ဒေဝီ။ ။
စစ်ဘေးရှောင်ပြည်သူတွေကို မျှဝေဖို့ ကြက်ဥ၊ဆန်၊ဆီ၊ ဆားနဲ့လက်ဖက်ထုတ်စတဲ့ စားနပ်ရိက္ခာတွေကို လူအချို့က စနစ် တကျ ပြင်ဆင်ထုတ်ပိုးနေကြသလို ၊ ထုတ်ပိုးပြီးသား ရိက္ခာထုတ်တွေကိုလည်း စစ်ဘေးရှောင်တွေထံ ဝေခြမ်းပေးနေတာ တွေနဲ့ အလုပ်များနေကြပါတယ်။
စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ဝေငှနေတဲ့သူတွေကြားထဲ ခရစ်ယာန်သီလရှင်တစ်ပါးကလည်း အရောင်စုံ စိပ်ပုတီး လေးတွေကိုပါ ဝေငှနေပါတယ်။
ယင်းခရစ်ယာန်သီလရှင်ကတော့ စစ္စတာဖရန်စစ္စကားပါ။ သူက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ တိုက်ပွဲ အကြီး အကျယ်ဖြစ်ပွားနေပြီး စစ်ဘေးသင့်ပြည်သူတွေအများအပြားရှိတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ ကို ကူညီနေသူတစ်ဦးဖြစ်ပါတယ်။
” စိပ်ပုတီးလေးတွေကတော့ စစ်ရှောင်ကို ဝေတိုင်းမပါမဖြစ်ပေါ့။ ဘုရားပဲအရာရာတတ်နိုင်တာဖြစ်လို့ အမိမယ်တော်မှ တစ် ဆင့် ဆုတောင်းလျှောက်ကြဖို့ပါ”လို့ စစ္စတာဖရန်စစ္စကားက ဆိုတယ်။
အသက်၄၇နှစ်အရွယ် စစ္စတာဖရန်စစ္စကားက မန္တလေးကက်သလစ်သာသနာက သီလရှင်တစ်ပါးအနေနဲ့ သာသနာပြု လုပ်ငန်းတွေဆောင်ရွက်နေသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။
ဒါကြောင့် ဆန္ဒပြလှုပ်ရှားသူတွေကို စစ်တပ်ကဖမ်းဆီးမှုတွေပြုလုပ်လာတဲ့အခါ စစ္စတာဖရန်စစ္စကားလည်း တိမ်းရှောင်ရ တော့တယ် ။
” အစကတော့မရှောင်ခဲ့ဘူး။ မြို့လေးကကျဉ်းတော့ ရှောင်မှရတော့မယ်။ အသင်းဂိုဏ်းအကြီးအကဲကိုပြောပြီး စစ္စတာ တစ်ဦးကို တာဝန်တွေလွှဲပြီး အခြားနေရာကိုရှောင်ခဲ့တယ်” လို့ စစ္စတာဖရန်စစ္စကားက ပြောပါတယ်။
နေထိုင်ရာအသင်းဂိုဏ်းကနေ အသိမိတ်ဆွေတွေရှိတဲ့ မြို့နယ်ဒေသအချို့ကို လှည့်လည်တိမ်းရှောင်နေထိုင်ရင်း အာဏာ ရှင်ကိုတော်လှန်နေသူတွေကို ဆက်လက်ပြီးကူညီထောက်ပံ့တာတွေပြုလုပ်ခဲ့တယ်။
ဒီလိုနေထိုင်ရင်း ကိစ္စတစ်ခုကြောင့် တစ်ညတာတည်းခိုမိတဲ့နေရာက အိမ်ရှင်စစ္စတာတစ်ပါးက သူ့ဒေသ ကယားပြည်နယ် ကို မိသားစုကိစ္စနဲ့ ပြန်သွားတဲ့အခါ စစ္စတာဖရန်စစ္စကားပါ နောက်ကလိုက်သွားဖို့ အကြောင်းဖန်လာခဲ့တယ်။
စစ္စတာဖရန်စစ္စကား ကယားပြည်နယ်ကို ရောက်တဲ့အချိန်ကတော့ ဘဝမှာမမေ့နိုင်စရာ အဖြစ်အပျက်ပဲလို့ဆိုတယ်။ သူ ကယားပြည်နယ်ကို ရောက်တဲ့အချိန် ဒီးမော့ဆိုမှာ တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေမှာ စစ်ရှောင်နေရချိန်။
မြို့က တိတ်ဆိတ်ခြောက်ကပ်နေတဲ့အပြင် လူသူရယ်လည်းမရှိ၊ လာကြိုသူလည်းမတွေ့နဲ့ သူ့မှာရှိတဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်ပြီး ကူညီပေးသူတွေကြောင့် မိတ်ဆွေစစ္စတာရှိရာနေရာကို ခက်ခက်ခဲခဲရောက်ရှိလာတယ်။
” လက်နက်ကြီးတွေက ခေါင်းပေါ်ကနေဖြတ်သွားနဲ့ ဒီလိုတစ်ခါမှလည်း မတွေ့ဖူးဘူးဆိုတော့ စိတ်ထဲမှာ စိတ်မကောင်း တာပေါ့နော်။ ကယားပြည်ကြီးက ငါတို့ထင်တာထက်ပိုဆိုးတယ်ဆိုပြီးတော့” လို့ စစ္စတာက ပြောပါတယ်။
နေရာဒေသစုံသွားပြီး တိမ်းရှောင်ရစဉ်ချိန်တွေတုန်းက ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ကြားပေမယ့် ဒီလို ဆိုးရွားမှန်းမသိခဲ့ဘဲ ကိုယ်တိုင်ကြုံတွေ့ရတော့မှ ဒေသခံတွေရဲ့အခြေအနေကို စာနာသဘောပေါက်ခဲ့တယ်လို့ ပြောပါ တယ်။
လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူအားလုံးက အိုးအိမ်စွန့်ခွာခဲ့ရပြီး တစ်လမ်းလုံးစစ်ဘေး ရှောင်တွေကို မြင်ရတဲ့ မြင်ကွင်းက ရင်နင့်စရာဖြစ်ရပ်ပဲလို့ စစ်စတာက ဆက်ပြောပါတယ်။
ကယားပြည်နယ်ကို စသွားစဉ်က တစ်ပတ်ခန့်နေပြီး ပြန်ဖို့စိတ်ကူးထားခဲ့ပေမယ့် ကြုံတွေ့ရတဲ့အခြေအနေတွေကြောင့် ဒေသခံတွေကို ကူညီချင်တဲ့အတွက် လက်ရှိအချိန်ထိ ကယားပြည်မှာပဲနေထိုင်ရင်း စစ်ဘေးရှောင်တွေကို ကူညီဖြစ်ခဲ့ တယ်လို့ ဆိုတယ်။
စစ်ဘေးသင့်ပြည်သူတွေနဲ့အတူတူ စစ်ရှောင်စခန်းမှာပဲနေထိုင်ရင်း သူတို့ရဲ့လိုအပ်ချက်အဝဝကို ဖြည့်ဆည်းပေးဖို့ ကြိုးစား ခဲ့တယ်။
အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာမျှဝေတာ၊ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူ တွေကို ဆေးကုသနိုင်အောင်ကူညီပေးတာ၊ ဒေသခံတွေစပါးစိုက်ပျိုးနိုင်ဖို့၊ ဈေးရောင်းနိုင်ဖို့ ငွေကြေးကူညီတာ စသဖြင့် လုပ်ဆောင်ပေးခဲ့တယ်လို့ ဆက်ပြောတယ်။
” တချို့ဆို ရောဂါဖြစ်နေပေမယ့်ပိုက်ဆံမရှိလို့ မကုဘဲထားတာတွေကိုလည်း ပိုက်ဆံပေးပြီးကုခိုင်းတယ်။ ဆရာဝန်တွေကို လည်း အကူအညီတောင်းပြီး သူတို့ကလည်း စစ္စတာလူနာဆိုလုပ်ပေးမယ်ဆိုပြီး လုပ်ပေးကြတယ်”လို့ စစ္စတာ ဖရန်စစ္စ ကားက ပြောပါတယ်။
သာသနာနယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အသင်းတော်ရဲ့လုပ်ငန်းတာဝန်တွေ မဆောင်ရွက်ရပေမယ့်လည်း စစ် ရှောင်ပြည်သူတွေကို သြဝါဒပေးတာ၊ ကလေးတွေကို ဘုရားစာသင်ကြားပေးတာ၊ ဆုတောင်းပေးတာမျိုးတွေလည်း ပြုလုပ် ရတယ်လို့ ဆက်ပြောပါတယ်။
စစ္စတာဖရန်စစ္စကားက ဖရူဆို၊ ဒီးမော့ဆို၊ မိုးဗြဲ ၊ဖယ်ခုံစတဲ့ မြို့နယ်တွေက အလှူရှင် အရောက်အပေါက်နည်းတဲ့ နေရာ တွေအထိ လှည့်လည်သွားရောက်ပြီး စစ်ဘေးရှောင်တွေကိုကူညီ လှူဒါန်းမှုတွေပြုလုပ်ရတဲ့အခါ လမ်းခရီးကြမ်းတမ်းမှုတွေ ၊ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတာတွေလည်း ကြုံရပါတယ်။
” လမ်းကဆိုးတယ်။ ကျွတ်တွေလည်းရှိတယ်။ တောင်ပေါ်က ပြုတ်ကျတာတွေလည်း ရှိတယ်။ ဒုက္ခရောက်နေတဲ့လူတွေကို ချစ်တဲ့ ချစ်ခြင်းမေတ္တာစိတ်ကြောင့်နေနိုင်တာ”လို့ စစ္စတာဖရန်စစ္စကားကပြောပါတယ်။
တစ်နေ့ထက်တစ်နေ့များလာတဲ့ စစ်ဘေးရှောင်တွေနဲ့ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့်လည်း ရိက္ခာအခက် အခဲကလည်း ရှိတဲ့အပြင် တစ်နေရာနဲ့တစ်နေရာ ရိက္ခာသယ်ဆောင်ရတာလည်း အခက်အခဲတစ်ခုလို့ ဆိုတယ်။
” စားနပ်ရိက္ခာကလည်း စားတိုင်းကုန်နေတာဆိုတော့ အဲ့ဒါလည်းစိတ်ပူရတယ်။ ဈေးရောင်းနိုင်တဲ့သူတွေကို ဈေးလေး ရောင်းဆိုပြီးလုပ်ပေးတယ်။ ဘယ်လိုပဲလုပ်လုပ် တစ်နယ်လုံးက ပိုက်ဆံရှားလာတယ်ဆိုတော့လေ “လို့ စစ္စတာ ဖရန်စစ္စ ကားက ဆိုတယ်။
ပြည်သူတွေမှာလည်း တိုက်ပွဲတွေကြောင့် အစစအရာရာ လိုအပ်ချက်များနေပြီး စားနပ်ရိက္ခာလိုအပ်လို့ အကူအညီတောင်း တာတွေများလာတဲ့အခါ အလျင်မှီအောင် မစီစဉ်ပေးချိန်ဆို စိတ်မကောင်းဝမ်းနည်းရပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီနိုင်မှုကလည်း ပြည်သူတွေလှူဒါန်းမှုကြောင့် ဖြစ်လာတဲ့အတွက် ပြည်သူတွေကိုယ်တိုင်က ခက်ခဲလာတဲ့အခါ ပိုပြီး အကျပ်အတည်းတွေ့လာရတယ်လို့ ဆိုတယ်။
” စစ်ရှောင်စခန်းတစ်ခုကိုသွားတော့ ဆီလည်းမရှိတော့ စားစရာလည်းမရှိတော့တာ သူတို့ခမျာလည်း ရိက္ခာပြတ်နေတာ အဲ့လိုပြတ်တာတွေများလာတော့ စစ္စတာတို့လည်း စိတ်မကောင်းဘူး” လို့ စစ္စတာဖရန်စစ္စကားက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ရိက္ခာမျှဝေတဲ့အခါ ကလေးငယ်တွေရဲ့ အခက်အခဲတွေကိုလည်း စိတ်မကောင်းဖွယ်တွေ့မြင်ရပါ သေးတယ်။
ကလေးငယ်တွေမှာ ပညာသင်ရမယ့်အရွယ်ဖြစ်ပေမယ့်လည်း စာသေချာမသင်ကြားနိုင်တာ၊ကလေးပီပီ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်တာမရှိဘဲ တိုက်ပွဲတွေကြား ထိတ်လန့်ကြောက်ရွံ့စွာနဲ့ နေထိုင်ရတာတွေကို သတိပြုမိတယ်။
အဲ့ဒီအတွက်လည်း ကလေးတွေခဏတာဖြစ်ဖြစ် ပျော်ရွှင်ရအောင် ဘုရားစာသင်ကြားပေးတာ၊ ဂိမ်းကစားတာ၊ သီချင်း ဆိုတာ စတာတွေနဲ့ အခက်အခဲတွေကြားပျော်ရွှင်အောင် လုပ်ဆောင်ပေးရတာတွေလည်းရှိပါတယ်။
” ကလေးက ကလေးလိုမကြီးပျင်းရဘူးပေါ့၊ အမြဲတမ်းကြောက်လန့်တာတွေရှိတယ်၊ ဒီကလေးလေးတွေ ဘာစဉ်းစားမိလဲ ဆို အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ရှေ့ရေးကို စဉ်းစားပြီးတော့ ခဏခဏငိုရတယ်” လို့ စစ္စတာက ပြောပါတယ်။
စစ်ဘေးရှောင်သူတွေမှာလည်း စစ်ပွဲကာလကြာရှည်တဲ့အခါ စိတ်ဓာတ်ကျတာ အားလျော့လာတာတွေလည်း ကြုံတွေ့ လာရပါတယ်။ နေအိမ်တွေ မီးရှို့ဖျက်စီးခံရတာကြောင့် ပြန်စရာနေအိမ်မရှိတော့ပေမယ့်လည်း ကိုယ့်ရပ်ရွာနေအိမ်ကို လွမ်းဆွတ် တမ်းတကြတယ်။
” လူကြီးတွေကလည်း စိတ်ဓာတ်ကျကြတယ် ။ အရင်တုန်းက အားရှိသေးတယ်။ တစ်ချို့က အသက်ထွက်တဲ့အထိ ဖြစ်ကြ တယ်။ လေဖြတ်ပြီး လမ်းလျှောက်နိုင်မှ ပြန်ပြိုလဲကျတဲ့သူတွေလည်းရှိတယ်”လို့ ဆက်ပြောတယ်။
ဒါပေမယ့် အများစုကတော့ တော်လှန်ရေးကြီးအောင်မြင်မှပဲ သူတို့နေရပ်ပြန်နိုင်မှာကို နားလည်သဘောပေါက်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေကို ပိုထောက်ပံ့ကူညီဖို့ပြောဆိုကြတာတွေလည်း ကြုံတွေ့ရတယ်လို့ စစ္စတာကပြောပါတယ်။
” များသောအားဖြင့်ပြန်ချင်လည်း ပြန်စရာအိမ်မရှိတဲ့သူတွေများကြတယ်။ သူတို့က အီတော့အီလာတာအမှန်ပဲ ဘယ်တော့ ပြီးမှာလဲလို့ မေးတာတွေရှိတယ်။ ကြာလေကြာလေ အလှူရှင်တွေကလည်း နည်းလာတော့ အခက်ခဲတွေတော့ တော် တော်များတယ်” လို့ စစ်စတာက ဆိုတယ်။
ဒီလို စစ်စတာက ကူညီနေပေမယ့်လည်း စစ္စတာဖရန်စစ္စကားဟာ သာသနာနယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စစ်ဘေး ရှောင်တွေကိုကူညီတာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးကူညီတာတွေအပေါ်ဝေဖန်တာ၊ အသင်းဂိုဏ်းက လည်း ဆက်မလုပ်ဖို့ ရပ်တန့်ဖို့တွန်းအား ပေးတာ၊ သတိပေးတာမျိုးတွေလည်း ကြုံတွေ့ရပါတယ်။
” ဒီအချိန်အခြေအနေထက် နောက်ထပ်ဘယ်အခြေအနေက ပိုဆိုးဦးမလဲ အခုလိုအချိန်မှာ လူသားတွေအတွက် ပေးဆပ် ထားပါတယ်ဆိုတဲ့ ကျွန်မတို့ဘာသာရေးအသိုင်းအဝိုင်း ခေါင်းဆောင်တွေက သူတို့ရှေ့မှာ ငါတို့ရှိပါတယ်ဆိုတဲ့ အားအင် လေး တစ်ခုတောင်မပေးရင် ကျမတို့က ဘာလုပ်မလဲနော်၊ ရေပေါ်ဆီလိုပဲ၊ ကျမစိတ်က အဲ့လိုပဲခံစားလို့ ဘာပဲဖြစ်ဖြစ် အဆုံးထိလုပ်မယ်” လို့စစ္စတာ ဖရန်စစ္စကားကပြောပါတယ်။
တော်လှန်ရေးခရီးလမ်းမှာ ချစ်ခြင်းမေတ္တာနဲ့ မျှဝေပါဝင်နေချိန်မှာ အသင်းဂိုဏ်းရဲ့ပေးအပ်တဲ့ သာသနာဆိုင်ရာ အလုပ် တာဝန်တွေ မထမ်းဆောင်နိုင်သေးတဲ့ အခြေအနေဖြစ်ပေမယ့် သီလရှင်တစ်ပါးလိုက်နာရမယ့် ဥပဒေနဲ့ကျင့်စဉ်တွေ နေ့စဉ် ဆုတောင်းမေတ္တာနဲ့ မစ္ဆာတရားနာယူခြင်းတွေဂရုဏာရေးဆိုင်ရာလုပ်ငန်းစတဲ့ တာဝန်ဝတ္တရားတွေတော့ မပျက်အောင် ဆောင်ရွက်နေမြဲဖြစ်တယ်လို့ဆိုတယ်။
သီလရှင်တစ်ဦးဘဝကနေ တောတောင်တွေကြား အဆင်းရဲခံကာနေထိုင် ဖြတ်သန်းပြီး လူမှုကူညီရေးလုပ်ငန်းတွေမျှဝေ လုပ်ဆောင်ချိန်မှာ ဒီလိုဝေဖန် ပြောဆိုမှုတွေကြုံတဲ့အခါ ဝမ်းနည်းမိပေမယ့် ဘုရားသခင်အလိုရှိတဲ့ အတိုင်းလုပ်ဆောင်ရ တယ်ဆိုတဲ့ သဘောထားခံယူချက်တွေနဲ့ ဆက်သွားမယ်လို့ဆိုတယ်။
” ကျမတို့က နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ စနစ်ဆိုးတစ်ခုအတွက် ထမ်းနေရတဲ့သူတွေရဲ့ နာကျဉ်းချက်တွေ ငိုကြွေးချက် တွေကို အတူကူထမ်းပေးနေတဲ့သဘောမို့လို့ ကျမစိတ်ထဲမှာတော့ ဒါလုပ်သင့်တယ်လို့ထင်တယ်။” လို့ စစ္စတာ ဖရန်စစ္စ ကားက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ မျှဝေနေပေးပြီး တော်လှန်ရေးကြီးပြီးသွားရင်တော့ စစ်ပွဲဒဏ်အလူးအလဲခံခဲ့ရတဲ့ ကယားပြည်နယ်က ကလေးတွေအတွက် ပညာရေးနဲ့ သက်မွေးဝမ်းကြောင်းသင်တန်းတွေဖွင့်လှစ်ပြီး ကလေးတွေရဲ့ပညာရေးအိမ်မက်ကို ဖြည့်ဆည်းပေးချင်တယ် လို့ ဆိုတယ်။
ဒါ့အပြင်စစ်ပွဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ သူတွေအတွက်လည်း ဘဝရပ်တည်ရေးဖြစ်စေမယ့် လုပ်ငန်းတွေလည်း လုပ်ဆောင်ပေးချင်တယ်လို့ဆက်ပြောတယ်။
” သူတို့တွေက အကောင်းလေးတွေကနေ မသန်စွမ်းဖြစ်ခဲ့ရတာ ၊ အိမ်တွေကလည်းပြာဖြစ်သွားပြီ။ သူတို့ဘဝရပ်တည်ဖို့ လုပ်ပေးချင်တယ်။ ဒီမှာက အများကြီးကူဖို့လိုနေတာ” လို့ဆိုတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကနေ ယနေ့အချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း အဖက်ဖက်မှာ လိုအပ်ချက်တွေရှိပေမယ့် ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့်သာ တော်လှန်ရေးခရီး ဆက်လှမ်းနိုင်တာဖြစ်တာကြောင့် ပြည်သူတွေရဲ့ပါဝင်မှုကို လည်း ကျေးဇူးတင်ဝမ်းမြောက်မိတယ်လို့ဆိုတယ်။
စနစ်ဆိုးကိုပြောင်းလဲဖို့ကြိုးစားနေတာက နိုင်ငံရေးမဟုတ်ဘဲ လူသားချင်းစာနာရမယ့် အနေအထားဖြစ်တဲ့အတွက် ပြည်သူ တွေ ကြုံနေရတဲ့အခက်အခဲတွေ ကျော်ဖြတ်ပြီးအောင်မြင်နိုင်ဖို့ သာသနာနယ်ပယ်က ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပိုမို ထောက်ပံ့စေချင်သလို တော်လှန်ရေးအတွက် အမြဲတစေ ကူညီထောက်ပံ့နေတဲ့ပြည်သူတွေကလည်း တော်လှန်ရေးမှာ အားမလျှော့သွားဖို့ တောင်းဆိုချင်တယ်လို့ စစ်စတာက ယခုလိုဆိုတယ်။
“အားလုံးအားတင်းထားရင်းနဲ့ အဆုံးထိသွားကြရအောင်ပါ”