အယ်ဖြိုးမြတ်သွယ်။ ။
“ အိမ်ကဘုရားလေးကိုလည်း လွမ်းတယ်… အိမ်ကလေးက ခုမှ ဆောက်ထားတာ အသစ်ရှိသေးတာ.. မနှစ်ကမှပြီး တာ အမယ်လေး…အသက်ကြီးမှ အဘွားအခုလို စစ်ပြေးနေရတယ်။ နိုင်ငံရေးကိုလည်း ဒီလောက်ထိဆိုးရွားသွား လိမ့်မယ်လို့ထင်မထားဘူး” လို့ ၆ ပေသာသာ အခန်းကျဉ်းလေးအတွင်း အပူဒဏ်ကို အံတုနိုင်ဖို့ ပါးပြင်ပေါ်မှာ သနပ်ခါးရေကျဲကို လိမ်းထားပြီး ကျုံ့ကျုံ့လေးထိုင်နေတဲ့ အမယ်အိုဒေါ်လှကြည်က သူမရဲ့ သောကတွေကို ပြောပြနေပါ တယ်။
သူမလိမ်းထားတဲ့ သနပ်ခါးတွေကတော့ ရင်ထဲက သောကတွေကို မဖုံးဖိထားနိုင်ခဲ့ပါဘူး။ သူမကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာကနေ တစ်ခါမှမရောက်ဖူးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့စွန် ရပ်ကွက်တစ်ခုကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်ပါတယ်။
“ဒုက္ခရောက်လို့သာ ရောက်လာတာ မြစ်ကြီးနားကို အိမ်ထောင်ပစ္စည်းလည်း ဘာမှမပါဘူး… အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လူလွတ်ရောက်လာတာ… ဗမာလိုကတော့ နတ်တော်လဆန်းတစ်ရက်နေ့က ရောက်လာတယ်။ တစ်နှစ်ပြည့်တော့မှာ” လို့သူမကဆိုတယ်။
စစ်ကိုင်းတိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့ မြန်မာ့တော်လှန်ရေးရဲ့ ပင်မအချက်အချာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်းကို ကြည်းကြောင်း၊ လေကြောင်း အပြင် ချင်းတွင်းမြစ်ထဲမှာပါ တပ်စွဲပြီး ရေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေရပြီး စစ်ကိုင်းတိုင်းဟာ စစ် ကောင်စီရဲ့ ထိုးစစ်ကို အပြင်းထန်ဆုံး ခံနေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းအတွင်း နေအိမ်နှင့်အဆောက်အအုံတွေ အရေအတွက် အားဖြင့် ၂၅,၃၀၀ ထက်မနည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အပစ်မဲ့ပြည်သူအများအပြား အသတ်ခံနေရတယ်လို့ သိရပါတယ်။ အဲဒါပြင် အာဏာသိမ်းပြီးအလွန် မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ သန်းခွဲနီးပါး ထပ်တိုးလာပြီး စစ်ကိုင်းတိုင်းမှာ စစ်ပြေးဒုက္ခသည် ၅၃၀,၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။
ဒေါ်လှကြည်မှာ လူမမည်အမွှာမြေးမလေးနှစ်ဦးအပါအဝင် ဆွေမျိုးမကင်းတဲ့ မိသားစုဝင် ၁၉ ဦးရှိပြီး၊ ဒေါ်လှ ကြည်တို့ဟာ အာဏာမသိမ်းမှီကာလက ရွာမှာ အုတ်ဖုတ်လုပ်ငန်းနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ရင်း အသက်မွေး ကြတာပါ။
အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူတို့ရွာကလေးထဲကို စစ်တပ်က မကြာခဏ ဝင်ရောက်တာကြောင့် ကြောက်လန့်ရတဲ့အပြင် ကုန်စျေးနှုန်းကလည်း အဆမတန် မြင့်တက်နေတာကြောင့် ဝမ်းရေးကြပ်တည်းမှုကို ဖြေရှင်းဖို့ မိသားစုလိုက် မြစ်ကြီးနားကို စစ်ရှောင်ရင်း ပြောင်းရွှေ့လာတာဖြစ်ပါတယ်။
“စားအိုးကလည်းကြီးတာလေ အဲ့တော့ စစ်သားက တဖြတ်ဖြတ်ဝင်နေတော့ ကိုယ်လည်းဘယ်လိုမှ လုပ်ကိုင်စား သောက်လို့ မရတော့ဘူးပေါ့။ ကိုယ့်ရွာက တိုက်ပွဲက သူများရွာထက်များတယ်။ အခုလည်း ရွာဘက်တိုက်ပွဲ ဖြစ်နေတာ” ဟု ပြောင်းရွှေ့လာရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အသက် ၆ဝ ကျော်အရွယ် ဒေါ်လှကြည်က အခုလက်ရှိမှာ ဝမ်းရေး အဆင်ပြေဖို့ အတွက် သားသမီးတွေနဲ့အတူတူ ပန်းရံအလုပ်လုပ်နေရပြီး အသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက် အရင်လို အပင်ပန်းမခံနိုင်တော့ပါဘူး။
“မနက်ခင်း ခုနစ်နာရီကထွက်သွားတာ ညနေ ခြောက်နာရီလောက်မှပြန်ရောက်တယ်။ ပင်ပန်းတယ်။ တစ်နေကုန် ပါပဲ။ ထမင်းပါထုတ်သွားရတယ်။ ကိုယ့်စရိတ်ကိုယ်စားပေါ့။ မလွယ်ဘူး ပန်းတာ။ လုပ်ငန်းရတာကိုပဲ ကျေးဇူးရှာတင်နေရတာ” လို့ပြောပါတယ်။
အာဏာမသိမ်းခင်က ရွာမှာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ရပေမယ့်လည်း အခုမြစ်ကြီးနားကို စစ်ရှောင်လာတဲ့အခါမှာ ပန်းရန်လုပ်ငန်းနဲ့ အသက်မွေးနေပေမယ့် အိမ်လခနဲ့ ကုန်စျေးနှုန်းကြောင့် ဖြစ်သလိုစား နေရပါတယ်။
“အရင် တောင်သူတွေဆိုရင် ကြက်သွန်ဝယ်မစားရဘူး။ အခုတော့ စျေးတန်လို့ (စျေးကြီးလို့) ဝယ်ကိုမဝယ်တော့ ဘူး။ မြစ်ကြီးနားမြို့က ပိုစျေးကြီးတာ။ တစ်ရက်နဲ့တစ်ရက် စားလောက်မလားလို့တော့ စိတ်ပူနေရတာပေါ့။” လို့ ဆိုပါတယ်။
ဒေါ်လှကြည်တို့ ငှားရမ်းထားတဲ့ ခြောက်ပေကျော်ပတ်လည် အခန်းငယ်ကလေးက စဘော်ငွေ ကျပ်ခြောက် သောင်းနဲ့ လစဉ် သုံးသောင်းကျပ်ပေးရပြီး လျှပ်စစ်မီးနဲ့ ရေ မရလို့ ချက်ပြုတ်ဖို့ ထင်းကို ဒေါ်လှကြည်တစ်ယောက် ဧရာဝတီမြစ်ထဲ ရေကူးပြီး ထင်းလိုက်ဆယ်ရကြောင်းလည်း ပြောပြပါတယ်။
“ထင်းသွားကောက်တော့ ပိုက်ဆံမကုန်တော့ဘူး။ မဟုတ်ရင် မီးသွေးက တစ်အိတ်ကို ၈၀၀၀ တဲ့။ နည်းနည်းလေး ပါတာ။ တစ်လသုံးအိတ်ကို မလောက်ဘူး” လို့ ဆိုပါတယ်။
အဲ့ဒါအပြင် နှစ်လသားအရွယ်လောက်သာ ရှိသေးတဲ့ အမွှာမြေးမလေးနှစ်ယောက်အတွက် ကလေးနို့ဖိုးမတတ်နိုင် ဘဲ အလုပ်ပုံမှန်မဆင်းနိုင်တဲ့ မွေးကတည်းက ကျန်းမာရေးချုချာတဲ့ သားရဲ့ဆေးဖိုးနဲ့ သွေးနု၊ သားနု ချွေးမအတွက် ဒေါ်လှကြည်ရဲ့ ခေါင်းပေါ်မှာ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့စွန်ရပ်ကွက်တွေကို အမယ်အိုတို့မိသားစု နေထိုင်ခဲ့တဲ့ ပင်စိမ်းခင်းရွာ အပြင် စစ်ကိုင်းတိုင်းက အခြားမြို့နယ်တွေနဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်ဖို့ ပြောင်းရွှေ့ရောက်ရှိ လာကြပြီး မြစ်ကြီးနားမြို့၊ ကျွန်းပင်သာ၊ လယ်ကုန်းဖက်ခြမ်းမှာ မိသားစုလိုက် ပြောင်းရွှေ့လာြပီး စစ်ရှောင်နေကြ ကြောင်း ဒေသခံတွေက ပြောပြကြတယ်။
ဒေါ်လှကြည်တို့မိသားစု ဌားနေတဲ့ အိမ်လေးဘေးမှာ ဆန်၊ ဆီ၊ ဆေးဝါးနဲ့ ကလေးတွေ မီးဖွားတဲ့ကာလအတွင်း ကူညီပေးတဲ့ ကချင်အမျိုးသမီးကြီးရဲ့ စစ်ရှောင်မိသားစုအပေါ် သူမရဲ့စာနာမှုကို အခုလို ပြောပြတယ်။
“အရမ်းကိုယ်ချင်းစာတယ်…ကိုယ်သာသူတို့လို ဆွေမျိုး၊ မိတ်ဆွေမရှိတဲ့ နေရာအသစ်တစ်ခုကို စစ်ပြေးရရင် ဘယ်လိုနေမလဲ စဉ်းစားမိတယ်။ ဒီပတ်ဝန်းကျင်မှာ ကချင်တွေပဲရှိတော့ သူတို့က အစက အားငယ်နေကြတာ။ ကျွန်မတို့ မြစ်ကြီးနားမှာလည်း အိမ်မပြန်ရသေးတဲ့ စစ်ရှောင်တွေရှိတော့ အားပေးရတာပေါ့။ အားမငယ်ဖို့… ။ အိမ်ကို မြန်မြန်ပြန်စေချင်ပေမဲ့ အခုလို မငြိမ်းချမ်းတော့ ကလေးတွေနဲ့ ဒုက္ခရောက်နေမှာစိုးတယ်…”
“အဓိကက ကလေးလေးတွေ။ သူတို့က လူကြီးတွေလို ငရုတ်သီးထောင်းတွေ ဘာတွေနဲ့လည်း ထမင်းမစားတတ် တော့ နို့မလောက်တာြမင်ပြီး ငိုနေတော့ သနားမိတယ် ” လို့ ဆိုပါတယ်။
ဒေါ်လှကြည်ဟာ လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဘေးတိုက်ပွဲတွေမရှိလို့ လုံခြုံစွာနေနေရပေမဲ့ သူမရဲ့ နေရပ်ရင်းရွာကိုပဲ ပြန်ချင်နေပါတော့တယ်။
“ဒီမှာခေါင်းပြားအောင်တော့ အိပ်ရတယ်… အခုနိုင်ငံရေးအေး၊ အခုပြန်ချင်တယ်” လို့ ဒေါ်လှကြည်ကပြောပါ တယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်စိမ်းခင်းရွာမှာကျန်နေခဲ့တဲ့ ဒေါ်လှကြည်ရဲ့ နေအိမ်ထဲက ပစ္စည်းတွေက တော့ ရွာထဲက အများအိမ်တွေနည်းတူ စစ်သားတွေအကုန်ယူသွားကြပါပြီ။
နေရပ်ရင်း ရွာမှာကျန်ခဲ့တဲ့ အိမ်သစ်ကလေးကို ပြန်ချင်တယ်လို့တမ်းတရင်း ဒေါ်လှကြည်တို့ မိသားစုအပါအဝင် စစ်ရှောင်တွေအတွက် နေရပ်အရင်းမှာရှိတဲ့ နေအိမ်ကိုပြန်ဖို့ကတော့ ဝေဝါးနေဆဲပါ…။