Home ဆောင်းပါး စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးရဲဘော်

စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးရဲဘော်

ခင်ဘုန်းမို့။ ။

တာလပတ်စတွေမိုးထားပြီး ဝါးနဲ့ဆောက်လုပ်ထားတဲ့ မြေစိုက်အဆောက်အအုံငယ်လေးထဲမှာ ပြောက်ကျား ယူနီ ဖောင်းဝတ်ထားတဲ့ အမျိုးသမီးတစ်ဦး အလုပ်ရှုပ်နေပါတယ်။ သူ့ဘေးပတ်ပတ်လည်မှာတော့ ယူနီဖောင်းဝတ်စုံ သုံးလေးစုံ၊ ကျောပိုးအိတ်လေးတွေ၊ အပ်ချည်ကြိုး၊ အပ်၊ ကတ်ကြေးစတာတွေ ပြန့်ကျဲနေတယ်။

ဒီအမျိုးသမီးဟာ ရဲဘော်တွေရဲ့ ယူနီဖောင်း ဘက်တံဆိပ်လေးတွေ တပ်ပေးတာ၊ ရဲဘော်တွေရဲ့ စုတ်ပြဲနေတဲ့ ကျော ပိုးအိတ်လေးတွေကို ပြန်ဖာထေး ချုပ်လုပ်ပေးနေတာပါ။

တချိန်က လူကြီး၊ လူငယ်တွေဝတ်ဖို့ ဝတ်စုံလှလှလေးတွေ ချုပ်နေကြ လက်တစ်စုံပိုင်ရှင်ဟာ ဘယ်နေရာ ရောက် ရောက် သူ့ရဲ့ဝါသနာကို မေ့ထားလို့မရခဲ့ပါဘူး။ အရင်က ဖက်ရှင်ဒီဇိုင်နာ သင်တန်းသူတစ်ဦးဖြစ်ခဲ့တဲ့ အမျိုးသမီး ငယ်ဟာ တောထဲမှာ စစ်သင်တန်းတက်ဖို့ရောက်နေချိန်မှာလည်း သူ့ဝါသနာနဲ့စခန်းအတွက် လိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးနေပါတယ်။

သူကတော့ အသက် (၃၂) နှစ်အရွယ် နွယ်တစ်ပင်ပါ။ နွေဦးတော်လှန်ရေးမှာ ဘာသာပေါင်းစုံက လူငယ်လူကြီးတွေ ပါဝင်လာကြတာကိုတွေ့ရတယ်။ ဒီအထဲမှာ အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပါတယ်။ နွေဦးတော်လှန်ရေး ကာလအတွင်း အစ္စလာမ်ဘာသာဝင် ကျဆုံးအာဇာနည်သူရဲကောင်း (၆၇) ဦးရှိခဲ့တယ်လို့ နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင် တစ်ဦးဖြစ်တဲ့ နွယ်တစ်ပင်လည်း တော်လှန်ရေးတာဝန်တွေကို ပုခုံးထမ်းခဲ့ပါ တော့တယ်။

စစ်အာဏာမသိမ်းခင်က ရူပဗေဒမေဂျာနဲ့ကျောင်းပြီးထားတဲ့ နွယ်တစ်ပင်တစ်ယောက် ဘွဲ့ရပြီးနောက်မှာ အိမ်ရဲ့စီး ပွားရေးဖြစ်တဲ့ အထည်ဆိုင်မှာကူလုပ်ပေးကာ ဝါသနာပါတဲ့ ဒီဇိုင်နာသင်တန်းတက်ရင်း ဘဝကို အေးအေးချမ်း ချမ်းဖြတ်သန်းနေခဲ့တာပါ။

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အနာဂါတ်ဟာ ရုတ်ချည်းမှောင်မိုက်သွားခဲ့တယ်။ ညတိုင်းအိပ်မက်ဆိုးတွေ နဲ့ လုံးထွေးသတ်ပုတ်ရပြီး သတင်းဆိုးသယ်ဆောင်လာတဲ့ မနက်ခင်းတွေနဲ့နိုးထရတယ်။ အဲ့ဒီနောက် နိုင်ငံသား တာဝန်ကျေချင်တာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ကာ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့ တယ်။

မိဘတွေက မိန်းကလေးဖြစ်တဲ့အတွက် စိတ်ပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြပွဲတွေမှာမပါဝင်ဖို့ ကန့်ကွက် ခဲ့ကြတယ်။ တားမရတဲ့အဆုံး မုန့်ဖိုးမပေးတဲ့အပြစ်ကို ပေးတယ်။ နွယ်တစ်ပင်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး အတွက် မိဘစကားကို ဒီတစ်ကြိမ်တော့ ဖယ်ရှားခဲ့ပြီး ဗိုက်ဟောင်းလောင်းနဲ့ လော်စပီကာတစ်ခုကိုင်ကာ ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့တယ်။ မိသားစုက သံပုံးတီးတာကအစ မကြိုက်ကြတာကြောင့် သံပုံးဆွဲပြီး လမ်းပေါ်ထွက်တီးခဲ့ သေးတယ်။

“ကိုယ့်ကိုကိုယ် လွန်တယ်တော့ မထင်ဘူး။ ကိုယ့်အတွက်မဟုတ်ဘူးလေ။ ကိုယ့်တိုင်းပြည်အတွက် လုပ်နေတာ။ မှားတယ်မထင်မိဘူး” လို့ နွယ်တစ်ပင်က သူ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟတယ်။

အဲ့ဒီနောက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အပြစ်မဲ့ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်တာတွေ ကို မျက်ဝါးထင်ထင်မြင်လာရတယ်။ ဒီလိုအသက်ဆုံးရှုံးတာတွေ မြင်လာ၊ ကြားလာရတော့ ကိုယ့်ကိုကိုယ် လိပ် ပြာမလုံတော့သလို ကျူးလွန်သူတွေအပေါ်မှာလည်း အခဲမကျေစိတ်တွေ ဖြစ်ခဲ့ရတယ်။

ကြွေလွင့်သွားတဲ့သူတွေကိုလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းကြောင်းလေးရေးပြီး လေထဲမှာဝမ်းနည်းပြနေ ရတာက နွယ်တစ်ပင်အတွက်တော့ အဆင်မပြေခဲ့ဘူး။ အရေးတော်ပုံအောင်ရမယ်လို့ ကြွေးကြော်နေရုံနဲ့ တော် လှန်ရေးကြီးက ပြီးသွားမှာမဟုတ်ဘူးဆိုတာ သိလာရတဲ့အခါမှာတော့ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ တယ်။ အဝတ်အစားသုံးစုံ၊ စောင်အပါးလေးနှစ်ထည်ကို ကျောပိုးအိတ်ထဲထိုးထည့်ကာ လူကြီးတွေမရှိတုန်း အိမ် က ခိုးထွက်ခဲ့တယ်။

“အုတ်နံရံမှန်းတော့သိတယ်။ ခေါင်းမာလို့တိုက်နေတာမဟုတ်ဘူး။ အသည်းမာလို့တိုက်နေတာ။ ဒီစနစ်ကို အပြီး တိုင်တိုက်မှဖြစ်မှာမို့ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမယ့် ဆီဖြစ်မယ့်အထဲမှာ၊ နှမ်းစေ့မြောက်များစွာထဲမှာ ကိုယ်ပါဝင် ခွင့်လေးတော့ ရချင်မိတယ်”လို့ နွယ်တစ်ပင်က သူ့ခံယူချက်ကိုပြောတယ်။

အဲ့ဒီနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်သင်တန်းတက်ဖို့ တောထဲကိုရောက်လာခဲ့တယ်။ သင်တန်းကာလ တလျှောက်လုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ချမ်းအေးလွန်းတဲ့မနက်တွေမှာ အစောကြီးထပြီး လေ့ကျင့် ရေးတွေ ဆောင်ရွက်ခဲ့ရတယ်။

မနက်လေးနာရီဆိုထရတယ်။ ညဘက်တွေ အေးလွန်းတာကြောင့် တော်တော်နဲ့အိပ်မပျော်တဲ့အတွက် မနက်ကို လူက မထချင်၊ ထချင်နဲ့ မနည်းထပြီး အိပ်ရာကို သေသေသပ်သပ်ခေါက်၊ ခေါက်ထားတဲ့စောင်ပေါ်မှာ လက်ချာ စာအုပ်နဲ့ ဘောပင်ကို ညီညီညာညာ တင်ထားရတယ်။ မညီရင် ဒဏ်ပေးခံရတယ်။

အဝတ်အစားအမြန်လဲ ခေါင်းဖြီးချိန်ကမရတဲ့အတွက် ဆံပင်ရှည်ကိုကျစ်နေအောင် ညထဲကစည်းထားရတယ်။ လေ့ကျင့်ကွင်းထဲမှာ သင်တန်းဆရာ ခရာမှုတ်ချိန်အမှီ အပြေးတန်းစီရတယ်။ ပြီးရင် PT ပြေး။ လေ့ကျင့်ခန်းလုပ်၊ ခဏနား၊ မနက်စာစား၊ နေ့လည်ဘက်လည်း နေ့လည်စာစား လေ့ကျင့်ရေးလုပ်၊ ညနေအထိ တစ်နေ့တာကို ဖြတ် သန်းရတယ်။ ဆောင်းတွင်း ရေအေးအေးတွေကို ချိုးရတယ်။ ညခြောက်နာရီကနေ (၈) နာရီအထိက lecture ချိန်ဖြစ်တယ်။

ပြီးရင် ခဏနားပြီး ညကင်းစောင့်ဖို့ တာဝန်ကျတဲ့နေ့ဆိုစောင့်၊ မရှိတဲ့နေ့ဆိုအိပ်နဲ့ စစ်သင်တန်းကာလတွေကို ဖြတ် ကျော်ခဲ့တယ်။

“အမှောင်ကြောက်တဲ့ ကျွန်မ တောကြီးထဲ တုန်တုန်ယင်ယင်နဲ့ ရသမျှဘုရားစာ အကုန်ရွတ်ပြီး ဂျူတီချိန်ကို လက်သီးဆုပ် ချမ်းအေးလွန်းလို့ အံကြိတ်ပြီးကျော်ဖြတ်ရတယ်”လို့ နွယ်တစ်ပင်က သူ့အတွေ့အကြုံကို ပြောတယ်။

စစ်သင်တန်းရဲ့ နောက်ထပ်လေ့ကျင့်ရေးကတော့ သေနတ်ကို ကိုယ်နဲ့မကွာ ဆောင်ရတာပါပဲ။ သေနတ်ကို ကိုယ်နဲ့ မကွာ ဆောင်ထားရသလို သေနတ်အခိုးမခံရအောင်လည်း ထိန်းသိမ်းရတယ်။ ညဘက်ဆိုဆရာတွေက မိန်းက လေး အဆောင်ကလွဲပြီး အဆောင်ထဲဝင်ပြီး သေနတ်ခိုးတယ်။ မနက်ရောက်လို့ ကိုယ့်မှာသေနတ်မရှိဘူးဆိုရင် ဆရာတွေဆီမှာ အပြစ်တစ်ခုခုပေးခံရပြီး ကိုယ့်သေနတ်ကိုယ် သွားရွေးရတယ်။ ပြစ်ဒဏ်တွေကတော့ ကွင်းပတ် ပြေးရတာ၊ ဒိုက်ထိုးရတာ၊ ဖားခုန်တာ စတာတွေဖြစ်တယ်။

နွယ်တစ်ပင်တစ်ယောက်လည်း သင်တန်းကာလတလျှောက်လုံး သေနတ်နဲ့ပတ်သက်ပြီး ပြစ်ဒဏ်မကျဘူး ထင်ခဲ့တာ။ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက သေနတ်ခိုးသွားတာကြောင့် အပြစ်ပေးခံရပါသေးတယ်။

အဲ့ဒီနေ့ကစပြီး အိမ်သာသွားလည်းသေနတ်၊ ရေချိုးသွားလည်းသေနတ်၊ ထမင်းစားလည်းသေနတ်လွယ်၊ ဘယ် သွားသွား သေနတ်ကိုအပျောက်မခံရဲဘူး။ ညညဆိုလည်း သေနတ်ကို ဘယ်နေရာဖွက်ရမလဲ နေရာရှာရတာ အလုပ်တစ်ခုဖြစ်လို့ ဘာလုပ်လုပ်သေနတ်ပါမှ လုပ်တတ်တော့တယ်လို့ နွယ်တစ်ပင်က ရယ်ရင်းဆိုတယ်။ လက် ပစ်ဗုံး ပစ်တဲ့နေ့တွေဆိုလည်း သတ်မှတ်ထားတဲ့ အကွာအဝေးရောက်အောင် မပစ်နိုင်ရင် အရိုက်ခံရပါသေးတယ်။

“အဲ့လိုနေ့ ညအိပ်ချိန်ကျတော့ အားလုံး ပက်လက်တောင်မအိပ်နိုင်၊ မှောက်ခုံအိပ်ရတယ်။ တင်ပါးမှာ အညိုအမဲ တွေစွဲတဲ့အထိ အရိုက်ခံရတာ”လို့ နွယ်တစ်ပင်က သင်တန်းကာလ သူ့အတွေ့အကြုံတွေကိုပြောပြတယ်။

စစ်သင်တန်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ပြစ်ဒဏ်မျိုးစုံတွေကို သင်ယူရင်း လိုအပ်တဲ့ပညာတွေကို ဆည်းပူးနိုင်ခဲ့တယ်။

ဓမ္မတာလာချိန်နဲ့ လေ့ကျင့်ရေးပြုလုပ်ချိန်တွေ တိုက်ဆိုင်တဲ့ကာလတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရ တယ်။

နာကျင်ကိုက်ခဲနေချိန်မှာ လေ့ကျင့်ရေးတွေ ပြုလုပ်ရတဲ့အတွက် မူးမေ့လဲမတတ် ခံစားခဲ့ရတယ်လို့ နွယ်တစ်ပင် က ပြောတယ်။

ဓမ္မတာကြောင့် စိတ်ပိုင်းဆိုင်ရာ အထိမခံတဲ့အခြေအနေတွေမှာ ရဲဘော်တွေအချင်းချင်း နားလည်မှု အနည်းငယ် လွဲတာလေးတွေလည်း ကြုံတွေ့ရတယ်။

နောက်ပိုင်းမှာတော့ ဓမ္မတာလာနေတဲ့အချိန်တွေမှာ ရဲဘော်၊ ရဲမေတွေအချင်းချင်း နားလည်မှုပေးကြတာ၊ တာဝန် တွေ ကိုယ်စားလုပ်ပေးကြတာ စတာတွေနဲ့ ဖေးမကူညီပြီး ကျော်ဖြတ်ခဲ့ကြပါတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်း အခက်အခဲကိုတော့ လှူဒါန်းသူတွေကျေးဇူးနဲ့ အဆင်ပြေနေခဲ့တယ်။

အမျိုးသမီးတွေအနေနဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ဖို့ရောက်လာတဲ့အခါ စွန့်လွှတ်လိုက်ရတာတွေ များလှတယ်လို့ နွယ်တစ်ပင်က ဖွင့်ဟပါတယ်။

“အိမ်မှာဆို လှပကျော့ရှင်းအောင် နေလာခဲ့သမျှ တောထဲရောက်လာတော့ စုတ်တိစုတ်ပြတ် ဖြစ်လာခဲ့ပြီ။ အသား အရေတွေလည်း ကြမ်းတမ်းမဲညစ်၊ ဆံပင်တွေလည်း ဖွာလန်ကျဲပြီး နေလောင်မျက်နှာမှာလည်း တင်းတိတ်တွေ၊ မှဲ့ခြောက်တွေနဲ့ လက်တွေ၊ ခြေထောက်တွေမှာလည်း အမာရွတ်တွေကအပြည့်ပဲ” လို့ နွယ်တစ်ပင်ကဆိုတယ်။

ဒါ့အပြင် ဘာသာခြားတစ်ယောက်ဖြစ်တဲ့အတွက် တခြားရဲဘော်တွေနဲ့မတူတဲ့ အခက်အခဲတချို့ ရင်ဆိုင်ရတယ်။

ဘာသာရေးအရ နေပုံ၊ ထိုင်ပုံ၊ စားသောက်ရပုံတွေ ကွာခြားတာကြောင့် အဆင်မပြေမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။

အနေအထိုင်ကတော့ အဆင်ပြေသလို ကြိုးစားနေထိုင်လို့ရပေမယ့် အစားအသောက်ပိုင်းမှာတော့ တော်တော် လေး ခက်ခဲခဲ့တယ်လို့ နွယ်တစ်ပင်က ဖွင့်ဟတယ်။

“အသားဟင်းတွေ ချက်တဲ့အချိန်မှာ ရှူးရှဲလေးတစ်ထုပ်နဲ့ရအောင် မနည်းကြိတ်ဖြေခဲ့ရတဲ့ ရက်တွေလည်းများ တယ်”လို့ နွယ်တစ်ပင်ကဆိုတယ်။

အဲ့လိုရက်တွေမှာဆို တစ်နေကုန် ဗိုက်တွေပူလောင်ပြီး training လိုက်လုပ်ရတာလည်း အဆင်မပြေခဲ့ဘူး။ ကိုယ် တစ်ဦးထဲအတွက်နဲ့ တခြားသူတွေကို အနှောင့်အယှက်မပေးချင်တာကြောင့် အဆင်ပြေသလို နေထိုင်ခဲ့တယ်။ တချို့ရဲဘော်တွေက ဖေးမကြသလို တချို့လည်း ဘာသာမတူတဲ့အပေါ် ခွဲခြားဆက်ဆံတာတွေလည်း ကြုံတွေ့ရ တယ်။

ရှောင်ဖယ်တာမျိုးတွေ၊ body shaming လုပ်တာမျိုးတွေ၊ အစားအသောက်ပိုင်းဆိုင်ရာမျိုးမှာ ခနဲ့တာမျိုးတွေ ကြုံတွေ့ရတယ်လို့ဆိုတယ်။

ဒီလိုခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်ပိုင်းတွေက အထူးတလည် ကာဗာလုပ်ပေးတာမျိုးမရှိဘဲ ဒီအတိုင်း ကျော်သွားကြတာများတယ်လို့ နွယ်တစ်ပင်က ဖွင့်ဟပါတယ်။

ခေတ်အဆက်ဆက်က အစဉ်အလာလိုဖြစ်နေခဲ့တဲ့ ဒီခွဲခြားဆက်ဆံမှုတွေအပေါ်မှာ နွယ်တစ်ပင်ကိုယ်တိုင်လည်း အထူးတလည် ဝမ်းနည်းတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး ဘာသာရေးအတွက် လာတိုက်တာမဟုတ်ဘူး။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်၊ ကလေးတွေအတွက် ဒီစနစ်ဆိုးကြီးကို ပူးပေါင်းလာတိုက်ဖျက်တာမို့ တခြားဟာတွေ ခေါင်းထဲက ထုတ်ထားလိုက် တယ်”လို့ နွယ်တစ်ပင်က ဆိုတယ်။

တချို့လွတ်မြောက်နယ်မြေက ပြည်သူ့ကာကွယ်ရေးစခန်းတွေမှာ အစ္စလာမ်ဘာသာဝင် ရဲဘော်တွေအတွက် ဝတ် ပြုဖို့နေရာတွေ ပြုလုပ်ပေးထားတာ၊ ဘာသာရေး အထိမ်းအမှတ်နေ့တွေကို အတူဆင်နွှဲကြတာတွေ ပြုလုပ်လေ့ရှိ ကြတယ်။ နွယ်တစ်ပင် တာဝန်ထမ်းဆောင်တဲ့ စခန်းမှာတော့ ဒီလိုပြုလုပ်တာမျိုးတွေ မရှိဘူးလို့ဆိုတယ်။

နွယ်တစ်ပင်တို့စခန်းမှာ ဘုရားရှိခိုးစရာ သီးသန့်နေရာမရှိတော့ လူရှင်းတဲ့အချိန်မှာ ကိုယ်ဝတ်ပြုမယ့်နေရာလေး ကို သန့်ရှင်းရေးလေးလုပ်ပြီး ဝတ်ပြုလိုက်တယ်လို့ နွယ်တစ်ပင်က ဆိုတယ်။

အထိမ်းအမှတ်ပွဲတော်နေ့တွေမှာလည်း အိမ်ကမိသားစုကိုဖုန်းဆက်ပြီး လှမ်းနှုတ်ဆက်တာလောက်သာ ပြုလုပ် နိုင်တယ်လို့ ဆိုတယ်။

“အိမ်ကိုဖုန်းဆက်ပြီး သာကြောင်း၊ မာကြောင်းလေးတွေကို ငိုသံလေးစွတ်ပြီးမေးဖြစ်တယ်။ အီတီကတော့ ဘယ် သူမှ အလိုက်တသိ မပေးကြဘူးရယ်။ သူများပျော်ချိန်မှာ ကိုယ်လည်းပျော်ချင်တာပေါ့။ ဒါပေမယ့်နောက်နှစ်တွေ မှပဲ အတိုးချပျော်ဖို့ ဆုံးဖြတ်ရင်း၊ ကိုယ့်ဟာကိုယ် နှစ်သိမ့်ရင်း တစ်ရက်တာကုန်ဆုံးစေလိုက်တယ်” လို့ နွယ်တစ် ပင်က ဖွင့်ဟပါတယ်။

ဒီလိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရင်း သင်တန်းကာလ ပြီးဆုံးသွားတဲ့အခါမှာတော့ နွယ်တစ်ပင်တစ် ယောက် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ယောက်ဖြစ်ခဲ့ပါပြီ။

“အခုဆို ကျွန်မ ရဲဘော်တစ်ယောက်ဖြစ်ပါပြီ။ ပြည်သူတွေ လေးစားယုံကြည်ရတဲ့ ရဲဘော်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားနေဆဲပါ”လို့ နွယ်တစ်ပင်က အားရကျေနပ်စွာ ဆိုတယ်။

မြေပြင်တိုက်ပွဲတွေကိုတော့ မဆင်နွှဲသေးပါဘူး။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ စစ်ရေးတာဝန်တွေ ထမ်းဆောင်ရင်း မနက် ခင်း အိပ်ရာထတာနဲ့ မနက်စာ ထမင်းဟင်းချက်တာ၊ ထမင်းဟင်းချက်ဖို့ ထင်းကောက်တာ၊ သစ်ကိုင်းစိုတွေကို မီး ကင်ရတာ၊ ရေခပ်တာ၊ ဟင်းစားရှာတာ စတာတွေဆောင်ရွက်နေပါတယ်။ တောင်အောက်ဆင်းပြီး ဟင်းစားသယ် တာ၊ ဆန်အိတ်သယ်တာ၊ စခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ သယ်တယ်။ တောင်က မတ်စောက်လွန်းတာ ကြောင့် ပင်ပန်းလွန်းလှပြီး နောက်နေ့တွေဆို လမ်းတောင် အနိုင်နိုင်လျှောက်ရတယ်လို့ နွယ်တစ်ပင်က ဆိုတယ်။ အားလပ်ချိန်တချို့ကိုတော့ စိတ်ပြေလက်ပျောက် ဂစ်တာတီး သီချင်းဆိုကာ ဖြတ်သန်းတယ်။

နွယ်တစ်ပင်ဟာ ငယ်ဘဝကို တောင်ပေါ်ဒေသမှာ မွေးဖွားခဲ့သူ တစ်ယောက်ဖြစ်တယ်။ တချို့ဒေသတွေမှာ အေး ချမ်းသလို တချို့နေရာတွေမှာ စစ်ဘေးသင့်ဒေသတွေ ဖြစ်ခဲ့တယ်။ မနီးမဝေးက စစ်ဘေးရှောင်တွေရဲ့ဘဝတွေ ဗုံး သံ၊ အမြောက်သံတွေကို မြေပြန့်မှာ ကြီးပြင်းသူတွေထက် ရင်းနှီးခဲ့တယ်။

ဒါကြောင့်လည်း စစ်အာဏာရှင်စနစ်ဆိုးကို ချုပ်ငြိမ်းစေချင်စိတ်တွေ ငယ်စဉ်ကတည်းက ကိန်းအောင်းနေခဲ့တာ ဖြစ်တယ်။

ဟိုးငယ်ငယ် ကလေးဘဝတုန်းကတော့ ဘာသာမတူတဲ့အပေါ် ခွဲခြားဆက်ဆံမှုတွေ ကြီးကြီးမားမား မကြုံရပေ မယ့် နွယ်တစ်ပင် အရွယ်ရောက်တဲ့အချိန် မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခ ကြီးထွားချိန် ကာလတွေမှာတော့ ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်ရတယ်။

ဒီဇိုင်နာသင်တန်း တက်တုန်းကလည်း အပေါင်းအသင်း မလုပ်ချင်ကြသူတွေနဲ့ ဈေးဆိုင်ဖွင့်တော့လည်း ဘာသာ ခြားဆိုင်ဆိုပြီး ဝယ်သူတစ်ချို့က ပြန်ထွက်သွားတာတွေလည်း ကြုံတွေ့ခဲ့ရတယ်။ တချို့ကျောင်းနေဘက် သူငယ် ချင်းတွေက အပေါင်းအသင်း မလုပ်ကြတော့တာမျိုးတွေအထိ ကြုံတွေ့ခဲ့ရတယ်လို နွယ်တစ်ပင်က ဖွင့်ဟတယ်။

ဒီခွဲခြားဆက်ဆံမှုတွေက အခု နွေဦးတော်လှန်ရေး ကာလမှာတော့ အနည်းနဲ့အများ လျော့နည်းသွားတယ်လို့ နွယ် တစ်ပင်က မှတ်ချက်ပြုတယ်။

“တချို့တွေ အမှန်တရားကို မြင်တတ်လာတယ်။ နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားသိမြင်လာတယ်။ ခုခေတ်လူငယ် တွေ ဘာသာရေးနဲ့ မှိုင်းတိုက်လို့ မရတော့ဘူး။ ဒီတစ်ခုက တော်လှန်ရေးအတွက် တော်တော်လေး အဆင်ပြေသွား စေတယ်။ ဘာသာရေးမှိုင်း တိုက်ပြလိုက်တာနဲ့ ပါသွားခဲ့ရင် ကျွန်မတို့ တော်လှန်ရေးကြီး ရေစုန်မျောသွားလောက် ပြီ”လို့ နွယ်တစ်ပင်က မှတ်ချက်ပေးပါတယ်။

နွယ်တစ်ပင်ဟာ ဘာသာမတူ လူမျိုးမတူသူတစ်ဦး ဖြစ်ပေမယ့် တော်လှန်ရေးအပေါ် တာဝန်ကျေလိုစိတ်ကတော့ အပြည့်ပါပဲ။

တော်လှန်ရေးအောင်တဲ့အခါ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့လည်း ကြိုးစားသွားမယ်လို့ စိတ်ကူးထားပြီး တော်လှန်ရေးမှာ အဆုံးထိပါဝင်သွားဖို့လည်း နွယ်တစ်ပင်တစ်ယောက် ဆုံးဖြတ်ထားပါတယ်။

တော်လှန်ရေးကြီးအောင်တဲ့အခါ အဖြစ်ချင်ဆုံးဆန္ဒကတော့ “ကလေးတွေ၊ လူငယ်တွေ ပျော်ပျော်ရွှင်ရွှင် အဆင် ပြေစေဖို့နဲ့ သူတို့အနာဂတ် လှပဖို့အတွက်ပဲ မျှော်လင့်မိတယ်”လို့ နွယ်တစ်ပင်က ဆိုပါတော့တယ်။

Author:

Related Articles