ဒေဝီ။ ။
“ကျောက်ဆစ်ရုပ်ထဲက ပန်းပွင့်လို နှလုံးသားနဲ့လူ”
“ရာမယဏ ဇာတ်တော်ထဲက မင်းဒဿလိုလူ မင်းဒဿလိုလူ”
“လင်္ကာဒီပချစ်သူ” ဆိုတဲ့ မြန်မာသံစဉ် တေးသီချင်းတစ်ပုဒ်ကို အသံချိုချိုလေးနဲ့ စင်ပေါ်ကနေ သီဆိုနေသလို စင်အောက်က ကြည့်ရှုသူတွေဆီကလည်း အားပေးသံက တခဲနက်။
လက်ပြတ်မကြီးလို့ ခေါ်ခံရတဲ့အချိန်တိုင်း ဝမ်းနည်းပြီး ငိုကြွေးလေ့ရှိပေမယ့် အခုတော့ အကောင်းပကတိ ရှိတဲ့ လက်တဖက်နဲ့ မိုက်ကိုင်ကာ အားမာန်အပြည့်နဲ့ သီဆိုနေတဲ့ ဟန်ပန်က လူတိုင်းကို ချစ်ခင်စေပါတယ်။
သူကတော့ မသန်စွမ်း တေးသံရှင် မအေးမြတ်မွန်ပါ။
မသန်စွမ်းတစ်ဦး ဖြစ်တာကြောင့် ဘဝတစ်လျှောက်လုံး ဝမ်းနည်းသိမ်ငယ်မှုတွေနဲ့ နေထိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။
ခါးသီးလှတဲ့ ငယ်ဘဝ
အသက် ၁၉ နှစ်အရွယ် မအေးမြတ်မွန်ရဲ့ ဘဝက ငယ်စဉ်ကတည်းက မချောမွေ့ခဲ့ပါဘူး။ မွေးကတည်းက ဘယ်ဘက် လက်တဖက်က လက်မောင်းအရင်းနားကနေ ပါမလာသလို ညာခြေမှာလည်း သိမ်နေပြီး လမ်းလျှောက်ရင် ခြေတဖက်က နိမ့်နေပါတယ်။
မွေးရာပါ မသန်စွမ်းတစ်ဦး ဖြစ်တာကြောင့် ဆော့ကစားတဲ့အခါ ရွယ်တူ ကလေးတွေရဲ့ စနောက်မှု၊ ဖယ်ကျဉ်မှုကို ခံရပါတယ်။ မအေးမြတ်မွန်ကို တွေ့တာနဲ့ လက်ကို အင်္ကျီထဲထည့်ပြီး လက် မရှိတဲ့ပုံစံ စနောက်တာ၊ ခြေထောက်တဖက်ကို တိုအောင် လျှောက်ပြတာနဲ့ လှောင်ပြောင်ကြတယ်။
ကဲ့ရဲ့စနောက်တာတွေကို ဝမ်းနည်းမိပေမယ့် ဘာမှ ခွန်းတုံ့ မဆိုနိုင်ပါဘူး။ အမြဲတမ်း စနောက် လှောင်ပြောင် တာကြောင့် အပြင်လည်း မထွက်ရဲခဲ့ဘဲ သူ ကျောင်းနေအရွယ်မှာ ကြုံရတဲ့ အဖြစ်အပျက်တခုက ဒီနေ့အထိ စိတ်ထိခိုက်စရာ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းတက်ဖို့ အရွယ်ရောက်လာတဲ့ မအေးမြတ်မွန်ကို သူ့မိဘတွေက ကျောင်းအပ်တဲ့အခါ မသန်စွမ်း ဖြစ်နေတဲ့ အကြောင်းပြချက်နဲ့ ကျောင်းက လက်သင့်မခဲ့ဘဲ မသန်စွမ်းသင်တန်းကျောင်းကို ပို့ဖို့သာ ပြောခဲ့တယ်။
“သူများတွေ ကျောင်းတက်ရင်လည်း တက်ချင်တယ်၊ ကျောင်းတက်ဖို့ လုပ်ပေမယ့် အတန်းကျောင်းက ဆရာမတွေက သူများတွေနှိမ်မှာ စိုးလို့တဲ့ လက်သင့်မခံဘူး”လို့ အေးမြတ်မွန်က ပြောတယ်။
မသန်စွမ်းသင်တန်းကျောင်းကို ပို့ဖို့ကလည်း အဆက်အသွယ်လည်း မရှိတဲ့အပြင် မိဘတွေက နွမ်းပါးသူ ဖြစ်တော့ တက်ရောက်ဖို့ အခက်အခဲရှိပြန်ရော။
မသန်စွမ်းတစ်ယောက် ပညာသင်ရဖို့ အခွင့်အရေး
ကျောင်းမတက်ရပေမယ့် စာတတ်ချင်တဲ့ မအေးမြတ်မွန်က ကျောင်းတက်နေတဲ့ မောင်ဖြစ်သူဆီက စာတွေကို ကြည့်ပြီး နားထောင်တာ ဖတ်ရှုတာတွေ လုပ်ခဲ့တယ်။
အဲဒီနောက် စာတတ်ချင်တဲ့ သူ့အတွက် အခွင့်အလမ်းတခု ပေါ်လာခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတခုက အကြောင်းအမျိုးမျိုးနဲ့ ကျောင်းခန်းဆီ မရောက်တဲ့ ကလေးတွေကို စုစည်းပြီး ပညာသင်ကြားပေးတာကြောင့် သူလည်း စာသင်ခွင့်ရခဲ့တယ်။
“ရပ်ကွက်လူကြီးက စာသင်မလားဆိုပြီး လာမေးတယ်။ အံ့သြသွားတယ်။ အတန်းကျောင်းတော့ မဟုတ်ဘူး။ မသန်စွမ်းလည်း တက်လို့ရတယ်ဆိုတော့ တက်မယ် ပြောလိုက်တယ်”လို့ မအေးမြတ်မွန်က ပြောတယ်။
သူနေထိုင်ရာ ရပ်ကွက် အနီးဝန်းကျင်က ကလေးတွေကို စုစည်းပြီး စာအရေးအဖတ်နဲ့ တခြားဗဟုသုတ ရဖွယ်အကြောင်းအရာတွေကို သင်ကြားပေးခဲ့တယ်။
အဆိုပါ အဖွဲ့အစည်းနဲ့ ၂ နှစ်ခန့် သင်ကြားခွင့် ရလိုက်ပေမယ့် စာရေးတတ် ဖတ်တတ်တဲ့အပြင် အခြား ဗဟုသုတရဖွယ် အကြောင်းအရာတွေကိုပါ သိခဲ့ရသလို မသန်စွမ်းဆိုပြီး လှောင်ပြောင်တာတွေလည်း မကြုံခဲ့ရဘူးလို့ ဆက်ပြောတယ်။
အဲဒီအဖွဲ့အစည်းမှာ စာသင်ကြားခဲ့ပြီးနောက်မှာတော့ အိမ်မှာပဲ နေထိုင်ရင်း စိတ်ဝင်စားတဲ့ လက်မှုပညာလေးတွေ လုပ်တာ စာရွက်ခေါက်တာလေးတွေ လုပ်ရင်း အချိန်ကုန်ဆုံးခဲ့တယ်။
ငယ်ဘဝရဲ့ အသံ ပါရမီ
ငယ်စဉ်ကတည်းက ကျောင်းမတက်ခဲ့ရ၊ အားငယ်စိတ်တွေနဲ့ နေထိုင်ခဲ့ရပေမယ့် သီချင်းဆိုတာတော့ ဝါသနာ ပါခဲ့တယ်။ အသံကြည်ကြည်လင်လင်နဲ့ မြန်မာသံစဉ်သီချင်းတွေကို သီဆိုလေ့ ရှိတာကို မိသားစုဝင်တွေကလည်း သတိပြုမိတယ်။
“သိတတ်စအရွယ် ငါးနှစ် ခြောက်နှစ်ကတည်းက သီချင်းပဲ ဆိုချင်တယ်။ ဘာလေးပဲလုပ်လုပ် သီချင်းလေး ဆိုပြီးတော့ပဲ လုပ်နေတာ။ အဲ့ဒီလို လုပ်နေရင် စိတ်ထဲမှာ တမျိုးလေး ဖြစ်တယ်”လို့ မအေးမြတ်မွန်က ပြောတယ်။
သူ့အသံနဲ့ ဝါသနာကို သတိပြုမိပြီး လမ်းကြောင်းပြပေးသူက ဦးလေး ဖြစ်သူပါ။ မြန်မာသီချင်းတွေ ဆိုတဲ့အခါ အသံအားကောင်းကောင်းနဲ့ ဆိုတဲ့အတွက် ဦးလေးဖြစ်သူက သူ့အလှူပွဲတွေမှာ စင်ပေါ်တက် သီချင်း ဆိုဖို့ ပြောပေမယ့် ရှက်ရွံ့တာကြောင် မဆိုဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်မှာ ဦးလေးဖြစ်သူဆီ အလည်အပတ်ရောက်စဉ် မအေးမြတ်မွန် သီချင်းဆိုနေတာကို လူမှုကွန်ရက်မှာ တင်ခဲ့ရာကနေတဆင့် သူ့အသံသီဆိုမှုကို နှစ်ခြိုက်အားပေးမှုတွေ ရခဲ့တယ်။
“ပွဲတွေဘာတွေမှာတွေ့ရင် ဦးလေးက ဆိုခိုင်းတယ်။ သမီးက မဆိုရဲလို့ မဆိုဘူး။ မဆိုရဲတော့ အဲဒီမှာတင် အချိန်တွေ ကုန်တာ။ အစောကြီးသာတွေ့ရင် ကြာပြီပေါ့ဖြစ်တာ”လို့ မအေးမြတ်မွန်က ပြောပါတယ်။
အဆိုရှင်ဖြစ်လာဖို့ ဘဝ တစ်ဆစ်ချိုး
မြန်မာသံစဉ် တေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတဲ့ ဟန်ပန်ကြောင့် အားပေးမှုတွေ ရခဲ့ပြီး မာတလိ အနုပညာဝန်ဆောင်မှုနဲ့ အဆက်အသွယ်ရခဲ့ကာ သီချင်းဆက်ဆိုဖို့ လမ်းစ ဖြစ်လာခဲ့တယ်။
အများအားဖြင့် နယ်မြို့တွေက အလှူမင်္ဂလာပွဲ၊ ကထိန်ပွဲတွေမှာ သီဆိုဖြစ်သလို ကိုယ်ပိုင်သံစဉ် မြန်မာသီချင်း တွေ သီဆိုတာ၊ ဝါရင့်အနုပညာရှင်တွေရဲ့ လက်တွဲခေါ်ယူမှုတွေနဲ့ တွဲဖက်သီဆိုတာ၊ သရုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဆက်ပြောတယ်။
ခက်ခဲပေမယ့်လည်း သူ့အခြေအနေကို နားလည်ပြီး အားပေးကူညီကြတဲ့အတွက် အဆင်ပြေပြေ ကျော်ဖြတ်နိုင်ခဲ့ပြီး အဆိုနည်းစနစ် ကျွမ်းကျင်အောင် လက်ဦးဆရာတစ်ဦးဖြစ်တဲ့ ညောင်တုန်း ဌေးဝင်းကလည်း အဆို သင်ကြားပြသပေးတယ်လို့ ဆက်ပြောတယ်။
“တခြားဟာဆို လုပ်ဖို့ အဆင်မပြေဘူးလေ။ သီချင်းဆိုတာကတော့ အဆင်ပြေပါတယ်”လို့ ဆိုတယ်။
သူက မသန်စွမ်းတစ်ဦးဖြစ်တာကြောင့် စင်ပေါ်တက် သီချင်းဆိုတဲ့အခါ၊ သူ့သီချင်းတွေ လူမှုကွန်ရက်ပေါ် တင်တဲ့အခါ လှောင်ပြောင်ကဲ့ရဲ့မလားလို့ တွေးပူပေမယ့် အများစုက အကောင်းဘက်ကနေ ချီးကျူး အားပေးတဲ့အပေါ် ဝမ်းသာမိတယ်လို့ ဆက်ပြောတယ်။
ဒါပေမယ့် လက်တစ်ဖက် မရှိတဲ့အပေါ်လှောင်ပြောင်တာ၊ အလှုပွဲတွေမှာ လက်မရှိတဲ့သူ သီချင်းဆိုတော့ လာဘ်ပိတ်တယ် ဆိုပြီး ပြောဆိုတာမျိုးလည်း ရံဖန်ရံခါကြုံရသလို အလှူပွဲတွေမှာ သူ့ကို ဆုချတဲ့အခါ လက်တစ်ဖက်တည်းရှိတော့ ယူလို့မရတဲ့ အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ် စိတ်ဝင်မိတယ်လို့ ဆိုတယ်။
“သီချင်းဆိုတဲ့အချိန်တိုင်း ခံစားရတာ ပိုက်ဆံဆုချရင် သမီးက ယူဖို့ အဆင်မပြေဘူး။ တဖက်က မိုက်ကိုင် ထားတော့ ယူစရာမရှိဘူးလေ။ အဲ့ဒီအခါကျရင်တော့ ရင်ထဲမှာ တမျိုးဖြစ်တယ်ပေါ့” လို့ ဆက်ပြောတယ်။
သူစိမ်းတွေရဲ့လှောင်ပြောင်မှုကို ခံရတိုင်း ဖေးမ အားပေးတာကတော့ သူ့မိဘနှစ်ပါးနဲ့ ဦးလေးဖြစ်သူတို့ပါ။ လက်တဖက် မရှိတာကို လှောင်ပြောင်တဲ့အခါ ဝမ်းနည်းမှုတွေ ရှိခဲ့ပေမယ့် မိသားစုဝင်တွေရဲ့ ဖေးမမှုကြောင့် နေထိုင်နိုင်တာလို့ ဆက်ပြောတယ်။
“ဆိုးဆိုးဝါးဝါးပြောတာ ကြုံဖူးတယ်။ လက်ပြတ်မကြီးလို့ ခေါ်တာ။ မိသားစုကတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်နဲ့၊ ခေါင်းထဲ မထည့်နဲ့၊ ခေါင်းထဲထားရင် ဝေဒနာတခုပဲ။ အဲ့ဒါစဉ်းစားနေရင် စိတ်ညစ်ရမယ် ဆိုတာ အမြဲ ပြောတယ်” လို့ မအေးမြတ်မွန်က ပြောပါတယ်။
တခါတရံ အနီးနားပတ်ဝန်းကျင်က လူတစ်ချို့ရဲ့ လှောင်ပြောင်မှုတွေရှိဆဲဆိုတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆက်ပြောတယ်။
“ရှေ့ဆက်အများကြီး ကြိုစားရဦးမယ်။ ဒါပေမယ့် အခုလို မအောင်မြင်သေးတာကို တိုက်ခိုက်တဲ့သူလည်း ရှိတယ်ပေါ့။ မနာလိုတဲ့သူတွေလည်း ရှိတယ်။ ငယ်ငယ်ကတည်းက နှိမ်တဲ့သူတွေလည်း ရှိတော့ စိတ်မကောင်းဘူး” လို့ ဆိုတယ်။
အဆိုတော်ကြီး ဖြစ်ချင်တဲ့ အိပ်မက်
မြန်မာသံစဉ်သီချင်းတွေ ကြိုက်နှစ်သက်ပြီး သီဆိုလေ့ရှိတဲ့ မအေးမြတ်မွန်က သူနှစ်သက် အားကျရတဲ့ ခေတ်ဟောင်း အဆိုတော်ကြီး (ဒေါ်)မာမာအေးကို အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့အတွက် သူ့လို အဆိုပိုင်အောင် လေ့ကျင့် ကြိုးစားသွားမယ်လို့ ဆိုတယ်။
“ရှေ့ဆက်ပြီးတော့ လုပ်ချင်တာက အဆိုပဲ။ အဆိုပိုင်းတွေ လေ့လာမယ်။ အဆိုတော်ကြီး ဖြစ်ချင်တယ်”လို့ မအေးမြတ်မွန်က သူ့အိပ်မက်ကို ဖွင့်ဟတယ်။
ငယ်စဉ် ဘဝတစ်လျှောက်လုံး ငွေကြေး အဆင်မပြေတာကြောင့် မိသားစုတွေမှာ ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ရပေမယ့်လည်း လက်ရှိမှာ သူရတဲ့ အနုပညာကြေးတွေနဲ့ မိဘကို ထောက်ပံ့ပေးနိုင်တဲ့အတွက်လည်း ကျေနပ် ပျော်ရွှင်ရတယ်လို့ ဆိုတယ်။
မသန်စွမ်းတစ်ဦးဖြစ်တာကြောင့် အခက်အခဲ၊ အားငယ်မှုတွေ ရှိပေမယ့် ဒီလိုအခြေအနေထိ ရောက်ခဲ့တာကြောင့် ဘဝတူ မသန်စွမ်းတွေလည်း ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့ အားပေးချင်တယ်လို့ ဆက်ပြောတယ်။
အရင်အချိန်တွေတုန်းက အခြားသူတွေနဲ့တန်းတူ မလုပ်ကိုင်နိုင်တဲ့အခါ ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ် ပေမယ့်လည်း အခုအခါမှာတော့ အားပေးသူတွေကြောင့် ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီး ဘဝတူတွေလည်း ခွန်အားအပြည့်နဲ့ ကိုယ့်လမ်းကိုယ် လျှောက်လှမ်းပါလို့ ဆိုတယ်။
ဘဝပေးအခြေအနေပေါ် လှောင်ပြောင်နှိမ့်ချမှုတွေရှိလည်း မအေးမြတ်မွန်က “ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ဖြစ်အောင် လုပ်ပြီးတော့ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကိုလည်း ဘယ်သူတွေ ဘာပြောပြော စိတ်ထဲမထားဘဲနဲ့ ကြံ့ကြံ့ခိုင်ပြီးတော့ ရောက်နိုင်အောင်လို့ ကြိုးစားပါ”လို့ ယုံယုံကြည်ကြည် ပြောဆိုလိုက်ပါတယ်။ ။