ဒေဝီ။ ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကလေးတွေကိုကြည့်ရင်း မငယ်ငယ်(အမည်လွှဲ)တစ်ယောက် မအိပ်စက်နိုင်သေး။ မနက် မိုးလင်းရင် အခြားနေရာကိုပြောင်းရွှေ့ဖို့အရေး လိုအပ်တာတွေကို သိမ်းဆည်းထုတ်ပိုးနေပေမယ့် စိတ်လှုပ်ရှားမှုက ကြီးစိုး နေတယ်။
လိုအပ်တာတွေဆိုလို့ များများစားစားရယ်မဟုတ်။ သူနဲ့ကလေးနှစ်ဦးအတွက် အဝတ်အစားအနည်းငယ်နဲ့ မရှိမဖြစ်လိုအပ် တဲ့ ဆေးဝါးအနည်းငယ်သာ။ ပစ္စည်းတွေကို ထုတ်ပိုးပြင်ဆင်နေရင်း ကလေးနှစ်ဦးနဲ့ ရှောင်တိမ်းနေထိုင်ရမယ့်အဖြစ်ကို တွေးရင်း အဆင်ပြေလုံခြုံပါ့မလားဆိုတာ စိတ်ပူပန်နေရတယ်။
” သူတို့အဖေ(ခင်ပွန်းဖြစ်သူ) ဝရမ်းထုတ်ခံရလို့ အိမ်ကနေ ရှောင်ရတုန်းကတောင် စိတ်ပူပေမယ့် ဒီလောက်မစိုးရိမ်ရဘူး။ ကိုယ်တွေပါ ရှောင်ရတော့မယ်ဆိုတော့ ကလေးနှစ်ယောက်နဲ့ ဘယ်လိုစခန်းသွားရမလဲဆိုတာ ငိုချင်စိတ်တောင်ပေါက် တယ်” လို့ အသက် ၃၅နှစ်အရွယ် ကလေးနှစ်ဦးမိခင် မငယ်ငယ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကအဖြစ်အပျက်ကိုပြောတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်မခံဆန့်ကျင်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးတာတွေ ပြုလုပ်နေဆဲပါ။ ဒါကြောင့် စစ်ကောင်စီကို ဆန့်ကျင်လက်မခံကြတဲ့ သူတွေမှာ ရှောင်တိမ်းကြရတယ်။ သူတို့ လိုချင်သူကို မတွေ့တဲ့အခါမှာလည်း မိသားစုဝင်တွေကို ဓားစာခံဖမ်းဆီးတာတွေ လုပ်ကြပါတယ်။
ဒါကြောင့် မိသားစုဝင်တွေမှာ ကိုယ့်အိမ်သားတစ်ယောက် စစ်ကောင်စီ ပစ်မှတ်ဖြစ်လာပြီဆိုရင် သတိထားနေထိုင်ရ ရှောင် တိမ်းကြရပါတယ်။
လုံခြုံရေးအခြေအနေကြောင့် အကြောင်းအမျိုးမျိုးနဲ့ရှောင်တိမ်းနေရတဲ့အခါ အမျိုးသမီးနဲ့ကလေးငယ်တွေမှာ ပိုလို့ အခက် အခဲ ကြုံတွေ့ရတယ်။
အမျိုးသားတွေလို အမျိုးသမီးတွေမှာ ကြုံရာနေရာ သွားရောက်နေထိုင်လို့မရတာ၊ အမျိုးသမီး သဘာဝ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်ယူဆောင်ရတာ၊ ကလေးရှိတဲ့သူတွေမှာဆိုလည်း ကလေးစောင့်ရှောက်ဖို့နဲ့ ကလေးအတွက် အရေး တကြီး လိုအပ်တာတွေ ယူဆောင်ရနဲ့ အခက်အခဲတွေကြုံရတယ်လို့ ဆိုတယ်။
ဒီလိုအမျိုးသမီးတွေထဲ မငယ်ငယ်လည်းအပါအဝင်ပါ။ မငယ်ငယ်ခင်ပွန်းဖြစ်သူက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံရတာကြောင့် ချက်ချင်းပဲ အခြားနေရာကို တိမ်းရှောင်ခဲ့ပေမယ့် သူနဲ့ကလေးနှစ်ဦးကတော့ လိုက်မ သွားဘဲ နေအိမ်မှာဆက်နေဖြစ်ခဲ့တယ်။
စစ်ကောင်စီက ဆန္ဒပြလှုပ်ရှားသူတွေ၊ ဆန့်ကျင်သူတွေကို ဖမ်းဆီးတာတွေလုပ်ဆောင်လာပြီး ကာယကံရှင်ကိုမတွေ့တဲ့ အခါ မိသားစုဝင်တွေကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးမှုတွေ ပြုလုပ်လာချိန်မှာတော့ သူတို့သားအမိတစ်တွေလည်း မလုံခြုံတော့ တဲ့အတွက် နေထိုင်ရာ အိမ်ကနေ အခြား နေရာရွှေ့ပြောင်းနေထိုင်ဖို့ ပြင်ဆင်ရတော့တယ်။
ခင်ပွန်းဖြစ်သူက နယ်တစ်ခုကို ရောက်နေတဲ့အတွက် ကလေးနှစ်ဦးနဲ့ ချက်ချင်းလိုက်သွားဖို့က အဆင်မပြေတာကြောင့် ရန်ကုန်မှာပဲ ဆွေမျိုးတော်စပ်သူတစ်ဦးထံ သွားရောက်နေထိုင်ရပါတယ်။
အရေးပေါ်အကြောင်းတစ်ခုခုအတွက်ပြင်ဆင်ထားတဲ့ မရှိမဖြစ်ပစ္စည်းပစ္စယတွေ ယူဆောင်လို့ အဒေါ်တစ်ဦး အိမ်မှာသွား ရောက် နေထိုင်ရတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့အမြင်တွေ ရှောင်ရှားရသလို၊ ရဲကားစစ်ကားတွေ ဖြတ်သန်းသွားရင်တောင် သူတို့ဆီလာတာလား၊ မတော်တဆရောက်လာခဲ့ရင်လည်း ဘယ်လို ဖြေရှင်းရမလဲဆိုတာ တွေးပူရတယ်လို့ဆိုတယ်။
” မရှိမဖြစ်ပစ္စည်းလောက်ပဲယူပြီး ကလေးနှစ်ယောက်နဲ့ ပတ်ဝန်းကျင် သတိမထားမိအောင် မနက်အစောကြီး အဒေါ်အိမ် ကိုသွားရတယ်။ သူများအိမ်မှာနေတော့လည်း ကလေးတွေကို ဆော့တာ ကစားတာ ဆင်ခြင်ခိုင်းရတယ်” လို့ ဆိုတယ်။
ငါးနှစ်နဲ့ရှစ်နှစ်အရွယ် ကလေးတွေမှာလည်း ကလေးပီပီဆော့ကစားချင်ပေမယ့် သူများနေအိမ်ဖြစ်တဲ့အပြင် ပတ်ဝန်းကျင် မငြိုငြင်အောင်လည်း သတိထားနေရတဲ့အတွက် နေအိမ်ထဲမှာပဲ တိတ်တဆိတ်သာ နေထိုင်ရတယ်လို့ ဆိုတယ်။
ကလေးတွေမှာလည်း မွေးကတည်းက နေလာတဲ့နေအိမ်ကနေ ရုတ်တရက်အခြားနေရာက ပြောင်းရွှေ့နေရတဲ့အပြင် နေ့စဉ်နဲ့အမျှ မိခင်ဖြစ်သူရဲ့စိတ်ပူပန်နေတဲ့အခြေအနေမျိုးမြင်နေရတော့ သူတို့လည်းစိတ်အားငယ်ပုံပဲလို့ ဆက်ပြောတယ်။
သူတို့မိသားစုမှာ ပုံမှန်ဝင်ငွေနဲ့ အဆင်ပြေပြေနေလာခဲ့ရကနေ တိမ်းရှောင်ပြီးတဲ့နောက် စားဝတ်နေရေးအတွက် အသက် မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ မရှိတော့သလို၊ ကလေးတွေပညာရေးအတွက်လည်း ဘာတစ်ခုမှ အဆင်ပြေပြေ မလုပ်ဆောင်နိုင်၊ ခင်ပွန်းဖြစ်သူကလည်း ပုဒ်မတွေထပ်တိုးလာတဲ့အတွက် မြို့ပေါ်မှာ ရေရှည်နေဖို့ အဆင်မပြေတော့တာ ကြောင့် မိဘတွေရှိတဲ့နယ်မြို့ကိုပဲ ပြန်လာခဲ့ရတယ်လို့ ဆက်ပြောတယ်။
” တစ်နေရာနဲ့တစ်နေရာ ရွှေ့နေရတယ်ဆိုတာလည်း မလွယ်ကူပါဘူး။ ကိုယ့်ကိုလက်ခံထားမယ်ဆို သူတို့လုံခြုံရေးတွေ လည်းရှိတော့ ရေရှည်နေဖို့ကလည်းအဆင်မပြေဘူး။ ကလေးတွေမှာလည်း စိတ်မလုံခြုံတဲ့အခြေအနေဆိုတော့ တအား ခက်ခဲတာ” လို့ မငယ်ငယ်ကပြောပါတယ်။
မငယ်ငယ်လိုပဲ စစ်ကောင်စီရဲ့ပစ်မှတ်ထားဖမ်းဆီးမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရသူကတော့ မမူယာ (အမည်လွှဲ)ပါ။
မမူယာက PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရပြီးနောက် ရဲနဲ့စစ်တပ်က သူအလုပ်လုပ်တဲ့နေရာရော အိမ်ကိုပါ အင်အားများစွာနဲ့ လာရောက်ရှာဖွေဖမ်းဆီးတာ ကြောင့် တစ်ကိုယ်တည်း ထွက်ပြေးတိမ်းရှောင်လာရသူပါ။
စစ်ကောင်စီကိုဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့လှုံဆော်စာတွေရေးတင်လေ့ရှိတဲ့ ဟန်ငြမ်းဦးချန်နယ်မှာ မမူယာအကြောင်း တင်ခဲ့ပြီးနောက် ရဲနဲ့စစ်သားအင်အားများစွာက သူအလုပ်လုပ်တဲ့ရုံးခန်းကို ညနေဘက်မှာဧည့်စာရင်း အကြောင်းပြပြီး လာရောက်ရှာဖွေခဲ့ပေမယ့် အဲ့ဒီအချိန် အလုပ်မှာမရှိတာကြောင့် ရှာမတွေခဲ့။
နောက်နေ့မနက်အလုပ်ကိုသွားတဲ့အခါ အဒေါ်ဖြစ်သူက သူ့ကို စစ်တပ်က လာရှာတဲ့အကြောင်းပြောရင်း ရှောင်ဖို့ပြောတာ ကြောင့် ဘာကြောင့်လာရောက်ဖမ်းဆီးရှာဖွေမှန်း မသိဘဲ နေအိမ်ကိုပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်ပြီး ညနေ ၃နာရီခန့်မှာ နေအိမ်ရှေ့ စစ်ကားအများအပြားရောက်လာပြီး သူ့ကိုလာရောက် ရှာဖွေတဲ့အခါ နောက်ဖေးလမ်းကြားကနေ တစ်ဖက်နေအိမ်အနောက်ဘက်တစ်နေရာမှာ ပုန်းခိုခဲ့တာကြောင့် သူ့ကို ရှာမတွေခဲ့။
သူ့ကိုပစ်မှတ်ထားဖမ်းဆီးလာတာကိုသိတဲ့အခါ လာရောက်ရှာဖွေသူတွေပြန်သွားပြီး ညတွင်းချင်းပဲ ငွေကြေးအချို့၊ ဘဏ် ကဒ်နဲ့ မှတ်ပုံတင်တွေယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ စစ်တပ်က လာရောက်ဖမ်းဆီးလို့သာ ထွက်ပြေးခဲ့ပေ မယ့် ဘာပြစ်မှုနဲဖမ်းဆီးလဲဆိုတာ ယင်းအချိန်ထိမသိရှိသေးဘူးလို့ဆိုတယ်။
တိမ်းရှောင်လာတဲ့အချိန်မှာ မိတ်ဆွေတချို့ဆီ တစ်ညတာတည်းခို နေထိုင်ဖို့ခွင့်တောင်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် မိဘအိမ်ပြန်ပြီး တိတ်တဆိတ်ပုန်းခိုနေခဲ့ရတယ်။
” အဲ့ဒီအချိန်မှ အသိတစ်ယောက်က နင့်ကို ဟန်ငြိမ်းဦး channel မှာ တင်ပြီး ဖမ်းခိုင်းထားတယ် နင်ရှောင်တော့ဆိုတော့ ည၁၁နာရီ ၁၂လောက်ကို ဘယ်ပြေးရမှန်းမသိတော့လို့ အသိတစ်ယောက်ရပ်ကွက်က အသုဘအိမ်ဖဲဝိုင်းမှာ တစ်ညလုံး မအိပ်ဘဲ ဖုန်းဆင်းကဒ်လဲ၊လိုအပ်တာတွေ လုပ်ခဲ့ရတယ်”လို့ မမူယာကပြောတယ်။
အခြားနေရာမှာရှောင်ရှားဖို့ပြင်ဆင်နေစဉ်မှာ သူ့ကေပေးအကောင့်တွေလည်း ပိတ်ခံရတာကြောင့် ငွေကြေးတွေ ဆုံးရှုံးသွား ပေမယ့် ဝမ်းနည်းမနေအားဘဲ နောက်တစ်နေရာ ရှောင်ပုန်းဖို့ ရှာဖွေရပြန်တယ်။
မနက်အာရုဏ်တက်တာနဲ့ နောက်တစ်နေရာသွားဖို့ လူစည်ကားတဲ့ဈေးတွေ ဘုရားဝင်းတွေထဲ ခေတ္တနေထိုင်ပြီး အသိ မိတ်ဆွေတွေရဲ့အိမ်မှာ တစ်ညဆီတည်းခိုရင်း မိသားစုတွေကို ဆက်သွယ်အသိမပေးပဲ လွတ်မြောက်နယ်မြေကို သွား ရောက်ဖို့ ကြိုးစားခဲ့တယ်။
” ရန်ကုန်မှာ ပုန်းရှောင်နေတုန်းကဆို ခွေးဟောင်လည်း ငါ့ကိုလာဖမ်းတာလား ဆိုင်ကယ်သံ ကားမီးလူသံ မီးပျက်တဲ့ အချိန်လည်းတစ်စက်ကလေးမှမအိပ်ပဲ နေရတယ်”လို့ဆိုတယ်။
မမူယာက သူ့သွင်ပြင်ကို မမှတ်မိစေဖို့ ဆံပင်တွေညှပ်ကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လွတ်မြောက်နယ်မြေကို အရဲစွန့် ထွက်လာခဲ့ပေမယ့် ကျန်ရစ်ခဲ့တဲ့သားဖြစ်သူကို စိုးရိမ်ပူပန်ရတာ၊ သူ့မတွေ့ရင်အိမ်ထောင်ဖက်ကို ဖမ်းဆီးမှာလား၊ ရောဂါ သည်မိခင်ကို ရန်ရှာမလားစိုးရိမ်စိတ်တွေကြောင့် ခံဝန်ထိုးပြီး အိမ်ပဲပြန်ရမလားဆိုတဲ့ အတွေးပေါင်းစုံနဲ့ လိုဆိုတယ်။
” စိုးရိမ်တာထက်၊ကြောက်ရွံ့တာထက် ငါကြောင့်များ ငါရွေးချယ်မှုကြောင့်များ ငါချစ်တဲ့လူတွေ အန္တရာယ်ကြုံရတော့မှာ ဆိုတဲ့စိတ်ဟာ ယနေ့အချိန်ထိ စိတ်ဒဏ်ရာရခဲ့တယ်”လို့ဆက်ပြောတယ်။
လွတ်မြောက်နယ်မြေကနေ တစ်ဖက်နိုင်ငံရောက်လာတဲ့အခါမှာလည်း အသိမိတ်ဆွေမရှိတာ၊ ကူညီပေးဖို့ဆက်သွယ်ထား သူတွေမှာလည်း ဆက်သွယ်လို့မရတာတွေကြောင့် အခက်အခဲပေါင်းစုံကြုံခဲ့ရပြီး အသိမိတ်ဆွေတစ်ဦး ကူညီမှုကြောင့်သာ နေဖို့အဆင်ပြေခဲ့တယ်လို့ဆက်ပြောတယ်။
နေအိမ်ကနေထွက်လာပြီးနောက် ငွေကြေးအခက်ခဲကြုံရတဲ့အပြင် အိမ်ထောင်ဖက်ရဲ့ အပြစ်တင်ပြောဆိုမှု ကွာရှင်းပြတ်ဆဲ မှုတွေ၊ ချန်ထားခဲ့ရတဲ့ သားဖြစ်သူအပေါ် စိုးရိမ်ပူပန်မှုတွေ၊ စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေစတဲ့ ဒုက္ခမျိုးစုံက သူ့ကို ဘက် ပေါင်းစုံကနေ ထိုးနှက်နေဆဲလို့ ဆက်ပြောတယ်။
” စိတ်ဆင်းရဲရတယ်ဆိုတာ ဘာလဲမှန်းတောင် မတွေးတတ်တော့ဘူး။ ဘက်ပေါင်းစုံရဲ့ ဖိအားဟာ အိပ်ဆေးက မိတ်ဆွေ ဖြစ်လာတယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါ တောင်းပန်တိုးလျှိုးဖို့ပဲ အားသန်လာတယ်။ ငါ့ဘက်မှာ ငါ့ကိုအားပေးမဲ့ လူမရှိနေ ဘူးဆိုတဲ့ စိတ်ခံစားချက်ဟာအဆိုးဆုံးပါ” လို့ မမူယာကပြောတယ်။
အရာရာမှာစိတ်မလုံခြုံတဲ့အခြေအနေက ကြီးစိုးနေတဲ့အတွက် ကူညီပေးသူတွေရဲ့ စေတနာစကားကိုတောင် မယုံကြည်ရဲ တော့ပဲ တစ်ခုခုဆို အရမ်းစဉ်းစားဆုံးဖြတ်ရတယ်လို့ဆိုတယ်။
ဒါ့အပြင် သူစိမ်းဒေသမှာ အသိအကျွမ်းမရှိဘဲ မိန်းမသားတစ်ဦးတည်းနေထိုင်ရတဲ့အခါ အမျိုးသားအချို့ရဲ့ ထိကပါး ရိကပါး ပြောဆိုခံရတာ၊ စားဝတ်နေရေးအတွက်အလုပ်အကိုင်မရှိတာ၊ အလုပ်ရတော့လည်း ငွေကြေးနှိမ်တာ၊ ၊နေစရာအတွက် ပူပန်ရတာတွေ ကြုံရပြီး ဒါတွေကို စိတ်အားတင်းပြီး ကျော်ဖြတ်နေရတယ်လို့ဆိုတယ်။
” အမျိုးစုံတဲ့ဒုက္ခတွေကို သားသမီးဇောနဲ့ပဲ ရှေ့ဆက်နေရပါတယ်။ တောထဲက လူငယ်တွေကိုပဲ ပြန်ကြည့်မိပါတယ်” လို့ မူယာကပြောတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရသလို သိန်းချီတဲ့ ပြည်သူတွေမှာ နေအိမ်တွေမီးရှို့တာ စစ်ကြောင်းထိုးတာတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး ရတာ၊စစ်ရှောင်စခန်းတွေမှာနေရတာတွေနဲ့ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကိုခါးစီးခံနေရပါတယ်။
ပဋိပက္ခဖြစ်တဲ့နယ်မြေတွေကပြည်သူတွေမှာလည်း စစ်ဘေးကြောင့် မလုံခြုံမအေးချမ်းသလို ပဋိပက္ခမဖြစ်ပွားသေးတဲ့ဒေသ တွေက ပြည်သူတွေမှာလည်း လုံခြုံမှုမရှိတဲ့အခြေအနေမှာစိုးရိမ်သောကတွေနဲ့ နေထိုင်ရဆဲပဲလို့ ယင်းတို့က ဆိုတယ်။
ရာဇဝတ်မှု မကျူးလွန်ဘဲနဲ့ တရားမဝင်နေထိုင်သူတစ်ဦးအဖြစ် အစစအရာရာ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေရမယ်လို့ တစ်ကြိမ်တခါမှမတွေးဖူးဘူးလို့ ဆိုသူက အသက်၃၀ အရွယ်မစုစု(အမည်လွှဲ)ပါ။
မစုစုရော သူ့ခင်ပွန်းရောက စစ်ကောင်စီကိုဆန့်ကျင်မှုတွေကြောင့် နေထိုင်ရာနေရာကနေ စွန့်ခွာပြီး အခြားနေရာကို ပြောင်းရွှေ့နေထိုင်ရသူဖြစ်ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်မှုတွေကြောင့် ရုတ်တရက်တိမ်းရှောင်လာရတဲ့အတွက် ပစ္စည်းပစ္စယ စုံစုံလင်လင် ယူမဆောင်နိုင် ဘဲ အင်္ကျီအနည်းငယ်၊ ကလေးအတွက် မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးနဲ့စားစရာအနည်းငယ်သာ ယူဆောင်ပြီး ထွက်လာခဲ့ရ တယ်လို့ဆိုတယ်။
” ကိုယ့်နိုင်ငံထဲနေတော့လဲ ခွေးဟောင်သံကြားကြောက်နေရသလို သူများနိုင်ငံရောက်တော့လည်း ကိုယ်က တရားမဝင် လာတဲ့သူဆိုတော့ ဘာအထောက်အထားမှမရှိတော့ ကြောက်နေရတာ”လို့ မစုစုကဆိုတယ်။
တစ်ဖက်နိုင်ငံကို မိတ်ဆွေတွေအကူအညီနဲ့ရောက်လာပေမယ့် ခင်ပွန်းဖြစ်သူ လိုက်မလာနိုင်သေးတဲ့အတွက် ရက်သတ္တ ပတ် အနည်းငယ်လောက် သားအမိနှစ်ဦးတည်း စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ နေထိုင်ဖြတ်သန်းခဲ့ရပါတယ်။
အလုပ်တစ်ဖက်နဲ့ ကလေးကြည့်ရှု့ရတဲ့အတွက် ကလေးကိုလည်းသေချာဂရုမစိုက်နိုင်တဲ့အခါ “လူကြီးရော ကလေးပါ စိတ် ပင်ပန်းမှုပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ရတဲ့နေ့တွေပဲ”လို့ဆက်ပြောတယ်။
” ကလေးကငယ်တော့ အမေကို ကပ်ချင်တာဆော့ခိုင်းတာရှိတယ်၊ ကိုယ်ကအလုပ်မပြီး သူဂျီကျဆို စိတ်တွေညစ်ပီး မျက်ရည်ပါကျလာရော ၊ကလေးကို မဲပြီးဆူမိလဲ စိတ်ဒုက္ခတွေနဲ့တွေးပီးငိုမိတာ”လို့ဆိုတယ်။
ပြည်တွင်းမှာမလုံခြုံလို့ တpfဖက်နိုင်ငံကိုရောက်တဲ့အခါမှာလည်း အစစအရာရာအဆင်မပြေမှုတွေကအများကြီးပါပဲ၊ တရား ဝင် နေထိုင်တာမဟုတ်တာကြောင့် အချိန်မရွေးဖမ်းဆီးခံရနိုင်တဲ့အတွက် အသွားအလာ အနေအထိုင် ဂရုစိုက်ရတာ ၊အိမ် နီးနားချင်းတွေ မငြိုငြင်အောင် ဆင်ခြင်နေရတာတွေနဲ့ပါ။
သူ့မှာက အလုပ်ရှိတဲ့အတွက် အခြားသူတွေလောက်စားဝတ်နေရေး မရုန်းကန်ရပေမယ့် တရားမဝင်နေထိုင်ရတာအပြင်၊ ဘာသာစကား အခက်အခဲတွေ၊ ကလေးငယ်အတွက် ကျန်းမာရေး ပညာရေး တွေးပူရတာတွေ အများကြီးပဲလို့ဆိုတယ်။
လက်ရှိမှာ ခင်ပွန်းဖြစ်သူလည်း မစုစုတို့ဆီ ရောက်လာတဲ့အတွက် ကလေးကြည့်ရှု့ဖို့ အဆင်ပြေပေမယ့် နေထိုင်ရာနေရာ ကနေရုတ်တရတ်ခွဲခွာပြီး သူစိမ်းဒေသမှာ လွတ်လပ်မှုမရှိဘဲနေရတဲ့အခါ ကလေးမှာလည်း စိတ်ဒဏ်ရာရှိပုံပဲလို့ဆိုတယ်။
ဒါပေမယ့်လည်း တောထဲတောင်ထဲ ဒုက္ခအခက်အခဲမျိုးစုံနဲ့တော်လှန်နေသူတွေရဲ့ ဒုက္ခနဲ့နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ အတွက် ကြုံရတဲ့အခက်အခဲတွေကိုအားတင်းပြီး ကျော်ဖြတ်နေပေမယ့် တစ်ခါတစ်လေ မျက်ရည်ကျမိတယ်လို့ ဆိုတယ်။
လုံခြုံရေးအခြေအနေတွေကြောင့် နေအိမ်တွေကနေ ရှောင်တိမ်းနေထိုင်ရသူတွေ၊စစ်ကောင်စီကြောင့် နေအိမ်ဆုံးရှုံးရသူ တွေ ၊စစ်ဘေးကြောင့် နေအိမ်တွေကနေ စွန့်ခွာလာရသူတွေအတွက်ရော မျိုးစုံသော ဒုက္ခအခက်အခဲတွေကနေ အမြန် ဆုံး ကျော်လွှားနိုင်ဖို့က တော်လှန်ရေးပြီးမှသာ ဖြစ်လာမှာကြောင့် တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့အတွက် ရှေ့တန်း ကနေ တော်လှန်သူတွေကို ထောက်ပံ့ပေးဖို့လိုတယ်လို့ ယင်းတို့ကဆိုတယ်။
မငယ်ငယ်ကလည်း လက်ရှိမိဘနေရပ်မှာ အဆင်ပြေတယ်ဆိုရုံလေးနေထိုင်နေရပေမယ့် စစ်ကောင်စီ ရှိနေသမျှ ကာလ ပတ်လုံးကောင်းမွန်တဲ့ ဘဝအခြေအနေမျိုးရှိလာမှာမဟုတ်တာကြောင့် အာဏာရှင်ပြုတ်ကျဖို့ဆုတောင်းမိတယ်လို့ဆိုတယ်။