Home ဗီဒီယို မုန်တိုင်းအပြီး ပြန်လည်မထူထောင်နေသေးတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ

မုန်တိုင်းအပြီး ပြန်လည်မထူထောင်နေသေးတဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ

ရိုက်ကူး – HI

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်ပေါင်း နှစ်သိန်းကိုးသောင်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော်ကြာပြီဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေရဲ့ နေအိမ်ပြန်လည် တည် ဆောက်ရေးကို မစတင်နိုင်ကြဘဲ ဒီအထဲမှာ မိုးရာသီကိုလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက် နေအိမ်ခေါင်မိုးလန် သွားသူ တွေကတော့ ခေါင်မိုးတွေပြုပြင်တာတွေလုပ်ပြီး ယာယီနေထိုင်နိုင်အောင် ကိုယ်ထူကိုယ်ထပြုပြင်ခဲ့ကြပါတယ်။ နေအိမ်လုံးဝပြိုသွားတဲ့သူတွေကတော့ တာပေါ်လင်စတွေနဲ့ ယာယီတဲတွေ ဆောက်ပြီးနေထိုင်နေကြရပါတယ်။ အဲဒီလို ယာယီတဲတွေ ဆောက်လုပ်နေထိုင်နေကြတဲ့သူတွေထဲမှာ အကာအရံမရှိတာကြောင့် အမျိုးသမီးတွေရဲ့ လုံခြုံမှုကို စိုးရိမ်နေကြရတယ်လို့ ရသေ့တောင်မြိုနယ်၊ ကိုးတန်ကောက်ကျေးရွာက အသက် ၂၀ အရွယ် မနွယ်နွယ်ဦးက ပြောပါတယ်။ ကျောတခင်းစာရဖို့ နေရာကိုတောင် လုံလုံခြုံခြုံပြန်မလုပ်နိုင်တဲ့အခြေနေမှာ အမျိုးသမီးတွေအတွက် ရေချိုးဖို့ နေရာနဲ့ အိမ်သာတွေဆို ပိုပြီးမလုံခြုံဘဲ အိမ်သာတက်ဖို့ တောထဲကို သွားနေရတယ်လို မနွယ်နွယ်ဦးက ဆိုပါတယ်။ ယာယီတဲ အိမ်တွေတောင် မဆောက်နိုင်ကြတဲ့သူတွေကတော့ တခြားနေအိမ်တွေမှာ သွားနေကြရတယ်လို သူကဆက်ပြောပါတယ်။ ရခိုင်ပြည်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေဆီက အလှူငွေနဲ့ ပစ္စည်းတွေ များစွာရရှိနေပေမယ့် ဒေသခံတွေရဲ့ လက်ထဲကိုတော့ သွပ်ပြားတချပ်၊ မုန့်နှစ်ထုပ်ကလွဲလို့ ဘာတစ်ခုမှမရကြသေးဘူးလို့ ပြောကြပါတယ်။ အလားတူပဲ တခြားလူမှုကူညီရေးအဖွဲတွေဆီကလည်း ဆန်တစ်ပြည်၊ အိုးနှစ်လုံးကလွဲလို့ တခြားအကူညီတွေမရကြဘူးလို့ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာက မုန်တိုင်းဒဏ်ခံခဲ့ရသူတွေက ပြောပါတယ်။ စစ်ကောင်စီအပါအဝင် ရက္ခိုင့်တပ်တော်နဲ့ လူမှုကူညီရေးအဖွဲတွေလည်း အကူညီအနည်းငယ်ပေးတာကလွဲလို့ ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အားနည်းနေတာတွေ့ရပြီး အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ လုံခြုံမှုတွေကိုလည်း ဥပေက္ခာပြုထားဆဲဖြစ်တယ်လို့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အမျိုးသမီးတွေက ပြောပါတယ်။

Author:

Related Articles