက်တာမှ တဗိုင်းဗိုင်း တအိုင်းအိုင်း။ သူရော၊ သူ့အမျိုးသားရော၊ အခြားရဲဘော်တွေရော အလဲလဲ အကြဲကြဲပါပဲ။
သူဆို ကံကောင်းလို့သာ မသေတာ။ တောင်ကျောအတက်မှာ ဆိုင်ကယ်မှောက်တော့ လူကဆိုင်ကယ်ပေါ်ကနေ လွင့်ကျပြီး ဘေးကကျောက်တုံးနဲ့ သူ့ ဦးခေါင်းဝင်မိတ်ဆက်မိတော့မလို့။ သီသီလေးကပ်လွဲသွားခဲ့တာလို့ ဒေါ်မီးငယ်က ဆိုပါတယ်။
အဲဒီလို သေကံမရောက်ခဲ့လို့လဲ တော်လှန်ခရီးကြမ်းမှာ နိုင်ရာဝန်ထမ်းပြီး ခုထိ ခရီးဆက်နေနိုင်သေးတာ။ နိုင်ရာဝန်ဆိုရာမှာ ရဲဘော်တွေ စားသောက်ရေးတစ်ခုသာ သူလုပ်ပေးနေတာ မဟုတ်ပါဘူး။ စခန်းဝန်းကျင် သာယာရေးအစ အိမ်သာသန့်ရှင်းရေးအဆုံး သူလုပ်နိုင်တာ အကုန်လုပ်တာ။ ခုဆို နောက်ထပ်တာဝန်သစ်တစ်ခုကိုပါ သူက ထပ်ယူထားသေးတယ်။
အဲဒါက ကလေးနှစ်ယောက်ကို စာသင်ပေးတာပါ။ သူတို့တပ်ဖွဲ့စခန်းနား အခြားစခန်းတစ်ခုက ကလေးနှစ်ယောက်ကို နေ့စဥ်စာသင်ပြပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကလေးနှစ်ယောက်ကိုတော့ အထူးတလည်သင်မပေးဖြစ်ဘူး။ သူ့သားကြီးကိုတော့ သချ်ာနဲ့ အဂ်လိပ် ဘာသာရပ်စာအုပ်တွေ ဝယ်ပေးပြီး ကိုယ်တိုင်လေ့လာစေတယ်လို့ သူက ရှင်းပြပါတယ်။
ခုတော့ ဒီလောက်နဲ့ပဲ ကလေးကို ပျိုးထောင်ပေးနိုင်သေးတယ်။ မဝေးတော့တဲ့ကာလ တော်လှန်ရေးကြီး ပြီးမြောက်လို့ ပြည်သူတွေအောင်ပွဲခံတဲ့အခါ ကောင်းမွန်တဲ့ပညာရေးစနစ်နဲ့ ကလေးတွေကို ပျိုးထောင်ပေးသွားဖို့ ဒေါ်မီးငယ် စိတ်ကူးထားတယ်။ လတ်တလော သူ့ရည်မှန်းချက်ကတော့ အခြားရဲဘော်တွေနည်းတူ တော်လှန်ရေးကြီး အောင်မြင်သွားဖို့ပါပဲ။
ဒါကြောင့်လည်း မြို့ပေါ်ကနေ တောထဲအထိ မိသားစုလိုက်ထွက်လာပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးမှာ တစ်တတ်တစ်အား ပါဝင်နေခဲ့တာ မဟုတ်လား။
“အမှန်အတိုင်း ဝန်ခံရရင် ကျမတို့ကြောက်လို့ ခုလိုတော်လှန်နေတာပါ။ အမိန့်အာဏာနဲ့ ထင်တိုင်းကြဲပြီးအုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ကြောက်တာ”လို့ ဒေါ်မီးငယ်က သူ့ခံယူချက်ကို ပြောပါတယ်။
ဒါပေမဲ့ အဲဒီအကြောက်တရားကို သူ့သားနှစ်ယောက်ကို ဆက်ပြီး မခံစားစေချင်ဘူး။ အခြားတော်လှန်ရဲဘော်တွေရဲ့ ဦးတည်ချက်အတိုင်း အဲဒီအကြောက်တရားကို သူတို့လက်ထက်မှာပဲ အဆုံးသတ်ပေးခဲ့ချင်တယ်လို့ ဒေါ်မီးငယ်က သူ့ဆန္ဒကို ပြောပါတယ်။ ပြီးတော့ သူက ခုလိုဆက်ပြီး ရင်ဖွင့်ပါတယ်။
“ကျမတို့သားသမီးတွေ ကြီးပြင်းလာတဲ့အချိန်မှာ ဓားမိုးအုပ်ချုပ်ခံရတဲ့ ခုလိုအခြေအနေမျိုးတွေ ရှိမနေစေချင်တော့ဘူး။ နိုင်ငံသူနိုင်ငံသားတွေအပေါ် တန်ဖိုးထားပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အုပ်ချုပ်ရေးစနစ်မျိုးနဲ့ နေထိုင်သွားစေချင်တယ်”