Home ဆောင်းပါး နာကျင်နေသူတွေကို ဖေးမကူပေးပါ

နာကျင်နေသူတွေကို ဖေးမကူပေးပါ

ဒေဝီ။ ။

အသက်သုံးနှစ်အရွယ် သမီးငယ်လေးနဲ့အတူ တံတားပေါ်ကနေခုန်ချ အဆုံးစီရင်သွားတဲ့ သားအမိနှစ်ဦးသတင်းကို လူမှု ကွန်ရက်မှာ တွေ့မြင်ပြီးနောက် လွန်ခဲ့တဲ့ခြောက်လမတိုင်ခင်က အဖြစ်အပျက်တွေကို မသူသူ(အမည်လွဲ) ပြန်တွေးမိလာ တယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ သူကြုံတွေ့ခံစားခဲ့ရတဲ့ မိသားစုပြသနာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် စိတ်ဓာတ်ကျဆင်း ကာ သတ်သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး သူ့ရဲ့သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ်ကိုလည်း စိတ်ရောကိုယ်ပါ နာကျင် အောင် ပြုလုပ်ခဲ့တယ်။

” အဲ့ဒီတုန်းကသာ group မှာ မဖွင့်ဟမိရင် အခုသတ်သေတယ်ဆိုတဲ့ သတင်းတွေထဲပါမှာ ကိုယ်ဖြစ်မလားမသိဘူး။ အဲ့ဒီ အချိန်တုန်းကနှစ်သိမ့်ပေး၊ အားပေးပေးတဲ့အမတွေညီမတွေကို ကျေးဇူးအရမ်းတင်တယ်” လို့ အသက်၂၆နှစ်အရွယ် မသူသူက ဆိုတယ်။

အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ နိုင်ငံရေး၊လူမှုရေးနဲ့ စီးပွားရေးကျပ်တည်းမှု အကျိုးဆက်တွေကြောင့် ပြည်သူတွေ မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြသနာတွေကြုံတွေ့လာရပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်တဲ့သတင်းတွေဟာ လူမှုကွန်ရက်တွေ မှာ ခပ်စိပ်စိပ် တွေ့မြင်လာကြရပါတယ်။

ပြည်မြို့ကသားအမိနှစ်ဦး တံတားပေါ်က ခုန်ချအဆုံးစီရင်တာ၊ ရန်ကုန်မြို့က အသက်၅၆နှစ်အရွယ် အမျိုးသားတစ်ဦး လူကူးခုံးကျော်တံတားပေါ်က ခုန်ချတာ ၊တမူးမြို့နယ်က CDM ဆရာမတစ်ဦးအဆုံးစီရင်တာအပါအဝင် သြဂုတ်တတိယ ပတ်ကနေ စက်တင်ဘာ ဒုတိယပတ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်မှုက ၁၀ ခု ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအရေအတွက်က လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တာဖြစ်ပြီး လူထုကြားမရောက်ရှိလိုက်တဲ့ မိမိကိုယ် ကို အဆုံးစီရင်မှုတွေလည်း ရှိနိုင်ပါသေးတယ်။

အသက်သုံးနှစ်အရွယ်သမီးငယ်လေးနဲ့အတူ ပြည်နဝဒေးတံတားပေါ်က ခုန်ချသွားတဲ့သားအမိနှစ်ဦးမှာ တစ်ပတ်ကျော် ကြာသည်အထိ အလောင်းပြန်ရှာမတွေ့သေးဘဲ အသက်ငယ်ရွယ်သေးတဲ့ ကလေးငယ်နဲ့အတူ အဆုံးစီရင်မှုပြုလုပ်တဲ့ ဖြစ်ရပ်အပေါ် သနားဂရုဏာသက်ခဲ့ကြသလို ယင်းအမျိုးသမီးမှာ စိတ်ဖိစီးမှု ဘယ်လောက်တွေ့ကြုံရလဲဆိုတဲ့ မှတ်ချက် တွေလည်းရှိခဲ့ပါတယ်။

” ကလေးကိုကျတော့လည်း သူမရှိတဲ့နောက် မထားခဲ့ချင်တာလို့ပဲ ထင်တယ်။ အဲ့ဒါကြောင့် ကလေးပါ ခေါ်သွားတာထင် တယ်” လို့ ပြည်နဝဒေးတံတားပေါ်ကခုန်ချပြီး အဆုံးစီရင်သွားတဲ့ သားအမိနှစ်ဦးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ယင်းအမျိုးသမီးမှာ အိမ်ထောင်ရေး အဆင်မပြေမှုတစ်ချို့ရှိခဲ့ပြီး မိသားစုကတော့ သိုက်ဆက်ကြောင့် သတ်သေသွား တယ်လို့ ထင်မြင်ယူဆနေကြောင်း သူတို့ယုံကြည်ထားတာကို ယင်းက ပြန်ပြောပြပါတယ်။

ယင်းအမျိုးသမီးကခင်ပွန်းဖြစ်သူနဲ့ စိတ်အခန့်မသင့်တဲ့ကိစ္စတွေကြောင့် လင်မယားချင်းခွဲနေထိုင်ခဲ့ပြီး သူ့အိမ်ထောင်ရေး အဆင်မပြေမှုတွေကို သူငယ်ချင်းအချို့ဆီ ရင်ဖွင့်လေ့ရှိပေမယ့် သတ်သေဖို့အထိ လုပ်ဆောင်မယ်ဆိုတာတော့ မထင်ခဲ့ မိဘူးလို့ သူက ဆက်ပြောတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့မဇင်က ဇွန်လတုန်းက အသက်၂၃နှစ်အရွယ် အိမ်နီးချင်းလူငယ်တစ်ဦး စိတ်ဖိစီးမှုဒဏ် ကြောင့် ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ပြောပြတယ်။

ယင်းလူငယ်မှာ ငယ်စဉ်ကတည်းက မိခင်နဲ့ဖခင်ကွာရှင်းပြတ်ဆဲမှုကြောင့် စိတ်ဒဏ်ရာရှိခဲ့ပြီး နွေးနွေးထွေးထွေး ပြောဆို ဖေးမသူမရှိဘဲ နေလာခဲ့ရာကနေ သမီးရည်စားပြသနာကြောင့် အဆုံးစီရင်ခဲ့တာလို့ မဇင်ကပြောတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တက္ကသိုလ်ဆက်မတက်တော့ဘဲ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ကင်းကွာနေချိန် စိတ်ဓာတ်ကျဆင်းနေပြီး အဆုံးစီရင်သွားတာလို့ မဇင်ကဆိုတယ်။

အင်လျားကန်အတွင်း ခုန်ချအဆုံးစီရင်သွားသည့် အမျိုးသားကို ရှာဖွေနေစဥ်/Credit: Myanmar Fire Service department

” တစ်ကိုယ်တည်း အထီးကျန်နေတာ ဒီကြားထဲစော်ကနောက်ဘဲနောက်ပါသွားတော့အသဲကလည်းကွဲ၊ လူတွေက အဲ့ဒါကို လှောင်ကြတယ် မိန်းမတစ်ယောက်အတွက်နဲ့များ ဘာညာ တကယ်တော့ သူ့ရင်ထဲကစိတ်ဒဏ်ရာနဲ့ဖိစီးမှုကို မမြင်ကြတာ” လို့ မဇင်ကပြောတယ်။

ယင်းလူငယ်လေး အဆုံးမစီရင်ခင်က လူမှုကွန်ရက်မှာ ကြိုးပုံတင်ကာ ready လို့ရေးသားခဲ့ပြီး သူမျှဝေတဲ့အကြောင်း အရာ တွေမှာလည်း အဆုံးစီရင်တာနဲ့ပတ်သတ်တာတွေပဲ ဖြစ်သလို မိသားစုသူငယ်ချင်းတွေက သတိထားပြီး ဖေးမကူညီခဲ့ရင် အဆုံးစီရင်တဲ့ အဆင့်ရောက်မှာမဟုတ်ဘူးလို့ ဆက်ပြောတယ်။

” နည်းနည်းဖေးမရင်တောင် အဲ့လိုမဖြစ်ဘူး။ အဘွားလုပ်တဲ့သူကလည်း ပတ်ဝန်းကျင်ကိုမပြောဘူး” လို့ မဇင်ပြောတယ်။

မဇင်ကိုယ်တိုင်လည်း အာဏာသိမ်းပြီး နောက်ဆက်တွဲနိုင်ငံရေးအခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှု တစ်ချို့ရှိပေမယ့်လည်း ကိုယ်နိုင်ရာလုပ်ဆောင်ရင်း ကြိုးစားဖြတ်သန်းမိနေသလို မိတ်ဆွေတွေထဲ စိတ်ပိုင်းဆိုင်ရာထိခိုက် ခံစားနေရသူတွေတွေ့မြင်ရင် စကားပြောပေးတာ၊ စိတ်ပျော်ရွှင်အောင်အားပေးတာမျိုးတွေ ပြုလုပ်ဖြစ်တယ်လို့ ဆိုတယ်။

” လူတွေက ကိုယ့်အနာကို ထုတ်သာမပြတာ အနာကိုယ်စီနဲ့ဒဏ်ရာကိုယ်စီနဲ့ပါ”လို့ မဇင်ကပြောတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)ရဲ့ အချက်အလက်တွေအရ ကမ္ဘာနဲ့အဝှမ်းမှာ တစ်နှစ်ကို လူခုနစ်သိန်းခန့် အဆုံး စီရင်နေကြပြီး စက္ကန့် ၄၀ မှာ လူတစ်ဦးနှုန်းက အဆုံးစီရင်မှု ပြုလုပ်နေကြတယ်လို့ဖော်ပြထားပါတယ်။

WHO ရဲ့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ နိုင်ငံအလိုက် မိမိကိုယ်ကို အဆုံးစီရင်တဲ့နှုန်းအရ မြန်မာနိုင်ငံမှာ မိမိကိုယ်ကို အဆုံး စီရင်မှု ၄,၁၈၉ မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အဆင့် ၉၄ မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ရောဂါစတင်ကူးစက်တဲ့ ၂၀၂၀ မတ်လတတိယပတ်ကနေ ဇွန်တတိယပတ် သုံးလတာကာလ အတွင်း သေကြောင်းကြံစည်မှု ၄၇၀ ခန့်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ခဲ့တယ်။

မြန်မာနိုင်ငံကို ကိုဗစ်ကူးစက်တဲ့ ၂၀၂၀ကနေ အာဏာသိမ်းမှုနောက်ပိုင်း နှစ်နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံရေး မတည် ငြိမ်မှုနဲ့အတူ စီးပွားရေးကျဆင်းမှု ၊အလုပ်အကိုင်ရှားပါးမှု ၊ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းအဆမတန်တက်မှုတွေကြောင့် ပြည်သူလူထုမှာ တစ်နေ့တစ်ခြား လူမှုရေးနဲ့ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေ တိုးတိုးလာပြီးစိတ်ရောလူပါ ထိခိုက် ခံစားလာရကာ အဆုံးစီရင်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်လာတယ်။

လူတစ်ယောက်က မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာ ရုတ်တရက်ကြုံတွေ့နေတဲ့ အကြောင်း အရာတစ်ခုတည်းကြောင့်မဟုတ်ဘဲ နေ့စဉ်ဘဝကို ခက်ခဲပင်ပန်းစေတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေ ထပ်ဖန် တလဲလဲ ကြုံတွေ့ခဲ့ရာကနေ ဒီနာကျင်မှုတွေကို အဆုံးသတ်ချင်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာလို့ Serenity Counseling and Mental Health Services မှ စိတ်ပညာရှင် Agnes က ပြောပါတယ်။

” တကယ်တော့နာကျင်မှုကို အဆုံးသတ်ချင်တာ ၊သေချင်တာမျိုးမဟုတ်ဘူး။ နာကျင်မှုကို အဆုံးသတ်ချင်တဲ့အတွက် သူတို့က ဒါကိုရွေးချယ်လိုက်တာ” လို့ Agnes က ဆိုတယ်။

အရှေ့မှာ ခက်ခဲနေတဲ့အဖြစ်အပျက်တွေအပြင် အရင်တုန်းက ရှိခဲ့တဲ့စိတ်ဒဏ်ရာ ဆိုးရွားတဲ့အဖြစ်အပျက်၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ၊ အတိတ်မှာရှိခဲ့တဲ့ နာကျင်မှု၊ခန္ဓာကိုယ်ရဲ့ကျန်းမာခြင်း မကျန်းမာခြင်းတွေလည်း ပါဝင်နေပြီး ဒီအချက်တွေက နေမှ လက်ရှိဆိုးရွားတဲ့ အခြေအနေကြုံလာတဲ့အခါမှာ အဆုံးစီရင်ဖို့ စဉ်းစားလာတာလို့ Agnes က ဆက်ရှင်းပြတယ်။

မိမိကိုယ်ကိုယ်အဆုံးစီရင်မှု ပြုလုပ်သွားသူတွေက အဆုံးစီရင်မှုမလုပ်ခင် နီးစပ်သူတွေကို သတ်သေတော့မယ့် အကြောင်း အရာကို အရိပ်အမြွက် ပြောကြတာတွေရှိပြီး တချို့တွေက သိသိသာသာပြကြသလို အချို့တွေကလည်း မသိမသာ ပြကြ တာရှိပါတယ်။

“တချို့ကတော့ ပြောလိမ့်မယ်။ လုံးဝအရိပ်အမြွက်မပြဘူးဆိုပြီး ဒါကသိပ်မြင်သာတဲ့ဟာမဟုတ်ဘူး ဖြစ်လိမ့်မယ်။ ဒါပေမယ့် သေချာဂရုစိုက်ရင် အနားမှာရှိတဲ့သူကို အမြဲတမ်းဂရုစိုက်မယ်။ သေချာလေးသတိထားမိရင်တော့ မြင်ရတယ်”လို့ Agnes က ပြောပါတယ်။

အဆုံးစီရင်မယ့်အကြောင်းအရိပ်အမြွက်ပြခြင်းကလည်း သူရင်ဆိုင်ခံစားနေရတဲ့ နာကျင်မှုကို အဆုံးသတ်ချင်တာ၊ ပင်ပန်း နေတယ်ဆိုတာကို နီးစပ်သူတွေသိစေချင်တဲ့သဘောဖြစ်ပြီး ဒါကိုသတိထားမိပြီး ဂရုစိုက်တဲ့သူသာရှိမယ်ဆိုရင် သူတို့က အဆုံးစီရင်မှု နည်းလမ်းကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောတယ်။

ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ နာကျင်ခက်ခဲမှုတွေရှိလာတဲ့အခါမှာ မိသားစု ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေတွေကို ရင်ဖွင့်ပြော ကြားဖို့အရေးကြီးပြီး သူတို့ကကိုယ့်ကိုရင်ဖွင့်ပြောလာတဲ့အခါမှာလည်း မှန်ကန်တဲ့အကူအညီမျိုး နားထောင်ခြင်းမျိုး လုပ် ပေးဖို့လိုတယ်လို့ဆိုတယ်။

” သူပြောချင်တာတွေကိုပြောလို့ရတယ်ဆိုတဲ့ လမ်းဖွင့်ပေးပါ။ ကိုယ်ကနေသူပြောချင်တာတွေကိုပိတ်မိတာမျိုး စေတနာနဲ့ အကြံပေးမိတာမျိုး တခြားဒါကိုမစဉ်းစားအောင် လမ်းလွှဲတာမျိုးတွေ မလုပ်မိဖို့အရေးကြီးတယ်” လို့ Agnesက ကပြောပါ တယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်နေတဲ့သူကို ကူညီရာမှာလည်း အရင်ဦးဆုံး ကိုယ်ကသတိထားမိပြီး မေးမြန်းတာ၊ သေချာ နားထောင်ပြီးတော့ သူဘယ်လိုတွေလုပ်နေတယ် ဘယ်လိုတွေပြင်ဆင်ထားတယ်ဆိုတာ လေ့လာတာ ၊ သူ့အတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ဆွေးနွေးနိုင်အောင် အကူအညီယူနိုင်အောင် ချိတ်ဆက်ပေးတာတွေလုပ်ပေး နိုင်တယ်လို့ ဆိုတယ်။

မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့သတင်းတွေကို မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ တင်ပြတဲ့အခါမှာလည်း သတ်သေရာမှာ အသုံးပြုသွားတဲ့ နည်းလမ်းအသေးစိတ်တွေကို ဖော်ပြတာမျိုးမလုပ်ဘဲ၊ အဆုံးစီရင်တဲ့ပုံတွေ၊ အဆုံးစီရင်မှုကို အားပေးရာ ရောက်တဲ့ အသုံးအနှုန်းတွေကို သတိထားဖော်ပြသင့်တယ်လို့ဆိုတယ်။

ဒီလိုမှမဟုတ်ရင် လူတစ်ဦးတယောက်ရဲ့ အဆုံးစီရင်မှုအကြောင်းအရာကို ကြားရဖတ်ရတဲ့ အခြားစိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူတွေမှာ ပုံစံတူနည်းလမ်းတွေ ရွေးချယ်သွားဖို့ လမ်းကြောင်းရသွားမှာဖြစ်တယ်လို့ ဆက်ပြောတယ်။

” စိတ်ညစ်နေတဲ့အခါမှာ ဒီစိတ်ညစ်တာကို ဖြေရှင်းသွားတဲ့ပုံစံကို လွဲမှားတဲ့ပုံစံအနေနဲ့ လှမ်းမြင်ရတယ်လေ၊ အဲ့ဒီအခါမှာ ငါလည်းဒီလိုမျိုးလုပ်လို့ရမှာပဲဆိုပြီးတော့ ရွေးချယ်သွားတယ်” လို့ Agnesကဆိုတယ်။

ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာမှန်ပေမယ့် မိသားစုနဲ့ဘေးပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးပြီး မိမိ ကိုယ်ကိုသေကြောင်းကြံစည်တဲ့အဆင့်ထိမရောက်အောင် ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြုံတွေ့တဲ့အခါ စိတ်ကို ဖြေလျော့အနားယူနိုင်မယ့် နည်းလမ်းတွေ လုပ်ဆောင်တာမျိုးနဲ့ အစပြုနိုင်တယ်လို့ ဆက်ပြောတယ်။

ကိုယ့်နဲ့နီးစပ်တဲ့ သူတစ်ဦးဦးက စိတ်ဓာတ်ကျဆင်းပြီး မိမိကိုယ်ကိုအဆုံးစီရင်မယ့် အရိပ်အယောင်တွေကို ပြောလာပြီ ဆိုရင် အမှုမဲ့မနေဘဲ သူ့အပေါ်အလေးထားပြီး ပြောဆိုတိုင်ပင်လို့ရအောင်လမ်းဖွင့်ပေးဖို့ လိုတယ်လို့ ဆိုတယ်။

” ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ချင်သူတစ်ယောက်က အကယ်၍များ သူ့ကိုတစ်ယောက်ယောက်က နားထောင်ပေးနေ တယ်ဆိုတာကို ၊သူ့ကိုဂရုစိုက်တယ်ဆိုတာကို သိလိုက်တဲ့အခါမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းသွားနိုင်တယ်” လို့ Agnes ကပြောပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်နေသူတွေ ကိုယ့်မိသားစုထဲမှာ၊ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင် သူ့တစ်ဦးတစ်ယောက်ထဲ သီးသန့်မဖြစ်စေဖို့၊ သူ့အနီးနားမှာ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေမရှိစေဖို့ ဂရုတစိုက်နဲ့အလေးပေး လုပ်ဆောင်သင့်တယ်လို့ ဆက်ပြောတယ်။

မိမိကိုယ်ကို သေကြောင်းကြံစည်မှုက စိတ်ဖိစီးစေနိုင်တဲ့အကြောင်းအရာတွေ စုံပြီးဖြစ်တာကြောင့် စိတ်ကျဆင်းတဲ့ပြသနာ တွေကြုံတိုင်းမှာ အလေးထားဂရုပြုပြီး မိသားစုမိတ်ဆွေတွေကို ဖွင့်ဟပြောဆိုတာ၊ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးတာတွေ ပြုလုပ်သင့်ပြီးဒါမှသာ ဆိုးရွားတဲ့အဆင့်ထိမရောက်နိုင်မှာပါ။

” ခက်ခဲနေပေမယ့် ငါတို့အတူတူ ရုန်းကန်ကြမယ်။ ငါတို့အတူတူဒီအခြေအနေမှာ ခဏလေးတောင့်ခံထားဖို့ကို ခွန်အားရှိ လိမ့်မယ်ပေါ့” လို့ Agnes က ဆိုတယ်။

စိတ်ဖိစီးမှုတွေ ကြုံတွေ့လာပြီဆိုင်လည်း တရားထိုင်တာ ၊ယောဂကစားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ စတဲ့ ကိုယ်စိတ် ဝင်စားတဲ့အရာတွေကို အချိန်ပေးလုပ်ဆောင်တာ၊ အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင် တာ တစ်ဦးတည်းမနေဘဲ မိတ်ဆွေတွေချစ်ခင်သူတွေနဲ့ တွေ့ဆုံစကားပြောတာမျိုး လုပ်ဆောင်ပေးနိုင်တယ်လို့ စိတ်ပညာ ရှင်တွေက အကြံပြုပါတယ်။

မသူသူကိုယ်တိုင်လည်း စိတ်ဓာတ်ကျစိတ်ဖိစီးမှုတွေကနေ နားလည်ဖေးမကူညီသူအချို့ကြောင့် စိတ်ခွန်အားရလာတာလို့ ဆိုတယ်။

တစ်ကိုယ်တည်းမိခင်အဖြစ်ရပ်တည်နေတဲ့ မသူသူက ကလေးမွေးဖွားပြီးနောက် စိတ်ဖိစီးမှုအချို့ရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းကာလနောက်ပိုင်းမှာတော့ မိသားစုတွင်းနဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလွန်အမင်းစိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ခဲ့တာလို့ပြောတယ်။

ဖခင်ဖြစ်သူရယ်၊ အသက်၂၀ကျော်အရွယ်မောင်ဖြစ်သူတို့နဲ့ အတူနေထိုင်ပေမယ့် သမီးလေးကိုစောင့်ရှောက်ဖို့ အကူအညီ မရတာ၊ အလုပ်ကထွက်ပြီး နောက်ငွေရေးကြေးရေးအဆင်မပြေမှုတွေ ရှိလာတာတွေကြောင့် နေ့စဉ်နဲ့အမျှ အသက်ရှင် သန်လိုစိတ်တွေ ကုန်ဆုံးနေတာလို့ ပြောပါတယ်။

” လက်ကိုဓားနဲ့ခဏခဏလှီးတယ်၊ ဆေးတွေသောက်မိတယ်၊ ဘာမှမသိတဲ့ကလေးကိုလည်း နေ့စဉ်နဲ့အမျှ ဆူပူမာန်မဲပြီး ရိုက်နှက်တာ အိပ်ယာပေါ်စောင့်ချတာတွေအထိ လုပ်မိတယ်” လို့ နောင်တရစွာ ပြန်ပြောပြတယ်။

သူ့ခံစားနေရတဲ့အခြေအနေတွေကို အမျိုးသမီးတွေအချင်းချင်း စိတ်မွန်းကြပ်မှုတွေကိုထွက်ပေါက်အဖြစ် ပြောဆိုဝေငှလို့ ရတဲ့ လူမှုကွန်ရက်ဂရုတစ်ခုမှာ ဖွင့်ဟမိရာကနေ အခြားသောသူတွေရဲ့ ခွန်အားပေးစကားတွေ အကြံဉာဏ်တွေ စိတ် ပညာ ရှင်တွေရဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေရခဲ့ပြီး စိတ်အခြေအနေပြန်လည်သက်သာလာတာလို့ မသူသူက ပြောတယ်။

” တချို့တွေကလည်း ကလေးကို အဲ့ဒီလောက်လုပ်ရလားဆိုပြီး အပြစ်တင်ကြတယ်။ အခြားအမျိုးသမီးတွေက သူတို့ခံစား တာတွေပြောပြ၊ စိတ်ဖိစီးမှုတွေကို ဆွေးနွေးပေးတာတွေလုပ်ပေးတယ်၊ အများစုက Positive ဖြစ်စေတဲ့စကားတွေ ပြော ကြတယ်” လို့ မသူသူကပြောတယ်။

ယင်းလူမှုကွန်ရက်ဂရုက အဖွဲ့ဝင်အမျိုးသမီးတွေရဲ့နွေးထွေးဖေးမမှုတွေကြောင့် စိတ်ဓာတ်ခွန်အားရရှိခဲ့သလို၊ လက်ရှိမှာ လည်း ယင်းတို့အကြံပေးကူညီမှုတွေအတိုင်း သမီးလေးကိုထိန်း‌ကျောင်းရင်း အွန်လိုင်းကနေ ဈေးရောင်းတဲ့အလုပ် လုပ် ကိုင်နေပြီး ငွေကြေးမပြည့်စုံသေးပေမယ့် ရပ်တည်နိုင်တဲ့ အခြေအနေတော့ရှိတယ်လို့ မသူသူက ပြောတယ်။

အလုပ်အကိုင်၊စီးပွားရေး ကျပ်တည်းမှုတွေကြောင့် စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှုတွေ ရှိနေကြတဲ့အခါ တစ်ဦးတည်းကြိတ်မှိတ် မခံစားနေဘဲ ရင်းနှီးတဲ့သူတွေဆီဖွင့်ဟပြီး သူတို့အကြံပြုချက်အတိုင်း ကြိုးစားလိုက်နာကြည့်ပါလို့ မသူသူကပြောပါတယ်။

” အရေးအကြီးဆုံးက ကိုယ်ဖြစ်နေတဲ့အခြေအနေကို လက်ခံပြီး အခြားသူကိုရင်ဖွင့်ပါ၊ စိတ်ကိုဖွင့်ပြီး အကြံဉာဏ် ပေးနိုင်မယ့်သူကိုရှာပြီး လိုက်နာလုပ်ဆောင်ပါ” လို့ မသူသူက အကြံပြုပါတယ်။

Author:

Related Articles