သျှန်ကီခမ်း ။ ။
(၁၀) ပေခန့်ရှိသော အိမ်အရှေ့မှာ တိုက်ပုံ အပြည့်စုံ ဝတ်ဆင်ထားတဲ့ အသက် (၆၀) ရွယ် အမျိုးသား တစ်ဦးထိုင် နေတယ်။ သူ့ရဲ့ ညာဖက်မှာ အသားခပ်ဖြူဖြူ မျက်ခုံမွှေး ထူထူ၊ ခါးလောက်ရှည်တဲ့ ဆံပင်ကို အမြင့်စည်းထားကာ ရှမ်းဝတ်စုံကို သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်ထားတဲ့ အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး ထိုင်နေပါတယ်။
ထိုသူတွေက နန်းဆိုင်ဟွမ်တို့ သားအဖနှစ်ယောက်ပဲဖြစ်ပြီး တရားရုံးသွားနိုင်ဖို့ ကားလာကြိုတာကို ထိုင်စောင့်ကြ နေတာပါ။ သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာရှိတဲ့ ကျေးရွာမှာ နေထိုင်ကြတာပါ။ သူတို့ဟာ ပလောင် (တအာင်း) လူမျိုးများ ဖြစ်ကြပြီး တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုပါတယ်။
သမီးဖြစ်တဲ့ နန်းဆိုင်ဟွမ်ကတော့ စားသောက်ဆိုင်တဆိုင်မှာ ဝန်ထမ်းဝင်လုပ်ပြီး မိဘတွေကို ရှာဖွေကျွေးမွေး တာပါ။ လက်ရှိမှာတော့ ဆိုင်မှာ အလုပ်မဝင်တော့ပဲ တရားရေး လမ်းကြောင်းကို ဦးတည်လျှောက်ပြီး တရားမျှတ မှု ရှာနေတာပါ။
အကြောင်းကတော့ ၂၀၂၁ ခုနှစ်မှာ သုံးနှစ်ကြာ တွဲလာခဲ့ကြတဲ့ ချစ်သူအောင်ခမ်းဟာ လက်ထပ်ပေါင်းသင်းပါမယ် လို့ ကတိပေးပြီး နှစ်ဦးသဘောတူ ကာမကျူးလွန်ခဲ့ကြပေမယ့် တာဝန်ယူခြင်း မရှိတဲ့အပြင် အမှုကို ငွေကျပ် (၁၀) သိန်းနဲ့ ကြေအေးခိုင်းခဲ့တာပါ။
“ကျမအတွက် မဖြစ်သင့်ဘူး။ မတရားဘူး” လို့ ခံစားရတာကြောင့် တရားမျှတမှုကို ပေးနိုင်တဲ့ တရားရုံးကို ဦး တိုက်လျှောက်နေတာပါလို့ နန်းဆိုင်ဟွမ်က ပြောပါတယ်။
နန်းဆိုင်ဟွမ်တို့ နေထိုင်တဲ့ ကျေးရွာမှာ ကျေးရွာ လူကြီး၊ ခေါင်းဆောင်တွေ ရှိပေမယ့် မုဒိမ်းမှု၊ အိမ်တွင်းအကြမ်း ဖက်မှု စတဲ့အမှုတွေ ဖြစ်လာရင် တိတိကျကျ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းလည်းမရှိပါဘူး။ အမှုပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်မိဘ၊ လူကြီး၊ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေသလို ဖြေရှင်းကြလေ့ရှိပါတယ်။
နန်းဆိုင်ဟွမ်တို့ဟာ ကျူးလွန်ပြီး သုံးလအကြာမှာ နေမကောင်းလို့ ဆေးခန်းသွားပြတဲ့အချိန်မှသာ ကိုယ်ဝန်ရှိတာ ကို သိခဲ့ရပါတယ်။ “သူသမီးကို ယူမှာပါလို့ ယုံကြည့်ထားခဲ့တာ” ကြောင့် ဘာအကာကွယ်မှ မသုံးခဲ့ဘူးလို့ နန်းဆိုင် ဟွမ်က ပြောပါတယ်။
နန်းဆိုင်ဟွမ်ဟာ ချစ်သူဖြစ်သူအောင်ခမ်းက သူ့ကို တာဝန်ယူ လက်ထပ်မယ်လို့ ယုံကြည်ခဲ့ပေမယ့် လက်တွေ့ မှာတော့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေခဲ့ပါတယ်။
ကိုယ်ဝန်ရှိပြီ ဖြစ်ကြောင်းနဲ့ လက်ထပ်ပေါင်းသင်းဖို့ ပြောခဲ့ပေမယ့် နန်းဆိုင်ဟွမ်ကို လက်ထပ်ပေါင်းသင်းခြင်း မရှိတဲ့အပြင် တခြားအမျိုးသမီးကို လက်ထပ်ပြီး အိမ်ထောင်ပြု သွားခဲ့တာပါ။
အောင်ခမ်းက တာဝန်လည်း မယူသလို သူ့မိဘဘက်ကလည်း တာဝန်ယူတာ မရှိတဲ့အပြင် နန်းဆိုင်ဟွမ် လွယ်ထားတဲ့ ကိုယ်ဝန်ကိုလည်း နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး အတင်းဖျက်ချခိုင်းခဲ့ပါတယ်။
နန်းဆိုင်ဟွမ်ကတော့ သူတို့ ခြိမ်းခြောက်တိုင်း ကလေးကို မဖျက်ချဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ကလေးမှာ အပြစ် မှ မရှိတာ။ ဘယ်လိုလုပ် ဖျက်ချရဲမှာလဲ။ ရအောင်မွေးမှာ” လို့ ကလေးအပေါ်ထားတဲ့ မိခင်မေတ္တာကို ပြောပါ တယ်။
အောင်ခမ်းရဲ့ မိဘတွေဟာ နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ကလေးဖျက်ချခိုင်းတာ မရတဲ့အဆုံးမှာ ကလေးမွေး လာလို့ ကလေးအဖေက ဘယ်သူလဲလို့ တစ်ယောက်ယောက်က မေးလာရင် အောင်ခမ်းကလေးလို့ မပြောရဘူး။ မြို့မှာ အလုပ်လုပ်ရင်းနဲ့ မြို့ကလူနဲ့ရတဲ့ကလေးလို့ ပြောရမယ်လို့ နန်းဆိုင်ဟွမ်ကို ဖိအားပေး ပြောဆိုခဲ့ပါတယ်။
“ကျမက ဘာဖြစ်သွားလဲ။ စော်ကားလွန်းတယ်။ တအားရက်စက်တယ်” လို့ နန်းဆိုင်ဟွမ်က သူခံစားချက်ကိုပြောပါတယ်။
နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြောဆိုနေတာကြောင့် နန်းဆိုင်ဟွမ်လည်း ကိုယ်ဝန် ထိခိုက်စေတဲ့အရာတွေ ပြုလုပ် မှာကို စိုးရိမ်နေခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်ဝန် (၇) လအရွယ်မှာ လမစေ့သေးပေမယ့် မြန်မြန်မွေးအောင် ကျေးရွာက ဆေးပေးခန်း ဆရာမဆီ သားအိမ်ပွင့်ဆေး ထိုးကာ နေအိမ်မှာပဲ မီးဖွားခဲ့ရပါတယ်။
မီးဖွားပြီး ကလေးမျက်နှာကို ကြည့်ရဖို့ နေနေသာသာ သူမွေးတဲ့ ကလေးဟာ ယောင်္ကျားလေးလား၊ မိန်းခလေး လားဆိုတာ သိခွင့်မရခဲ့ပါဘူး။ အကြောင်းကတော့ ကျေးရွာမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးဟာ မျက်နှာငယ်ရမယ်။ ပတ်ဝန်းကျင် လှောင်ပြောင်လိမ့်မယ်၊ ကောင်းကောင်းလည်း မထားနိုင်မှာ စတဲ့စိုးရိမ်ချက်တွေကြောင့် မီး ဖွားပြီးချက်ချင်းမှာပဲ နန်းဆိုင်ဟွမ်ရဲ့ ခွင့်ပြုချက်ယူပြီး သားဖွားပေးတဲ့ ဆရာမက မွေးစားဖို့ ခေါ်သွားလိုက်ပါတယ်။
“မွေးပြီး နိုးလာတော့ ကလေးမရှိတော့ဘူး။ သူများကို ပေးလိုက်ပြီ။ ခေါ်သွားပြီတဲ့။ ယောင်္ကျားလေးလား၊ မိန်းခလေးလားဆိုတာ တစ်ယောက်မှ မပြောပြကြဘူး” လို့ နန်းဆိုင်ဟွမ်က မျက်ရည်သုတ်ရင်းနဲ့ ပြောတယ်။
သူ့ကလေးကို တွေ့ချင်၊ မြင်ချင်ပေမယ့် လက်ရှိအချိန်ထိ ကလေးက ကျန်းမာသလား၊ ဘယ်သူက မွေးစားလိုက် တာလဲ။ ဘယ်လိုနေထိုင်ရသလဲဆိုတာ သူ မသိခဲ့ရပါဘူး။ မီးဖွားပေးတဲ့ ဆရာမကို မေးမြန်းပြန်လည်း တိတိကျကျ မပြောပြခဲ့ပါဘူး။
“သေသွားပြီလို့လည်း ကြားတယ်။ သေလား၊ ရှင်လားလည်း မသိရဘူး” လို့ သူက အသံခပ်တုန်တုန်ဖြင့် ဆက်ဆိုပါတယ်။
မီးဖွားပြီး ရက်ပိုင်းလောက် မီးတွင်းထဲကနေတောင် မထွက်ရသေးအချိန်မှာလည်း အောင်ခမ်းရဲ့ မိဘတွေဟာ ကလေးထောက်ပံ့စာရိတ်နဲ့ နစ်နာကြေးလို့ဆိုကာ ငွေကျပ် (၁၀) သိန်းနဲ့ နန်းဆိုင်ဟွမ်ရဲ့ ဖခင်ကို ကြေးအေးပေးဖို့ လာပြောခဲ့ပါတယ်။
အောင်ခမ်းရဲ့ အဘိုးက ကျေးရွာမှာ အာဏာရှိသူဖြစ်တာကြောင့် ငွေကျပ် (၁၀) သိန်းနဲ့ မကြေအေးပေးရင် ကျေးရွာကနေ မောင်းထုတ်မယ်ဆိုပြီး ပုံစံမျိုးစုံနဲ့ နန်းဆိုင်ဟွမ်ရဲ့ ဖခင်ကို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
“အဖေက အသက်ကြီးတော့ နည်းနည်းကြောက်တော့ ပိုက်ဆံယူလိုက်တယ်” လို့ နန်းဆိုင်ဟွမ်က ပြန်ပြောပြပါ ယ်။ အဲဒီ (၁၀) သိန်းဟာလည်း တစ်ကြိမ်တည်း ပေးတာမျိုးမဟုတ်ပဲ (၄) သိန်း တစ်ခါ၊ (၃) သိန်း နှစ်ခါဆိုပြီး ခွဲပြီး ပေးတာပါ။
အဲဒီငွေကျပ် (၁၀) သိန်းကို နန်းဆိုင်ဟွမ်က အပြည့်ဝ မရရှိပါဘူး။ ဒီလို လိင်ပိုင်းဆိုင်ရာ အမှု၊ မုဒိမ်းမှုတွေဟာ ကျေးရွာရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ ယုံကြည်ကြပြီး အမှုဖြစ်လာရင် ကျေးရွာမျက်နှာကို ဆေးကြော၊ ပြန် ဆယ်တဲ့ အနေနဲ့ ကျေးရွာသူကြီး၊ လူငယ်ခေါင်းဆောင်တွေကို ပြန်ကန်တော့ရတဲ့ ဓလေ့ထုံးတမ်းကို ကျင့်သုံးကြ ပါတယ်။
ဒါကြောင့် ကျေးရွာမျက်နှာကို ပြန်လည်ဆေးကြောပေးတဲ့ အနေနဲ့ နန်းဆိုင်ဟွမ်နဲ့ အောင်ခမ်းက ကျေးရွာသူကြီး၊ လူငယ်ခေါင်းဆေင်းတွေကို တယောက်ကို ငွေကျပ် တစ်သိန်းခွဲနှုန်းနဲ့ ပေးဆောင်ခဲ့ရပါတယ်။
ဒီလို ဓလေ့ထုံးတမ်းတွေဟာ နန်းဆိုင်ဟွမ်အတွက် လုံးဝမတရားပါဘူး။ “မိအေး နှစ်ခါနာ” ဆိုတဲ့အတိုင်းဖြစ်နေတာပါ။
အဲဒီအချိန်တောတွင်းမှာလည်း နန်းဆိုင်ဟွမ်ဟာ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်နိုင်တော့တဲ့အထိ “ရှက်တယ်။
စိတ်လည်း အရမ်းတိုတယ်” လို့ သူခံစားချက်ကို ပြောပါတယ်။
ကျေးရွာမှာ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင် ပြောဆိုတာကို မခံနိုင်တာကြောင့် မီးတွင်းကနေ ထွက်တာနဲ့ နမ့်စန်မြို့ ထဲမှာ အလုပ်ပြန်ဝင်ခဲ့တာပါ။
“ပြောသမျှ ခံနေရတာ။ ပတ်ဝန်းကျင် တချို့ဆိုပြောတယ်။ ငါသာ နင့်နေရာဆို ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက် ပြီ” ဆိုပြီး နန်းဆိုင်ဟွမ်ကို ပြောဆိုကြတာပါ။
နန်းဆိုင်ဟွမ်လည်း ပတ်ဝန်းကျင် ပြောသမျှကို နာကျင်ရပေမယ့် ကိုယ့်ကိုယ်ကို သတ်ပစ်ရလောက်တဲ့ထိ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“မိဘ ကျွေးမွေးထားတာ အဲလောက်ခက်တာ။ ကိုယ့်ကိုယ်ကိုတော့ မသတ်ပစ်ဘူး” လို့ ကိုယ်ဘာသာကိုယ် ပြန် အားပေး နှစ်သိမ့်ခဲ့ရတဲ့ အချိန်တွေကို ပြောပါတယ်။
အဲဒီအချိန်တွေမှာ ဓလေ့ထုံးတမ်းအရ ဖြေရှင်းတာဟာ သူမအတွက် တရားမျှတမှုမရရှိခဲ့ပါဘူး။ ခြိမ်းခြောက်ခံရ တယ်ဆိုတာ သိပေမယ့် ဘယ်လိုနည်းနဲ့ ဥပဒေအကူညီရယူပြီး ဘယ်လို တိုင်တန်းရမယ်ဆိုတာကို မသိတဲ့အတွက် ဘာမှမလုပ်ခဲ့ရဘဲ ပြုသမျှ နုနေခဲ့ရတာပါ။
အချိန်တွေ ဘယ်လောက်ကြာကြာ ယနေ့အချိန်ထိ တစ်နေ့မှ မေ့မရနိုင်ခဲ့ပါဘူး။ နာကျင်ဆဲ၊ ခံစားရဆဲပါ။ ဒါပေမယ့် ၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်မှာတော့ တစ်လျှောက်လုံး ခံစားလာရတဲ့ မတရားခံလာရတဲ့ ခံစားချက်ကို အသိကျောင်းဆရာမဆီမှာ ရင်ဖွင့်ခဲ့တာပါ။
ကံကောင်းစွာနဲ့ပဲ အဲဒီဆရာမ အကူညီနဲ့ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေကို လိုက်လံကူညီ ပေးနေတဲ့ အဖွဲ့အစည်းနဲ့ ချိတ်မိပြီး နန်းဆိုင်ဟွမ်အတွက် တရားမျှတမှုရှာဖို့ အခွင့်အလမ်း တွေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းမှာ နန်းဆိုင်ဟွမ်ဟာ ကျေးရွာက သူကြီး၊ ခေါင်းဆောင်တွေနဲ့တကွ နစ်နာကြေးကို ဒီထက်ပိုပေးဖို့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပါတယ်။ အဲဒီအစည်းဝေးမှာ အမျိုးသား (၉) ဦးပါဝင်ပြီး အမျိုးသမီး (၁၀) ယောက်လောက် ပါဝင်ပါတယ်။
အမျိုးသမီး (၁၀) ယောက် ပါဝင်တဲ့သူတွေက နန်းဆိုင်ဟွမ်ကို ကာကွယ်ပြီး ပြောပေးမယ့်သူတွေတော့ မဟုတ်ပါ ဘူး။ နန်းဆိုင်ဟွမ်က တစ်ခုခုဝင်ဆွေးနွေးရင် အကုန်လုံးက ပြန်ငြင်းကြပြီး ကျူးလွန်သူ အမျိုးသားကို ကာကွယ် ပေးတဲ့ သူတွေပါ။
“ဝင်ပြောပြီဆို ကျမကို လက်ညိုးထိုးပြီး နင်က အနေထိုင်မှ မတတ်တာ။ နင်မှားတာလေဆိုပြီး အော်ပြီးပြောတာ” လို့ နန်းဆိုင်ဟွမ်က အားပေးဖို့ နေနေသာသာ ကျေးရွာမှာ ဘယ်လိုခွဲခြား အပြစ်တင်လေ့ရှိလဲဆိုတာကို ပြောပြပါ တယ်။
ဆုံးဖြတ်ချက်ချတဲ့ နေရာအများစုဟာ အမျိုးသားတွေသာ နေရာယူထားတာကြောင့် “ရှက်တယ်” ဆိုပြီး အမှန်တရားကို မပြောရဲတာ ရှိတယ် လို့ နန်းဆိုင်ဟွမ်က ပြောပါတယ်။
အဲဒီအစည်းဝေးထဲမှာ နန်းဆိုင်ဟွမ်က နစ်နာကြေး ငွေကျပ် သိန်း နှစ်ရာကို တောင်းခဲ့ပါတယ်။ အောင်ခမ်းရဲ့ မိဘ တွေက ဘယ်လိုနည်းမှ မပေးနိုင်ကြောင်းနဲ့ (၁၀) သိန်း ပေးပြီးဖြစ်ကြောင်း ပြောကာ အစည်းဝေးကို အဆုံးသတ်ခဲ့ ပါတယ်။
ဒီလို ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်းတာ၊ ငွေကြေးနဲ့ ကြေးအေးတဲ့ ဓလေ့ထုံးတမ်းဟာ နန်းဆိုင်ဟွမ်အတွက် ကောင်းမွန် တဲ့ ဖြေရှင်းမှုတစ်ခု မဟုတ်ခဲ့ပါဘူး။ သူ့အတွက် တရားမျှတမှုရရှိတယ်လို့ မခံစားရပါဘူး။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို လိုက်ကူညီပေးနေတဲ့ အမျိုးသမီး အဖွဲ့အစည်းကလည်း ငွေကြေးနဲ့ ကြေ အေးတဲ့ ဓလေ့ထုံးတမ်းဟာ “လုံးဝ မဖြစ်သင့်ဘူး။ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဂုဏ်သိက္ခာတွေ ထိခိုက်တယ်။ ငွေဒဏ်အပြင် ပြစ်ဒဏ်ပါ ကျသင့်တယ်။ ငွေကြေးနဲ့ ကြေအေးတာက နောက်နောင် ပိုက်ဆံပေးပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်လို့ ရတယ်ဆိုပြီး လမ်းဖွင့်ပေးတာနဲ့ တူတူပဲ” လို့ ပြောပါတယ်။
နန်းဆိုင်ဟွမ်လည်း ညှိလို့မရတဲ့အဆုံးမှာ အမျိုးသမီးအဖွဲ့အစည်း အကူညီနဲ့ ဥပဒေလမ်းကြောင်းနဲ့ သွားဖို့ အရဲစွန့် ပြီး ရွေးခဲ့ပါတယ်။ နန်းဆိုင်ဟွမ်ဟာ ကာမလိမ်လည်မှု ပုဒ်မ (၄၁၇) နဲ့ အမှုဖွင့်ပြီး တရားဥပဒေလမ်းကြောင်းနဲ့ တရားမျှတမှု ရှာလာတာ (၃) လထဲကို ရောက်ရှိပါပြီ။
လက်ရှိမှာ တရားသူကြီးကနေ စစ်ဆေးမြန်းတဲ့ အချိန်တစ်ခုထိ ရှိလာပြီလို့ ဆိုရမှာပါ။ တရားရုံးကို သွားလိုက်၊ လာ လိုက်နဲ့ လုပ်နေရပေမယ့် အရှုံးမပေးပဲ တရားမျှတမှု ရရှိအောင် ဆက်လက်ပြီး ရှေ့ဆက်မယ်လို့ နန်းဆိုင်ဟွမ်က သူမရဲ့ ဆုံးဖြတ်ချက်ကို ပြောပါတယ်။
“ ဓလေ့ထုံးတမ်းက တရားမျှတမှု မရနိုင်ဘူး။ ဥပဒေလမ်းကြောင်းနဲ့ တရားမျှတမှု ရအောင်ရှာမယ်။ အဆုံးထိဆက်သွားမယ်။ ဒါမှ အမျိုးသမီးတွေကို လေးစားကြမှာ” လို့ နန်းဆိုင်ဟွမ်က ပြောတယ်။
ဤဆောင်းပါးထဲမှာ အသုံးပြုသော နာမည်များသည် နာမည်လွှဲများသာ ဖြစ်ပါသည်။