Home ဆောင်းပါး ရေခဲတောင်ပေါ်က အာဂအမျိုးသမီးများ

ရေခဲတောင်ပေါ်က အာဂအမျိုးသမီးများ

ဒေဝီ။ ။

မိုးဆီးနှင်းတို့ အဆက်မပြတ်ကျရောက်နေပြီး မြူခိုးတွေဝေနေတဲ့ မြန်မာပြည်မြောက်ပိုင်း တောင်တန်းတွေပေါ်က ရေခဲပြင်တွေကြား ဆာရ်းဇီတယောက် အသက်နဲ့ရင်းရတဲ့ အလုပ်ကို လုပ်နေခဲ့ပါတယ်။

ဆာရ်းဇီနဲ့ သူ့အဖော်တွေဟာ ရွှေထက်တောင်ရှားပါးတယ်လို့ ပြောစမတ်ပြုကြပြီး ကမ္ဘာမှာ‌ဈေးအကြီးဆုံး ဆေးဘက်ဝင်မှိုတစ်မျိုးဖြစ်တဲ့ ရှီးပဒီးကို ရဖို့အတွက် မတ်စောက်ပြီး အန္တရာယ်များလှတဲ့ ရေခဲတောင်တွေကြား စွန့်စားရှာဖွေနေတာဖြစ်ပါတယ်။

ဆောင်းပိုးနွေမြက်၊ ရာစာဂန်ဘာ စသဖြင့်လည်းခေါ်ကြတဲ့ ခူကောင်ကနေဖြစ်လာတဲ့ မှိုတစ်မျိုးဖြစ်တဲ့ ရှီးပဒီးဟာ ရေခဲတွေဖုံးလွှမ်းနေတဲ့ မြန်မာနိုင်ငံမြောက်ဘက်ပိုင်းကချင်ပြည်နယ်က ရေခဲတောင်တန်းတွေအပါအဝင် ဟိမဝန္တာတောင်တန်းတလျှောက် အမြင့်ပေ မီတာ ၃၀၀၀ ကနေ ၅၀၀၀ ကြား တောင်တွေမှာသာ ရှာဖွေတွေ့နိုင်တာ ဖြစ်ပါတယ်။

မိုးထိအောင်မတ်စောက်မြင့်မားတဲ့ ရေခဲတောင်ပေါ် ရှီးပဒီးရှာဖို့ ပါလာတဲ့သူအားလုံး ခြေတလှမ်းခြင်းစီကို သတိနဲ့လှမ်းနေရင်းက တစ်ယောက်သောသူဟာ ကံမကောင်းစွာနဲ့ တောင်စောင်းကနေ အောက်ဘက်ဆီ ခြေချော်ကျသွားခဲ့ပါတယ်။

မျက်စိရှေ့တင် အဒေါ်ဖြစ်သူ တောင်အောက်ဘက်ဆီ ခြေချော်ကျသွားခဲ့တာကို မြင်ရတဲ့ ဆာရ်းဇီဟာ နောက်ထပ်ခြေလှမ်း ထပ်လှမ်းဖို့ကိုတောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။

“အစကတည်းက လူကကြောက်ပြီး တုန်နေတာ အဒေါ်ကျသွားတော့ ပိုပြီးကြောက်သွားတော့ ခြေမလှမ်းနိုင် တော့ဘူး၊ ရေခဲပျော်တဲ့အချိန်ဆို အန္တရာယ်အများဆုံးထဲပါတယ်။ လမ်း မကြည့် တတ် ရင် ကျွံကျ တတ်တယ်” လို့ ဆာရ်းဇီကပြောတယ်။

ကံကောင်းထောက်မစွာနဲ့ ခြေချော်ကျခဲ့တဲ့ ဆာရ်းဇီရဲ့အဒေါ်ဟာ တောင်စောင်းပေါ်က ကျောက်တုံးအောက်နားအထိပဲ ကျတာဖြစ်ပြီး အသက်ဘေးက လွတ်တယ်ဆိုတာကြောင့် စိတ်သက်သာရာရခဲ့ပေမယ့် ကြောက် ရွံ့စိတ်က တော်တော်နဲ့မပြေဘူး။ တောင်အောက်ကရေကန်အထိ ရောက်သွားမယ်ဆိုရင် အသက်ရှင်ဖို့က မလွယ်တော့ဘူးလို့ ဆာရ်းဇီကပြောတယ်။

ရေခဲတောင်ပေါ်မှာ ဆေးမြစ်ရှာဖွေသူတစ်ဦးဖြစ်တဲ့ ပူတာအိုဒေသခံ ဆာရ်းဇီက လွန်ခဲ့တဲ့ လေးနှစ်ကျော်က ဖခင်၊အကိုဝမ်းကွဲ၊ အဒေါ်ဖြစ်သူတို့နဲ့အတူဆေးဖက်ဝင် ရှီးပဒီးဆေးမြစ်သွားရောက် တူးဖော်စဉ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တွေကို ပြန်ပြောင်းပြောနေတာပါ။

မြန်မာပြည် မြောက်ဘက်စွန်းမှာနေထိုင်တဲ့ ပူတာအိုဒေသခံတွေဘဝက ခက်ခဲကြမ်းတမ်းပြီး မြင့်မားတဲ့ ရေခဲတောင်တွေပေါ်မှာ ပေါက်ရောက်တဲ့ ရှီးပဒီးဆေးမြစ်အပါအဝင် အခြားဆေးဖက်ဝင်အပင်တွေကို အန္တရာယ်ကြားကနေ စွန့်စွန့်စားစားသွားရောက်လို့ ရှာဖွေအသက်မွေးဝမ်းကြောင်း ပြုရပါတယ်။

အသက်၂၅နှစ်အရွယ် ရဝမ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆားရ်ဇီက ရေခဲတောင်ပေါ် ပေါက်ရောက်တဲ့ ဆေးဖက်ဝင်ရှီးပဒီးတွေကို အသက် ၁၆နှစ်အရွယ်ကစပြီး ဖခင်ဖြစ်သူနဲ့အတူ လိုက်လံ ရှာဖွေခဲ့သူပါ။ ဖခင်ဖြစ်သူက ရေခဲတောင်ပေါ်မှာ ဆေးမြစ်ရှာဖွေသူတစ်ဦးဆိုတော့ ရေခဲတောင်တွေနဲ့ ရှီးပဒီးရှာဖွေတဲ့ အလုပ်က သူ့အတွက်မစိမ်းလှ။

မိုးရာသီကာလရောက်တဲ့အချိန် တောင်ပေါ်မှာ ရေခဲတွေစပျော်လာပြီဆိုရင် ရှီးပဒီးထွက်လာတော့မှာပါ။ အဲ့ဒီအချိန်ဆို ဆာရ်းဇီအပါအဝင် ပူတာအိုဒေသခံတွေက ရှီးပဒီးရှာဖို့ ပြင်ဆင်ကြပါပြီ။

ရှီးပဒီးက မြင့်မားတဲ့ရေခဲတောင်တွေမှာ ပေါက်ရောက်တဲ့အတွက် ရေခဲတောင်ပေါ်မှာ ရက်ရှည်နေပြီး ဆေးမြစ်ရှာဖွေရမှာဆိုတော့ တစ်လစာ ဆန်ဆီဆားလိုအပ်တဲ့ရိက္ခာတွေကို ကြိုတင်သွားပြီး တောင်ခြေအထိ ပို့ဆောင်ထားရပါတယ်။

ထွက်ခွာမယ့်အချိန်ရောက်ရင် မိသားစုလိုက်ဖြစ်စေ သူငယ်ချင်းတွေနဲ့ဖြစ်စေ စုဖွဲ့ခရီးဆက်ကြပြီး ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်အိပ်ယာလိပ်နဲ့ အသုံးလိုမယ့် ပစ္စည်းပစ္စယတွေ သယ်ဆောင် ထမ်းပိုးပြီးတော့ သွားကြရတယ်။

ဆာရ်းဇီတို့နေထိုင်ရာ ရွာကနေ ရေခဲတောင်ဆီရောက်ဖို့ သုံးရက်ကနေငါးရက် ကြာမြင့်ပါတယ်။တစ်နေကုန် အထမ်းအထုတ်တွေနဲ့ တောတောင်လမ်းကို ဖြတ်လျောက်ပြီး ညမိုးချုပ်တာနဲ့ စခန်းချ၊မီးမွှေး ၊ရေခပ်၊ ထမင်းချက်၊ စားသောက်ပြီး လမ်းမှာအိပ်ရတယ်။

Photo Credit: Sanlu Ram Seng

ရှီးပဒီးရှာဖို့ သွားရတဲ့အချိန်က မိုးရာသီဆိုတော့ ကျွတ်တွေကလည်းပေါတယ်။ တောင်ပေါ်ဒေသဆိုတော့ လမ်းကမကောင်းတဲ့အပြင် ချောင်းကူးဖို့တံတားမရှိတဲ့နေရာတွေမှာ ကြိုးနဲ့ဖြတ်သန်းသွားရတာ၊ ဘေးအရံအတားမရှိတဲ့ ယိုင်နဲ့နဲ့တံတားတွေကိုလည်း ဖြတ်သန်းသွားရတယ်။

ကုန်းမကြီးရိုးမအတိုင်း ဖြတ်လျောက်လို့ ရေခဲတောင်ပေါ်က ရှီးပဒီး မှော်ရောက်ပြီဆိုရင် ရေခဲပြင်မှာစခန်းချဖို့ ပြင်ရတယ်။

ရေခဲတောင်ပေါ်မှာပဲ နေထိုင်ရတာက လွယ်ကူတာတော့မဟုတ်၊ အိပ်မယ့်နေရာမှာ ရေခဲပြင်ကြီးဆိုတော့ အောက်မှာ အခင်းထူထူခင်းပြီး အပေါ်ကဖျာတစ်ထပ်ခင်းအိပ်ရတယ် ၊အရမ်းအေးတာကြောင့် အိပ်ပျော်တလှည့် မပျော်တလှည့်နဲ့။

ရေခဲတောင်ပေါ်မှာ ရှီးပတီးရှာဖို့ ပထမဆုံးအကြိမ် ဖခင်ဖြစ်သူနဲ့ လိုက်ခဲ့ရတုန်းကဆို ခရီးကခက်ခဲကြမ်းတမ်းတဲ့အတွက် ပင်ပန်းပြီးမထနိုင်၊ ဖခင်ချက်ကျွေးတဲ့ ထမင်းကိုစားပြီး ငိုခဲ့ရတာ အမှတ်တရပဲလို့ ဆိုတယ်။

“ပင်ပန်းလွန်းလို့ နောက်တခါဆို ဘယ်တော့မှမသွားဘူး ဆိုပြီးငိုခဲ့ရတယ် ဘယ်လောက်ပဲ ပင်ပန်းနေပေမဲ့ ကိုယ်မလုပ်ရင် ဘယ်သူမှ လာမလုပ်ပေးဘူးလေလို့” ဆာရ်းဇီကပြောတယ်။

ရှီးပဒီးရှာဖို့အတွက် မနက်သုံးနာရီဆိုထလို့ ထမင်းချက်ပြုတ်စားသောက်ပြီးတာနဲ့ နေ့ခင်းစားဖို့ ပြားချပ်နေအောင်နယ်ကာ မီးကင်ထားတဲ့ ထမင်းနဲ့အတူ မိုးကာ၊ခမောက်၊ဓား၊လက်အိတ်၊ ရှီးပဒီးတူးဖော်မယ့် ပစ္စည်းပစ္စယ အစုံအလင်နဲ့ ရှီးပဒီးလေးတွေထည့်ဖို့ အိတ်တွေကို ယူဆောင်လို့ မှောင်နဲ့မည်းမည်းထဲ ဓာတ်မီးလေးနဲ့ မိုးမလင်းခင် အရှာထွက်ရပါတယ်။

“ရေခဲပျော်တဲ့ နေရာမှာ လိုက်ရှာရတာ ကိုယ်ဦးမှ ကိုယ်ရတာဆိုတော့ စောစောထပြီး ရှာရတယ်လို့” ဆာရ်းဇီက ပြောတယ်။

အစားအသောက်ဆိုပေမယ့်လည်း ရေခဲကိုပဲကျိုပြီး ချက်ပြုတ်စားသောက်ရတဲ့အတွက် နဂိုဆန်ကြမ်းကိုမှ အေးခဲတဲ့နေရာမှာ ချက်ပြုတ်စားသောက်ရတော့ အရမ်းမာပြီး မစားနိုင်ပါဘူး။

“ထမင်းက ဆန်ကြမ်းကြီးကို သိပ်လည်းမကျက်ဘူး ပထမဆုံးလိုက်သွားတုန်းကဆို မစားနိုင်ဘူး၊ နောက်မှစားနိုင်တာ” လို့ ဆာရ်းဇီကပြောတယ်။

ရှီးပဒီးဆေးမြစ်က ဟိမဝန္တာတောင်တန်းတလျှောက် တိဘက်နဲ့၊အိန္ဒိယဘက် အခြမ်းက ရေခဲတောင်ပေါ်မှာ အများအပြားပေါက်ရောက်တာကြောင့် မြန်မာနိုင်ငံဘက် ရေခဲတောင်တွေကိုကျော်ပြီး ရှာဖွေရတာတွေလည်း ရှိပါတယ်။

ရှီးပဒီးဆေးမြစ်လေးတွေရှိတဲ့ မှော်ရောက်ပြီဆို မြေကြီးထဲကနေ တစွန်းတစထွက်နေတဲ့ အကောင်လေးတွေကို မကျိုးစေဖို့ ဂရုတစိုက်နဲ့ တူးယူရတယ်။

ရေခဲတောင်ပေါ်မှာ ရှီးပဒီးဆေးမြစ်ရှာဖွေတာက ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုဆိုတော့ ရှီးပဒီးထွက်တဲ့ အချိန်ရောက်တိုင်း လာရာက်ရှာဖွေကြသူ အများအပြားရှိပါတယ်။

ရှာဖွေတဲ့သူများတာကြောင့် များများစားစားမရ၊ တစ်ခါတရံ တစ်ကောင်နှစ်ကောင် ၊ ကံကောင်းတဲ့နေ့တွေ ဆိုရင်တော့ အကောင်များများရပေမယ့် တစ်ကောင်မှ မရတဲ့နေ့တွေလည်း ရှိပါတယ်။

“စသွားတုန်းကဆို သိပ်မရှာ တတ်သေးဘူး၊ တစ်ရက်ကို တစ်ကောင်မှ မရတဲ့နေ့ရှိတယ်၊ တခါတလေ ကျရင်တော့ အကောင်နှစ်ဆယ်လောက်ရတယ် ၊မတူဘူးပေါ့၊ တနေကုန်ရှာလည်း မရတဲ့နေ့တွေရှိတယ်၊ လူကများတာကိုး”လို့ ဆာရ်းဇီဆိုတယ်။

မိသားစုလိုက်ဖြစ်စေ သူငယ်ချင်းအဖွဲ့လိုက်ဖြစ်စေ ရေခဲတောင်ပေါ် တလလုံးနေထိုင်ပြီး ရှာဖွေတဲ့အခါမှ ၁ကျပ်သား လောက်သာ ရတဲ့အချိန်တွေလည်းရှိပါတယ်။

Photo Credit: Sanlu Ram Seng

တစ်နေကုန်ရှာဖွေပြီးသား ရှီးပဒီးအကောင်လေးကို ည‌ရောက်တဲ့အခါ သွားတိုက်တံလေးနဲ့ အမှိုက်တွေကင်းအောင် သန့်ရှင်းပြီးတော့ အခြောက်ခံသိမ်းဆည်းကာ တောင်ပေါ်မှာ တစ်လကြာရှာဖွေလို့ပြီးရင်တော့ အိမ်အပြန်ခရီးဆက်လို့ ပူတာအိုမြို့က ဒိုင်တွေမှာ ရှီးပဒီးဆေးမြစ်လေးတွေကို ရောင်းချတယ်လို့ ဆာရ်းဇီက ဆက်ပြောတယ်။

ရှီးပဒီးဆေးမြစ်က ဆေးဖက်ဝင်တန်ဖိုးကြီးတယ်ဆိုပေမယ့် ရေခဲတောင်ပေါ်က ခက်ခက်ခဲခဲ့ရှာဖွေလာခဲ့တဲ့ ရှီးပဒီးတွေကို ဒိုင်မှာပြန်လည်ရောင်းချတဲ့အခါ စျေးကတော့ သိပ်မရပါဘူး။

ရှီးပဒီးအဝယ်ဒိုင်တွေက စျေးနှိမ်ပြီးဝယ်တာကြောင့် တစ်ကောင်ကို ထောင်ဂဏန်း ဝန်းကျင်သာရရှိပြီး အကောင်လှတဲ့အခါမှသာ စျေးပိုရတာလို့ဆိုတယ်။

“အခြောက်ခံတဲ့အချိန်မှာ အ‌ရောင်မလှတာ၊ အဲ့ဒီလိုမျိုးအရောင်မလှရင် မကောင်းပြောတာ မလှဘူး ဘာညာနဲ့ အတု အဲ့ဒီလိုမျိုးပြောတာ စျေးအရမ်းနှိမ်တာ”လို့ဆိုတယ်။

သူတို့မိသားစုတွေ ရေခဲတောင်မှာတလလုံးနေပြီး စုပေါင်းရှာဖွေလို့ရတဲ့ အကောင် တစ်ရာကျော် နှစ်ရာဝန်းကျင်ကို ပြန်ရောင်းတဲ့အခါမှာတောင် သိန်းဆယ်ဂဏန်းဝန်းကျင်ပဲ ရတယ်လို့ ပြောတယ်။

“စရောင်းတုန်းကဆို တကောင်ကိုတစ်ထောင်ပဲရတယ်၊ အခုမှစျေးရတာ။ တကယ်ရှာတဲ့ လူတွေကျတော့ သိပ်မရဘူး ၊ သူတို့ပြန်ရောင်းရင် အများကြီးရတာ တကယ်မတန်တာ”လို့ဆာရ်းဇီကပြောတယ်။

သက်ရှိတစ်ပိုင်း အပင်တစ်ပိုင်းဖြစ်တဲ့ ရှီးပဒီးက အင်းဆက်ပိုးလောင်းတွေရဲ့ ကိုယ်ပေါ်မှာ ရှင်သန်နေထိုင်တဲ့ ကပ်ပါးမှိုတစ်မျိုးဖြစ်ပြီး၊ လက်ခံပိုးလောင်းကို ကပ်တွယ်ကာ ပိုးလောင်းကိုယ်ပေါ်မှာ အပင်အဖြစ် ရှင်သန်နေ တာပဲဖြစ်ပါတယ်။

ရှီးပဒီးဖြစ်လာတဲ့အခါ ပိုးလောင်းလေးရဲ့ ခန္ဓာကိုယ်ကနေ အညှောင့်လေးထွက်လာပါတယ်။ အဲ့ဒီအခါ တူးယူပြီး အခြောက်ခံကာ တန်ဖိုးကြီးဆေးဝါးတွေ အဖြစ်ပြန်လည်ရောင်းချကြပါတယ်။

ငှက်သိုက်နဲ့ လင်ဇီးမှိုတို့လို တန်ဖိုးကြီးဆေးဘက်ဝင်အဖြစ် သတ်မှတ်ထားကြတဲ့ ရှီးပဒီးကို အမောခံသက်လုံ ကောင်းစေဖို့နဲ့ အရွယ်တင်နုပျိုစေဖို့ မှီဝဲသုံးစွဲကြသလို အမျိုးသားကာမအားတိုးဆေးအဖြစ်ရော ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်စတဲ့ရောဂါတွေအတွက်လည်း သုံးစွဲကြပါတယ်။

ရှီးပဒီးက ရေခဲတောင်နဲ့ တောင်ခြေမှာပေါက်တဲ့ မြေပြန့်ရှီးပဒီးဆိုပြီး နှစ်မျိုးရှိပါတယ်။ ရေခဲတောင်ရှီးပဒီးက မြင့်မားတဲ့ ရေခဲတောင်တွေပေါ်မှာ ပေါက်ရောက်ပြီး ဆေးဘက်ပိုဝင်သလို တန်ဖိုးလည်းကြီးပါတယ်။

မြေပြန့်ရှီးပဒီးက အနိမ့်ပိုင်းရေခဲမရှိတဲ့နေရာတွေမှာ ပေါက်ရောက်ပြီး၊ မြေပြန့်ရှီးပဒီးက ရေခဲတောင်ရှီးပဒီးထက် အကောင်ကြီးပြီး စျေးနှုန်းကတော့ နည်းပါးပါတယ်။

ရေခဲတောင်ပေါ်မှာပေါက်တဲ့ရှီးပဒီးမှာလည်း နှစ်တိုင်းမထွက်ဘဲ လေးနှစ်တကြိမ်မှ ထွက်ပါတယ်။ ထွက်တဲ့အခါမှာလည်း နေရာမတူတော့ပြန်ဘူးလို့ဆိုတယ်။

“တောင်ခြေကျတော့ နှစ်တိုင်းထွက်တယ်၊ ရေခဲတောင်ရှီးပဒီးကျတော့ ဒီနှစ်မှာ ဒီတောင်ဆို နောက်နှစ်မှာ ဟိုတောင်ဆိုပြီး ထွက်တယ်”လို့ဆာရ်းဇီကပြောတယ်။

လေးနှစ်တစ်ကြိမ်ထွက်တဲ့ ဆေးဘက်ဝင် ရေခဲတောင်ရှီးပဒီးမှာ ရှာဖွေတူးယူသူက တဖြည်းဖြည်း များလာတာကြောင့် တဖြည်းဖြည်းနဲ့ရှာဖွေရတာ ရှားပါးခက်ခဲလာတယ်လို့ ဆာရ်းဇီကဆိုတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှီးပဒီးရှာဖွေသူတွေက မြေကြီးထဲကထွက်စပြုနေတဲ့ အကောင်တွေကိုသာ ရှာဖွေ ယူ‌ဆောင်တာကနေ နောက်ပိုင်းမှာ ရှာဖွေသူတွေများလာပြီး မြေကြီးကိုပါတူးပြီးရှာတာကြောင့် အကောင်လေး တွေသေဆုံးတာတွေရှိလာပါတယ်။

“နောက်သုံးလေးနှစ်မှာထွက်မယ့် အကောင်လေးတွေကို မြေလှန်ပြီးရှာတော့သေသွားတယ် အဲ့ဒီတော့ ရှားလာတယ်ပေါ့၊ သိပ်မရတော့ဘူး နောင်ကျရင်တော့ ရှီးပဒီးမရှိတော့ဘူး၊ သူတို့ရှာတဲ့ပုံစံနဲ့ဆို မျိုးသုန်းသွားမှာ ပေါ့”လို့ ဆာရ်းဇီကဆိုတယ်။

မြန်မာပြည်မြောက်ဘက်စွန်းက ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ဘဝက အလွန်ကြမ်းတမ်းပြီး အင်မတန်ပင်ပန်းတဲ့အတွက် အသက်အန္တရာယ်တွေကြားက စွန့်စွားပြီး လုပ်ကိုင်နေရတာပါ။

ဒေသခံအမျိုးသားအမျိုးသမီး ကလေးတွေကအစ မတ်စောက်ကြမ်းတမ်းပြီး ခက်ခဲကြမ်းတမ်းတဲ့ ရေခဲတောင်တွေပေါ်မှာ ရိက္ခာထမ်း၊လမ်းပြ၊ဆေးမြစ်တူး စတာတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုရတယ်လို့ ‌ရေခဲတောင် လမ်းပြတစ်ဦးဖြစ်သူ ဆန်လုရမ်ဆိန်းကပြောတယ်။

ဆေးမြစ်၊ရှီးပဒီးတွေကို ကျောက်တောင် လမ်းတွေ၊ ကမ်းပါးတွေ ဖြတ်ကျော်ပြီး ရှာဖွေရသူတိုင်းက မိမိအတွက်ရိက္ခာ မိမိထမ်းနေရမှာ ဖြစ်တဲ့အတွက် မိန်းကလေးတွေရော ကလေးတွေပါ ကိုယ့်အထမ်းကိုယ်ထမ်းလို့ တက်ရောက်ကြရတယ်လို့ ဆန်လုရမ်ဆိန်းကပြောပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ အလုပ်အကိုင်တွေကြောင့် ဒေသခံအများစုက ပုံမှန်သဘာဝအတိုင်းထက် ခက်ခဲကြမ်းတမ်းတဲ့ ကျောက်ဆောင်တွေပေါ်က ပြုတ်ကျသေဆုံးသူများတယ်လို့ဆိုတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရေခဲတောင်ပေါ်မှာပေါက်ရောက်တဲ့ ဘေချီဆိုတဲ့ ဆေးမြစ်ကိုရှာဖွေရင်း အသက်၂၈နှစ် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားလေးဦး တောင်ပေါ်ကပြုတ်ကျ သေဆုံးခဲ့ပါသေးတယ်။

ခက်ခဲကြမ်းတမ်းတဲ့‌ ရေခဲတောင်တွေပေါ် တက်ရောက်ပြီး သက်စွန့်ဆံဖျားနဲ့ လုပ်ကိုင်ကြရပေမယ့် ‌ငွေကြေးကတော့ ဖူဖူလှုံလှုံမရကြပါဘူး၊ အသက်ကြီးတဲ့အထိ ခက်ခဲပင်ပန်းမှုတွေနဲ့ပဲ ဘဝဖြတ်သန်းရတာလို့ ရေခဲတောင်ပေါ် အသက်မွေးဝမ်းကြောင်းပြုသူတွေကဆိုတယ်။

ဆာရ်းဇီကိုယ်တိုင်လည်း ရှီးပဒီးချိန်ဆို ရေခဲတောင်ပေါ် ၊ ရှီးပတီးရာသီ မဟုတ်ရင်တော့ တောင်ယာလုပ်၊ သစ်ကြားခင်း၊ ရှောက်ကောခင်းတွေ ရှင်းတာ၊ရာသီအလိုက်ထွက်တဲ့ ဝါးဥ၊ကျောက်ဂျပိုး၊ တောင်ခြေရှီးပတီးရှာ ဖွေတာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုရတယ်။

ရေခဲတောင်တွေရှိတဲ့အရပ်မှာမွေးဖွားကြီးပျင်းပြီး ရေခဲတောင်တွေပေါ်မှာ ဝမ်းစာရှာဖွေနေရပေမယ့်ပင်ပန်း ခက်ခဲပြီး ဝင်ငွေကလည်း လုံလုံလောက်လောက် မရတဲ့အတွက် ရေရှည်လုပ်ဖြစ်ဖို့က မလွယ်ကူဘူးလို့ဆိုတယ်။

ရေခဲတောင်နဲ့ရှီးပဒီးကိုချစ်တဲ့ ဆာရ်းဇီ တစ်ယောက် မွေးရပ်မှာ ဒီအလုပ်နဲ့ ရေရှည်အသက်မွေးမယ်ဆို ဘဝတိုးတက်ဖို့ လမ်းမရှိတာကြောင့် ပြီးခဲ့တဲ့လပိုင်းကစလို့ ပြည်ပနိုင်ငံတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင် ဖို့ လမ်းကို ရွေးလိုက် ပါတယ်။

“အဖေတောင်ပေါ် ပင်ပင်ပန်းပန်းသွားနေတာကိုလည်း မကြည့်ရက်‌တော့ဘူး၊ ကိုယ်တိုင်သွားဖူးတော့ ဘယ်လောက်ခက်ခဲမှန်းသိတယ်လေ။ အဖေတို့က အသက်ကြီးပြီ”လို့ ဆာရ်းဇီကပြောတယ်။

ဒါပေမယ့် ရေခဲတောင်တွေကို ချစ်မြတ်နိုးတဲ့ဆာရ်းဇီက ဘဝအတွက် ပြည်စုံတဲ့အချိန်ကြရင် ရေခဲတောင်တွေ ဆီပြန်လာမယ်လို့ဆက်ပြောတယ်။

” ပြန်လာရင်တော့ ရေခဲတောင်ကို တစ်ခါတော့တက်ဦးမယ် “လို့ဆာရ်းဇီကပြောတယ်။

Author:

Related Articles