နန်းဆိုင်နွမ်။ ။
မနက်အစောပိုင်းအချိန်မှာ ဒေါ်ထုရော် တယောက် ဆိုင်ကယ်တစ်စီးနဲ့ စျေးသွားဖို့ မဝံ့မရဲ ဘုရားတနေရပါတယ်။ ဒီလိုဖြစ်လာတာကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ စလာတယ်လို့ ဆိုပါတယ်။
ဒေါ်ထုရော်တို့နေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ရဲ့ မြို့လယ်ခေါင်စျေးနဲ့ လမ်းမဘေး ဘယ်ညာတွေမှာဆိုရင် ဆေးထိုးအပ်တွေကိုယ်စီ ကိုင်ထားတဲ့ လူတွေဟာ ဟိုတစုဒီတစုတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲနေကြပါတယ်။
အဲ့ဒီလူအုပ်စုတွေကြောင့် ဒေါ်ထုရော်တို့ ကွတ်ခိုင်က အမျိုးသမီးတွေဟာ မနက်အစောစျေးသွားဖို့၊ အိမ်ပြင်ထွက်ဖို့အတွက် ကြောက်စိတ်တွေ ဖြစ်နေကြပါတယ်။
“ လမ်းပေါ်မှာ၊ စျေးဝင်ဝ နောက်အိမ်ရှေ့တွေမှာ မူးယစ်ဆေးကို ပေါ်တင်သုံးနေတယ်။ အိမ်ဝန်းတံခါးတောင် မဖွင့်ရဲဘူး။ စျေးသွားရင်တောင် ခပ်လန့်လန့်ပဲ။ အခုကွတ်ခိုင်မြို့ပေါ်မှာ အရမ်းဆိုးဝါးနေတယ်” လို့ ဒေါ်ထုရော်က လက်ရှိကွတ်ခိုင်မြို့ အခြေအနေကို ပြောပြပါတယ်။
၂၀၂၁ခုနစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်မှာ မူးယစ်ဆေးရောင်းသူတွေပေါများလာသလို မူးယစ်ဆေး သုံးတဲ့သူတွေကလည်း လူသွားလူလာများတဲ့ နေရာတွေမှာ ပွင့်လင်းမြင်သာစွာ သုံးစွဲလာတဲ့အဆင့် ဖြစ်နေကြောင်းကို ဒေါ်ထုရော်က သက်ပြင်းချသံနဲ့ အတူ ပြောလာပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်ကြရတာ ကွတ်ခိုင်တမြို့ထဲတင်မကပါဘူး။ မြန်မာတနိုင်ငံလုံးအပြင် ဒေသတွင်း နိုင်ငံတွေအထိပါ အကျိုးဆက်ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာ တဟုန်ထိုးတက်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး UNODC ကထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း မက်သာဖက်တမင်း စိတ်ကြွဆေးပြား သန်း ၉ဝနဲ့ ဆေးအမှုန့် ၄.၄ တန် လောက်ကို လာအို၊ ထိုင်းနဲ့ မြန်မာ နိုင်ငံတွေမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ မူးယစ်တိုက်ဖျက်ရေး အရာရှိတွေကတော့ အဆိုပါမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်ထဲမှာ ထုတ်လုပ်ကြတာလို့ ယူဆနေကြပါတယ်။
ဒါ့ကြောင့် ကွတ်ခိုင်မြို့ပေါ်မှာ အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံရေးဟာ သိသိသာသာ ဆိုးရွားလာကြောင်းလည်း သူကဆိုပါတယ်။
“ ကျမတို့ မြို့မှာ ဆေးသမားတွေ သောင်းကျန်းချက်ကတော့အမျိုးသမီးတွေရဲ့ လုံခြုံရေးကတော့ ပြောမနေနဲ့ အမျိုးသားတွေ တောင် မလုံခြုံတဲ့ဘဝမှာ အမျိုးသမီးကတော့ ပိုဆိုးပေါ့” လို့ ဒေါ်ထုရော်က ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သုံးစွဲတဲ့အထဲမှာ ဆယ်ကျော်သက် လူငယ်တွေပါဝင်နေတဲ့အတွက် ကွတ်ခိုင်မြို့ရဲ့ လူသားရင်းမြစ် မိခင်တွေရဲ့ အပူမီးဟာလည်း မပြောပြနိုင်တဲ့အဆင့်ပါပဲ။
ဒီလိုနိုင်ငံရေးရှုပ်ထွေးကာလ အလုပ်တွေခက်ခဲပြီး ကုန်စျေးနှုန်းမြင့်မားချိန်မှာ အိမ်သားတယောက် မူးယစ်ဆေးဝါးသုံးစွဲပါက အိမ်တွင်းရှိသမျှ ပစ္စည်းရောင်းချတာ ပိုက်ဆံတွေလည်း ခိုးယူတာတွေကြောင့် အလွန်ပင်သောကရောက်နေရကြောင်းကို မိခင်ဖြစ်သူ ဒေါ်ရွယ်ကပြောပါတယ်။
“ ကျမရဲ့ အိမ်သားတယောက် ဆေးသုံးလို့ စိတ်ညစ်ရတယ်။ တရက်တရက် ပိုက်ဆံတွေခိုးတာ၊ အိမ်ပစ္စည်းတွေ ခိုးရောင်းတာနဲ့ ကြုံရတယ်။ ကျမလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” လို့ အသက် ၅၀ကျော် အရွယ်ရှိ ဒေါ်ရွယ်က စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။
ဒေါ်ရွယ်ရဲ့ အသက် ၃၀နှစ်အရွယ် သားတယောက်ဟာ မူးယစ်ဆေးဝါးသုံးစွဲလာတာ တနှစ်ကျော်ရှိလာပြီ။
အရင်စစ်အာဏာမသိမ်းခင် ကိုဗစ်တွေ မဖြစ်ခင်မှာတော့ သူမရဲ့သားဟာ တရုတ်ပြည်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး၊ လက်ရှိမှာတော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ကြား မူးယစ်ဆေးပါ သုံးစွဲလာတဲ့အတွက် တအိမ်လုံး စိတ်ဆင်းရဲနေရပါတယ်။
“ အရင်ကတော့ တရုတ်ပြည်မှာ အလုပ်လုပ်တယ်။ ကိုဗစ်ဖြစ်တော့ အဲ့မှာလည်း အလုပ်လုပ်ဖို့ ခက်တယ်လေ။ အဲ့မှာပြန်လာတယ်။ အခုတော့ အလုပ်လည်းမရှိ ဆေးကလည်းသုံးတော့ ကျမလည်း ဘာလုပ်ရမှန်းတောင်မသိဘူး” ဟု ဒေါ်ရွယ်က ဝမ်းနည်းစွာ ပြောပြလာပါတယ်။
သူ့သားဟာ မူးယစ်ဆေးဝါး သုံးစွဲဖို့အတွက် ပိုက်ဆံမရှိပါက မိခင်ဖြစ်သူ ဒေါ်ရွယ်ကို ပြဿနာမျိုးစုံရှာကြောင်း၊ မိသားစုစားဖို့အတွက် ဆန်ကစ ခိုးပြီးသွားရောင်းတဲ့ အဆင့်ထိပါပဲ။
“ ကျမက သူများရဲ့ခြံမှာ နေ့စားလိုက်တယ်။ ရတာက တရက်မှ ငါးထောင်ကျပ်ရတာ။ ရတဲ့ငွေနဲ့ စားဖို့ဆန်ဝယ်လာတယ်။ ဆန်ခိုးတယ်လေ။ ကျမလည်း စိတ်ညစ်တယ်” ဟု အသံဝဲဝဲနဲ့ သူ့ရဲ့ အိမ်တွင်းအကြောင်းကို ပြောပြပါတယ်။
ကွတ်ခိုင်မြို့လယ်ခေါင်မှာ မူးယစ်ဆေးကို ပေါ်တင်သုံးစွဲနေတာဟာ သက်ဆိုင်ရာက တမင်လွှတ်ပေးထားတဲ့သဘော ဖြစ်နေတယ်လို့ ကွတ်ခိုင်မြို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ဒေါ်လွမ်းရွယ်က ပြောပါတယ်။
စားဝတ်နေရေး ကျပ်တည်းနေချိန် ကာလမှာ မူးယစ်ဆေးဝါးတွေဟာ အလွယ်တကူ ဝယ်ယူနိုင်တဲ့အတွက် စဥ်းစားစရာ ဖြစ်နေတယ်လို့ ဒေါ်လွမ်းရွယ်က ပြောပါတယ်။
အစားအသောက်ဝယ်ရခက်ချိန် ကုန်စျေးနှုန်းတွေ စျေးတက်နေချိန်မှာ ဆေးပြားက လွယ်ကူတဲ့အတွက် အမျိုးသမီးတွေ သောက ရောက်နေရတဲ့အဆင့်ပါပဲ။
လက်တလောမှာ ကွတ်ခိုင်မြို့နယ်တွင် WY မူးယစ်ဆေးဝါး တပြားတန်ဖိုးဟာ ကြက်ဥတစ်လုံးစျေးနဲ့ ဝယ်လို့ရနေပြီး တစ်ပြားမှ ၂၅၀ ကျပ်သာ ရှိတယ်လို့လည်း ဆိုပါတယ်။
“ ကျမ မေးမြန်းသိရသလောက်က ဆေးပြား (WY) ၄ပြား ၁၀၀၀ကျပ် တဲ့၊ ကြက်ဥက တလုံး ၂၅၀ကျပ်ဖြစ်နေပြီ။ စားသောက်ကုန်စျေးတွေ ဆီစျေးတွေကတက်ပြီး ရှားပေမယ့် ဆေးပြားကတော့ ဒီထက်ပေါလာဖို့ပဲရှိတယ်” လို့ ဒေါ်လွမ်းရွယ်က လက်ရှိ ကွတ်ခိုင်မြို့အနေအထားကို ပြောပြလာပါတယ်။
မြန်မာတဝှမ်းလုံးမှာ စက်သုံးဆီတွေကို တန်းစီဝယ်တဲ့အခါမှာ ရဖို့အတွက် မသေချာပေမယ့် မူးယစ်ဆေးပြားကတော့ နေရာတိုင်း ရရှိနေကြောင်းလည်း သူက ဆိုပါတယ်။
“ စက်သုံးဆီက တန်းစီးလို့ ရချင်ရမယ် မရချင်မရဘူး။ ဆေးပြားကတော့ လွယ်တယ်။ နေရာတကာရတယ်။ အမျိုးသမီးတွေက သောကမျိုးစုံ ရောက်တဲ့အဆင့်ပါပဲ” သူက ဆိုပြန်ပါတယ်။
မူးယစ်ဆေးသုံးစွဲသူတွေများလာတဲ့နောက်ပိုင်းမှာတော့ လုယက်မှုတွေ၊ ဓားပြမှုတွေနဲ့ အိမ်ထဲထိ ဝင်ပြီးခိုးယူမှုတွေဟာ အရင်နှစ်တွေထက် ပိုဆိုးဝါးလာပါတယ်။
အခုချိန်မှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကို အားကိုးလို့မရအတွက် အမျိုးသမီးအဖွဲ့ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပါတယ်။
“ အခုကျမတို့ အမျိုးသမီးတွေ ဦးဆောင်ပြီးတော့ ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ဖတ်ကာ ဘက်မှာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးတွေ တိုက်ဖျက်နေရ ဖမ်းနေရတယ်” လို့ မူးယစ်ဆေးဝါး နှိမ်နင်းရာမှာ ပါဝင်လှုပ်ရှားတဲ့ ဒေါ်နန်ဒင်းက ပြောပါတယ်။
မူးယစ်ဆေးသုံးစွဲသူတွေကို လိုက်လံ ဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ပေးသလို တချို့ကိုမူးယစ်ဆေးဝါး ဖြတ်လိုပါက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းဒေါ်နန်ဒင်းက ဆိုပါတယ်။
“ဖမ်းမိတဲ့ သူတွေကို မိဘထံအပ်ပြီး ပြုပြင်ပြောင်းလဲဖို့ ပြောဆိုတာရှိသလို တချို့သူတွေဆိုရင် ဆေးဖြတ်ရေးစင်တာပို့တာတို့ အဲ့လိုပြုပြင်ပြောင်းလဲရေးအတွက် ကူညီပေးတာရှိတယ်” ဟု သူမက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ပေါများလာတာဟာ စဥ်းစားစရာ အချက်တခုဖြစ်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေါ်ထုရော်ရဲ့ တယောက် ဆေးသမားတွေ နေအိမ်ထဲဝင်ပြီး ခိုးယူမှာ လမ်းမှာ လုယက်ခံရမှာကို ကြောက်စိတ်နဲ့ နေ့စဥ်ညတိုင်း အိပ်မပျော်တဲ့အဆင့်ပါပဲ။
ကွတ်ခိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပြည်သူ့စစ်တွေပေါများတဲ့ဒေသတစ်ခုဖြစ်ပေမယ့် မူးယစ်ဆေးဝါး ပပျောက်သွားတယ်ဆိုတာတော့ တကြိမ်တခါမျှရှိပဲ ပိုများလာတာပဲရှိပါတယ်။
ဒါ့ကြောင့် ဒီလို ကာလမှာ ဒေါ်ထုရော်တယောက် ကွတ်ခိုင်မြို့လယ်ခေါင်က စျေးကိုသွားဖို့ တွန့်ဆုတ်နေပြီး၊ အိမ်ပြင်ထွက်ရန် လေးလံနေပါတယ်။
ကွတ်ခိုင်မြို့ပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲတာဟာ ရုပ်ဆိုးအကျည်းတန်စေရုံသာမက အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး ဟာလည်း အလွန်ပင် စိုးရိမ်ပူပန်ရတဲ့အဆင့်ပါပဲ။