သျှန်ကီခမ်း။ ။
“ နိုင်ငံခြားထွက်ဖို့ အခက်ခဲကြုံရလည်း သည်းခံပြီးနေရတာပေါ့။ မြန်မာနိုင်ငံမှာနေပြီးဘာလုပ်မှာလဲ ငတ်ပြီးပဲသေမှာ”
အထက်ပါစကားကို ဆိုလာသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာရှိတဲ့ ပအိုဝ်းကျေးရွာက အသက် ၂၄ နှစ် အရွယ် ခန္ဓာကိုယ် ခပ်ပိန်ပိန်နဲ့ မအေးငြိမ်းပဲဖြစ်ပါတယ်။
သူဟာ မိသားစုစားဝတ်နေရေးနဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝတက်လမ်းအတွက် စင်္ကာပူမှာ အိမ်အကူအလုပ်သွား လုပ်နိုင်ဖို့ ရန်ကုန်မှာရှိတဲ့ အေးဂျင့်(ပွဲစား)ဆီမှာ အကြွေးစနစ်ဖြင့် သင်တန်းတက်နေသူတစ်ဦးပါ။
စစ်ဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုတွေဟာ တဖြေးဖြေး ဆိုးရွားလာပြီး ကုန်ဈေးနှုန်းတွေ လေးဆအထိ တိုးတက်လာခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့ပါတယ်။ ပြည်သူတွေဟာ အလုပ် အကိုင်ရှားပါးလာတာနဲ့အမျှ အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာပြီး မိသားစုစားဝတ်နေရေး ပြဿနာတွေကို ရင်ဆိုင် ကြုံတွေ့လာခဲ့ကြပါတယ်။
ဒါကြောင့်လည်း လူငယ်တွေဟာ စားဝတ်နေရေးပြေလည်ဖို့ ပြည်ပနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ဖို့ ရွေးချယ်ခဲ့ကြပါတော့ တယ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေကို ပိုမိုပြီး သွားရောက်ကြတာပါ။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကိုသွားရောက်တဲ့ လူငယ်တွေဆိုရင် ပွဲစားကို သိန်း ၁၀ ဂဏန်းထိပေးပြီး အောက် လမ်းကနေ ခိုးဝင်ကြတာပါ။ စင်္ကာပူ၊ မလေးရှားနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်လိုတဲ့ လူငယ်တွေဆိုလည်း ငွေကျပ် သိန်း ၄၀ နီးပါးလောက် ကုန်ကြရပါတယ်။ အများစုဟာ ခရီးစရိတ် မထုတ်နိုင်ကြတာကြောင့် အေးဂျင့်(ပွဲစား) အကြွေးစနစ်နဲ့ သွားရောက်လေ့ ရှိကြပါတယ်။
အေးဂျင့်နဲ့ သွားရောက်ကြတဲ့အထဲမှာ အမျိုးသမီးငယ်တွေ ပိုမိုများနေတာကို တွေ့နေရပါတယ်။ အေးဂျင့်(ပွဲစား)ဆိုတာ တစ်နည်းအားဖြင့် ပြည်ပကိုသွားတဲ့အခါ ခရီးစရိတ်အရင်စိုက်ထုတ်ပေးသလို အလုပ်ရဖို့ ချိတ်ဆက်ပေးတဲ့ ပွဲစားတွေပါ။
ခရီးစရိတ် အရင်စိုက်နိုင်ဖို့ အေးဂျင့်ဆီက သတ်မှတ်ချက်လေးတွေတော့ ရှိပါတယ်။ သွားရောက်လိုတဲ့ သူတွေမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ် အတွင်းဖြစ်ရပြီး HIV၊ စတဲ့ ကူးစက်ရောဂါကင်းစင်တဲ့ သူဖြစ်ရပါတယ်။
ဒါ့အပြင် အင်္ဂလိပ်အခြေခံစကားပြော၊ အိမ်မှုကိစ္စနဲ့ ပတ်သက်တဲ့အလုပ် အခြေခံသင်တန်းများကို သုံးလောက်အထိ အေးဂျင့်ဆီမှာ တက်ရောက်ရပါတယ်။ နယ်မှလာတဲ့ အမျိုးသမီးငယ်တွေကို အစားအသောက်၊ အနေအထိုင် စတာတွေကို လည်း စိုက်ထုတ်ပေးပါတယ်။
တစ်ကြိမ်ကို လူ ၃၀ နှုန်းနဲ့ ပို့ဆောင်တာ၊ သင်ကြားပေးတာတွေ ပြုလုပ်ပေးပါတယ်။ စင်ကာပူနိုင်ငံကို ရောက်ရှိသွားပြီး အလုပ်ရပြီဆိုပါက တစ်လလျှင် လစာရဲ့ ၈၀ ရာခိုင်နူန်းကို အေးဂျင့်ဆီ ခြောက်လပြန်ပေးဆပ်ရပါတယ်။ အနည်းဆုံး နှစ် နှစ်ပြည့်ပြီးမှ မြန်မာပြည်ကို အလည်ပြန်လာခွင့်ပြုတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်လေ့ရှိပါတယ်။
အေးဂျင့်အများစုဟာ သိန်း၄၀ကျပ်သာ ကုန်ကျတဲ့အမျိုးသမီးတွေကိုသာ အေးဂျင့်လုပ်ပေးကြတာများပါတယ်။ အမျိုးသား တွေကတော့ သိန်း ၇၀နီးပါးကုန်ကျတာကြောင့် အေးဂျင့်ပြုလုပ်ပေးတဲ့သူဟာ မရှိသလောက်ရှားတယ်လို့ အေးဂျင့်တစ်ဦး က ဆိုပါတယ်။
ဒီလိုအေးဂျင့်တွေနဲ့ ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူနေတာတော့ မဟုတ်ပါဘူး ။ ငွေကြေး အဆမတန်တောင်းတာ ၊ လူတွေအများကြီးကို အခန်းကျဉ်းထဲ စုပြုံထည့်ထားတာ၊ အစားအသောက်အနေအထိုင် ကျပ်တည်းတာတွေကိုလည်း ကြုံနေရပါတယ်။
မအေးငြိမ်းဟာ ယခင်က တောင်ယာလုပ်ကိုင်ပြီး မိသားစုကို ရှာဖွေကျွေးမွေးရင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတဲ့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန်တိုးတက်လာတာနဲ့အမျှ တောင်ယာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုရနေတာ မလောက်ငတော့တာကြောင့် ပြည်ပကိုထွက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
မအေးငြိမ်းဟာ ခရီးစရိတ်များများစားစားလည်း မရှိတာကြောင့် ပြီးခဲ့တဲ့ မေလလောက်ကတည်းက အေးဂျင့်ဆီ သွားရောက် နေထိုင်ပြီး သင်တန်းတက်နေတာ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ လေးလထဲကို ရောက်ရှိလာပြီဖြစ်ပေမယ့် အလုပ်ရှင်က လူ မခေါ်သေးတာကြောင့် စင်္ကာပူကို မသွားရသေးပါဘူး။
ကျေးရွာမှာကျန်ရှိတဲ့ မအေးငြိမ်းရဲ့ မိဘတွေကတော့ ပြည်ပကို မြန်မြန်ထွက်နိုင်ပြီး အလုပ်အကိုင်အဆင်ပြေဖို့ မျှော်လင့် စောင့်စား ဆုတောင်းနေကြပါတယ်။
မအေးငြိမ်းတို့ အေးဂျင့်ဆီမှာ နေထိုင်ရတဲ့နေရာက ကိုးပေပတ်လည်လောက်သာ အကျယ်ရှိပြီး အိမ်သာတစ်လုံး၊ ရေချိုး ခန်းတစ်ခန်းတည်းသာရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးပါ။ အခန်းထဲမှာ လူရှစ်ယောက်ထိ ထည့်ထားပြီး ကျဉ်းကျဉ်း ကြပ်ကြပ်နဲ့ နေရပါတယ်။
လူများလို့ နေရထိုင်ရတာ အဆင်မပြေပေမယ့် အေးဂျင့်ကို မည်သူမှ ပြန်မပြောရဲကြပါဘူး။
“တစ်ယောက်နဲ့တစ်ယောက် အရမ်းကပ်တော့ အသက်ရှုရကြပ်တယ်လေ”လို့ မအေးငြိမ်းက ပြောပါတယ်။
ထမင်းချက်၊ သန့်ရှင်းရေးလုပ်စတဲ့အလုပ်တွေကို အေးဂျင့်က အလှည့်ကျတာဝန်ခွဲပေးပါတယ်။ မနက်အိပ်ယာနိုးပြီ ဆိုတာ နဲ့ ထမင်း၊ဟင်း ချက်တဲ့သူကချက်ပြီး သန့်ရှင်းရေးလုပ်တဲ့သူကလုပ်နဲ့ ကျရာတာဝန်ကို အလှည့်ကျလုပ်ကြပါတယ်။ ထမင်း က ဝဝလင်လင်ကျွေးပေမယ့် ဟင်းကတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အေးဂျင့်ဝယ်လာပေးတဲ့ ဟင်းကိုသာ ချက်ပြုတ်စားသောက်ရတာပါ။
“ အေးဂျင့်ဘောင်းဘီတို့ကအစ အဝတ်စားလျော်ပေးတဲ့သူက လျော်ပေါ့။ အလှည့်ကျလုပ်ရတယ်” လို့ မအေးငြိမ်းက ပြောပါတယ်။
တစ်ပတ်မှာ အသားဟင်းတစ်ကြိမ်သာစားရတာပါ။ လူများတာကြောင့် အသားဟင်းမပြောနဲ့ အသီးအရွက်ကအစ ဘယ် ဟင်းမဆို ဝေပုံကျကုန်သွားလျှင် ထပ်ယူလို့မရပါဘူး။
“ အာလူးတစ်လုံးကို လူနှစ်ယောက်စားရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဝေစုမခွဲရတာဆိုလို့ ငါးပိရည်ပဲရှိတယ်” လို့ မအေးငြိမ်းက အစားသောက်ပိုင်းမှာ ချွေတာစားရတာကို ပြောပြပါတယ်။
ဒါ့ပြင်လည်း အေးဂျင့်ကတစ်ခုခုလုပ်ခိုင်းလို့ စိတ်တိုင်းမကျခဲ့ရင် ချက်ချင်းမလုပ်ပေးနိုင်သေးတဲ့ အချိန်တွေဆိုရင် ရိုင်းစိုင်း တဲ့ စကားလုံးတွေနဲ့ ဆဲရေးတိုင်းထွာ အော်ငေါက်တာလည်း ခံရပါတယ်။ အော်ဆဲခံရတဲ့အချိန်တွေဆို ပြန်လည်း မပြောရဲ တာကြောင့် အခန်းကျဉ်းကျဉ်းလေးရဲ့ထောင့်မှာ ငုတ်တုတ်ထိုင်ပြီး ခိုးငိုရတယ်လို့ဆိုပါတယ်။
အပြင်ကိုလည်း တစ်လမှ တစ်ကြိမ်သာ ထွက်ခွင့်ပြုတာပါ။ ပြည်ပမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ မသိသေးပေမယ့် သင်တန်းတက်နေတဲ့ ကာလတစ်လျှောက်မှာတော့ ပျော်တယ်လို့တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ မွန်းကြပ်စွာ နေထိုင်ရများလာတာကြောင့် စိတ်လည်းပုံမှန်မဟုတ်တော့ဘူးလို့ မအေးငြိမ်းက သူခံစားချက်ကို ပြောပါတယ်။
မအေးငြိမ်းဟာ ပြောပြလို့ မရတော့အောင် နာကျင်စရာတွေ ရင်ထဲမှာပြည့်နှက်ပြီး မွန်းကြပ်စွာ ခံစားနေရပေမယ့် မိသား စုစားဝတ်နေရေးအတွက် လက်လျော့ပြီး အိမ်ပြန်လာဖို့မတွေးရဲခဲ့ပါဘူး။
အေးဂျင့်တွေကို အားကိုးပြီးသွားရတာကြောင့် သည်းခံပြီး “ ရွေးထားတဲ့လမ်းကို ဆုံးအောင်လျှောက်မယ်။ မိဘတွေကို ကောင်းကောင်းမွန်မွန်ထားချင်တယ်” လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
ဘယ်ချိန်ကျမှ စင်္ကာပူကိုရောက်ပြီး အလုပ်ရမယ်ဆိုတာမသိပေမယ့် မအေးငြိမ်းကတော့ အရာရာတိုင်း ကုန်ဈေးနှုန်း တက်နေတဲ့ မြန်မာနိုင်ငံထဲမှာတော့ ကြာကြာမနေချင်တော့ပါဘူး။
“ မြန်မြန်သွားရတော့ ကောင်းတာပေါ့၊ ပိုက်ဆံအကုန်ကျများနေပြီ” လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံကို အလုပ်သွားလုပ်ကြတဲ့ အမျိုးသမီးအများစုဟာ အိမ်အကူ၊ လူအိုကြည့်၊ ကလေးထိန်းစတဲ့ အလုပ်တွေကို အများဆုံး လုပ်ကိုင်ကြရပြီး နေရပ်မှာရှိတဲ့ မိဘမောင်နှမတွေကို ပြန်လည်ထောက်ပံ့ထားတာပါ။
မအေးငြိမ်းကတော့ “ သူများပိုက်ဆံလိုချင်တော့ အောက်ခြေအလုပ်၊ ချီး၊သေး အကုန်လုပ်ရမှာပဲလေ” လို့ ခပ်ပြတ်ပြတ် ဆိုတယ်။
မြန်မာနိုင်ငံရှိ လူငယ်တွေဟာ တစ်နေ့တစ်ခြား ပိုမိုခက်ခဲကျပ်တည်းလာတဲ့ မြန်မာနိုင်ငံကနေရုန်းထွက်ဖို့ ပြည်ပကို သွား ရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားလာသူတွေ များပြားလာနေပါတယ်။
စင်္ကာပူနိုင်ငံကို ရွေ့ပြောင်းအလုပ်သမား ပို့ဆောင်ရေး သုံးနှစ်ကြာလုပ်လာတဲ့ အေးဂျင့်တစ်ဦးကလည်း “ အရင်က တစ် သုတ်ကို အယောက်၂၀လောက်ပဲ ပို့တာ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမတို့ကို ဆက်သွယ်လာတာ များလာတော့ အယောက် ၃၀နဲ့ ပြန်ပို့ပေးတယ်။ တချို့ဆို အသက်မပြည့်သေးတော့ ငြင်းရသူတွေလည်းရှိတယ်” လို့ ဆိုပါတယ်။
မအေးငြိမ်းလို ဝမ်းရေးပြဿနာဖြေရှင်းဖို့ အေးဂျင့်နဲ့ စင်္ကာပူနိုင်ငံကိုသွားဖို့ ကြိုးစားခဲ့တဲ့သူတွေထဲမှာ ဆီဆိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ် အရွယ် နန်းဥမ္မာလည်း ပါပါတယ်။ သူဟာ စင်္ကာပူနိုင်ငံကို သွားနိုင်ဖို့ အေးဂျင့်ဆီမှာ လေး လကြာ သင်တန်းတက်ခဲ့ပေမယ့် မွန်းကြပ်တဲ့ဒဏ်၊ ဆဲဆိုခံရတဲ့ဒဏ်ကို မခံနိုင်တာကြောင့် လက်လျော့ပြီး နေရပ်ကို ပြန် လာခဲ့တဲ့ သူတစ်ဦးပါ။
နန်းဥမ္မာဟာ စစ်အာဏာသိမ်းပြီး တစ်နှစ်ပြည့်မှာပဲ ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ဦးဆီမှာ သွားပြီး သင်တန်းတက် နေခဲ့တာ ပါ။ သူတို့နေထိုင်ခဲ့ရတဲ့ပုံစံဟာလည်း မအေးငြိမ်းတို့လို တိုက်ခန်းကျဉ်းလေးထဲမှာ လူခပ်များများနေထိုင်ရတာပါ။ နန်းဥမ္မာ တို့ဟာ နေ့လယ်စာ၊ ညနေစာတို့မှာ ထမင်းဝဝလင်လင်စားရပေမယ့် မနက်စာတော့ မစားရပါဘူး။
“ မုန့်နဲ့ကော်ဖီပဲစားရတာ။ ထမင်းစားနေကျလူက မစားရတော့ဗိုက်ဆာတယ်။ ကြာကြာမတောင့်ခံနိုင်ဘူး”လို့ ပြောပါတယ်။
မနက်စာမစားရတာကြောင့် ပင်ပန်းတဲ့ အလုပ်နည်းနည်းလုပ်ရင် အားမရှိသလိုဖြစ်ပြီး အလုပ်လည်း ကောင်းကောင်းမလုပ် နိုင်ခဲ့ပါဘူး။
“ ဒူးတွေတုန်ပြီး ဇောချွေးတွေပြန်တယ်။ မုန့်ဝယ်စားဖို့လည်း အပြင်လည်းပေးမထွက် ပိုက်ဆံလည်းမရှိဘူးလေ” လို့ နန်းဥမ္မာက ပြန်ပြောပြပါတယ်။
အေးဂျင့်ဆီမှာ သည်းခံပြီး ကြိုးစားသင်ယူခဲ့ပေမယ့် နောက်ဆုံးမှာတော့ နန်းဥမ္မာဟာ လက်လျော့ပြီး နေရပ်ကို ပြန်လာ ခဲ့ပါတော့တယ်။ ပြန်လာတဲ့အချိန်မှာလည်း လေးလအတွင်း အေးဂျင့်ဆီမှာ နေထိုင်၊ စားသောက်ခဲ့တဲ့ စရိတ်ကို လျော်ကြေး အနေနဲ့ အကုန်ပြန်ပေးခဲ့ရပါတယ်။
“တစ်ရက်ကို လေးထောင်နှုန်းနဲ့ပေးရတာ လေးလစာ ငါးသိန်းလောက်ပြန်ပေးရတယ်”လို့ နန်းဥမ္မာက ပြောပါတယ်။
ထို လျော်ကြေးပေးဖို့လည်း နေရပ်မှာရှိတဲ့ အသိမိတ်ဆွေဆီမှာ အတိုးနဲ့ချေးယူခဲ့ရတာပါ။ စားဝတ်နေရေးအတွက် ပိုက်ဆံ ရှာထွက်ခဲ့ပေမယ့် အဆင်မပြေမှုတွေနဲ့ကြုံလာပြီး အကြွေးပါတင်လာတာကြောင့် နန်းဥမ္မာအတော်လေး စိတ်ဓာတ်ကျနေမိ ပါတယ်။
နောက်ဆုံး ကြံရာမရတဲ့အဆုံးမှာ အကြွေးပြန်ဆပ်နိုင်ဖို့ ဇူလိုင်လပထမပတ်မှာတော့ ထိုင်းနိုင်ငံကိုသွားဖို့ ပွဲစားကို ၁၂သိန်း ပေးပြီး အောက်လမ်းကနေ သွားခဲ့ပါတယ်။ လက်ရှိမှာ နန်းဥမ္မာဟာ ထိုင်းနိုင်ငံမှာအိမ်အကူအလုပ်လုပ်ကိုင်နေပြီး နေရပ်မှာ ကျန်ခဲ့တဲ့ မိဘတွေကို ထောက်ပံ့ပေးနေပါတယ်။
နန်းဥမ္မာကတော့ “ဒီလိုပဲစုတ်ပြတ်သတ်နေမယ်ဆို ထိုင်းကနေ ပြန်မလာတာပဲကောင်းတယ်”လို့ သူ့ခံစားချက်ကို ပြောပါ တယ်။
မြန်မာနိုင်ငံမှာ ပြည်ပကို တရားဝင်စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်မှာ ၂၀၂၂ ဇန်နဝါရီလမှ ဧပြီလအထိ ၉,၄၁၄ ဦးအထိ ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှာ ဖော်ထားပါတယ်။ ဒါတွေက တရားဝင် သွားရောက်ကြတဲ့ အလုပ်သမားစာရင်းတွေပဲ ဖြစ်ပြီး တရားမဝင်သွားရောက်ကြသူတွေဟာ ဒုနဲ့ဒေးပါပဲ။
လက်ရှိ မှာလည်း ပြည်ပကို သွားရောက်ကြဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေဟာ ရရာနည်းလမ်းတွေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြဆဲပါပဲ။