ရှင်ငြိမ်း။ ။
ပြည်သူ့ခုခံစစ်အားကောင်းနေတဲ့စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ရှောင်နေရတဲ့မလပြည့်ဟာ သူရဲ့ရောဂါအတွက်ပုံမှန် ဆေးသောက်ဖို့ ရွှေဘိုမြို့နယ်ကို ဆေးထုတ် မသွားလို့မဖြစ်သလို၊ သွားဖို့လည်း အလွန်အမင်းကြောက်ရွံ့နေရပါတယ်။
အသက် ၁၈ နှစ်အရွယ် မလပြည့်ဟာ HIV (ခုခံအားကျဆင်းမှုရောဂါသည်)ဖြစ်လို့ ART(ခုခံအားကျဆင်းမှုရောဂါပိုးထိန်း) ဆေးသောက်နေရသူတစ်ယောက်ဖြစ်တယ်။
သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်က သူ့လိုဆေးသောက်နေရတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ ရွှေဘိုကို ဆေးသွားယူတဲ့ အခါ စစ်သားတွေက တားဆီးပိတ်ပင်တဲ့အပြင် ရောဂါသည်ဆိုပြီး အများပြည်သူရှေ့လှောင်ပြောင်ခံလိုက်ရတာပါ။
“ဘယ်ဆေးမှမသောက်နဲ့။ မသွားရဘူးတဲ့။ နောက်ခါဆိုရင် သေနတ်နဲ့ပစ်မယ်”လို့ စစ်တပ်ကဆိုတာကြောင့် ကြောက်ရွံ့ နေပြီး မသွားရဲတော့တာဖြစ်တယ်။
အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျေးရွာတွေက စစ်ရှောင်နေရတဲ့ HIVရောဂါသည်တွေအနေနဲ့ စစ်တပ်ရဲ့တားဆီးပိတ်ပင်မှုတွေကြောင့် ဆေးရဖို့အခက် အခဲတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်းမှာလိုပဲ နိုင်ငံအနှံ့က HIVရောဂါသည်တွေဟာ စစ်ဘေးကြောင့် လမ်းခရီးမှာ အတားအဆီးအနှောက် အယှက် တွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် ပုံမှန်ဆေးသောက်ရဖို့ ဆေးထုတ်ရဖို့ အခက်ကြုံနေကြရ ပါတယ်။
HIV ပိုးဟာ ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပြီး အထူးသဖြင့် လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ် တယ်။ ပိုးရှိသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ ပိုးရှိသူနဲ့ဆေးထိုးအပ်ဆေးထိုးပြွန်မျှဝေသုံးစွဲတာ၊ ပိုးရှိတဲ့သွေးကို သွင်းတာ၊ ပိုးရှိတဲ့မိခင်မှ သန္ဓေသားသို့ကူးစက်တာစတဲ့နည်းလမ်း လေးခုကနေ အဓိကကူးစက်နိုင်ပါတယ်။ ဒါကြောင့် HIV ပိုးဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပါတယ်။
မလပြည့်ဆိုရင် မွေးရာပါ HIV ရောဂါသည်တစ်ဦးပါ။ သူရဲ့မိဘနှစ်ပါးလုံးက ဆင်းရဲနွမ်းပါးလွန်းပြီး ဗဟုသုတအားနည်းတဲ့ အတွက် သန္ဓေသားကိုကူးစက်ခံခဲ့ရတာဖြစ်တယ်။
“ ၁၀ တန်းဖြေပြီးတော့ အဒေါ်က စစ်ခိုင်းလို့ စစ်လိုက်တော့ Positive ဆိုတာနဲ့ ကမ္ဘာပျက်မလိုဖြစ်ခဲ့ရပါတယ်။ အဲ့ကတည်း က ဆေးသောက်လာတာ အခုတက္ကသိုလ်တတိယနှစ်ရောက်တဲ့အထိပါပဲ”လို့ မလပြည့်က ပြောပါတယ်။
မိဘတွေက ရှေ့ဆင့်နောက်ဆင့်ဆိုသလို AIDS ရောဂါနဲ့ဆုံးပါးသွားတာဖြစ်လို့ ပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံတာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အလုပ်အကိုင်ရရှိမှုမှာလည်း အများထက်ပိုခက်ခဲခဲ့ပါတယ်။
အဒေါ်ဖြစ်သူရဲ့ သိတတ်နားလည်မှုကြောင့် မလပြည့် ARTဆေးသောက်ခွင့်ရပေမယ့် တိုက်ပွဲတွေကြောင့် စစ်ရှောင်လာရ တဲ့အခါ ဆေးပြတ်လပ်မှုနဲ့ကြုံနေရတာဖြစ်တယ်။
“ မိဘတွေက ဒါနဲ့သေကြရတာဆိုတော့ ကျမလည်းဆေးပြတ်သွားမှာအရမ်းကြောက်တယ်။ ဒါပေမဲ့စစ်သားတွေက မသွားရ ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး”လို့ ပြောရင်း သွားဖို့၊ မသွားဖို့ကို ချီတုံချတုံဖြစ်နေပါတယ်။
မလပြည့်နဲ့အတူ ဆေးလိုက်ယူတဲ့သူငယ်ချင်းဖြစ်သူ မလုံးလုံးကလည်း သူရဲ့အမျိုးသားဖြစ်သူကနေ HIV ကူးစက်ခံခဲ့ရတာ ဖြစ်လို့ ARTဆေးသောက်နေရတာ ၂၀၂၀ ကတည်းကပါ။
မလုံးလုံးကတော့“အရင်က ဆေးတစ်ခါထုတ်ရင် ခြောက်လစာရတော့ အခက်အခဲမရှိခဲ့ဘူးပေါ့။ အခုတစ်လစာအတွက်ပဲ ပေးတော့ လတိုင်းသွားထုတ်နေရတော့ အဆင်မပြေဘူး။ တိုက်ပွဲတွေကလည်းဖြစ်နေတာဆိုတော့”လို့ ပြောပါတယ်။
မလပြည့်ရဲ့အဒေါ်ဖြစ်သူကလည်း တူမဖြစ်သူဆေးပြတ်လပ်ပြီး အသက်ဆုံးရှုံးရတဲ့အခြေအနေထိရောက်လာမှာကို စိုးရိမ် နေပါတယ်။ နောက်ဆုံးဘယ်လိုမှဆေးမရရင်တော့ လမ်းလျှောက်သွားဖို့ သူက ဆုံးဖြတ်ထားပါတယ်။
သူတို့အနေနဲ့ စစ်ရှောင်နေရတဲ့အနေအထားမှာ မြို့ပေါ်သွားပြီး ဆေးသွားယူဖို့ဆိုတာ အတော်လေးမလွယ်တဲ့ကိစ္စပါ။
သူတို့ကို ဆေးထုတ်ပေးနေတဲ့အဖွဲ့က ရွှေဘိုမှာပဲရှိတာဖြစ်လို့ ဆိုင်ကယ်နဲ့တစ်ခါဆေးထုတ်သွားရင် ကုန်ကျတဲ့ဓါတ်ဆီဖိုး နှစ်သောင်းကျော်ကလည်း စစ်ရှောင်နေရတဲ့သူတို့တွေအတွက်တော့ အင်မတန်များပြားလှတဲ့ငွေကြေးဖြစ်တယ်။
ARTဆေးက အခမဲ့ရပေမယ့် ခရီးစရိတ်အတွက် ရှိတဲ့အဝတ်အစားရောင်းရငွေနဲ့ အလှူရှင်တွေပေးတဲ့ငွေကြေးကို စုပြီး တစ်လ တစ်ခါဆေးထုတ်နေရတာပါ။ အခုဆိုဆေးမသောက်ရတာလည်း ရက် ၂၀ ကျော်ရှိလာဖြစ်လို့ ကိုယ်အလေးချိန် တွေကျလာသလို ညနေပိုင်းတွေမှာဖျားချင်တာ၊ ကိုယ်လက်ကိုက်ခဲတဲ့ဝေဒနာတွေခံစားနေရပါတယ်။
လက်ရှိမှာ စစ်တပ်က စစ်ကိုင်းတိုင်းရှိ ရေဦး၊ ခင်ဦး၊ ယင်းမာပင်၊ ပုလဲ၊ ဒီပဲယင်း၊ ကနီ၊ ဆားလင်းကြီးစတဲ့ကျေးရွာတွေကို စစ်ရေးအရဖိနှိပ်ထားပြီး လျှပ်စစ်မီး၊ အင်တာနက်၊ ဆေးဝါးနဲ့ ရိက္ခာတွေကို ဖြတ်တောက်ထားလို့ အခုလိုအခက်အခဲတွေနဲ့ ကြုံနေရတာဖြစ်တယ်။
ARTဆေးရဖို့ အခက်အခဲဖြစ်နေတာက စစ်ကိုင်းတိုင်းတစ်ခုထဲတော့မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပြင်းထန် နေတဲ့မကွေး၊ ချင်း၊ ကရင်နဲ့ ကယားပြည်နယ်က ဝေဒနာရှင်တွေလည်း ART ဆေးရရှိမှုမှာ တားဆီးမှုတွေနဲ့ကြုံနေရတာ ဖြစ်တယ်။
စစ်တပ်နဲ့ ခုခံစစ်ပြင်းထန်နေတဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီဟာ လုံခြုံရေးကိုအကြောင်းပြပြီး ပြည်သူတွေကို လွတ် လွတ်လပ်လပ် သွားလာခွင့်မရအောင် တားဆီးပိတ်ပင်မှုတွေ ပြုလုပ်နေပါတယ်။
မကွေးတိုင်းမှ စစ်ရှောင်နေရတဲ့LGBTတစ်ယောက်ဖြစ်တဲ့မသော်ဇင်ဆိုလည်း ဆေးသွားယူရာမှာ စစ်တပ်က တားဆီးပြီးပြန် ခိုင်းလိုက်လို့ ဆေးပြတ်သွားတာ လေးလလောက်ရှိပါပြီ။ ဒီအတွက် သူဟာခန္ဓာကိုယ်ခုခံအားတွေကျကာ ပါးစပ်မှာအနာ တွေ ပေါက်ပြီး မစားနိုင်၊မအိပ်နိုင်ဖြစ်ကာ အရိုးပေါ်အရေတင်ပိန်ချုံးနေပါတယ်။
မသော်ဇင်ရဲ့အမက“ကျမတို့ကတော့ သွားရင်းနဲ့လမ်းမှာတားခံရတာ။ အရေးပေါ်လူနာအတွက် ဆေးသွားယူမလို့ပါဆိုတာ ကို သွားမနေနဲ့။ မဟုတ်လည်းသေမှာပဲ။ ပြန်တဲ့။ အဲ့လိုတွေကြောင့်အခုလောက်ဖြစ်သွားတာ”လို့ ပြောရင်း မျက်ရည်တွေ လိမ့်ဆင်းလာပါတယ်။
စစ်သားတွေက အခုလိုပြောလိုက်ပေမယ့် ဆေးသောက်ဖို့အရေးကြီးတာကြောင့် လွှတ်လိုလွှတ်ငြား ၄၊ ၅ ကြိမ်ကြိုးစား ကြည့်ပေမယ့် နောက်ပိုင်းမှာတားတဲ့စစ်သားတွေမှတ်မိလာနိုင်တဲ့အနေအထားဖြစ်လာလို့ ကြောက်ပြီး ထပ်မသွားတော့ တာဖြစ်တယ်။
မသော်ဇင်ဟာ အမျိုးသမီးလိင်စိတ်ခံယူထားတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး သူနဲ့အတူနေတဲ့ပါတနာကနေ HIVပိုးကူးစက်ခံခဲ့ ရတာပါ။ သူဟာ မူလအစမှာကတည်းက တီဘီရောဂါအခံရှိပြီးနောက် HIVပိုးပါကူးစက်ခံခဲ့ရတာဖြစ်တယ်။
တီဘီရောဂါဟာ HIVရှိသူတွေအတွက် သတိထားဂရုစိုက်ရမယ့် ကျန်းမာရေးအန္တရာယ်တစ်ခုဖြစ်ပြီး သူတို့တွေ တီဘီရောဂါ ကူးစက်ခံရပါက သာမန်လူတွေထက် ဖျားနာတာကို ပိုမိုခံစားရတာဖြစ်လို့ မသော်ဇင်ရဲ့ရောဂါအခြေအနေဟာ တစ်နေ့ တခြားပိုဆိုးလာပါတယ်။
တီဘီရောဂါဟာ HIV ပိုးရှိသူတွေမှာ အသက်ဆုံးရှုံးမှု အများဆုံးဖြစ်စေတဲ့ရောဂါတစ်မျိုးပါ။ ၂၀၂၀ ခုနှစ်ထဲမှာ တီဘီရောဂါ ကြောင့် အသက်ဆုံးရှုံးသူ ၁.၅ သန်းရှိခဲ့ပြီး ဒီထဲမှာ HIV ပိုးရှိသူ နှစ်သိန်းကျော်(၂၁၄,၀၀၀) ပါဝင်တယ်လို့ ဆေးပေးနေတဲ့ အဖွဲ့အစည်း တစ်ခုရဲ့စစ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် HIVဝေဒနာရှင်တွေဟာ ARTဆေးစသောက်ရပြီဆိုရင် ဝေဒနာရှင်တစ်ယောက်က အချိန်အတိအကျနဲ့ နေ့စဉ်မှန် မှန်သောက်ရပါမယ်။ ရက်ပျက်တာ အချိန်မမှန်တာမျိုးလုံးဝမရှိရပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုယ်ဆေးဖြတ်တာမျိုးလည်း မလုပ်ရ ပါဘူး။
အကယ်၍ မေ့သွားလို့ ရက်ပျက်တာမျိုး၊ အချိန်မမှန်တာမျိုးဖြစ်ရင် အချိန်မီရင်တော့ ဆေးခန်းပြန်ပြပြီး ဆေးအသစ်ပြောင်း သောက်ရမှာဖြစ်တယ်။ ဆေးပြတ်ချိန်ကြာသွားမယ်ဆိုရင်တော့ ဆေးယဉ်ပါးမှုဖြစ်လာပြီး သွေးထဲမှာ HIVပိုးတွေကို တိုက် ခိုက်နိုင်တဲ့ဆေး အာနိသင်လုံလောက်အောင်မရှိတော့တဲ့အတွက် ပိုးကောင်ရေတွေတိုးလာမှာပါ။
ပိုးကောင်ရေတွေများလာရင် ကိုယ်ခံအားကျလာမယ်။ ပြင်ပရောဂါတွေဝင်လာနိုင်တဲ့အပြင် AIDSရောဂါအသွင်ပြောင်းသွား ပြီး သေဆုံးနိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ARTဆေးပေးနေတဲ့အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ရှင်းပြပါ တယ်။
၂၀၁၆ ကတည်းက ARTဆေးသောက်နေရတဲ့မဇူဇန်ဆိုရင်လည်း ဆေးပြတ်သွားတာ တစ်နှစ်ကျော်ရှိသွားလို့ AIDS အဆင့်ရောက်သွားခဲ့ရသူပါ။
သူဇာတိဖြစ်တဲ့ကရင်ပြည်နယ်ဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ပြည်နယ်ဖြစ်လို့ စစ်ရှောင်နေကြရတာဖြစ်တယ်။
ဇူဇန်အသက် ၂၀ ဝန်းကျင်လောက်မှာ မိဘတွေအတင်းပေးစားလို့ သူ့ထက်အသက် ရှစ်နှစ်နီးပါးကြီးတဲ့အမျိုးသားနဲ့ အိမ် ထောင်ပြုခဲ့ရပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲယူခဲ့တဲ့အကျိုးဆက်ကတော့ သူ့အမျိုးသားမှာ HIV ရောဂါရှိနေတာပါပဲ။
“ အိမ်ထောင်သက် နှစ်နှစ်ကြာတော့ သူနဲ့ရန်ဖြစ်ပြီး ခွဲနေလိုက်တယ်။ အဲ့အချိန်သူ့မှာကိုယ်ဝန်ပါလာတယ်။ ကိုယ်ဝန်ရှိလို့ ဆေးစစ်ကြည့်မှ ကူးခံရမှန်းသူသိတာ။ ဒါတွေက ကျမအမှားပါ။ သူ့အကြောင်းမသိဘဲ သမီးနဲ့အတင်းပေးစား မိလို့ဖြစ် တာ”လို့ မဇူဇန်ရဲ့မိခင်က ပြောပါတယ်။
သို့ပေမဲ့ ဇူဇန်က ရောဂါရှိမှန်းအချိန်မီသိခဲ့တဲ့အတွက် ARTဆေးကို အချိန်မှီသောက်နိုင်ခဲ့ပြီး ကလေးကို ဗိုက်ခွဲမွေးကာ မိခင်နို့လုံးဝမတိုက်ခဲ့တာကြောင့် သူရဲ့သမီးလေးဟာ ရောဂါပိုးကူးစက်မခံခဲ့ရပါဘူး။
ဒါပေမဲ့တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့တားဆီးဟန့်တားတာတွေကြောင့် ဇူဇန်ဟာ ဆေးသွားထုတ်ရာမှာ အခက်အခဲဖြစ်ရတဲ့ အတွက် အခုလိုအခြေအနေဆိုးတဲ့AIDSအဆင့်ကို ရောက်သွားခဲ့ရတာဖြစ်တယ်။
“ ဆေးက ဘားအံမှာသွားယူရမှာ။ ကျမတို့လည်းကိုယ်တိုင်လည်းကြိုးစားသွားယူတယ်။ လူကြုံလည်းမှာတယ်။ ဆေးပေး တဲ့အဖွဲ့ကလည်း ကားဂိတ်ကိုတင်ပေးပါတယ်။ ဒါမဲ့စစ်တပ်က ထွက်မရအောင်လုပ်ထားတာ။ ရိက္ခာလည်း သယ်မရဘူး။ အဲ့တော့ ကျမတို့လည်းဘယ်လိုမှမတတ်နိုင်ခဲ့ဘူး”လို့ ဇူဇန်မိခင်က ပြောပါတယ်။
သမီးဖြစ်သူခံစားနေရတဲ့ရောဂါဝေဒနာတွေကို မကြည့်ရက်တဲ့အတွက် မိခင်ဖြစ်သူက သူ့အသက်အသေခံပြီး ဆေးသွားယူ ဖို့လုပ်ပေမယ့် သမီးဖြစ်သူငိုယိုတားဆီးနေတာကြောင့် မသွားဖြစ်ခဲ့ပါဘူး။
ယခင်က အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းခဲ့တဲ့ဇူဇန်ဟာ ဆေးမသောက်ရတဲ့အတွက် မူလရုပ်သွင်ပျောက် သွားတဲ့အထိ ပိန်ချုံးမဲကျပြီး ပြင်းထန်တဲ့ရောဂါဝေဒနာကို ခံစားနေရပါတယ်။
ပြင်းထန်တဲ့ရောဂါဝေဒနာကို ခံစားရလို့အော်ဟစ်လူးလိမ့်နေတဲ့အချိန်တွေဆို မိခင်ဖြစ်သူမှာ ရင်ကွဲမတတ်နာကျင်ခဲ့ရတယ် လို့ မျက်ရည်တွေနဲ့ ဆိုပါတယ်။
ယခင်ကတော့ HIVဝေဒနာရှင်တွေ ဆေးပြတ်တာတွေ၊ ဆေးထုတ်ရခက်ခဲမှာတွေကြောင့် ARTဆေးကို တစ်ကြိမ်ပေးရင် ခြောက်လစာပေးပြီး ဆေးစစ်ပေးတာတွေလည်းလုပ်ပေးလေ့ရှိတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က သူတို့လက်အောက်က ARTဆေးထုတ်ပေးနေတဲ့ Union Aid program(NAP) ကို ထိန်းချုပ်လိုက်ပြီး ဆေးကိုတစ်လလျှင် တစ်ကြိမ်သာပေးဖို့ ကန့်သတ်လိုက်ပါတယ်။ အဲ့လိုကန့်သတ်လိုက်ရာမှာလည်း သူတို့ဆန့်ကျင်နေတဲ့ဒေသကို ပစ်မှတ်ထားလုပ်ခဲ့တာဖြစ်တယ်။
“ ဘာလို့ဆို ရန်ကုန်တို့တခြားတိုက်ပွဲမရှိတဲ့ နေရာတွေမှာ ဆေးတွေရကြတယ်။ အခုဆိုးတာက စစ်ကိုင်း၊ ကရင်၊ ကယား၊ မကွေးနဲ့ ချင်းကတော့ အဆိုးဆုံးပဲ။ သူတို့ဆီဆေးတွေပို့ပေးရင်တောင် သွားယူလို့မရအောင်တားဆီးခံနေရတာ”လို့ရန်ကုန် မြို့မှာ ဆေးပေးနေတဲ့အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
ဒါဟာ တစ်ဖက်လှည့်နဲ့ တိတ်တဆိတ်လူသတ်နေတာပဲလို့ သူက အာဏာသိမ်းစစ်တပ်ကိုအပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အာဏာသိမ်းပြီးစမှာကတည်းက စစ်ကိုင်းတိုင်းက HIVသမားတွေ ARTဆေးမပြတ်စေဖို့အတွက် ရွှေဘိုမှဆေးပေးနေတဲ့ အဖွဲ့တစ်ခုက အပြင်မှာဆေးဝေလို့မရတဲ့အတွက် ဘုန်းကြီးကျောင်းတွေကိုခွင့်တောင်းပြီး ဆေးတွေပေးဝေခဲ့ပါတယ်။
ဒါကိုအာဏာသိမ်းစစ်တပ်က စစ်ကားတွေ၊ စစ်လက်နက်အပြည့်အစုံနဲ့ လာပြီး ဆေးမပေးဖို့ဟန့်တားခံရပြီးနောက်မှာတော့ စစ်ကိုင်းတိုင်းရှိဆေးပေးနေတဲ့အဖွဲ့အစည်းတွေဟာ တိုးတိုးတိတ်တိတ်လုပ်ကိုင်ကြရပါတော့တယ်။
အခုလိုကန့်သတ်တားဆီးတာတွေကြောင့် ဆေးပြတ်လပ်မှုဖြစ်ပြီး ရောဂါအခြေအနေဆိုးကာ သေဆုံးခဲ့ရတာစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တစ်ခုထဲမှာ ငါးဦးရှိတယ်လို့ ရွှေဘိုမြို့မှာ ဆေးပေးနေတဲ့အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
တခြားစစ်ပွဲပြင်းထန်နေတဲ့ဒေသက HIVဝေဒနာရှင်တွေလည်း ဆေးမရတာကြောင့် ရောဂါပြင်းထန်လာတာ၊ သေဆုံးရ တယ်ဆိုတဲ့သတင်းတွေကြားသိရပေမယ့် ဆက်သွယ်သွားလာရေးခက်ခဲလွန်းတာကြောင့် တိကျတဲ့ဒေတာအချက်အလက် မရဘူးလို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ HIV ဝေဒနာရှင်တွေဟာ စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် ဆေးရဖို့ ခက်ခဲနေကြရပြီး ဆေးထုတ်ရလွယ်ကူစေဖို့သာ ဆုတောင်းနေကြရပါတယ်။ မလပြည့်ကတော့ အခုကြုံနေရတဲ့အခက်အခဲကိုလည်း အတိုင်း အတာတစ်ခုထိ တောင့်ခံသွားဖို့ ဆုံးဖြတ်ထားပါတယ်။
လက်ရှိစစ်ရှောင်စခန်းတချို့မှာ ဆရာဝန်တွေက ARTဆေးတွေရဖို့ ကြိုးစားနေတာရှိလို့ ဘဝတူစစ်ရှောင်တွေကိုလည်း ဆေးရတဲ့အထိကျန်းမာအောင်နေကြဖို့ကို အခုလိုတိုက်တွန်းစကားဆိုပါတယ်။
“စိတ်ဓါတ်တွေကျတိုင်း ဒါဟာကျမတို့ပဲဖြစ်တယ်မထင်ပါနဲ့။ အားလုံးခက်ခဲနေတာဖြစ်လို့ ဆေးရတဲ့အထိ စိတ်ဓါတ်မကျ အောင်နေထိုင်ပြီး ကျန်းမာအောင်ဂရုစိုက်နေစေချင်ပါတယ်”