ခင်ဘုန်းမို့။ ။
ဝါးလုံးတွေနဲ့သေသေသပ်သပ်ဆောက်ထားကာ အစိမ်းရောင် တာလပတ်စမိုးထားတဲ့ ဆိုင်ပုံစံနေရာလေးတစ်ခုကို စစ်ဘေး ရှောင်စခန်းတစ်ခုမှာ တွေ့ရတယ်။
အရှေ့မှာတော့ စစ်ဘေးရှောင်မိသားစုများအတွက် “တစ်ဝက်ဈေးဆိုင်” HOPE- The Humanitarian Organization မှ ထောက်ပံ့ကူညီသည်ဆိုတဲ့ စာနဲ့ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရတယ်။ ဒီဆိုင်ခန်းငယ်လေးထဲမှာတော့ အမျိုးသမီးငယ် တစ်ဦးက ကုန်ပစ္စည်းတွေကိုစီစစ်လိုက် စာရင်းရေးမှတ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
သူကတော့ တစ်ဝက်ဈေးဆိုင်ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nizပါ။ Nizဟာ လက်ရှိမှာတော့ HOPE-The Humanitarian Organizationရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပြီး အဖွဲ့ရဲ့စီမံဘဏ္ဍာရေးပိုင်းကို အဓိကတာဝန်ယူ ဆောင် ရွက်နေတယ်။
Nizဟာ သူရဲ့မိတ်ဆွေတွေနဲ့အတူ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက စစ်ဘေးရှောင်စခန်းတွေကို ကူညီထောက်ပံ့ပေး နေရာကနေ ရေရှည်အတွက်ရော၊ စစ်ဘေးရှောင်တွေဆီသွားတဲ့အခါ အသင်းအဖွဲ့အနေနဲ့ စုစုစည်းစည်းဖြစ်ချင်တာ ကြောင့်ရော၊ ပြည်သူလူထုကြားထဲ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲအသေးစိတ် ချပြချင်တာကြောင့် HOPE ဆိုပြီး အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ အဖွဲ့အနေနဲ့ဖွဲ့စည်းခဲ့တာတော့ သုံးလသာရှိပါသေးတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ တစ်နှစ်ကျော်လှုပ်ရှားရင်း စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်သိရှိလာတဲ့ အတွက် တစ်ဝက်ဆိုင်ဖွင့်ဖို့စိတ်ကူးရခဲ့ပါတယ်။
Niz တို့အနေနဲ့ အရင်ကတည်းက စစ်ဘေးရှောင်စခန်းတွေကို တစ်ပတ်(သို့)နှစ်ပတ်တစ်ခါ ရိက္ခာထောက်ပံ့ဖို့ သွားလေ့ရှိ တယ်။ နောက်ပိုင်းမှာတော့ စစ်ဘေးရှောင်တွေများလာတဲ့အပြင် ကုန်ဈေးနှုန်းကြီးလာတာ၊ အလှူငွေအရနည်းလာတာ၊ အလှူရှင်တွေနည်းပါးလာတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဒုက္ခတွေ့ကြရတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ ရရာအလုပ်လေးတွေလုပ်နေကြပေမယ့် တစ်ရက်ဝင်ငွေ၊တစ်ထောင်၊ နှစ်ထောင်က လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့မလောက်ငပါဘူး။ တစ်ဝက်ဆိုင်မှာက ဘယ်ပစ္စည်းမဆိုတစ်ဝက်ဈေးနဲ့ ဝယ်ယူနိုင် မှာပါ။
“ စစ်ဘေးရှောင်တွေရဲ့ အသက်ရှင်ရပ်တည်ရေး ပိုမိုအဆင်ပြေလာစေဖို့ပါ” လို့ Nizက တစ်ဝက်ဆိုင်ဖွင့်ဖြစ်တဲ့အကြောင်း ကိုပြောတယ်။
ဒီတစ်ဝက်ဆိုင်တွေကို Camp တစ်ခုမှာ တစ်ဆိုင်နှုန်းဖွင့်ဖို့ရည်ရွယ်ထားပြီး လက်ရှိမှာတော့ တစ်ဆိုင်ပဲဖွင့်နိုင်ပါသေးတယ်။ ဆိုင်ထိုင်သူနဲ့ စာရင်းကိုင်တွေကိုတော့ Campက လူငယ်တွေနဲ့ လူလတ်ပိုင်းတစ်ချို့ကိုလုပ်ကိုင်စေတယ်။
ဆိုင်ကိုတစ်ပတ်သုံးရက်နှုန်းဖွင့်ပြီး သတ်မှတ်ရက်မှာ Niz တို့က စာရင်းတိုက်တာ၊ကုန်ပစ္စည်းပြန်ဖြည့်တာတွေလုပ်ပါတယ်။ တစ်ဝက်ဈေးနဲ့ရောင်းတာဖြစ်လို့ ပစ္စည်းဖြည့်တဲ့အခါဆိုင်ကရတဲ့ ၅၀ ရာခိုင်နှုန်းရယ် ရန်ပုံငွေထဲက ၅၀ ရာခိုင်နှုန်းရယ် ပေါင်းပြီး ဖြည့်တယ်။
တစ်ဝက်ဆိုင်မှာ အဓိကအနေနဲ့ စားနပ်ရိက္ခာတွေ၊ တစ်ကိုယ်ရည်အသုံးအဆောင်တွေ၊ ကလေးပစ္စည်းနဲ့စာရေးကိရိယာ တွေ အဓိက ရောင်းချပေးတယ်။
“ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ မရှိလို့မစားရ၊ မစားရလို့အာဟာရချို့တဲ့တာ တွေကိုလည်း တခါထဲ ဖြေရှင်းပေးချင်လို့ပါ” လို့ Niz က ဆိုတယ်။
တစ်ဝက်ဆိုင်ကို ပင်တိုင်အလှူရှင်တစ်ဦးရဲ့မတည်မှုနဲ့ စတင်ခဲ့တာဖြစ်ပြီး ငွေကျပ်သိန်း၂၀လောက်ကုန်ကျပါတယ်။ နောက် ပိုင်းမှာတော့ ရန်ပုံငွေနဲ့လည်ပတ်သွားမယ်လို့ဆိုတယ်။ ဒီဆိုင်ရဲ့စာရင်းတွေကိုလည်း Niz ကိုယ်တိုင်လုပ်ကိုင်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းရှားပါးမှုပြဿနာကိုလည်း ဒီတစ်ဝက်ဆိုင်လေး က အထိုက်အလျောက် ဖြေရှင်းပေးနိုင်တယ်လို့ Nizက ယုံကြည်တယ်။
“ ဆိုင်မှာ Eva တစ်ထုပ်ကို ၃၀၀နဲ့ပဲ ရောင်းပေးတယ်။ အလှူရှင်မလာတဲ့အခါ ဝယ်သုံးရမယ်ဆိုလည်း ၃၀၀ ဆိုတော့ သုံးနိုင်တယ်လေ။ ကျန်းမာရေးအတွက်တော့ အများကြီးစိတ်အေးသွားရတယ်” လို့ Nizက ပြောတယ်။
အလှူရှင်မလာလို့ ရိက္ခာပြတ်နေတဲ့အချိန်၊ အပြင်အလုပ်တွေလုပ်ထားလို့ လက်ထဲပိုက်ဆံရှိပေမယ့် အပြင်က ဝယ်ဖို့ မလောက်တဲ့အခြေအနေတွေကို တစ်ဝက်ဆိုင်က ဖြေရှင်းပေးနိုင်ပါတယ်။
“ သူတို့တွေရဲ့ အာဟာရပြဿနာ၊ ငတ်မွတ်ရှားပါးမှုပြဿနာတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးတွေအတွက်ပါ အများကြီးအဆင်ပြေသွားစေတယ်” လို့Niz ကအားရကျေနပ်သံနဲ့ဆိုတယ်။
လူမှုကွန်ရက်စာမျက်နှာမှာHOPE လို့ရိုက်ရှာပြီး like နဲ့ following တွေနဲ့ support ပေးကြပါလို့ Nizကမေတ္တာရပ်ခံပါတယ်။
“ စစ်ဘေးရှောင်တွေရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးပါတယ်။ သူတို့တွေအိုးအိမ်စွန့်ခွာပေးလို့သာ ကိုယ့်ရဲဘော် တွေစိတ်အေးအေးတိုက်လို့ရတာမလား။ ဆိုတော့စစ်ဘေးရှောင်တွေကိုမမေ့ထားဘဲ ဆက်လက်ကူညီပေးကြပါလို့ ပြောချင် တယ်” လို့ Niz က တိုက်တွန်းပါတယ်။
အရင်ကတည်းကလူမှုရေးလုပ်ငန်းတွေ၊ပရဟိတလုပ်ငန်းတွေမှာ တက်ကြွခဲ့တဲ့ Niz တစ်ယောက် အာဏာသိမ်းပြီး နောက် မှာတော့ စစ်ရှောင်စခန်းတွေဆီ အခြေချဖြစ်ခဲ့တယ်။ ဆေးကျောင်းသူ တစ်ယောက်ဖြစ်တာကြောင့်လည်း လိုအပ်တဲ့ ဆေးကုသမှုတွေကိုဆောင်ရွက်ပေးဖြစ်တယ်။
ကိုယ်ပိုင်စီးပွားရေးလေးလုပ်ကာ ဆေးကျောင်းတက်ပြီး အေးအေးချမ်းချမ်းဖြစ်သန်းခဲ့တဲ့ Niz တစ်ယောက် စစ်အာဏာ သိမ်းပြီးနောက်မှာတော့ တော်လှန်ရေးခရီးလမ်းကိုလျှောက်လှမ်းရပါတော့တယ်။
Nizအနေနဲ့ အမှောင်ခေတ်မှာမွေးပြီးအဲ့ဒီခေတ်မှာပဲကြီးခဲ့ရတယ်။ အပြောင်းအလဲဖြစ်လာတဲ့နှစ်ပိုင်းတွေမှာ အရွယ်ရောက် တဲ့ လူငယ်ဖြစ်နေပြီ။ ခေတ်နှစ်ခုအပြောင်းအလဲကို မီတဲ့သူအနေနဲ့ရော၊ ကိုယ်တိုင်ကလည်း စာအုပ်တွေဖတ်၊ နိုင်ငံခြား ခရီးတွေထွက်တဲ့အခါ ကိုယ့်နိုင်ငံအခြေအနေ ဘယ်လောက်ဆိုးရွားနိမ့်ကြနေလဲ၊ ဘာတွေကြောင့်လဲ အမြဲတွေးမိတာ တွေအပြင် လူကြီးတွေပြောပြတဲ့သူတို့ဖြတ်သန်းခဲ့ရတဲ့ အာဏာသိမ်းမှုခေတ်ကာလတွေအကြောင်း အက်ကြောင်းထပ် အောင် ကြားခဲ့ရတယ်။
“ ငါတို့ခေတ်ကတော့ကံကောင်းပြီထင်ပါရဲ့ဆိုပြီး ကောင်းသောပြောင်းလဲခြင်းတွေကို ဝမ်းသာနေတုန်း အာဏာကောက် သိမ်းတော့ ဦးနှောက်ရှိတဲ့လူငယ်တစ်ဦးအနေနဲ့ဘယ်လိုမှ လက်ခံပေးနိုင်စရာအကြောင်းမရှိဘူးပေါ့နော်။ လူငယ်မှန်ရင် ဒီ တော်လှန်ရေးအမြစ်ဖြတ်ဖို့ပါကိုပါရမယ်” လို့ Nizက သူ့ခံယူချက်ကိုပြောတယ်။
လက်နက်ကိုင်လှုပ်ရှားမှုတွေ စတင်လာတဲ့အခါမှာတော့ စစ်ဘေးရှောင်တွေအတွက် အလှူငွေရှာပြီးလိုအပ်တာတွေ ထောက်ပံ့ ပေးခဲ့တယ်။
Nizရဲ့ပတ်ဝန်းကျင်မှာ ကရင်၊ကချင်စတဲ့တိုင်းရင်းသားတွေအများအပြားရှိပြီး ငယ်စဉ်ကတည်းကသူတို့ရဲ့ စစ်ဘေးဒဏ်၊ ဖိနှိပ်ခံရတဲ့ဒဏ်တွေကို နားထောင်ခဲ့ရပေမယ့် ဘာမှမကူညီပေးဖြစ်ခဲ့ဘူး။
“ အာဏာသိမ်းပြီးစစ်ပွဲတွေစလာတဲ့အခါမှာတော့ အရင်တုန်းကလျစ်လျူရှုမိခဲ့တာတွေကို အခုတစ်ခေါက်မှာပါလက်လွှတ် ရရင် နောင်တရတော့မှာ။ အဲ့ဒါကြောင့် နှစ်ခါပြန်မတွေးဘဲ စစ်ဘေးရှောင်တွေဆီရောက်လာခဲ့တယ်” လို့ Niz ကပြော တယ်။
စစ်ရှောင်စခန်းတွေကို ရောက်တဲ့အခါမှာ Niz အတွက်အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသခံတွေနဲ့ ဆက် သွယ်ပြောဆိုရေးပါပဲ။
ဟိုးခေတ်အဆက်ဆက်ထဲက စစ်တပ်ရဲ့ဒဏ်ကိုခံလာရတဲ့တိုင်းရင်းသားတွေမှာ စိတ်ဒဏ်ရာတွေရှိပြီး စစ်တပ်ဆိုဗမာ၊ ဗမာဆိုစစ်တပ်ဆိုတဲ့အစွဲ အရမ်းကြီးနေတဲ့နေရာတချို့ရှိတာကြောင့် သူတို့ရဲ့ယုံကြည်မှုရအောင်လုပ်ရတဲ့အပိုင်းမှာ အခက် အခဲတွေကြုံတွေ့ရတယ်။ တောင်ကမ်းပါးတွေဖြတ်သွားရတဲ့အခါမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေ နဲ့လည်း ရင်ဆိုင်ရတယ်။
“ မှတ်မှတ်ရရလွန်ခဲ့တဲ့လတွေတုန်းက လူမရောက်တဲ့ဖက်တွေကိုသွားတုန်းက ကားတစ်စီးဆန့်လို့သာ ကားလမ်းလို့ ခေါ်လို့တဲ့လမ်းတွေပေါ့။ အထုပ်တွေအပြည့်နဲ့ တောင်အမတ်ကြီးကိုတက်တာ။ ကားကလည်းပစ္စည်းသယ်တဲ့ ကားစုတ် ကြီးတွေနဲ့ဆိုတော့ တောင်ထိပ်အရောက်မှာ နောက်ပြန်ကျတာ၊ ဂီယာထိုးမရ၊ ဘရိတ်နင်းမရနဲ့ဆက်တိုက်အောက်ထိ ကျတာ၊ အဆုံးမှာချောက်ပဲရှိတယ်။ အဲ့တုန်းကဆိုသေပြီလို့ကို စိတ်လျော့ချပစ်တာ၊ ဘုရားသခင်ကျေးဇူးနဲ့ ကားရပ်သွား လို့သာပေါ့” လို့ Niz ကသူ့အတွေ့အကြုံကိုပြောပါတယ်။
စစ်ရှောင်စခန်းတွေနဲ့အသားကျနေပေမယ့် လက်နက်ကြီးနဲ့ဗုံးကျဲသံတွေကတော့ Nizအတွက်အသားမကျနိင်သေးပါဘူး။
“ လက်နက်ကြီးကိုယ့်အနားမှာ ကျတာတွေ၊ လေယာဉ်ဗုံးကျဲတာကိုယ့်အနားမှာ ကျတာတွေနဲ့ကြုံခဲ့ရတယ်။ အခုထိ လေ ယာဉ်သံမပြောနဲ့ တံခါးပိတ်သံဝုန်းခနဲကြားတောင် လူကဝပ်ပြီးသားပဲ”လို့ဖွင့်ဟတယ်။
ဒါအပြင် တိုက်ပွဲတွေပြင်းထန်တဲ့ကာလတွေတုန်းကဆို ထိခိုက်ဒဏ်ရာရရဲဘော်တွေ၊စစ်ရှောင်ပြည်သူတွေ အရေးပေါ် လူ ဆယ်နဲ့ချီရောက်လာခဲ့တယ်။ သွေးအလိမ်းလိမ်းတွေ၊ နာကျင်လို့အော်ငိုကြသံတွေနဲ့ ကမ္ဘာပျက်တဲ့နေ့ရက်တွေကို ဖြတ် သန်းခဲ့ရတယ်။
အဖွဲ့နဲ့အတူ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အမျိုးသမီးဖြစ်တဲ့အတွက် ကြီးကြီးမားမားအခက်အခဲမျိုးမရှိပေမယ့် ဒေသခံ တွေကတော့ အမျိုးသမီးဖြစ်တဲ့အပေါ် ခွဲခြားတာမျိုးတွေ ကြုံတွေ့ရတယ်။
“ ဥပမာအဝတ်တန်းလုပ်ပေးတာကို နှစ်ခုခွဲပေးထားတယ်။ အပေါ်ရယ်၊အောက်ရယ် အောက်အတန်းက မိန်းကလေး အတွင်းခံနဲ့ထဘီတွေလှမ်းဖို့တဲ့။ အဲ့တုန်းကဆို ကျွန်တော်စိတ်တိုပြီး ယောကျာ်းလေးအတွင်းခံ၊ ပုဆိုးတွေလည်းအပေါ်မှာ မလှမ်းနဲ့၊အောက်ပိုင်းဝတ်တာချင်းအတူတူ ဘာထူးခြားနေလဲဆိုပြီးရန်တွေ့မိတာအမှတ်တရပဲ”လို့Niz ကပြောတယ်။
စစ်ရှောင်စခန်းတွေကိုအပြည့်အဝကူညီပေးချင်တဲ့ Niz အတွက်ခေါင်းခဲရတဲ့ နေ့ရက်တွေလည်းရှိခဲ့တယ်။
နာမည်ကြီးသူမဟုတ်တဲ့အတွက် အလှူငွေရရှိမှုနည်းပါးတာ၊ ရတဲ့အလှူငွေနဲ့ လိုအပ်တာတွေမလုပ်ပေးနိုင်တဲ့ အခိုက် အတန့်တွေက စိတ်ပင်ပန်းခဲ့ရတယ်။
“ တချို့သောအလှူရှင်တွေပေါ့။ respect မရှိဘဲ ငါအလှူရှင်ကျေးဇူးရှင်လို ဆက်ဆံဆိုတဲ့ လူတချို့နဲ့ကြုံရတဲ့အခါ သူ တောင်းစားလို့ဆက်ဆံခံရတာမျိုးတွေ၊ အထက်စီးကဆက်ဆံခံရတာမျိုးတွေကြုံရတယ်။ အဲ့လိုအခါတိုင်းအရမ်း စိတ်ပျက် ရတယ်။ ဒါပေမယ့်တချို့ပါပဲ အများစုကတကယ်ချစ်စရာကောင်းပြီးနွေးထွေးကြပါတယ်”လို့ဆိုတယ်။
စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့်လည်း အိမ်ဆုံးရှုံးခဲ့သူတွေ၊မိသားစုဆုံးရှုံးခဲ့သူတွေကိုကြည့်ပြီး အားပြန်တင်းတယ်။
အမှောင်ခေတ်မှာကြီးပြင်းခဲ့ရတဲ့ Nizတစ်ယောက် အမှောင်ခေတ်ကိုပြန်ရောက်တဲ့အခါမှာတော့ စစ်ဘေးရှောင်တွေအတွက် အလင်းတစ်စက်အဖြစ်ကူညီရင်းဖြတ်သန်းနေပါတယ်။
“တစ်ဖက်ကဆေးထိုးအပ်ကိုင်ပြီးတစ်ဖက်က ကူညီပေးမယ့် လက်တစ်စုံနဲ့တော်လှန်နေတယ်”လို့ဆိုပါတော့တယ်။
- ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ - 05/11/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 04/11/2024
- ထောင်တွင်းငရဲခန်းကို ဖြတ်ကျော်လွတ်မြောက်လာသူ ပန်းချီဆရာမ - 30/10/2024