သျှန်ကီခမ်း။ ။
ခိုက်ခိုက်တုန်နေအောင်ချမ်းတဲ့ ရှမ်းတောင်တန်းတွေကြားက ပင်လောင်းမြို့က စစ်ရှောင်စခန်းတစ်ခုမှာ နှင်းငွေ့၊ မြူငွေ့ ဖုံးလွမ်းတာကြောင့် ဘယ်အရာမှာ သေချာမမြင်ရပေမယ့် တောင်ပေါ်ရှိ စေတီပုထိုးကနေ “ အမေနဲ့အဒေါ် ကောင်းရာမွန်ရာရောက်ပါစေ” ဆိုတဲ့ အသံကို ပြတ်သားစွာ ကြားနေရပါတယ်။
ထိုသူကတော့ ခန္ဓာကိုယ် ခပ်ဖြိုးဖြိုး (၂၃) နှစ် အရွယ်ရှိ မထက်ဖြစ်ပါတယ်။ မနက်တိုင်း ဘုရားဆွမ်းကပ်ပြီး ဘုရားစာတွေကို တမျိုးပြီးတမျိုး စုံလင်စွာ ရွတ်ဆိုလို့အပြီးမှာ လက်နက်ကြီးကြောင့် ဆုံးပါးသွားတဲ့ အမေနဲ့ အဒေါ်ကို ဘုရားရှိခိုးတိုင်း ဆုတောင်း မေတ္တာပို့ အမျှဝေပေးလေ့ ရှိတာပါ။
မထက်တို့ မိသားစုဟာ ကရင်နီ(ကယား)ပြည်နယ် ပဒါးညေးကျေးရွာမှာ နေထိုင်ကာ တောင်ယာကို အဓိက အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာပါ။ မိသားစုတွေအတွက် ကံဆိုးမှုအစက အာဏာသိမ်းပြီးတဲ့နောက် ကရင်နီလို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ်ထဲက လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်လှန် ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲတွေကြားမှာ ဆုံးပါးသွားခဲ့ရတာပါ။
မထက်ရဲ့ မိခင်နဲ့ အဒေါ်တို့ လက်နက်ကြီး ထိမှန်ခဲ့တာဟာ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာပါ။ အဲ့နေ့က ညနေ ၃ နာရီ ဝန်းကျင်လောက်မှာ မိသားစု စုံလင်စွာဖြင့် နေအိမ် ဝရံတာမှာ ဝိုင်းဖွဲ့ရင်း ဈေးမှာဝယ်လာတဲ့ ပအိုဝ်းအင်္ကျီတွေကို စမ်းဝတ်ကြည့်ကြရင်းနဲ့ ရေနွေးကြမ်း ထိုင်သောက်ရင်းနဲ့ပါ။ အိမ်အောက်ဖက်မှာလည်း ကလေး (၃) ယောက်လောက်က ပြေးလွှား ဆော့ကစားနေကြပါတယ်။ စုစုပေါင်း ကလေး၊ လူကြီး အပါအဝင် (၉) ဦးလောက် ရှိပါတယ်။
အဲဒီချိန်မှာပဲ နေအိမ်ရဲ့ အရှေ့ဖက်မှာ လက်နက်ကြီး ကျသံကို ကျယ်လောင်စွာ ကြားရပါတယ်။ လက်နက်ကြီး ကျလာတာနဲ့ တစ်ပြိင်နဲ့ မထက်ရဲ့ အဖေဆီက “ပြေး ပြေး ဗုံးခိုကျင်းထဲကို ပြေး” ဆိုပြီး လှမ်းအော်ပြောခဲ့ပါတယ်။
မထက်အဖေ အသံဆုံးတာနဲ့ တစ်ချိန်တည်းမှာပဲ “ဒုန်း”ဆိုပြီး လက်နက်ကြီး ပေါက်ကွဲသွားခဲ့တာပါ။ ထိုနေရာမှာ ရှိနေတဲ့ (၉) ယောက်လုံးဟာ အသက်ကို လုပြီး ပြေးလွှားခဲ့ကြပေမယ့် (၆) ယောက်လောက်က လက်နက်ကြီးရဲ့ အရှိန်အားပြင်းမှုကြောင့် အယောက်တိုင်းလိုလို ဒဏ်ရာကိုယ်စီ အနည်းကျဥ်း ရခဲ့ပါတယ်။
မထက်ရဲ့ ဖခင်ဟာ အသက်မသေခဲ့ပေမယ့် ညာဖက် ခြေထောက်တစ်ဖက်မှာ ပြတ်လုလု နီးနီးဖြစ်သွားခဲ့ပြီး သူရဲ့ မိခင်နဲ့ အဒေါ်ကတော့ လက်နက်ကြီးစ ပြင်းထန်စွာ ထိသွားခဲ့ပြီး ထိုနေရာမှာ ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရတာပါ။(၉) ယောက်လုံးဟာ ဒဏ်ရာ အသီးသီး ရရှိကြတာကြောင့် လွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံမှာ ဆေးကုသခံယူဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။
“ ခေါင်းမှာ သွေးထွက်တဲ့ သူကထွက်၊ လက်မှာ သွေးထွက်တဲ့ သူကထွက်ပဲ သွေးတွေကြီးပဲ” လို့ မထက် ကြားသိခဲ့တာကို ပြန်လည် ပြောပြပါတယ်။
လက်နက်ကြီး ကျတဲ့အချိန်မှာ မထက်က နေအိမ်မှာတော့ မရှိနေခဲ့ပါဘူး။ မိသားစု စားဝတ်နေရေးအတွက် ရန်ကုန်မြို့ရှိ အထည်စက်ရုံမှာ အလုပ်ဝင်လုပ်ပြီး မိဘကို ပြန်လည်ထောက်ပံ့ပေးနေတာပါ။ ထိုနေ့မှာ မိဘတွေ လက်နက်ကြီး ထိမှန်ကြောင်း ဆွေမျိုးက ဖုန်းအကြောင်းကြားခဲ့ပါတယ်။ ကြားကြားချင်းမှာ မထက် လုံးဝ မယုံနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။
“ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ မျက်ရည်က ထိန်းမရတော့ အော်ငိုခဲ့မိသေးတယ်” လို့ မထက်က ပြောပါတယ်။
အကြောင်းကြားပြီး နောက်နေ့မနက်မှာပဲ မထက်ဟာ ရန်ကုန်မြို့ကနေ လွိုင်ကော်မြို့ကို လေယာဥ်ဖြင့် ချက်ချင်း အပြေးပြန်လာခဲ့ပြီး ရောက်ရောက်ချင်းမှာပဲ မိဘတွေ ရှိရာ ဆေးရုံကို တန်းသွားခဲ့ပါတယ်။ ဆေးရုံးရောက်လို အမေကို မြင်ရတဲ့ ပုံစံဟာ မထက်အတွက် ဝမ်းနည်းစေပြီး ရင်ဘတ်ကို ခြေထောက်နဲ့ ကန်ခံရသလို နာကျင်စေခဲ့ပါတယ်။
“ ညာဖက် ကုတင်မှာက အမေ၊ ဘယ်ဖက်မှာ အဒေါ်။ ပိတ်စအဖြူနဲ့ အုပ်ထားပြီ။ ငိုလွန်းလို့ ပိတ်စကို ဖယ်ပြီး ကြည့်တောင် မကြည့်နိုင်ခဲ့ဘူး။ သေလုမတတ် ရင်ဘတ်အောင့်တယ် နာတယ်” လို့ မထက်က အသံတုန်ရီစွာဖြင့် ပြောပါတယ်။
သူ့အဖေကို သွားကြည့်တဲ့အချိန်မှာလည်း ကုတင်ပေါ်မှာ ပလပ်အနေအထားဖြင့် အိပ်နေပြီး ဘယ်ဖက် ပေါင်တံမှာ ပတ်တီးအပြည့် စည်းထားပါတယ်။ လက်မှာလည်း ဆေးပုလင်း တန်းလန်းဖြင့် ချိတ်ထားတာကို မြင်ရတာပါ။ ထိုမြင်ကွင်းဟာ မထက်အတွက် မျက်ရည်မကျအောင် ထိန်းထားဖို့ ကြာကြာ မတောင့်ခံနိုင်ခဲ့ပါဘူး။
“ ငိုရင် အဖေ ဝမ်းနည်းမှာ စိုးလို့ ထိန်းထားခဲ့တာ။ ဒါပေမယ့် မရခဲ့ဘူး အပြင်ထွက်ပြီး ငိုခဲ့ရတယ်။ ပြီးမှ အဖေနား ပြန်လာတာ” လို့ မထက်က ပြောပါတယ်။ နောက်နေ့မနက်မှာပဲ အမေနဲ့ အဒေါ် အလောင်းကို ကျေးရွာကို ပြန်သယ်သွားပြီး မြေချ သင်္ဂြုလ်ခဲ့ရပါတယ်။
မထက် အဖေရဲ့ ဒဏ်ရာက ပြင်ထန်းလွန်းတာကြောင့် ရန်ကုန်မြို့ထိကို (၂) လနီးပါးထိ သွားရောက် ဆေးကုသ ရပါတယ်။ ရန်ကုန်ကနေ ပြန်လာပြီး ကတည်းက နေအိမ်ကို မပြန်ရဲတော့ပဲ ပင်လောင်းမြိုရှိ စစ်ရှောင်စခန်းမှာ စစ်ရှောင်နေခဲ့ပါတယ်။
ဒဏ်ရာက မပျောက်သေးပေမယ့် လွိုင်ကော်ဆေးရုံမှာ ဆေးရုံ ရက်ချိန်းအနေဖြင့် သွားလိုက် လာလိုက်နဲ့ လုပ်နေရပါတယ်။ ဆေးရုံရက်ချိန်းကလည်း တစ်လကို (၂) ခါလောက် ရှိတာကြောင့် ပင်လောင်းမြို့ကနေ လွိုင်ကော်ကို အသွားပြန်လုပ်ရတာဟာ မထက်တို့အတွက် ကုန်ကျစရိတ်တွေ ပိုကျစေပါတယ်။
ဒါကြောင့်လည်း မထက်ဟာ အဖေကို ခေါ်ပြီး မလုံခြုံတဲ့ လွိုင်ကော်မြို့မှာရှိတဲ့ ရွာကို အရဲစွန့််ပြီး နေထိုင်နေရပါတယ်။ လက်ရှိမှာ ကျေးရွာမှာ နေထိုင်နေရပေမယ့် နေ့တိုင်း၊ ညတိုင်း သေနတ်သံ၊ လက်နက်ကြီး အသံတွေနဲ့သာ အိပ်စက်နေရတာပါ။
“ အိမ်တော့ မပြန်ရဲဘူး။ အမျိုးအိမ်မှာ နေတာ။ လက်နက်ထိမှာ ကြောက်တော့ တစ်ခုခုဆို ဗုံးခိုကျင်းထဲ သွားသွားနေတယ်” လို့ မထက်က ပြောပါတယ်။ ဖခင် ဆေးရုံရက်ချိန်းပြီးသွားလျှင် စစ်ရှောင်စခန်းရှိရာ ပင်လောင်းကိုပဲ ပြန်သွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့ သူကဆက်ဆိုပါတယ်။
ဒါ့အပြင်လည်း မထက်ဟာ ဖခင်ရဲ့ ဆေးကုသမှု စရိတ်ဟာ အရပ်ဖက် အဖွဲ့အစည်းတစ်ခု အကူညီကြောင့် ဆေးကုသမှု ခံယူမှု အဆင်ပြေနေပေမယ့် ကျန်ရှိတဲ့ မိသားစုဝင်ဖြစ်တဲ့ ညီမလေး၊ မောင်လေး နှင့် အဖေတို့ရဲ့ စားဝတ်နေရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့ ရှာဖွေကျွေးမွေးရမယ်ဆိုတာ သူတွေးမပေါ်ခဲ့ချေ။
“တွေးမရဘူး။ အလုပ်ပြန်လုပ်လည်း အဖေက ထားခဲ့လို့မရဘူးလေ” လောဆယ်တော့ အဆင်ပြေသလို ဖြတ်သန်းနေရသေးတယ်လို့ ဝမ်းနည်းစွာဖြင့် ပြောပါတယ်။
ဒီလို စစ်အာဏာရှင့်နှင့် ပြည်သူ့ကာကွယ်ရေး အပြန်အလှန် ပစ်ခတ်နေတာကြောင့် မိသားစုဝင် ဆုံးရှုံးရတဲ့ထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ နေထိုင်တဲ့ မရိုဖီနာလည်း ပါပါတယ်။ သူကတော့ အသက် (၃၀) ကျော်ရှိတဲ့ အမျိုးသားကို ဆုံးရှုံးရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်စလောက်မှာ တိုက်ပွဲ ပြင်ထန်လွန်းတာကြောင့် မရိုဖီနာဟာ အမျိုးသားနဲ့အတူ အသက် (၆) နှစ်အရွယ် သမီး၊ (၁) နှစ် အရွယ်ရှိတဲ့ သားနဲ့အတူ မိသားစု လေးယောက်စလုံးဟာ ဆီဆိုင်မြို့ကို စစ်ရှောင်လာခဲ့တာပါ။
စစ်ရှောင်လာပြီး သုံးလလောက် အကြာမှာ မရိုဖီနာ အမျိုးသားက ပစ်ခတ်တာတွေ မရှိတော့ဘူး။ ငြိမ်သွားပြီလို့ ထင်ခဲ့ပြီး နေအိမ်ပျက်စီးသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ပြန်ကြည့်မယ်လို့ဆိုကာ တစ်ယောက်တည်း ဆိုင်ကယ်ဖြင့် မောင်းပြန်ခဲ့ပါတယ်။
ဒါပေမယ့် မရိုဖီနာ အမျိုးသားဟာ ထိုနေ့ကစပြီး သူတို့ကို အဆက်သွယ် မလုပ်တော့သလို သူတို့ သားမိရှိရာ စစ်ရှောင်စခန်းကိုလည်း ပြန်မလာခဲ့ပါဘူး။ လမ်းတစ်ဝက်မှာ လက်နက်ပြီးထိသွားလို့ ဆုံးသွားနေလား၊ ဘာဖြစ်သွားလဲဆိုတာလည်း မသိခဲ့ရပါဘူး။
“ သူများပစ်သွားတာလား။ ဆိုင်ကယ်မောက်ပြီး ဆုံးတာလား။ ရှင်လား သေလား မသိရဘူး” လို့ မရိုဖီနာက ပြောပါတယ်။
အမျိုးသားကို ပြန်လိုက်ရရှာ ရအောင်လည်း ကလေးက တစ်ဖက်၊ သွားဖို့လာဖို့ ငွေကြေးလည်း မရှိသလို၊ ဆိုင်ကယ်လည်း မရှိတာကြောင့် သွားဖို့ အဆင်မပြေပေမယ့် မရိုဖီနာနဲ့ သူ့သမီး ရင်ထဲမှာ တစ်ရက်မှ မေ့လို့ မရခဲ့ပါဘူး။
“ ပြန်လာမှာလား ဆိုပြီး မျှော်နေမိတယ်။ ကလေးတွေလည်း ဖေဖေကောဆိုပြီး မေးတော့ သနားတယ်” လို့ သူ့ခံစားချက်ကို ပြောပါတယ်။
မရိုဖီနာဟာ အမျိုးသားပြန်လာမှာကို ယနေ့ထိတိုင် မျှော်လင့်နေဆဲပါပဲ။ ဒါပေမယ့် ယနေ့အချိန်ထိ ပြန်ရောက်လာတာမရှိသလို ဘာအဆက်မသွယ်မှ မရခဲ့ပါဘူး။ လက်ရှိမှာ မရိုဖီနာဟာ စစ်ရှောင်စခန်းမှာ နေထိုင်ပြီး ကြုံရာအလုပ်ကို နေ့စားလိုက်ကာ ကလေး (၂) ယောက်ကို ရှာဖွေ ကျွေးမွေးနေရတာပါ။
နေ့စားလိုက်ပြီး အဆင်ပြေသလို နေထိုင်စားသောက်နေရပေမယ့် သူရဲ့ စိတ်ထဲမှာစစ်အာဏာရှင်ကို မုန်းတီးတဲ့ စိတ်က အပြည့်ပါ။ “ သူတို့ကြောင့် ကိုယ်အိမ်နဲ့ ကိုယ်ရှိတာ ပြေးနေရတယ်။ ကျမ အမျိုးသား ဆုံးသွားရင် သူတို့ကို ကျမ ခွင့်မလွတ်နိုင်ဘူး” လို့ မရိုဖီနာက အသံခပ်မာမာဖြင့် ပြောပါတယ်။
ကရင်နီပြည်နယ်ဟာ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှု (၁၅၃) ကြိမ်ထိ ရှိပါတယ်။ ဒေသခံ ပြည်သူများ၏ ဘာသာရေး အဆောက်အဦးနှင့် လူနေအိမ် အပါဝင် (၇၀) ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူ (၁၃)ဦး သေဆုံးပြီး၊ (၆၄) ဦဟာ ဒဏ်ရာရရှိတယ်လို့ KNDFက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတို့ အပြန်လှန် ပစ်ခတ်လာသည်မှာ (၂) နှစ်နီးပါး ရောက်လာပြီ ဖြစ်ပါတယ်။ ဘယ်ချိန်မှာ အာဏာရှင် ပြုတ်ကျပြီး၊ ဘယ်ချိန်မှာ ငြိမ်းချမ်းမယ်ဆိုတာ မည်သူမှ မသိနိုင်ခဲ့ပေမယ့် မထက်ကတော့ အာဏာရှင်ကို အမြန်ဆုံး ပြုတ်ကျစေ အေးအေးချမ်းချမ်းနဲ့ အရင်လို့ ပြန်လည် နေထိုင်ချင်နေပါပြီ။
“ ပြေးနေရတာလည်း မနှစ်သက်တော့ဘူး။ အမေလည်း မရှိတော့ဘူး။ ဘာများ ထပ်ပေးရအုန်းမှာလည်း ပေးဆပ်စရာ မရှိတော့ဘူး” လို့ မထက်က အသံခပ်မာမာဖြင့် ခပ်ပြတ်ပြတ် ပြောပါတယ်။