Home ဆောင်းပါး ထမင်းကို ဆားနဲ့စားပြီး အလုပ်ကိုတော့ အားနဲ့ဆက်လုပ် နေရတော့မှာပဲ

ထမင်းကို ဆားနဲ့စားပြီး အလုပ်ကိုတော့ အားနဲ့ဆက်လုပ် နေရတော့မှာပဲ

သန့်ရှင်းထွန်း။ ။

လူနေရပ်ကွက်လို့တောင် မထင်ရဘဲ ရွံ့ဗွက်တွေကြားမှာ တည်ဆောက်ထားတဲ့ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် တိုက်တန်းရဲ့ အလယ်ခန်းမှာ ဒေါ်မိညိုတို့ မိသားစုနေထိုင်လာတာ ငါးနှစ်ကျော်ရှိပါပြီ။

ဆေးရောင်တွေပြယ်ပြီး မွဲပြာကျနေတဲ့ သူ့ရဲ့တိုက်ခန်းဟာ သွပ်မိုးထားပေမယ့် ဆွေးမြေ့နေတဲ့ သွပ်ပြားအပေါက်တွေက မိုးရွာ ရင် မိုးယိုပါတယ်။ အဲဒီတိုက်ခန်းက ဒေါ်မိညိုတို့ အပိုင်တိုက်ခန်းမဟုတ်ဘဲ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းရေး ဝန်ထမ်းတွေကို နေထိုင်ဖို့ ပေးထားတဲ့နေရာဖြစ်ပါတယ်။

“ ဒီလိုကျောတစ်ခင်းစာရဖို့အတွက်ကမလွယ်ပါဘူး။ မိုးယိုပေမယ့် နေရတာပဲ၊ နေလို့လုံးဝအဆင်မပြေတဲ့ရက်တွေဆို တခြား အခန်းကို ပြောင်းနေကြတယ် ” လို့ ဒေါ်မိညိုက ပြောပြပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်မိညိုဟာ မြို့သန့်ရှင်းရေး အလုပ်ကိုလုပ်နေတဲ့ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်လကို လစာကိုးသောင်းဝန်းကျင်ရရှိတဲ့ လစာနည်း နေ့စားဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

သူ့မှာ သက်ကြီးရွယ်အိုမိခင်တစ်ဦးနဲ့ သားသမီးသုံးဦးရှိပြီး ခင်ပွန်းသည်ကတော့ ဆုံးပါးခဲ့ပြီဖြစ်ပါတယ်။

စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်တစ်ခုဖြစ်တာနဲ့အညီ နေထိုင်တဲ့ လူဦးရေမှာလည်း ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ နှစ်သိန်းသုံးသောင်းကျော်ရှိပြီး လူတွေရဲ့စွန့်ပစ်အမှိုက်တန်ချိန်ဟာ တစ်ရက်ကို တန်၈၀ထိ ထွက်ရှိနေပါတယ်။ အဲဒီလိုနေ့စဉ် နှင့်အမျှ ထွက်ရှိနေတဲ့ အမှိုက်တွေကို သိမ်းဆည်းနေရတဲ့သူတွေကတော့ ဒေါ်မိညိုလို သန့်ရှင်းရေးဝန်ထမ်းတွေဖြစ်ပါတယ်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ခန့်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေထဲမှာ မြို့ကိုပတ်ပြီး တံမြက်စည်းနဲ့မြို့အနှံ့လိုက်ပြီး ရှင်းလင်းနေတဲ့ဝန်ထမ်းနှင့် စွန့်ပစ်အမှိုက်တွေကိုရှင်းလင်းပြီး ကားတွေနဲ့သယ်ယူတဲ့အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။

ဒီအထဲမှာ အမျိုးသမီးအများစုက မြို့ပတ်တံမြက်စည်းလှဲသူတွေဖြစ်ပြီးတော့ အမျိုးသားတွေကတော့ ကားတွေနဲ့ အမှိုက်သယ် ယူတာကို လုပ်ဆောင်ကြရတယ်လို့ ဒေါ်မိညိုက ပြောပြပါတယ်။

“ အလုပ်က မနက် ၇ နာရီမှာစတင်တယ်။ ညပိုင်းမှ ရပ်နားရတယ်။ နေပူမိုးရွာဆိုတာမရှိဘူး။ တစ်ရက်မလုပ်ရင် လုပ်ခတစ်ရက် စာ အဖြတ်ခံရတယ်”လို့ ဒေါ်မိညိုက ပြောပါတယ်။

တကယ်တော့ ဒေါ်မိညိုဟာ စစ်တွေမြို့ခံတစ်ဦးမဟုတ်ဘဲ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာ ရသေ့တောင် မြို့နယ် ကနေ ပြောင်းရွေ့နေထိုင်လာသူတစ်ဦးဖြစ်ပါတယ်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှာ သန့်ရှင်းရေးဝန်ထမ်းစလုပ်ချိန်က ပုပ်သိုး၊ နံစော်နေတဲ့ အမှိုက်တွေကြောင့် အနံ့မခံနိုင်ဘဲ ခေါင်းမူးတာတွေဖြစ်ခဲ့တယ်လို့ သူကပြောပြပါတယ်။

“ ဘယ်တတ်နိုင်မလဲ ၊ ဝင်ငွေရတဲ့အလုပ်လေးတစ်ခုရတာကို သည်းခံပြီးလုပ်ခဲ့ရတာပေါ့”လို့ ဒေါ်မိညိုက အားတင်းပါတယ်။

အဲဒီလို သည်းခံလုပ်လာရင်းနဲ့ အချိန်ကြာလာတဲ့အခါ စွန့်ပစ်အမှိုက်တွေက နံစော်နေတဲ့ အနံ့တွေဟာ သူ့အတွက် ရိုးသွားခဲ့ပြီလို့ ပြောပါတယ်။

မိသားစုဝမ်းရေးအတွက် သန့်ရှင်းရေးအလုပ်ကို လုပ်နေရတဲ့ ဒေါ်မိညိုအဖို့ တစ်လကိုရတဲ့ လစာငွေဟာ ကိုးသောင်းကျပ်သာ ဖြစ်တဲ့အတွက် ဆန်တစ်အိတ်ဖိုးသာရရှိနေပြီး ထမင်းကို ဆားဖြူးပြီးစားရတဲ့နေ့တွေလည်း မနည်းတော့ဘူးလို့ ဒေါ်မိညိုက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာ အလုပ်သမားတစ်ဦးကို တစ်ရက်မှာ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ သတ်မှတ် ထားပေမယ့် ဒေါ်မိညိုတို့လို သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဟာ တစ်ရက်ကို သုံးထောင်ဝန်းကျင်သာ ရရှိနေပါတယ်။

အဲဒီလို မလောက်မင ရရှိတဲ့ငွေနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းတဲ့အခါ မလုံလောက်တာကြောင့် အကြွေးတင်တာ၊ အသား ငါးမပါဘဲ ထမင်းစားရတဲ့ရက်များလာတယ်လို့ ဒေါ်မိညိုက ညည်းပါတယ်။

လုပ်ခလစားနည်းပြီး မိသားစုစားဝတ်နေရေး အဆင်မပြေတော့တဲ့ ဒေါ်မိညိုဟာ အမှိုက်ပုံထဲက ဘီယာဗူးခွံ၊ ပုလင်းခွံတွေကို ရှာဖွေပြီး ရောင်းချရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ တခြားဝန်ထမ်းတွေကလည်း ကိုယ့်လိုလူတွေချည်းဖြစ်တော့ အမှိုက်ပုံထဲက ဗူးခွံ၊ ပုလင်းခွံတွေ ရှာရတာတောင် မလွယ်လှ ဘူး” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာမှုက ဒေါ်မိညိုတို့လို လုပ်ခနည်း ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုအကြီးမားဆုံး ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိရခိုင်မှာ အခြေခံလူတန်းစားတွေစားတဲ့ ဆန်တစ်အိတ်ကို အနည်းဆုံးငါးသောင်းကျပ်ရှိနေပြီး အရင်က တစ်လီတာကို နှစ်ထောင်ကျော်သာရှိတဲ့ စားအုန်းဆီဟာ လက်ရှိမှာ တစ်လီတာကို ငါးထောင်ကျော်ထိ ဈေးတက်နေပါတယ်။

“ ထမင်းဖြူကိုဆီနဲ့ဆားဖြူးပြီး ကလေးတွေကို ကျွေးဖို့တောင်ဆီမဝယ်နိုင်ဘူး”လို့ နောက်ထပ် သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်မသောင်းက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေတက်ပြီး လူတိုင်းအဆင်မပြေဖြစ်နေတဲ့အချိန်မှာ ဈေးဆိုင်တွေက အကြွေးဝယ်ယူရမှာကို မဝံ့မရဲဖြစ် လာပေမယ့် တောင်းပန်ပြီးတော့ အကြွေးဝယ်နေရတယ်လို့ ဒေါ်မသောင်းက ဆိုပါတယ်။

အလားတူပဲ လူတွေစွန့်ပစ်ထားတဲ့ မသန့်ရှင်းတွေ အမှိုက်တွေထဲမှာ ရောဂါပိုးမွှားတွေ ပါဝင်မှာကို စိုးရိမ်ရပေမယ့် လက်အိတ်တချို့ကို အသုံးပြုကိုင်တွယ်ကြတယ်လို့ သန့်ရှင်းရေးဝန်ထမ်း ဒေါ်အေးငြိမ်းက ပြောပြပါတယ်။

“တခါတလေကျတော့လည်း လက်အိတ်တွေ ဘာတွေမစွပ်ဘဲ ဒီတိုင်းကိုင်လိုက်ရတာရှိတယ်”လို့ ဒေါ်အေးငြိမ်းက ပြောပါတယ်။

အဲဒီလို မသန့်ရှင်းတဲ့အမှိုက်တွေ လက်အိတ်မပါဘဲ ထိမိတဲ့ရက်တွေမှာဆို နေအိမ်ပြန်ရောက်ရင် သားသမီး မိသားစုတွေနှင့် မတွေ့ခင် ရေချိုးတဲ့အလုပ်ကို အရင်ဆုံးလုပ်ရတယ်လို့ ဒေါ်အေးငြိမ်းက ပြောပြပါတယ်။ ရေချိုးတဲ့ အချိန်မှာလည်း ရွှေဝါဆပ်ပြာကလွှဲလို့ တခြားဆပ်ပြာတွေ မသုံးစွဲနိုင်ဘူးလို့ သူ့ရဲ့လူမှုဘဝ အခြေနေကို ပြောပြပါ တယ်။

လူတကာ စွန့်ပစ်တဲ့အမှိုက်ကို မြို့အနှံ့လိုက်လံသန့်ရှင်းရေးလုပ်ပေးနေတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတာကတော့ လုံးဝသန့်ရှင်းမှုမရှိတဲ့ နေရာဖြစ်နေပါတယ်။

ရွံ့ဗွက်တွေ ထူနေတဲ့အတွက် ခြင်တွေပေါက်ပြီး ခြင်ကတဆင့်ဖြစ်ပွားတတ်တဲ့ ရောဂါတွေကိုလည်း ဒေါ်အေးငြိမ်းတို့လို မိသားစုတွေက မကြာခဏခံစားနေရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ လုပ်ခလစာက ဒေါ်အေးငြိမ်းတို့ မိသားစုအတွက် ကျန်းမာရေး ကိစ္စကို မဖြေရှင်းနိုင်ဘူးလို့ ပြောပါတယ်။

“နေမကောင်းဖြစ်ရင် အခမဲ့ကုပေးတဲ့ ဆေးခန်းကိုပဲ သွားရတယ်”လို့ ဒေါ်အေးငြိမ်းက ပြောပါတယ်။

စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှာ လုပ်နေကြတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေဟာ အနယ်နယ်အရပ်ရပ်ကနေ ရွေ့ပြောင်း လာကြတာဖြစ်တဲ့အတွက် အကူညီတောင်းခံဖို့ ဆွေမျိုးဆိုတာလည်းမရှိဘဲ အခက်ခဲကြုံလာရင် အချင်းချင်းကူညီနေကြရ တယ်လို့ ဒေါ်မသောင်းက ဆက်ပြောပါတယ်။

တနေ့လုပ်အားခ ၄,၈၀၀ ဟာ လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းနှင့် မကိုက်ညီလို့ လုပ်ခလစာတွေ တိုးမြင့်ပေးဖို့ ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်က တောင်းဆိုခဲ့ပေမယ့် ရခိုင်ပြည်မှာတော့ အဲဒီလို တောင်းဆိုမှုတွေပြုလုပ်တာ မတွေ့ရသေးပါဘူး။

ဒီမိုကရေစီခေတ်မဟုတ်ဘဲ စစ်အာဏာသိမ်းထားမှုက အခြေခံလူတန်းစားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လမ်း ပေါ်ထွက် တောင်းဆိုဖို့ အဆင်မပြေဘူးလို့ ရခိုင်လူ့အခွင့်အရေးမြင့်တင်မှုအဖွဲ့က ဒါရိုက်တာဦးမြတ်ထွန်းက ပြောပါတယ်။

“ အာဏာသိမ်းပြီးနောက်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေက ပိုများလာတယ်” လို့ ဦးမြတ်ထွန်းက ဆိုပါတယ်။

အလားတူပဲ စစ်တွေမြို့မှာရှိတဲ့ အမျိုးသမီးတချို့ဟာ ကုန်တင်ယာဉ်ပေါ်က ပစ္စည်းတွေ ထမ်းချတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်လာကြရတာလည်း ရှိနေပါတယ်။ သူတို့ကတော့ ကုန်ကားအဝင်ရှိတဲ့နေ့တွေမှာ အဆင်ပြေကြ ပေမယ့် ကုန်ကားအဝင်မရှိတဲ့ ရက်တွေမှာဆို အလုပ်မလုပ်ရဘူးလို့ ကုန်တင်ကုန်ချလုပ်နေတဲ့ ဒေါ်စန္ဒာက ပြောပါ တယ်။
မောင်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကလည်း လုပ်ခလစာနည်းနေတဲ့ ဝန်ထမ်းတွေ အတွက် လစာတိုးမြင့်ပေးရေးတိုက်တွန်းဖို့ သက်ဆိုင်ရာလွှတ်တော်တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

“ အာဏာသိမ်းမှုကအရာရာကို ဆိတ်သုန်းသွားစေတယ်”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်မိညိုလို စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကတော့ ထမင်းကို ဆားနဲ့စားပြီး အလုပ်ကိုတော့ အားနဲ့ဆက်လုပ် နေရတော့မှာပဲလို့ ညည်းတွားနေကြပါတယ်။

Author:

Related Articles