Home ဆောင်းပါး အမျိုးသမီးများအတွက် ရင်ဖွင့်ဂေဟာ (သို့မဟုတ်) ကြည်ကြည်ရဲ့အိမ်

အမျိုးသမီးများအတွက် ရင်ဖွင့်ဂေဟာ (သို့မဟုတ်) ကြည်ကြည်ရဲ့အိမ်

 

နန်းဆိုင်နွမ်။          ။

တိတ်ဆိတ်ငြိမ်သက်တဲ့ရပ်ကွက်တခုက အဝါရောင်ကျောက်ပြားတွေနဲ့ ကပ်ထားတဲ့သုံးထပ်တိုက်ကြီးရဲ့ရှေ့ ခြံစည်း ရိုးမှာ “ Kyi Kyi’s House” ဆိုပြီး ဆိုင်းဘုတ်တပ်ထားပါတယ်။

မြန်မာလိုတော့ ကြည်ကြည်ရဲ့အိမ်ပေါ့။

အဲဒီအိမ်လေးကတော့ တလတကြိမ် အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးသလို အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးအကြံပေးတာတွေကိုလည်း အခမဲ့ပြုလုပ်ပေးပြီး အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေပေးတဲ့နေရာတခုပါ။

ဒီအိမ်လေးမှာပဲ အမျိုးသမီးတွေအတွက် အဆောင်လည်း ဖွင့်လှစ်ပေးထားပါတယ်။

အိမ်ကလေးကတော့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ရပ်ကွက်(၄၁)မှာ ရှိတာပါ။

ဒီအိမ်လေးကို ဦးဆောင်တည်ထောင်သူကတော့ အသက်(၃၅)နှစ်ကျော် အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ကြည်ကြည် ဝင်းရွှေပဲဖြစ်ပါတယ်။

Kyi Kyi’s house ဖွင့်ရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတိုင်း အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်လုပ်နိုင်ဖို့ အလုပ်အ ကိုင်ရှာဖွေပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်ပေးကြောင်း၊ အမျိုးသမီးတဦးစီနဲ့ ကိုက်ညီတဲ့အလုပ်တွေကိုလည်း အကြံပေးမှုတွေ ပြုလုပ်ကြောင်း ဒေါ်ကြည်ကြည်ဝင်းရွှေက ပြောပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်းရွှေဟာ ၁၉၉၅ ခုနှစ်မှာ ထားဝယ်မြို့ ကိုယ်စားပြု ရေကူးလက်ရွေးစဉ်အဖြစ် ရွေးချယ်ခံရပြီး ရန် ကုန်မြို့ကို ရောက်ရှိလာသူတဦးဖြစ်ပါတယ်။

ရေကူးသင်တန်းပြီးတဲ့အချိန်မှာ သူတို့မိသားစု  ကံဆိုးမိုးမှောင်ကျပြီး မိဘပိုင်တဲ့မြေယာကို အာဏာပိုင်တွေက သိမ်းယူသွားခဲ့တဲ့အတွက် မိဘနှစ်ပါးနဲ့ မောင်နှမတွေက ထိုင်းနိုင်ငံကို ရွှေ့ပြောင်းပြီး အလုပ်သွားလုပ်ရပါတယ်။

ဒါ့ကြောင့်  သင်တန်းပြီးဆုံးချိန်မှာ မွေးရပ်မြေကို မပြန်နိုင်ခဲ့ပဲ လှည်တန်းမြို့နယ်ရှိ ပြင်ပအဆောင်မှာ နေထိုင်ရင်း ဘဝကို ရုန်းကန်ပြီး ပညာဆက်လက်သင်ကြားခဲ့ပါတယ်။

မကြည်ကြည်ဝင်းရွှေဟာ အသက် (၁၆) နှစ်ကစပြီး အသက် (၂၇)နှစ်အထိ မတူညီတဲ့ အလုပ်နယ်ပယ်တွေမှာ မတူညီတဲ့ အတွေ့အကြုံသင်ယူခဲ့ပြီး လက်ရှိမှာတော့ အမျိုးသမီးတွေဦးဆောင်တဲ့ ကုမ္ပဏီတခုကို ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။

“ကျမ အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ စတိုးဆိုင်အရောင်းစာရေး၊  ရေကူးသင်တဲ့ဆရာ၊ စားသောက်ဆိုင်မှာ လည်း ငွေသိမ်းကောင်တာ ထိုင်ဖူးတယ်”

သူဟာ မတူညီတဲ့နယ်ပယ်စုံမှာ အလုပ်တွေ လုပ်ဆောင်ရတာ သဘောကျပြီး လူငယ်တွေကိုလည်း မတူညီတဲ့ နယ်ပယ်တွေကို ပြောင်းပြီး အလုပ်လုပ်ဖို့ တိုက်တွန်းလိုကြောင်းပြောပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ နယ်ပယ် အစုံကို သိကျွမ်းနားလည်နိုင်ကြောင်းနဲ့ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါမှာ ဒီအတွေ့အကြုံတွေက အများကြီးအသုံးဝင် ကြောင်း ပြောပြပါတယ်။

နောက်ပိုင်းမှာ ဒေါ်ကြည်ကြည်ဝင်းရွှေဟာ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆေးကုမ္ပဏီတခု ဖွင့်လာနိုင်ပြီး၊ အဲဒီက တဆင့် ကွန်ရက်တွေ ချိတ်ဆက်နိုင်ဖို့ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်အသင်းကို ဝင်ခဲ့ကြောင်း၊ အဲဒီလိုအဆင့် ဆင့်ကြိုးစားမှုနဲ့ နိုင်ငံတကာ အမျိုးသမီးတွေနဲ့ တွေ့ဆုံစကားပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတိုင်း  ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေအောင် အလုပ်တခုခုလုပ်သင့်ကြောင်း၊ ဗဟုသုတကိုလည်း အမြဲတမ်းဖြည့်ဆည်းပေးသင့်ကြောင်း၊ နောက်ဆုံး အလုပ်မလုပ်ရင်တောင်မှ  ဗဟုသုတကို အဆက်မပြတ် ဖြည့် ဆည်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ကြည်ကြည်ရဲ့အိမ်လေးကတော့ အမျိုးသမီးတွေအတွက် အလုပ်အကိုင်တွေကို အခမဲ့ ကူညီရှာဖွေပေးတဲ့နေရာ တခုဆိုရင်လည်း မမှားပါဘူး။

“ ကျမဆီကို စီးပွားရေးသမားအသိတွေက အလုပ်ခေါ်တဲ့ စာတွေပို့ပါတယ်။ လျှောက်လွှာ (CV) လာလျှောက်တဲ့ အမျိုးသမီးတွေကို  ကျမက အရင်အင်တာဗျူးပါတယ်” လို့ ဒေါ်ကြည်ကြည်ဝင်းရွှေက ဆိုပါတယ်။

ဒါ့အပြင် ကြည်ကြည်ရဲ့အိမ်လေးဟာ အမျိုးသမီးနဲ့ ကျန်းမာရေး၊ အမျိုးသမီးနဲ့ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေအ တွက် အခမဲ့တိုင်ပင်ဆွေးနွေးခြင်း၊ ဥပဒေရေးရာ အခမဲ့တိုင်ပင်ဆွေးနွေးခြင်း၊ အမျိုးသမီးနဲ့စိတ်ပိုင်းဆိုင်ရာ အကြံပြု ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

မေလနှောင်းပိုင်းမှာ ကြည်ကြည်ရဲ့အိမ်လေးမှာ ပြုလုပ်တဲ့ အမျိုးသမီးနဲ့ စိတ်ကျန်းမာရေး ဆွေးနွေးပွဲကို လာတက် ကြတဲ့ အမျိုးသမီးအများစုကို ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျနေသူတွေ၊ အိမ်ထောင်ရေး အဆင်မပြေသူတွေ များ နေတာကို တွေ့ရပါတယ်။

“ကျမဆီကို စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်သူတွေနဲ့ စိတ်ဓာတ်ကျနေတဲ့အမျိုးသမီးတွေ လာပြီးတော့ ဆွေး နွေးကြတာများပါတယ်။ အဓိကတော့ အိမ်ထောင်ရေးအခက်အခဲတွေ၊ စီးပွားရေးအခက်အခဲတွေကို ပိုပြီးတော့ အကြံပေးနေရပါတယ်” လို့ ဒေါ်ကြည်ကြည်ဝင်းရွှေက ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ချင်တဲ့ အမျိုးသမီးတွေလာပြီး အကြံဉာဏ်တောင်းတာတွေ၊ ဥပဒေနဲ့ပတ်သက်ပြီး မေးမြန်း တာတွေ၊ နိုင်ငံတကာ ပညာတော်သင်သွားတဲ့ အတွေ့အကြုံတွေကိုလည်း သူက အခမဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြု လုပ်ပေးနေပါတယ်။

ဆွေးနွေးပွဲကို လာတက်တဲ့ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတဦးကတော့ “ အမျိုးသမီးတွေဟာ အိမ်မှာနေ လည်း အလုပ်လုပ်ရတာပဲ၊ ရုံးသမားတွေဆိုလည်း ရုံးကိုသွား၊ အလုပ်လုပ်ကြရပြီး အိမ်ပြန်လာလည်း အိမ်အလုပ် တွေ လုပ်နေရတာဘဲ၊ တခါတလေမှာ ကိုယ့်အတွက်တောင် ကိုယ်မေ့နေကြတယ်၊ ဒီလိုအမျိုးသမီးတွေနဲ့ဆိုင်တဲ့ သီးသန့်ဆွေးနွေးပွဲတွေကို များများလုပ်ပေးတာ ကောင်းတယ်” လို့ဆိုပါတယ်။

အမျိုးသမီးအများစုဟာ စိတ်ညစ်ရင်၊ စိတ်ဓာတ်ကျရင်၊ အိမ်ထောင်ရေး အဆင်မပြေရင် စိတ်ထွက်ပေါက် သိပ်မရှိ ကြကြောင်း ပွဲလာတက်တဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီဆိုရင် အများစုက ကလေးမွေးကြပြီး၊ ကိုယ်ဝန်ဆောင်ချိန်ကနေ မွေးဖွားချိန် အထိ တနှစ်ကျော်ကာလမှာ ယောကျ်ားတွေကို မှီခိုကြရကြောင်း၊ အဲဒီလို မှီခိုတဲ့အချိန်မှာ ကလေးတွေနဲ့သာ အချိန် ကုန်လာပြီး ကိုယ်က ကလေးထိန်း၊ အိမ်ထောင်ထိန်း အလုပ်ကလွဲပြီး ဘာမှမတတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ယူ ဆလာကြကြောင်း ဒေါ်ကြည်ကြည်ဝင်းရွှေက ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ပြောပါတယ်။

ကလေးမွေးဖွားပြီးတဲ့မိခင်တွေဟာ  ကိုယ်ပိုင်ဝင်ငွေရတဲ့အလုပ်ကို ပြန်လုပ်ချင်လာတဲ့အခါမှာ  ကိုယ့်ယောကျာ်းက ထောက်ပံ့မှု မရှိတဲ့အပြင် ကိုယ့်ဇနီးကို အထင်ကြီးမှု မရှိတဲ့အတွက်  အမျိုးသမီးတဦးအနေနဲ့ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ရခက်ခဲလာတတ်ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေက ဆက်ပြီးအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘဲ  ဒီအိမ်ထောင်၊ ဒီသားသမီးတွေနဲ့သာ တောက်လျှောက်မျောပါနေရတဲ့ အခြေအနေကိုရောက်နေကြရသလို တချို့ကျတော့လည်း ဒီအခြေအနေကို ဆန့် ကျင်မှုကြောင့် အိမ်ထောင်ကွဲတာတွေ ဖြစ်လာတာတွေ့ရပါတယ်လို့ သူက ဆိုပြန်တယ်။

“ ကျမတို့ လူအသိုင်းအဝန်းမှာ အသားကျပြီးသား၊ အမျိုးသားက ဦးဆောင်မယ်၊ အမျိုးသားက ရိုက်မယ်၊ အမျိုးသ မီးတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တန်းတူရည်တူ သဘောမထားဘဲ ငါကခံရတဲ့အပိုင်း၊ ငါကအိမ်ထောင် သည် စသဖြင့် စွဲနေကြတယ်”

ခေတ်အဆက်ဆက်မှာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် တဆင့်နိမ့်ပြီး ဆက်ဆံခဲ့မှုတွေဟာ အမျိုးသမီး တွေအပေါ်မှာလည်း မူတည်ကြောင်း၊ အမျိုးသမီးတွေက အမျိုးသားတွေအပေါ် အားကိုးလိုစိတ်ရှိနေသရွေ့  အနှိမ် ခံနေရဦးမယ်လို့လည်း သူမက ဆက်လက်ပြောပါတယ်။

ဒါ့အပြင် “ မိန်းကလေးတွေကိုယ်တိုင်က ယောကျ်ားလေးတွေကို အားကိုးဖို့လိုက်ရှာနေတာ။  အိမ်မှာ မီးလုံးကျွမ်း တာ ယောကျ်ားတွေကို လိုက်ရှာတယ်။ မီးလုံးကတော့ အမျိုးသမီးတွေလည်း လဲလို့ရပါတယ်” လို့ သူမထင်မြင် ချက်ကို ပြောပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်းရွှေကတော့ အမျိုးသမီးတွေကို အပြင်ထွက် အလုပ်လုပ်ဖို့၊ ဗဟုသုတများများရှာဖို့ တိုက်တွန်း လိုက်ပါတယ်။

ကြည်ကြည်ရဲ့အိမ်လေးကတော့ အမျိုးသမီးတွေကို အမြဲတမ်းဖိတ်ခေါ်လျက်ပါ။

စိတ်မွန်းကြပ်လို့ တိုင်ပင်ဖော်မဲ့နေတဲ့၊ စကားပြောရင်ဖွင့်ဖော်လိုနေတဲ့ အမျိုးသမီးတွေအားလုံးအတွက် ကြည် ကြည်ရဲ့အိမ်ကလေးက အမြဲတန်းတံခါးဖွင့်ထားပါတယ်။

Related Articles