Htoi Ningli
မြစ်ကြီးနားမြို့ရဲ့ အချက်အချာကျတဲ့ ဘုရင့်နောင်လမ်းမပေါ်မှာ ထီးပါသူ၊ မပါသူနဲ့ တစ်ချို့ထိုင်နေသူ လူဦးရေ နှစ် ရာကျော်ခန့်ရှိမယ့် လူငယ်တွေဟာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။
ဒီလူတွေဟာ ကိုဗစ်ဆေးထိုးဖို့ တန်းစီတာမဟုတ်သလို ဓာတ်ဆီရရှိဖို့ စောင့်ဆိုင်းနေတာလည်း မဟုတ်ပါဘူး။ ဒီလူတန်းရှည်ကြီးက မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံကို ထွက်ဖို့အတွက် ပတ်စပို့ရုံးရှေ့မှာ နိုင်ငံကူးလက်မှတ်ရရှိဖို့ မနက် ၃ နာရီလောက်ကနေ လာရောက် စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် Myanmar Independent Researchers (MIR) အဖွဲ့က စစ်တမ်းထုတ်ပြန် ချက်အရ အလုပ်အကိုင် အခွင့်အလမ်း အလွန်ရှားပါးလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံက အိမ်ထောင်စုပေါင်း ၁၀၀ ရာခိုင်နှုန်းရှိတဲ့ထဲမှာ အိမ်ထောင်စုတိုင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်က မိသားစု၀င်တစ်ယောက်နှုန်းဟာ ပြည်ပ နိုင်ငံကို ထွက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
အလားတူဘဲ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာနိုင်ငံက အလုပ်သမား ၁ သန်းကျော်ဟာ အလုပ် လက်မဲ့ ဖြစ်ခဲ့ရတဲ့အတွက် စားဝတ်နေရေးအခြေအနေတွေ အလွန်ကျပ်တည်းနေတဲ့ အခြေအနေမှာရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အခုနှစ် ထုတ်ပြန်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၈ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ခန့်မှန်း လူငယ်ဦးရေ ခြောက်သိန်းကျော် ရှိပါတယ်။ ဒါပေမယ့် အခုဆိုရင် ကချင်ပြည်နယ် ကျေးလက်ဒေသဘက် မှာ ခန့်မှန်းချေ ၈၀ ရာခိုင်နှုန်းသော လူငယ်တွေဟာ ပြည်ပထွက်သွားကြပြီး ရွာတွေမှာ လူငယ်များ မရှိသလောက် ဖြစ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၊ ၂၀၂၂ ခုနှစ် ရှမ်းနီအသံသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် လူငယ်တွေရဲ့ အနာဂါတ်နဲ့ အခွင့်အလမ်းတွေ ပိုပိုနည်းလာတာနဲ့အမျှ မြစ်ကြီး နားက လူငယ်အတော်များများဟာ ထွက်ပေါက်အနေနဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ တစ်နေ့ထက် တစ်နေ့ ပိုပို ကြိုးစား လာကြပါတယ်။
အခုလို လွတ်လပ်မှုမရှိ၊ လုံခြုံမှုကင်းမဲ့နဲ့ အခွင့်အလမ်းတွေ တစ်စတစ်စ ပိုပိုကင်းမဲ့လာတဲ့အတွက်ကြောင့် ကချင် ပြည်နယ် မြစ်ကြီးနားက လူငယ်အမြောက်အများဟာ လုံခြုံမှုရရှိဖို့သာမက တချို့ကတော့ အဆင့်မြင့်ပညာရေး ကို လက်လှမ်းမှီဖို့နဲ့ အများအပြားကတော့ ဝမ်းစာအတွက် ရုန်းကန်ဖို့ မတူညီတဲ့ နိုင်ငံအသီးသီးမှာ ရောက်ရှိသွား ကြသလို တချို့ကတော့ ပြည်ပကိုထွက်ဖို့ ပြင်ဆင်နေကြဆဲမှာ ရှိနေပါတယ်။
၂၀၂၂ ဇန်နဝါရီ ၁၆ရက်မှာ ပြည်ပနိုင်ငံ ဒူဘိုင်း (UAE) မြို့ကို ထွက်ခွာသွားသူ မြစ်ကြီးနားက ကိုပေါလ်ဆိုတဲ့ လူငယ် တစ်ဦးက မြန်မာနိုင်ငံက ထွက်ခွာသွားလိုတဲ့ ကြောင်းအရာများကိုယခုလိုပြောပြပါတယ်။
“မြန်မာပြည်မှာ ပညာတတ်တာနဲ့ မတတ်တဲ့သူ ရတဲ့လုပ်ခလစာ သိပ်မကွာတာ မြင်ရတယ်၊။ ဘ၀မှာ ကိုယ်ကြိုး စားခဲ့တာ လစာများများရချင်လို့ ပညာရေးမှာ အားစိုက်ပြီလုပ်ခဲ့ပေမယ့် ရတဲ့လစာက အလွန်နည်းပါတယ်။ ရုံးဝန် ထမ်းဝင်လုပ်ရင် အခြေခံလစာ ၂ သိန်း/ ၃သိန်း။ အဲ့ဒီပမာဏက နေ့စားအလုပ်သမား လစာလောက်ဘဲရှိတယ်ဆို တော့ ကိုယ့်ဘ၀ ရှေ့ရေးအတွက် ဘယ်လိုရပ်တည်မလဲဆိုတဲ့ မေးခွန်းရှိလာတယ်” လို့ သူကဆိုပါတယ်။
အလားတူပဲ ဆုတ်ယုတ်တဲ့ဘက်ကိုဘဲ ဦးတည်လာတဲ့ မြန်မာနိုင်ငံကနေ ထိုင်ဝမ်ဘက်ကို အလုပ်လုပ်ရင်း ပညာ သင်သွားဖို့ ပြင်ဆင်နေတဲ့ မြစ်ကြီးနားကျွန်းပင်သာက လူငယ်အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပြ လာပါ တယ်။
“ဒီနိုင်ငံမှာ မနေချင်တော့ဘူး။ အစစအရာရာမှာ အဆင်မပြေဘူး။ လွတ်လပ်မှုမရှိ၊ လုံခြုံမှုမရှိတာ စိတ်သောက တွေနဲ့ ရှင်သန်နေရတဲ့အပြင် ကိုယ့်ရဲ့အနာဂါတ် ပျောက်ဆုံးနေသလို ဖြစ်နေတယ်။ အလုပ်အကိုင် အတည်တကျနဲ့ ဘ၀ကိုဖြတ်သန်းဖို့ ရည်မှန်းထားပေမယ့် နိုင်ငံရဲ့အခြေအနေက ကိုယ့်ကို နိုင်ငံခြားထွက်ဖို့ လှုံ့ဆော်နေတယ်”
နောက်ပြီး လက်ရှိလုပ်နေတဲ့ အလုပ်ကနေထွက်ပြီး ဘ၀ရည်မှန်းချက် ဖော်ဆောင်နိုင်ဖို့ရာ ဂျပန်နိုင်ငံကို သွား ရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူ မြစ်ကြီးနားက လုဆိုင်း (အမည်လွဲ) လူငယ်တစ်ဦးကလည်း သူမရဲ့ ခံစား ချက်ကို အခုလိုပြောပါတယ်။
“တက်လမ်းမရှိတဲ့ မြန်မာနိုင်ငံမှာ ကိုယ့်ဘ၀ကို မကုန်ဆုံးချင်ဘူး။ နောက်ပြီး လူငယ်တွေဆိုရင်လည်း NGO လုပ် ငန်းတွေမှာဘဲ လုပ်နေပြီး ရတဲ့လုပ်ခလစာနဲ့ ကုန်စျေးနှုန်းက လုံး၀မမျှနေတော့ ပိုက်ဆံရှာပြီးရင်း ရှာနေပေမယ့် လည်း စုဆောင်းဖို့က မပါနေဘူး”
ကချင်ပြည်နယ်မှာ Non-Government Organization (NGO) လုပ်ငန်းအခွင့်အလမ်းတွေ ရှိပေမယ့် လူငယ်တွေ ပုံမှန်အလုပ်ရဖို့တော့ ခက်ခဲတဲ့အခြေမှာ ရှိပါတယ်။ NGO သဘောသဘာ၀အရ ပရောဂျက်လုပ်ငန်းစဉ် ဖြစ်တဲ့ အတွက်ကြောင့် လူငယ်တွေအနေနဲ့ ပုံမှန်ဝန်ထမ်းလို အမြဲလုပ်ကိုင်နိုင်တဲ့ အလုပ်အခွင့်အလမ်းနဲ့ အာမခံချက် မရှိ နေတာ ဖြစ်ပါတယ်။
လူငယ်တွေဟာ အခွင့်အလမ်းကိုရှာဖွေရင်း စိန်ခေါ်မှုတွေ အများအပြားကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါ တယ်။
တည်မြဲတဲ့အလုပ်ရရှိဖို့အတွက် မလေးရှားသွားနိုင်ဖို့ကြိုးစားရာမှာ အေးဂျင့်တွေရဲ့ ခေါင်းပုံဖြတ်မှုတွေနဲ့အတူ လို အပ်တဲ့ အချက်အလက်တွေမပြည့်စုံလို့ စင်္ကာပူလေဆိပ်မှာ အတားခံရပြီး မြန်မာနိုင်ငံကိုပြန်လှည့်ခဲ့ရကာ နောက် ဆုံးမှာတော့ အောက်လမ်းဘက်ကနေ ခက်ခက်ခဲခဲသွားခဲ့ရကြောင်း လဆိုင်း (အမည်လွဲ) ဆိုသူက ပွင့်ပွင့်လင်း လင်းပြောပြပါတယ်။
ပြည်ပမှာ လူကုန်ကူးမှုနဲ့ လိမ်လည်တဲ့ဖြစ်ရပ်တွေ ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံခြားထွက်ချင်တဲ့ သားသမီး လူ ငယ်တွေအတွက် အလွန် စိတ်ပူပန်၊ စိုးရိမ်သောကရောက်ရတဲ့ အဖြစ်ကို မိခင်တစ်ဦးက အခုလိုပြောပါတယ်။
“ဘယ်မိဘမဆို ကိုယ့်သား/သမီးတွေ ကိုအဝေးမပို့ချင်ဘူး။ ကျွန်မတို့မိဘတွေက ဘာမှလည်း မလုပ်ပေးနိုင် သတင်းတွေကလည်း အမျိုးမျိုးဆိုတော့ ပူပန်ရတာ လွန်ကဲပါတယ်။ ဒါမဲ့ အခုလိုကာလမှာ သားသမီးတွေ လုံခြုံဖို့ ကောင်းစားဖို့ကိုတွေးပြီး ခွင့်ပြုပေးလိုက်ရတာပါ”
တနေ့တခြား ထွက်သွားတဲ့ လူငယ်တွေသာများလာပြီး နောက်လှည့်ပြန်လာချင်တဲ့လူငယ်တွေ မရှိသလောက် ရှား ပါးလာနေပါတယ်။
“အခုစိတ်အနေအထားနဲ့ မြန်မာနိုင်ငံကို ပြန်လာချင်စိတ် လုံး၀မရှိပါဘူး။ အခြေချနေထိုင်ဖို့ စိတ်ကူးမရှိဘူး” ဆိုပြီး ဒူဘိုင်းရောက် လူငယ်တစ်ဦးက ဆိုပါတယ်။
အခုလို အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပနိုင်ငံသို့ထွက်သွားတဲ့ လူငယ်တွေ အဆမတန်များလာတာဟာ အင်မတန် ဝမ်းနည်းစရာဖြစ်ကြောင်းနဲ့ နောက် ၃၊ ၄ နှစ်တွေဆိုရင် လူငယ်အခန်းကဏ္ဍက မရှိသလောက်ဖြစ်လာပြီး ဦး ဆောင်နိုင်တဲ့ လူငယ်တွေ အရမ်းရှားသွားနိုင်တဲ့ အခြေအနေကို မြင်ယောင်မိကြောင်း ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က စီမံကိန်းလက်ထောက်တစ်ဦးကလည်း လူငယ်တွေရဲ့အခြေအနေကို အခုလို သုံးသပ် ပြောထားပါတယ်။
“အခုလိုအချိန်မှာ ဘယ်အဖွဲ့အစည်းမှ လူငယ်ရေးရာနဲ့ ပတ်သက်ပြီး မူဝါဒ၊ ပေါ်လစီတွေ သေချာချပြီး လုပ်ဆောင် ပေးနေတာမျိုး မရှိသေးဘူးလို့ ယူဆရပါတယ်။ အနည်းဆုံးတော့ NUG တွေအနေနဲ့ လူငယ်တွေကို လုံခြုံစွာရွှေ့ ပြောင်းသွားလာခြင်းနဲ့ တိုင်းတပါးသွားဖို့ ပြင်ဆင်မှုပိုင်းတွေနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်ရင် အရမ်းကောင်းမယ်လို့ မြင်ပါတယ်” လို့ သူက ဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး ပြောင်းလဲတိုးတက်လာဖို့ လူငယ်တွေကို အသုံးမပြုတာ၊ နေရာမပေးတာ တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပြီး အဲ့ဒါရဲ့ နောက်ဆက်တွဲက နိုင်ငံထဲမှာ ကြီးမားတဲ့ စီမံဆောင်ရွက်ချက်တွေရေးဆွဲဖို့ လူသားစွမ်းအင် အရင်းအမြစ် မရှိတော့တာမျိုးပါ။
“နိုင်ငံရေးအခြေအနေက ပိုဆိုးလာလေလေ အခုထွက်တာထက် နောက် ၂ နှစ်၊ ၃ နှစ် ပိုတောင်ထွက်ကြအုန်းမှာ။ ဘာလို့လဲဆိုရင် လူငယ်တွေရဲ့အနာဂါတ်က ဒီမှာမရှိဘူး” လို့ နိုင်ငံရေးသုတေသီ ဦးခွန်ဆမ်မှ အခုလို သုံးသပ် ပြောဆိုထားပါတယ်။
ဆုံးရှုံးမှုတွေထဲမှာမှ လူနည်းစုဖြစ်နေသေးတဲ့ တိုင်းရင်းသားတွေအပေါ် ပိုပြီးသက်ရောက်မှုကြီးမားနေပါတယ်။ ဟိုအရင် နှစ်နှစ်ဆယ်၊ သုံးဆယ်ကတည်းကနေ တိုင်းရင်းသားနယ်မြေတွေမှာ ပြည်တွင်းစစ်တွေ တောက်လျှောက် ဖြစ်ခဲ့တာကြောင့် အဲ့ကတည်းက လူငယ်တွေဟာ ပြည်ပနိုင်ငံကို ရှောင်ထွက်သွားရတာနဲ့ အခုထပ်မံ ထွက်နေကြ ရတာကြောင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့ဘောင်အဖွဲ့အစည်း စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့ အရမ်းခက်ခဲ လာတာမျိုး ရှိနေပါတယ်။
အခုလို လူငယ်တွေ ပြည်ပရပ်ခြားကိုထွက်သွားတာတွေ လျှော့ချနိုင်ဖို့က ဗဟိုချုပ်ကိုင်မှုစနစ် ပပျောက်ပြီး စစ်မှန် တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရတရပ်မှာ ပြည်ထောင်စု ပြည်နယ်သူ၊ ပြည်နယ်သား၊ လူငယ်ရေးရာတွေကို ရှေးရှု ပြီး ပေါ်လစီတွေ၊ မူဝါဒတွေ ရေးဆွဲအကောင်အထည်ဖော်နိုင်၊ အုပ်ချုပ်နိုင်တဲ့အစိုးရ ရှိလာမှသာလျှင် ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ လူငယ်တွေကို ပညာရေးနဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့က ပြည်နယ်အစိုးရ က သဘာ၀သယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေးနဲ့ လူ့အရင်းအမြစ်ကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေး ရှိရမယ်။ ဒါတွေဖြစ်ဖို့က ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှသာလျှင် အကောင်အထည်ဖော်နိုင်လာမှာဖြစ်ပြီး လူငယ်တွေ တိုင်းတပါးထွက်တာတွေကို လျှော့ချလာနိုင်မှာ ဖြစ်တယ်”
“နွေဦးတော်လှန်ရေး ပြီးသွားရင်တောင်မှ ဒီလိုဘဲ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့သာဖြစ်နေရင် လူငယ်တွေ ထွက်သွားကြ နေအုန်းမှာပါဘဲ”