သွယ်ဇင်။ ။
လူအများအိပ်မောကျလို့ကောင်းနေဆဲ အချိန်ဖြစ်တဲ့ နံနက်သုံးနာရီအထိ ဒေါ်ဝင်းသန်း (အမည်လွှဲ)တစ်ယောက် အိပ် မပျော်နိုင်သေးပါဘူး။ သူသွားရမယ့်ခရီးအတွက် ဝေခွဲမရစိတ်တွေနဲ့ လူးလွန့်နေပါတယ်။
ပြီးနောက် လူးလွန့်နေရာကနေ အိပ်ပျော်နေတဲ့ သ့ူရဲ့သမီးသုံးယောက် မနိုးရအောင် တိတ်တဆိတ်ထလိုက်ပါတယ်။ အိမ် နောက်ဖေးရောက်တော့ ရေမိုးချိုးသနပ်ခါးလိမ်းကာ အိမ်ကနေထွက်ခွာဖို့ ပြင်ဆင်စရာတွေကို အသံတိတ်ပြင်ဆင်နေ ပါတယ်။
အားလုံးပြင်ဆင်ပြီးလို့ စီးရမယ့်ကားကို အသင့်စောင့်နေတဲ့အချိန်ထိ သူသွားရမယ့်ခရီးကို သွားရနိုးနိုး၊ မသွားရနိုးနိုး ချီတုံ ချတုံ ဖြစ်နေသေးတယ်။ ကားရောက်လာတဲ့အချိန်ထိ ကလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ချက် ဝေဝါးနေတုန်းပဲလို့ အသံ တုန်တုန်နဲ့ ဒေါ်ဝင်းသန်းက ပြောပြပါတယ်။
“ ကားကလည်းခေါ်နေပြီ။ လူကလည်းစုံနေပြီ။ ကျမကတော့အိမ်ပေါ်ကနေ မဆင်းရသေးဘူး။ ငါတကယ်ပဲ သွားရတော့ မလား။ မသွားဘဲနဲ့ ငါနေလိုက်ရင်ကောင်းမလားနဲ့ တစ်ကယ့်တစ်ကယ် သွားရတော့မယ်ဆိုတော့ ကလေးတွေကို ကြည့် လိုက်၊ ကားကိုကြည့်လိုက်နဲ့” လို့ အိမ်ကထွက်လာခါနီး ခံစားရပုံကို ပြန်ပြောပြတယ်။
ကျန်ခဲ့တဲ့ အပျိုအရွယ်သမီးလေးတွေကို နောက်ဆံတင်းနေပေမယ့် ဒီခရီးလမ်းကို သွားကိုသွားရဖို့ တွန်းအားပေးနေတဲ့ အခြေအနေတွေရှိနေပါတယ်။ အဲဒါကတော့ ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်သွားတဲ့သူ့ရဲ့သားကို အမေဖြစ်တဲ့သူနဲ့ ထောင်ဖမ်းမှာစိုးလို့ သားဇောနဲ့ သူနေထိုင်ရာ မွန်ပြည်နယ်မှာရှိတဲ့ ရွာကလေးကနေ ထိုင်းနိုင်ငံကို ထွက်လာဖြစ်ခဲ့တာပါ။
“ ကျမသားပျောက်သွားတော့ ဒလန်တွေက လိုက်စုံစမ်းတယ်။ ကြာလာတော့သူတို့ရိပ်မိတယ်။ ကျမက အမေတစ် ယောက်ဖြစ်တဲ့အတွက် ကျမသားကိုလိုချင်လို့ ကျမကို ဓါးစာခံလုပ်မှာကိုစိတ်ပူလာတယ်။ ကျမကိုဖမ်းသွားလို့ ကျမခံရ မှာကို ရင်ထဲမှာဘာမှမခံစားရဘူး။ ကိုယ့်ကို ဓါးစာခံလုပ်ပြီးခေါ်သွားလို့ ကိုယ့်ကလေးက မအေထိလို့ ပြန်ဆင်းလာရင် ကိုယ့်ကလေး ဒုက္ခရောက်မှာကိုမလိုလားဘူး။ အဲဒါကြောင့် ဒီကိုထွက်လာဖို့ဆုံးဖြတ်လိုက်တာ ” လို့ ဒေါ်ဝင်းသန်းက ပြော ပြပါတယ်။
သူစိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပင်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သူတို့ဖမ်းချင်တဲ့သူကိုမရရင် မိသားစုဝင်တွေ ကို ဓါးစာခံဖမ်းဆီးတာတွေကို ပြုလုပ်လေ့ရှိပါတယ်။ အာဏာစသိမ်းကတည်းက ၂၀၂၂ ဧပြီထိ စစ်တပ်က ဓါးစာခံဖမ်းဆီး ထားတဲ့ မိသားစုဝင်စုစုပေါင်း ၃၀၇ဦး ရှိပြီလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (Burma Human Rights Network -BHRN) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့်လည်း ဒေါ်ဝင်းသန်းဟာ သားဖြစ်သူအတွက် အရဲစွန့်ထွက်လာခဲ့တာပါ။ Single Mom (တစ်ကိုယ်တော်မိခင်) တစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းသန်းဟာ သူကလေးတွေကို ပညာတတ်ဖြစ်စေချင်လွန်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူတစ် ယောက် တည်းအားနဲ့ ကလေး လေးယောက်လုံးကို ရတဲ့အလုပ်လုပ်ပြီး ကျောင်းထားပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကအာဏာ သိမ်းပြီး နောက်ပိုင်းမှာ သူတို့ရဲ့မိသားစုအခြေအနေတွေဟာ လုံးဝပြောင်းလဲသွားပါတယ်။
သူကိုယ်တိုင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်သလို သူ့သားသမီးတွေကလည်း CDM ကျောင်းသူ တွေ ဖြစ်လာခဲ့ပါတယ်။ သားအကြီးဆုံးကတော့ သူ့ကိုဖမ်းဖို့သတင်းတွေထွက်လာချိန်မှာ PDFထဲဝင်ဖို့ ခွင့်တောင်းလာခဲ့ပြီး ခက်ခက်ခဲခဲဆုံးဖြတ်ပြီး ခွင့်ပြုခဲ့ရတယ်လို့ ဒေါ်ဝင်းသန်းက ဆိုတယ်။
“ ပြန်စဉ်းစားလိုက်ရင် ကိုယ်လည်းမွေးထားတာ၊ သူများတွေလည်း မွေးထားခဲ့တာပဲ။ ဒါပေမယ့် ဆန္ဒပြရင်း ပစ်သတ်ခံထိ တာတို့ တွေ့ပြီးရင်ထဲမှာမချိဘူး။ သူများသားသမီးတွေသေဆုံးရတယ်။ ကိုယ်က ကိုယ့်သားသမီးကို ချစ်လို့ ပိုက်ထားတယ် ဆိုရင် ကိုယ်က ကိုယ်ချင်းမစာရာကျမယ်။ တစ်ကိုယ်ကောင်းဆန်ရာကျမယ်။ အတ္တကြီးရာကျမယ်။ ကလေးတွေအကုန်လုံး က ပေးဆပ်ခဲ့တာ။ မိဘတိုင်းကလည်း ပေးဆပ်ရတာပဲ” လို့ မျက်ရည်တွေနဲ့ပြောရင်း ဒေါ်ဝင်းသန်းတစ်ယောက် အသံ တိမ်ဝင်သွားပါတယ်။
သားကို PDFထဲဝင်ဖို့ ခွင့်ပြုပေးပြီး တော်လှန်ရေးအတွက် ပေးဆပ်ထားပေမယ့် သူက တစ်ခြားမိဘတွေထက်စာရင် ကံကောင်းပါသေးတယ်လို့ ဝဲလာတဲ့မျက်ရည်တွေကို စီးမကျအောင်ထိန်းရင်းက ဆက်ပြောပြပါတယ်။
“ ကိုယ့်ထက်ကို သူတို့ကပိုဆိုးတယ်။ ပိုခံစားရတယ်။ လက်ရှိမှာ ကိုယ်ကမှတွေ့နေ၊ မြင်နေ စကားပြောနေရသေးတယ်။ သူတို့မှာက ကြည့်ဖို့၊ မြင်ဖို့၊ စကားပြောဖို့ မရှိတော့ဘူးလေ။ ကိုယ်ပဲမွေးထားတာမဟုတ်ဘူး။ သူများတွေလည်း မွေးထား တာပဲ။ ကိုယ့်လိုပဲ သူများတွေလည်းခံစားရတာပဲ။ အဲ့လိုခံစားနေမယ့်အတူတူ ဘယ်နေရာကနေ ဝိုင်းကူညီနိုင်မလဲ ဆိုတာကိုပဲ ပြန်တွေးလိုက်တယ်”
ဒါကြောင့်လည်း တော်လှန်ရေးကို ကူညီဖို့အမြဲခေါင်းထဲထည့်ထားတဲ့ ဒေါ်ဝင်းသန်းက ထိုင်းနိုင်ငံမှာ သူအလုပ်လုပ်လို့ရတဲ့ လုပ်အားခနဲ့ တတ်နိုင်သလောက် တော်လှန်ရေးကို ပံ့ပိုးပေးနေတယ်လို့ တက်ကြွစွာပြောပြပါတယ်။
“ ကျမသားရဲ့တပ်ထဲက ကလေးလေးတွေ သေနတ်မှန်ပြီးဒဏ်ရာရလို့ ဆေးရုံလာကြရတော့ စားဝတ်နေရေး အခက် အခဲဖြစ်ကြတယ်။ အဲဒါကို ပြေလည်အောင် ကျမတတ်နိုင်သလောက်ပေးတယ်။ ပါးစပ်နဲ့လည်း အားပေးတယ်။ အားမ ငယ်နဲ့ အားတင်းထား။ စိတ်ဓါတ်မကျကြနဲ့ဆိုပြီးတော့ အားပေးတယ် ” လို့ ဒေါ်ဝင်းသန်းကဆိုတယ်။
ဒေါ်ဝင်းသန်းလိုပဲ ကလေးသုံးယောက်မိခင် မဆောင်းသဇင်ဟာလည်း စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေပါတယ်။ သူနေထိုင်ရာ မွန်ပြည်နယ်က ရွာကလေးတစ်ရွာကနေ ၂၃၅ မိုင် အကွာမှာရှိတဲ့ တနင်္သာ ရီတိုင်းထဲက ရွာလေးတစ်ရွာမှာ သူက စစ်ရှောင်နေရပါတယ်။
“ မွေးခါနီးပြီဆိုတော့ ကိုယ်ဝန်ကလည်း လေးလာတယ်။ ကြောက်တဲ့ဇောနဲ့ပြေးတာပေါ့။ ငါအသက်ရှင်မှရမယ်။ တစ် ယောက်ထဲလည်း မဟုတ်ဘူးဆိုတော့ ပြေးနိုင်မှလွတ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပြေးတာ။ ကိုယ်ဝန်လဲစိတ်ထဲမထားနိုင်ဘူး။ ကိုယ်ကနွဲ့နေလို့မရဘူးလေ” လို့ မဆောင်းသဇင်က ခင်ပွန်းဖြစ်သူရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကြောင့် လုံခြုံရေး အတွက် ရှောင်တိမ်းရတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောပြပါတယ်။
မဆောင်းသဇင်ရဲ့အမျိုးသားက ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှာ ပါဝင်နေတဲ့အတွက် မိသားစုနဲ့ အနီးကပ်မရှိနိုင်ခဲ့ပါဘူး။
တစ်ကြိမ်မှာတော့ စစ်တပ်က ရွာထဲကို စစ်ကြောင်းထိုးတဲ့အချိန် မဆောင်းသဇင်တို့သားအမိ ရွာထဲမှာ ပိတ်မိနေခဲ့ပါတယ်။
သူကခြောက်လအရွယ် သားလေးအပါအဝင် ကလေးသုံးယောက်နဲ့ အိမ်ထဲမှာပုန်းနေတဲ့အချိန် အိမ်ရဲ့အနောက်ဘက်က လမ်းမှာ လူတွေပြေးလွှားနေတာကြောင့် အိမ်ရှေ့ဘက်လမ်းမှာရှိနေတဲ့ စစ်သားတွေက သူပုန်းနေတဲ့ အိမ်ကိုကျော်ပြီး အိမ် နောက်ဘက်ကို သေနတ်နဲ့ လှမ်းလှမ်းပစ်တဲ့အတွက် ကျည်ဆံတွေက သူ့အနားမှာဖြတ်သန်းသွားပြီး ပစ်ခတ်သံတွေနဲ့ ဆူညံနေခဲ့ပါတယ်။
ဒီအချိန်မှာ ခြောက်လသားအရွယ် သားလေးငိုခဲ့ရင် စစ်သားတွေရဲ့ ပစ်ခတ်မှုက သူတို့ပုန်းခိုနေတဲ့အိမ်ကို ဦးတည်လာမှာ ကို သူအစိုးရိမ်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကံကောင်းထောက်မလို့ မဆောင်းသဇင်တို့သားအမိတွေ လုံခြုံခဲ့ရပေမယ့် မတည်ငြိမ်တဲ့အခြေအနေကြောင့် ပစ်ခတ်မှု အပြီး နောက်ထပ်တစ်ပတ်အကြာမှာ ကလေးသုံးယောက်ကို လက်ဆွဲကာ တောတောင်ထဲ သွားရောက် စစ်ရှောင်ရပြန်ပါ တယ်။
“ မိုးကရွာ၊ ရေကကြီး။ ဝါးဖောင်နဲ့ ရေချောင်းဖြတ်ဖို့ ရေက အားကြီး အရှိန်ကြမ်းတော့ ဝါးဖောင်ပေါ်စီးလို့မရဘူး။ ချောင်းရဲ့ အပေါ်ဘက် တောင်ဘေးက လူသွားလမ်း တစ်လမ်းစာလောက်ပဲရှိတယ်။ အဲဒီလမ်းကို ကမ်းပါးဘေးမှာပေါက်နေတဲ့ အပင် တွေ ဆွဲပြီးတော့သွားရတယ်။ အပင်တွေမဆွဲထားနိုင်ရင်တော့ ပြုတ်ကျပြီးတော့ အောက်ကချောင်းထဲကျမှာလေ။ ကလေး ကို မိုးကာနဲ့အုပ်ပြီးတော့ ရင်ခွင်မှာ လွယ်ပိုးပြီးတော့သွားရတာ။ အဲဒါကိုလည်းမကြောက်အားဘူး” လို့ စစ်ရှောင်ချိန် လမ်းခရီးမှာ ကြုံရတဲ့ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောပြခဲ့တယ်။
ကလေးသုံးယောက်နဲ့ အဆင်ပြေသလို ရှောင်တိမ်းနေရတဲ့ မဆောင်းသဇင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်နေ တဲ့ ခင်ပွန်းဖြစ်သူကိုလဲ လှမ်းပြီးစိုးရိမ်နေတတ်ပါတယ်။ တစ်ခါ ခင်ပွန်းဖြစ်သူ ရှေ့တန်းမှာ ကျသွားတယ်ဆိုတဲ့ သတင်း တွေထွက်လာလို့ သူတတ်နိုင်သမျှ အဆက်အသွယ်တွေနဲ့ ခင်ပွန်းရဲ့သတင်းကို အပူတပြင်းရအောင် လိုက်ခဲ့ရပါသေး တယ်။ အဆက်အသွယ်ရလို့ ခင်ပွန်းသည်လုံခြုံတယ်ဆိုမှ သူလည်း စိတ်အေးရတယ်လို့ ဆိုပါတယ်။
မဆောင်းသဇင်က သေရေး၊ ရှင်ရေးတွေမှာ သူ့ဘေးမှာမရှိနိုင်ဘဲ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေတဲ့ သူ့အမျိုး သားရဲ့ တော်လှန်ရေးပါဝင်မှုနဲ့ ပတ်သက်ပြီး “အရင်ကတည်းက နိုင်ငံရေးလုပ်လာတာဆိုတော့ ကိုယ်ကလည်း သူလုပ်တာ မှန်တယ်ထင်တယ်။ အဲဒါကိုမလုပ်နဲ့လို့ ကိုယ်တိုင်က တားလည်းမတားချင်ဘူး။ အကောင်းဆုံးကိုလည်း မျှော်လင့်ထား တယ်။ အဆိုးဆုံးကိုလည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ စဉ်းစားထားတယ်” လို့ ယုံကြည်မှုအပြည့်နဲ့ သူက ပြောပါတယ်။
သူ့အမျိုးသားအနေနဲ့ တော်လှန်ရေးကို နောက်ကြောင်းအေးအေး လုပ်နိုင်အောင် စီစဉ်ပံ့ပိုးထားနိုင်တာကလည်း သူ့နည်း၊ သူ့ဟန်နဲ့ တော်လှန်ရေးထဲ ပါဝင်နေတာဖြစ်တယ်လို့လည်း မဆောင်းသဇင်က ယုံကြည်နေပါတယ်။
“ သူလျှောက်နေတဲ့လမ်းမှာ ကိုယ်ကအနှောင့်အယှက်မပေးမိအောင်နေတယ်။ စိတ်အနှောင့်အယှက် ဖြစ်မယ့်ဟာတွေ မပြောဘူး။ သူ့ကိုယုံကြည်ပေးနေတယ်။ ထောက်ခံပေးနေတယ်။ ကိုယ့်အမျိုးသားလုပ်တာ မှန်တယ်လို့ ကိုယ်က ရပ်တည် ပေးတာကလည်း ယောက်ျားနဲ့အတူတူ တိုက်ပွဲဝင်နေတာပဲ” လို့ ကျေနပ်တဲ့ အသံနဲ့ သူကဆိုတယ်။
ဒါ့အပြင် မဆောင်းသဇင်ဟာ အမျိုးသားဖြစ်သူရဲ့တပ်ဖွဲ့အတွက် ရန်ပုံငွေပိုင်းဆိုင်ရာ ကူညီထိန်းသိမ်းတာတွေနဲ့ စာရင်း ဇယားတွေ ရံဖန်ရံခါ အကူအညီပေးရတာတွေကိုလည်း လုံခြုံရေးအတွက် ရှောင်တိမ်းရင်း လုပ်ဆောင်ပေးနေပါတယ်။
မဆောင်းသဇင်ရဲ့ အမျိုးသား ကိုကျော်မင်းထိုက်ကတော့ မဆောင်းသဇင်ဆီကနေ စိတ်ခွန်အားတွေပြန်ယူပြီး သူ့ရဲ့ တည်ငြိမ်သွေးအေးတာတွေကို အားကျရတယ်လို့ ပြောပါတယ်။
“ သူကတည်ငြိမ်တယ်။ စကားနည်းတယ်။ သွေးအေးတယ်။ အခက်အခဲတစ်ခုကြုံလာရင် သူက တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်တယ်။ အကြောက်အလန့်လည်းနည်းတယ်။ တစ်ခါတစ်လေ ကိုယ်က သူ့ဆီက စိတ်ခွန်အားတွေ ပြန်ယူရ တယ်။ သူ့ကိုအားကျရတယ်” လို့ အမျိုးသမီးဖြစ်သူအပေါ်ကို ယုံကြည်အားကိုးရပုံကို ပြောပြတယ်။
နွေဦးတော်လှန်ရေးကာလမှာ မဆောင်းသဇင်တို့၊ ဒေါ်ဝင်းသန်းတို့လို အခက်အခဲ၊ စိန်ခေါ်မှုတွေကြားထဲက ကိုယ့်မိသား စုဝင်တွေရဲ့ တော်လှန်ရေးပါဝင်မှုကို ထောက်ပံ့တာ ကိုယ်တိုင်လည်း တော်လှန်ရေးအတွက် နိုင်တဲ့ဘက်ကနေ ပါဝင် နေ တဲ့ အမေတွေနဲ့ဇနီးသည်တွေအများကြီးရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာ နည်းပါးနေသေးပြီး အမျိုးသမီးတွေဟာ လူတွေမသိဘဲ နောက်ကွယ်ကနေပံ့ပိုးနေကြဆဲပါ။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ပေါ်လစီဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁)လည်းဖြစ်တဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင် မဇူးပဒုမ္မာကတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ တော် လှန်ရေးအတွက် အက္ခရာကျတဲ့ အားဖြစ်တယ်လို့ ပြောပါတယ်။
သို့ပေမယ့်လည်း ရှေးရိုးစွဲရိုးရာဓလေ့တွေကြောင့်နဲ့ ဖိုဝါဒကြီးစိုးတဲ့ ကြီးနိုင်ငယ်ညှဉ်းစနစ်တွေကြောင့် အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည်တွေနဲ့ ပေးဆပ်မှုတွေက အသိအမှတ်ပြုခံရခြင်း မရှိဘူးလို့လည်း မဇူးပဒုမ္မာက ပြောပါတယ်။
ဒါကြောင့် “ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်နဲ့ စွမ်းအားတွေကို အသုံးချနိုင်ဖို့အတွက်နဲ့ ကျရာကဏ္ဍတွေ၊ စိတ်ဝင်စားရာ ကဏ္ဍတွေမှာ ပါဝင်နိုင်ဖို့အတွက် အခွင့်အလမ်းနဲ့အခွင့်အရေးတွေ ဖန်တီးပေးဖို့ပဲလိုပါတယ်” လို့ သူက ထောက်ပြပါတယ်။
စစ်အာဏာရှင်ကို ဖြုတ်ချမယ့်နွေဦးတော်လှန်ရေးမှာ ကိုယ့်သားသမီးတွေရဲ့ရှေ့ရေးနဲ့ တိုင်းပြည်အနာဂါတ်အတွက် သူတို့ အသက်ကို ပေးဆပ်သွားတဲ့အမျိုးသမီးတွေ၊ သားသမီးတွေနဲ့ခင်ပွန်းတွေရဲ့အသက်ကို စတေးခံလိုက်ရတဲ့ သူရဲကောင်း အမျိုးသမီးတွေဟာ လက်နက်မကိုင်ဘဲ တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေပါပဲ။
ဒါ့အပြင် မိသားစုဝင်တွေက စစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ PDF ထဲဝင်ကာ တော်လှန်နေချိန် ကူညီအားပေးပြီး တော်လှန် ရေးကို ကျားကန်ထားပေးထားတဲ့ အမျိုးသမီးတွေ မတရားအဖမ်းခံထားရတဲ့ ခင်ပွန်းနဲ့သားသမီးတွေအတွက် ထောင်ဝင် စာတွေပို့ရင်း နိစ္စဒူဝအသက်ရှင်ဖို့ရုန်းကန်ရင်း တော်လှန်ရေးအောင်မြင်ဖို့လည်း တောင့်ခံထားကြတဲ့ အမျိုးသမီးတွေနဲ့ ကိုယ်တိုင်ထောက်ပို့လုပ်နေတဲ့ အမျိုးသမီးတွေလည်း ရှိကြပါတယ်။
သူတို့တွေရဲ့ မျှော်လင့်ချက်ကတော့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ပြီး ငြိမ်းချမ်းမယ့်နေ့ကို ရောက်လာဖို့ပဲ ဖြစ်ပါတယ်။
မိသားစုတွေ တကွဲတပြားနဲ့ အားလုံးရဲ့လုံခြုံရေးအတွက် ပူပင်သောကတွေနဲ့ ရုန်းကန်နေရတဲ့ ဒေါ်ဝင်းသန်းကတော့ တိုင်းပြည် ငြိမ်းချမ်းလာမယ့်နေ့မှာ သူအဖြစ်ချင်ဆုံးဆန္ဒနဲ့ သူမျှော်လင့်ထားတာတစ်ခုကို ယခုလိုပြောပြတယ်။
“ မိသားစုတွေ စည်းစည်းလုံးလုံးပြန်နေမယ်”