သျှန်ကီခမ်း။ ။
ကယားပြည်နယ်၊ လွိုင်ကော်မြို့က လမ်းမကြီးရဲ့ ညာဖက်မှာ (၁၀) ပေကျော်လောက်ရှိတဲ့ အလှပြင်ဆိုင် တစ်ဆိုင်ထဲမှာ ခန္ဓာ ကိုယ် ခပ်ထွားထွား အမျိုးသမီးတစ်ယောက်က ဧည့်သည်ကို ဆံပင်ညှပ်ပေးရင်းနဲ့ “ သမီးရေ မေမေ့ကို ဆန်အမြန်ယူလာ ပေးပါ”လို့ အော်ပြောနေသည်။
ဆိုင်ရှေ့မှာ ဆွမ်းခံ ကြွလာတဲ့ သီလရှင် ဆရာလေးကို ဆွမ်းဆန်စိမ်းလှူဖို့ သမီးကို အကူညီ လှမ်းအော်တောင်းနေသူကတော့ အလှပြင်ဆိုင်ဖွင့်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသူ အသက် (၃၃) နှစ်အရွယ် မစုပါ။
မစုဟာ အသက် (၁၃) နှစ်ရွယ် သမီး၊ (၉) နှစ်အရွယ် သားလေးနဲ့အတူ နေထိုင်ပါတယ်။ အမျိုးသားကတော့ ရွာမှာ လယ်လုပ် ငန်း သွားရောက်လုပ်ကိုင်နေတာပါ။
ဗုဒ္ဓဘာသာဝင် သီလရှင် ဆရာလေးကို ဆွမ်းဆန်စိမ်းလှူဖို့ အရေးထားပြီး အလောတကြီး ဖြစ်နေတဲ့ မစုဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်ဘဲ ခရစ်ယာန်ဘာသာ ဝင်တစ်ဦးဖြစ်ပါတယ်။ မစုရဲ့ မိခင်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဖခင်ကတော့ ဗုဒ္ဓဘာ သာဝင်ပါ။
၂၀၁၄ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ် သူ ၈၇.၉ %၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆. ၂%၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄.၃ %၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၀.၅ %၊ နတ်ကိုးကွယ်သူ ၀. ၁%၊ အခြားဘာသာ ကိုးကွယ်သူ ၀.၂ %နဲ့ ဘာသာမဲ့သူ ၀.၁ %ရှိတယ် ပါတယ်။
မစုဟာ မွေးချင်းမောင်နှမ (၆) ယောက်ရှိပါတယ်။ မစုရဲ့ အစ်မအကြီးဆုံးဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူပြီး ကျန်မောင်နှမ (၅) ယောက်ကတော့ ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်ပါတယ်။ မိဘနှစ်ပါး ဘာသာချင်းမတူပေမယ့် သားသမီးတွေအပေါ် မှာ ဒီဘာသာယူရမယ် ဟိုဘာသာယူရမယ်ဆိုပြီး ပိတ်ပင်ပြီး ပြောဆိုတာလည်း မရှိခဲ့ပါဘူး။
“ဗုဒ္ဓဆိုဒီလို ခရစ်ယာန်ဆို ဒီလိုဆိုပြီး ရှင်းပြတယ်။ ပြီးရင် ကိုယ်ယုံကြည်ရာကို ရွေးချယ်လို့ရတယ်။ ဘာမှမပြောဘူး” လို့ မစု က ပြောပါတယ်။
ဒါ့အပြင်လည်း မိဘနှစ်ပါးဟာ ဘာသာချင်းမတူပေမယ့် ကိုးကွယ်တဲ့ ဘာသာနဲ့ ပက်သက်ပြီးတော့ ရန်ဖြစ်တာ၊ စကားများ တာလည်း မရှိတဲ့အပြင် အချင်းချင်း အပြန်အလှန်ကူညီ ဖေးမပေးတာမျိုးနဲ့ အတူယှဥ်တွဲ နေထိုင်ကြတာပါ။
“အဖေ့တွက် အိမ်မှာ ဘုရားပန်းအိုးလဲတာ၊ မွေးနေ့မှာ ဆွမ်းပို့တာတွေလည်း အမေအကုန်လုပ်ပေးတယ်” လို့ မစုရဲ့ ဖခင် မဆုံးပါးသွားသေးခင်အထိ မိဘနှစ်ပါးရဲ့ အချင်းချင်းဖေးမပုံကို မစုရဲ့ အစ်မအကြီးဆုံးက ပြန်ပြောင်းပြောဆိုပါတယ်။
မစုကို မွေးပြီး လပိုင်းလောက်မှာပဲ ဖခင် ဆုံးပါးသွားခဲ့ပါတယ်။ ဖခင် ဆုံးပါးသွားပေမယ့် အိမ်မှာရှိတဲ့ ဗုဒ္ဓပုံတော်တွေကို ဖြတ် ချတာမျိုးတွေ မလုပ်ပဲ ဘုရားပန်းအိုးလဲတာ၊ ဆွမ်းကပ်တာတွေကို ယခုထိ ပြုလုပ်ပေးနေဆဲပါပဲ။
ဖခင် ဆုံးပါးသွားပြီး နောက်ပိုင်းမှာတော့ မစုဟာ မိခင်နဲ့သာ ကြီးပြင်းလာသူပါ။ မစု အသက်အရွယ် ရလာတဲ့ အချိန်မှာတော့ မိမိဆန္ဒနဲ့ ခရစ်ယာန်ဘာသာဝင် တစ်ဦးအဖြစ် ရွေးချယ် ခံယူခဲ့ပါတယ်။
ခရစ်ယာန် ဘာသာဝင်တွေအတွက် တနင်္ဂနွေနေ့တိုင်းဟာ သခင်ယေရှူသေခြင်းက ရှင်သန်ထမြောက်တဲ့နေ့ဖြစ်လို့ အားလုံး က ဘုရားကျောင်းကို လာရောက်ပြီး ဝတ်ပြုဆုတောင်းလေ့ ရှိကြပါတယ်။ မစုဟာလည်း ခရစ်ယာန်ဘာသာဝင်ထဲက တစ်ဦး ဖြစ်တာကြောင့် အဲဒီရက်တိုင်းမှာ အလုပ်နားပြီး ဘုရားကျောင်းမှာ ဝတ်ပြုလေ့ရှိပါတယ်။
ခရစ်ယာန် ဘာသာဝင်အတွက် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းသွား၊ ဝတ်ပြု မပျက်ကွက်သလို ဗုဒ္ဓဘာသာဝင်အတွက် သံဃာတော် ဆွမ်းလောင်းတာကိုလည်း မပျက်ကွက်ခဲ့ပါဘူး။
အိမ်ထောင်မကျခင်အထိ အိမ်ရှေ့မှာ ဆွမ်းခံကြွလာတဲ့ ဗုဒ္ဓဘာသာ သံဃာတော်ဖြစ်တဲ့ ဘုန်းကြီးတွေနဲ့ သီလရှင် ဆရာလေး တွေကို မိခင်နဲ့အတူ ဆွမ်းလောင်းကြောင်း “အမေ ဆွမ်းသွားလောင်းရင် အမြဲလိုက်ဖြစ်တယ်” လို့ မစုကပြောပါတယ်။
မစု ဆွမ်းလောင်းတာ၊ ဆွမ်းကပ်တာတွေ လုပ်တယ်ဆိုတာ မိခင်က မျက်စိရှေ့မှာ လုပ်ပြလို့ လိုက်လုပ်တယ် ဆိုတာထက် မစု ကိုယ်တိုင်ကလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ အလယ်အလတ် လမ်းစဥ်ကို သဘောကျ လေးစားသူလည်း ဖြစ်တာကြောင့်ပါ။
၂၀၀၈ ခုနှစ်လောက်မှာတော့ မစုဟာ ဘာသာတူ ခရစ်ယာန် အမျိုးသားနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက် ပိုင်းမှာလည်း ယခုလက်ရှိချိန်ထိ ဗုဒ္ဓသံဃာတော်တွေကို အလှူပြုတာတွေကို အမျိုးသားကပိတ်ပင်တာ၊ တားဆီးတာမျိုး လည်း မရှိပါဘူး။
ဆရာလေး သီလရှင်တွေ ဆွမ်းခံကြွလာရင် ဆန်လောင်းတဲ့ အခါတွေရှိသလို ပိုက်ဆံ ငါးရာကျပ်၊ တစ်ထောင်ကျပ် စတာတွေ ကို လှူဒါန်းဖြစ်ပါတယ်။ ဒါပေမယ့် တခြားဘာသာခြားတွေကို အလှူအတန်းပြုတာကြောင့် တချို့သော ပတ်ဝန်းကျင်တွေရဲ့ အတင်းပြောဆို တိုက်ခိုက်တာတွေတော့ ရှိနေပါတယ်။
“ဗုဒ္ဓကို ယုံကြည်လို့ လှူတာ ဘယ်ဟုတ်မှာလဲ။ နာမည်ကြီးချင်လို့ နေမှာပေါ့” လို့ ဝေဖန်တဲ့ စကားတွေတော့ ပြန်ကြားတာ တွေတော့ ကြုံခဲ့ရပါတယ်။
ဒါပေမယ့် မစုဟာ ဝေဖန် အမုန်းစကားပြောတဲ့ တချို့သော ပတ်ဝန်းကျင်တွေကို လျစ်လျူရှူကာ ယုံကြည်ရာ လုပ်စရာရှိတာ ဆက်လုပ်ပါတယ်။ “ခရစ်ယာန်ဘာသာက ဗုဒ္ဓဘာသာကို လှူလို့ မရဘူးလို့ ဘယ်သူမှ မပိတ်ပင်ထားဘူးလေ” လို့ မစုက ဆိုပါ တယ်။
မစုဟာ အမုန်းစကားနဲ့ အစွန်းရောက် ပြောစကားတွေကို မကြိုက်နှစ်သက်သောသူတစ်ဦးလည်း ဖြစ်သလို ကိုယ်ကိုယ်တိုင် လည်း အမုန်းစကားကို ဖြန့်ဝေတဲ့သူ မဟုတ်ပါဘူး။
မစုတို့ လင်မယားဟာ ခရစ်ယာန် ဘာသာဝင်ဖြစ်ကြပေမယ့် သားသမီးတွေ အရွယ်ရောက်လာရင် ခရစ်ယာန်ဘာသာဝင် အဖြစ် ခံယူချင်လည်း ရသလို ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူချင်လည်း ရတယ်လို့လည်း ခွင့်ပြုထားပါတယ်။
“ပိတ်ပင် တားဆီးမှာ မဟုတ်ဘူး။ သူတို့ ယုံကြည်ရာကို ရွေးချယ်လို့ ရတယ်။ ခွင့်ပြုတယ်” လို့ မစုက သူမရဲ့ သားသမီးတွေ အပေါ် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုပေးတဲ့ သဘောထားကို ပြောပြပါတယ်။
စစ်အာဏာမသိမ်းခင်တုန်းကဆိုလည်း ရပ်ကွက်ထဲမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အသံမစဲ ပဌာန်းပွဲကို ကျင်းပလေ့ ရှိပါတယ်။ ပဌာန်းပွဲ ဖြစ်မြောက်နိုင်ဖို့ ဆန်၊ ဆီ၊ ဆား၊ သင်္ကန်း၊ ပိုက်ဆံ စတဲ့ လှူဖွယ်အစုစုကို တတ်နိုင်သလောက် ဘယ်သူ မဆို စိတ်တိုင်းကျ ပါဝင်လှူဒါန်းနိုင်ဖို့ မစုဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ အလှူလိုက်ခံလေ့ ရှိကြပါတယ်။
မစုဟာလည်း ပဌာန်းရွတ်ဖတ် ပူဇော်ခြင်းဟာ ရန်အပေါင်းရဲ့ ဘေးအန္တရာယ်က ကင်းလွတ်တယ်လို့ လက်ခံယုံကြည်တာ ကြောင့် ပဌာန်းကို ရွတ်ဖတ်တဲ့ ဘုန်းကြီးတွေကို ဆွမ်း၊ ခဲဖွယ် စတဲ့ ဝတ္ထုငွေတွေကိုလည်း ကပ်လှူခဲ့ပါတယ်။
ဒါ့အပြင်လည်း ပွဲမှာ ကျွေးမွေးဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး စတာတွေကို ခွာတာ၊ ကူတာ၊ ဆန် ရေဆေးကူတာတွေ ကို ရပ်ကွက်ထဲက ဗုဒ္ဓဘာသာဝင် ဒေသခံ အမျိုးသမီးတွေနဲ့ အတူဝိုင်းလုပ်ခဲ့ပါတယ်။
ဒါတင်မကာပါဘူး။ ပဌာန်းတရားတော်ကို သွားရောက် နားထောင်တာမျိုးလည်း ရှိသလို လော်စပီကာနဲ့ ဖွင့်တာကြောင့် အိမ် မှာနေပြီး ထမင်း၊ ဟင်း ချက်ရင်းနဲ့ နားထောင်ပြီး ဖြစ်နေတာပါ။ အမျှဝေတဲ့ အခါမျိုးမှာလည်း သာဓုအမြဲခေါ်ဖြစ်တယ်လို့ ဆိုပါတယ်။
အကောင်းမမြင်တဲ့ ပတ်ဝန်းကျင်တွေကို လျစ်လျူရှုခဲ့တာက မစုအတွက် ပိုအဆင်ပြေပါတယ်။ “ခရစ်ယာန်မို့လို မခေါ်ဘူးဆို တာလည်း မရှိဘူး။ ပျော်ပျော်ပါးပါးပဲ လှုပ်ရှားသွားလာကြတယ်” လို့ မစုက ရပ်ကွက်ထဲမှာ ဗုဒ္ဓဘာသာဝင်နဲ့ အတူယှဥ်တွဲ နေထိုင်ပုံကို ပြောပါတယ်။
မစုနဲ့ အိမ်နီးနားချင်းလည်း ဖြစ်သလို သွားအတူ၊ လာအတူဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူ မသဲသဲကလည်း “ဘာသာ မတူတော့ မပေါင်းဘူး။ မခေါ်ဘူးဆိုတာ မရှိဘူး။ တခါတလေ ကျမ အိမ်က အဆင်မပြေတဲ့ အခါဆို သူကဆန်တွေ၊ ဟင်း ချက်စရာတွေ ပေးပြန်တာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မစုတို့ နေထိုင်တဲ့ ရပ်ကွက်ဟာ ခရစ်ယာန် ဘာသာဝင်၊ ဗုဒ္ဓ ဘာသာဝင်၊ နတ်ကိုးကွယ်သူ စတဲ့ ဘာသာမတူဘဲ အတူနေထိုင် ကြပါတယ်။
ဘာသာမတူတာကို အပြစ်ပြောနေသူ တစ်ယောက်စ နှစ်ယောက်စ ရှိပေမယ့် အကုန်လုံးက လျစ်လျူရှူကာ ပြဿနာမဖြစ် အောင် အချင်းချင်း သည်းခံ၊ နားလည်ပြီး ပေါင်းသင်းနေထိုင်ကြတာကြောင့် ရန်ဖြစ် စကားများတာတွေတော့ မစု သိတတ်တဲ့ ကတည်းက ယနေ့အချိန်ထိတော့ မရှိသေးပါဘူး။
မစုလို တခြားဘာသာကို လေးစားတန်ဖိုးထားတဲ့ထဲမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ အသက် (၂၅) နှစ်အရွယ် မအေးခိုင် လည်း ပါဝင်ပါတယ်။ သူဟာ ဟိုပုံးမြို့မှာနေထိုင်ပြီး တောင်ယာလုပ်ငန်းနဲ့ မိဘတွေကို ရှာဖွေကျွေးမွေး စောင့်ရှောက်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။
မအေးခိုင်တို့ မိသားစုဟာ ဘိုးဘွား အစဥ်ဆက်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် မအေးခိုင် ပညာသင်နေ အရွယ် (၅) တန်းတက် ကလေးအရွယ်မှာ မိဘက ဟိုပုံးမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ ကျောင်းပညာသင်ဖို့ စေလွှတ် ခဲ့ပါတယ်။
မိဘက ခရစ်ယာန်ဘုရားကျောင်းမှာ စာသင်ဖို့ လွှတ်တဲ့အချိန်မှာ ကျေးရွာမှာရှိတဲ့ ဒေသခံတချို့ရဲ့ ဝေဖန်ဒဏ်ကိုတော့ ရင်ဆိုင် ရပါသေးတယ်။ “မကျွေးနိုင်ရင် ဗုဒ္ဓပရဟိတ ကျောင်းထားပါလား။ သူများ (ခရစ်ယာန်) ဘာသာထဲ ဝင်အောင် ဆွဲဆောင်နေ တာ” စတဲ့ အမုန်းစကား ဝေဖန်တဲ့ ဒဏ်ကိုတော့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင်လည်း ခရစ်ယာန်ဘာသာတွေနဲ့ ပတ်သက်တဲ့ အနုတ်လက္ခာဆောင် ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေ၊ သွေးထိုးပြောဆို မှုတွေ အမုန်းပွားစေမယ့် တစ်ဖက်သတ်ပြောဆိုမှုတွေကိုလည်း ကြုံတွေရင်ဆိုင်ခဲ့ရဖူးပါတယ်။
ဒါပေမယ့် မအေးခိုင်ဟာ ပြင်းထန်တဲ့ဝေဖန်သံတွေကို လျစ်လျူရှုပြီး ဝေဖန်ပြစ်တင်တဲ့ ပတ်ဝန်းကျင်ထင်သလို မဟုတ် ကြောင်းကို သက်သေပြဖို့ဘဲ စဥ်းစားပြီး ပြဿနာကို အေးအေးချမ်းချမ်းဘဲ ဖြေရှင်းခဲ့ပါတယ်။
မအေးခိုင် အဲဒီကျောင်းကို ရောက်လာတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင် ကလေး (၆) လောက်ရှိပြီး ခရစ်ယာန် ဘာသာဝင်ကလေး (၁၄) ယောက်ရှိပါတယ်။ ဘာသာချင်းမတူပေမယ့် ရန်ဖြစ်တာ၊ စကားများတာတွေလည်း မရှိကြပါဘူး။ “ ကျောင်းသွားရင် အချင်းချင်းတောင် ကာကွယ်ပေးသေးတယ်” လို့ မအေးခိုင်က အရင်အချိန်က နေထိုင်ကြပုံကို ပြပါတယ်။
သူတို့ဟာ ခရစ်ယာန် ဘုရားကျောင်းမှာ နေထိုင်ပြီး နေ့ဘက်တွေမှာ အစိုးရ ကျောင်းပညာရေးကို သွားရောက် သင်ယူပါ တယ်။ ကျောင်းကနေ ပြန်ရောက်လာပြီဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ မအေးခိုင်တို့ အုပ်စုအပါအဝင် ကျောင်းမှာရှိတဲ့ ကလေးတွေ အကုန်လုံးက သန့်ရှင်းရေးလုပ်ပြီးရင် ညနေစာ စားသုံးကြပါတယ်။
နာရီဝက်နားပြီး အယောက်တိုင်းလိုလို ဘုရားရှိခိုးပြီး၊ ဘုရားအား ချီးမြှောက်သည့် တေးသီချင်းများ ပျော်ပျော်ရွှင်ရွှင်ဆိုပြီး ဆုတောင်းမှုတွေ ပြုလုပ်ကြတာပါ။
“ရောက်ခါစက လိုက်မဆိုတတ်ဘူး။ ဒူးထောက်ရတော့ ခြေထောက်နာ၊ ဝတ်မပြုချင်ဘူးဆိုတာတော့ မရှိခဲ့ဘူး” လို့ မအေးခိုင် က ဆိုပါတယ်။
ဒါ့အပြင်လည်း ပတ်ဝန်းကျင်က ပြောဆိုခဲ့သလို ခရစ်ယာန်ဘာသာဝင်ဟာ ဘုရားမရှိ တရားမသိ ခရစ်ယာန်ဘာသာထဲဝင် အောင် မြူဆွယ်နေတယ်ဆိုတာတော့ မအေးခိုင်တွက်က လုံးဝ မမှန်ကန်ခဲ့ချေ။
“ညတိုင်းဝတ်ပြုရတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာထဲ ဝင်ရမယ်ဆိုတာလည်း မရှိ။ ယုံကြည်ရာဘာသာကို ကိုးကွယ်လို့ ရတယ်။ ဘာမှ မပိတ်ပင်ထားခဲ့ဘူး” လို့ မအေးခိုင်က ဆိုပါတယ်။
လက်ရှိအချိန်ထိ မအေးခိုင်ဟာ ငယ်ငယ်က နေခဲ့ဖူးတဲ့ ခရစ်ယာန်ဘုရားကျောင်းကို သွားရောက်တဲ့အပြင် ရက်ကြီးခါကြီး ဖြစ်တဲ့ ခရစ်စမတ်နေ့တွေလိုမှာလည်း ခရစ်ယာန်ဘုရားကျောင်းမှာ သွားရောက်ပြီး သီချင်းဆိုကြ၊ ဝတ်ပြုကြတာတွေ ပြုလုပ်ပါ တယ်။
ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေနဲ့လည်း တူတူသွား၊ တူတူလာ လုပ်သည်မှာ ယနေ့အချိန်ထိပါပဲ။
“မတူလို့ မပေါင်းရဘူးလို့ မပြောထားဘူးလေ။ ကျမတို့ကတော့ ချစ်ချစ်ခင်ခင် နေသွားမှာပဲ” လို့ မအေးခိုင်က ပြုံးပြုံးလေးနဲ့ ဆိုလိုက်ပါတယ်။
“အမုန်းစကားတွေ၊ ဝေဖန်သံတွေကို လိုက်ပြီး နားထောင်နေမယ် လိုက်ခံစားနေမယ်ဆိုရင် နေစရာလည်း မရှိဘူး။ ကုသိုလ် လည်း ရမှာမဟုတ်ဘူး။ အစွန်းမရောက်တော့ ကောင်းတာပေါ့။ မတူရင် မပေါင်းနဲ့ဆိုတဲ့ စကားက ဒီနေရာမှာ ကျမတွက် အရမ်းမှားတယ်” လို့ မစုက ခပ်ပြတ်ပြတ်ဆိုလိုက်ပါတယ်။