နွေဦးမောင်။ ။
မီးလောင်ပြင်ထဲက အပျက်အစီးတွေကို အိမ်ရှင်တွေနဲ့အတူ လူငယ်တစ်စုရှင်းလင်းနေကြပါတယ်။ ပြာပုံအတိဖြစ်နေတဲ့ နေအိမ်တစ်လုံးရဲ့ အပျက်အစီးအကြွင်းအကျန်တွေကို တောင်းတွေထဲ ဂေါ်ပြားနဲ့ ကော်ထည့်နေကြပါတယ်။
တချို့လူငယ်တွေကတော့ အပျက်အစီးတွေကို ဂွန်ဒေါင်းတစ်စီးပေါ် မတင်နေတယ်။ သူတို့ရဲ့နောက်ဘက်မှာ နေမရတော့ တဲ့ အဆောက်အအုံပျက်တစ်လုံးကို ထီးထီးကြီး မြင်နေရပါတယ်။
မီးလောင်ပျက်စီးထားတဲ့ အဲဒီအဆောက်အအုံဟာ အမိုးတွေ ရှိမနေတော့ပါဘူး။ အကာအရံအနေနဲ့တောင်မှ နောက်ကြော ဘက်နဲ့ ဘေးနှစ်ဘက်သာကျန်တော့ပြီး ရှေ့မျက်နှာစာမှာတော့ ဟာလာဟင်း ဗလာကျင်းနေခဲ့ပါပြီ။
ဒါကတော့ ဒီပဲယင်းမြို့နယ် မူးကမ်း-ဆူးတပ်ရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားလို့ ကြွင်းကျန်နေတဲ့နေအိမ် အပြိုအပျက်တွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တွေက ဝိုင်းကူရှင်းလင်းပေးနေတာပဲ ဖြစ်ပါတယ်။
မူးကမ်း-ဆူးတပ်ရွာဟာ အိမ်ခြေ ၄,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခြင်းကို သုံးကြိမ်ထက်မနည်း ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဇွန်လထဲ ပထမအကြိမ်မီးရှို့ခံရစဉ်က နေအိမ် ၁၆၈လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက် သြဂုတ် ဒုတိယပတ်ထဲမှာ နှစ်ရက်ဆက် မီးထပ်ရှို့ခံရလို့ အိမ်ခြေ ၅၄၂လုံး မီးလောင်ဆုံးရှုံးခဲ့ရတာပါ။
“လူတွေလည်း ရွာထဲသိပ်မနေရဲသေးဘူး။ ပါသွားတဲ့အိမ်တွေကများတော့ တိတ်ဆိတ်ခြောက်ကပ်နေလို့”လို့ မူးကမ်းကြီး သူ မရတနာက ပြောလာပါတယ်။ တချို့တွေ အိမ်ပြန်ချင်ကြပေမယ့် ပြန်စရာအိမ်မရှိကြတော့ဘူး” လို့ သူကဆိုပါတယ်။
ပြောမယ်ဆိုရင် စစ်အုပ်စုရဲ့ ရမ်းကားဖျက်ဆီးမှုတွေကြောင့် မိသားစုပိုင်အိမ်လေးတွေဆုံးရှုံးကြရသလို မိသားစုဘဝတွေ ဟာလည်း အလဲလဲအပြိုပြိုပါပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်ထဲ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာပေါင်း ၃၁ ရွာ ရှိပြီး အိမ်ခြေ ၁,၅၀၀ ကျော် ရှိခဲ့ပါတယ်။
မူးကမ်းကြီးရွာသူ မရတနာဟာ အသက် ၃၀ ဝန်းကျင်ရှိပါပြီ။ သူကမြို့ပေါ်တက်အလုပ်လုပ်တာကြောင့် ရွာကအမေ့ အိမ်လေးဆီ တစ်နှစ်နေမှ တစ်ခေါက်နှစ်ခေါက်ပဲ ပြန်ဖြစ်တာပါ။ သည်တော့ အလုပ်နားရက်လေးရလို့ အမေ့အိမ်ပြန်ရတဲ့ အခါတိုင်း အလွမ်းပြေတယ်ရယ်လို့ မရှိဘူး။
ရက်ပိုင်းလောက်နေရတာလေးကိုပဲ ကျေနပ်သဘောကျနေခဲ့တာ။ အမေ့ညီမအရင်း အဒေါ်နှစ်ယောက်လည်းရှိတော့ အိမ် ပြန်ရောက်တိုင်း တူဝရီးတွေစကားပြောမကုန်ကြဘူး။ အရာရာဟာ ချမ်းမြေ့ဖွယ်အတိပြီးတဲ့နေ့ရက်တွေလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ဒီတစ်ခေါက် အမေ့အိမ်ပြန်အမှတ်တရကတော့ ဘဝမှာ တစ်သက်မေ့နိုင်မှာ မဟုတ်တော့ဘူးလို့ မရတနာ တွေး ထင်နေမိတယ်။ ဘာကြောင့်လည်းဆိုတော့ အမေ့အိမ်ပြန်ရောက်ပြီး နှစ်ရက်လောက်နေတော့ ရွာထဲ စစ်သားတွေဝင်မွှေ သောင်းကျန်းလို့ အသက်လုပြေးရတာကြောင့်ပါ။
” လောလောဆယ်တော့ တိမ်းနေရတုန်းမို့ (အိမ်)ပါသွားလား မပါသွားလား တိကျမသိရသေးပါဘူး။ ရွာထဲလည်း ဝင်မရ သေးလို့ပါ”လို့ သြဂုတ်ဒုတိယပတ်ထဲ မူးကမ်းကြီးရွာမီးရှို့ဖျက်ဆီးခံနေရချိန် မရတနာက ပြောပါတယ်။
ဒီလိုနဲ့ လေးငါးခြောက်ရက်လောက် တိမ်းရှောင်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ ရွာထဲကထွက်သွားတော့ ဒေသကာ ကွယ်ရေးတပ် PDF တွေ မူးကမ်းရွာထဲဝင်နိုင်ခဲ့ပါပြီ။ ဒီတော့မှ မရတနာတို့ မိသားစုပိုင်အိမ်လေး မီးထဲပါမသွားဘူးဆိုတာ သိလာရတယ်။ ဒါပေမဲ့ အဒေါ်နှစ်ယောက်ရဲ့ နေအိမ်တွေတော့ မီးထဲပါသွားလို့ စိတ်သက်သာရာမရခဲ့ပါဘူး။
“ဆုံးရှုံးမခံနိုင်လည်း ကိုယ်ဘာတတ်နိုင်မှာမို့လို့လည်း”လို့ မရတနာက ခံပြင်းစွာဆိုလာပါတယ်။
အခုဟာက နေ့တိုင်းလိုလို မိသားစုဘဝတွေဖျက်ဆီးခံနေရတာ။ ကြာတော့ မခံစားနိုင်ဘူး။ လူကလည်း ခံနိုင်ရည်မရှိ တော့ဘူးလို့ ရင်ဖွင့်လာသူကတော့ မူးကမ်းကြီးရွာသား ကိုမောင်ကျော်ပါ။ သူက အခုရွာမှာရှိမနေပါဘူး။ မိသားစုစားဝတ် နေရေးအတွက် ထိုင်းသွားပြီး အလုပ်လုပ်နေသူဖြစ်ပါတယ်။
သူ့မွေးရပ်မြေ မူးကမ်းကြီးရွာကို စစ်အုပ်စုတွေမီးရှို့ဖျက်ဆီးတဲ့ သတင်းတွေဖတ်၊ မီးလောင်ထားတဲ့ နေအိမ်အပျက်အစီး တွေကိုမြင်ရပြီး အထက်ပါအတိုင်း သူ့ခံစားချက်ကို ဖွင့်ဟလာတာ ဖြစ်ပါတယ်။ စစ်သားတွေမီးရှို့ဖျက်ဆီးလို့ မီးလောင် ပြင်ဖြစ်သွားတဲ့အိမ်တွေထဲမှာ သူ့မိခင်အိမ်လေးပါသွားတယ်။ ဒါတင်ပဲလားဆိုတော့မကသေးဘူး။ သူ့နှမနှစ်ယောက်ရဲ့ မိသားစုအိမ်တွေလည်း မီးရှို့ခံရတဲ့အပြင် ဝမ်းကွဲနှမတွေရဲ့အိမ်တွေပါ မီးထဲပါသွားခဲ့တယ်လို့ ကိုမောင်ကျော်က ပြောပါ တယ်။
“မိဘအိမ်ရော မိသားစုအကုန်ပြာကျတဲ့အထဲ ပါသွားကြတာ”လို့ သူက ဆိုပါတယ်။
မိသားစုပိုင်အိမ်လေးနဲ့ နှမသားချင်းတွေရဲ့ နေအိမ်တွေ မီးထဲပါသွားပြီဆိုတဲ့သတင်းကြားရတော့ ကိုမောင်ကျော် တစ်ည လုံး အိပ်မရခဲ့ဘူး။ စစ်ကောင်စီက ဖုန်းလိုင်းတွေပါဖြတ်ထားတော့ မိသားစုနဲ့ အဆက်အသွယ်လုပ်ရ မလွယ်လှဘူး။ အဝေး ရောက်နေသူတစ်ယောက်အဖို့ အခြေအနေတွေ သေချာမသိရလေ ရင်ထဲပူလောင်စွာခံစားရလေလို့ သူက ရင်ဖွင့်ပါတယ်။
“အိပ်ရေးပျက်ပြီး အလုပ်တောင်မဆင်းနိုင်ဘူး”
နှမတွေနဲ့ အဆက်အသွယ်ရပြန်တော့ ပိုလို့ခံစားရပြန်တယ်။ သူကမွေးချင်းတွေထဲ အကြီးဆုံးဖြစ်တော့ ငိုယိုပြီး ပြောပြ နေတဲ့ နှမတွေရဲ့ စကားသံကြားရတဲ့အခါ ရင်ဘတ်ထဲ မီးဆနဲ့အထိုးခံရသလို မချိအောင်ခံစားရတယ်လို့ ကိုမောင်ကျော်က ဆိုပါတယ်။
သူအနေနဲ့ ထိုင်းမှာအလုပ်လုပ်နေတယ်ဆိုပေမယ့် မိခင်ဖြစ်သူကိုသာ ထောက်ပံ့နိုင်ပြီး နှမတွေကို မထောက်ပံ့ပေးနိုင်လို့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါသေးတယ်။ “နှမသားချင်းတွေများတော့ အကုန်မထောက်ပံ့နိုင်ဘူး။ ဘယ်သူနဲ့မေးမေး ပြောလိုက်ရင် ငိုသံတွေဘဲကြားနေရတာ”
ကိုမောင်ကျော်လိုပဲ အဝေးကနေမိသားစုအတွက် ပူပန်နေရသူတစ်ဦးကတော့ မခါးလွန်း ဖြစ်ပါတယ်။ သူက ဇာတိမြေမူး ကမ်းကြီးရွာနဲ့ဝေးနေတာ ၁၀ စုနှစ်တစ်ခုနီးပါးရှိပါပြီ။ အဖေနဲ့အမေ အိမ်ထောင်ကွဲသွားပြီးထဲက အမေ့ကိုရွာမှာမထား တော့ဘဲ သူ့ဆီခေါ်ထားတာ။ အမေ့အိမ်လေးကိုတော့ ဒီတိုင်းသော့ပိတ်ထားခဲ့တယ်။
အဖေနဲ့အမေ အတူပေါင်းသင်းနေထိုင်တုန်းက ဒီအိမ်လေးကိုဆောက်တော့ မခါးလွန်းတို့ညီအစ်မလည်း ရွာမှာပဲနေကြတာ။ အိမ်ဆောက်တော့လည်း ညီအစ်မနှစ်ယောက် သဲတွေကူသယ်၊ မြေတွေဖို့နဲ့ အိမ်လေးဟာ သူတို့ညီအစ်မလက်ရာ မကင်းခဲ့ဘူး။
” အိမ်ဆောက်တုန်းက အစ်မတို့ ညီမနှစ်ယောက်ကိုယ်တိုင် သဲနုတွေခင်းခဲ့တာပါ။ အရမ်းပျော်စရာကောင်းခဲ့တာပေါ့”လို့ အတိတ်ကို ပြန်အမှတ်ရသလို မခါးလွန်းက ပြောလာပါတယ်။
ခုတော့ အဲဒီမိသားစုအိမ်လေး မရှိတော့ဘူး။ စစ်သားတွေမီးရှို့ဖျက်ဆီးလိုက်တဲ့အထဲ ပါသွားပြီ။ အိမ်လေးမရှိတော့ ဘူးဆို တော့သတင်းကြားရတော့ သူ့မိခင်ဟာ တစ်နေ့လုံးစကားတစ်ခွန်းမှ မပြောတော့တဲ့အထိ တိတ်ဆိတ်သွားတယ်လို့ မခါးလွန်းက ဆိုတယ်။
ဒီအိမ်လေးမှာ အဒေါ်အရင်းနှစ်ယောက်နဲ့အတူ ညီအစ်မသုံးယောက် ခဏလောက်ဖြစ်ဖြစ် အတူပြန်နေဦးမယ်လို့ သူ့မိခင် က စိတ်ကူးထားတာ။ စကားကြုံတိုင်း အဲဒီအကြောင်း တတွတ်တွတ်ပြောတာလို့ မခါးလွန်းက ပြန်ပြော ပြတယ်။
ဘယ်သူပဲဖြစ်ဖြစ် မိသားစုပိုင်အိမ်လေးဆီ လွမ်းတတ်ကြတာ သဘာဝပဲမဟုတ်လား။ ကိုမောင်ကျော်တို့ မခါးလွန်းတို့လို လူဝတ်ကြောင်တွေမဆိုထားနဲ့ သက်န်းဝတ်ထားတဲ့ သံဃာတော်တွေလည်း မိဘအိမ်လေးကို တသကြပါတယ်။ အဲဒီအထဲ မူးကမ်းကြီးသား ဦးဇင်းဝိစိတ္တလည်း ပါပါတယ်။ သူ့မိခင်(ဒကာမကြီး)ရဲ့ ပြာကျသွားတဲ့ အိမ်ဝိုင်းလေးကိုကြည့်ပြီး ဦးဇင်းက စာနဲ့ပေနဲ့ ခုလိုခံစားပြထားပါတယ်။
ပျော်ရွင်ခြင်းတွေနဲ့ ပြည့်စုံခဲ့တဲ့ အိမ်….။ ရယ်မောခြင်းတွေနဲ့ တည်ရှိခဲ့တဲ့ အိမ်…။ ငြိမ်းချမ်းမှုတွေပေးတဲ့ အိမ်…..။ မိုးဒဏ် လေဒဏ်ကို အန်တုလို့ အေးချမ်းမှုကိုပေးခဲ့တဲ့ အိမ်…။ အသိုက်စုံလင်စွာနဲ့ လက်ရေတပြင်ကြီး တူတူလွေးခဲ့ကြတဲ့အိမ်…။ သူတို့သားကြီးကြွလာရင် မရှိ၊ ရှိတာလေးနဲ့ချက်ကပ်နေတဲ့အိမ်…။ သူ့သားကြီးကို ကြည့်လို့မဝတဲ့မျက်နှာအစုံနဲ့ ကြည့်နေ တဲ့ မိဘအိမ်…။
အိမ်……၊ အိမ်……၊ အိမ်တဲ့….။ အခုတော့ နားခိုစရာမရှိတဲ့ ငှက်ပမာ တောင်ပြေးလိုက်…မြောက်ပြေးလိုက်ရနဲ့….။ ဟိုက ကျွေးတာစားလိုက်…ဒီကပေးတာနဲ့နေလိုက်နဲ့…။ ကျီးလန့်စာ စားနေရပြီး ဘဝကိုရုန်းနေကြရတဲ့ဘဝတွေ…။ နေရေးထက် ရှင်ရေးကို ဦးစားပေးရတဲ့ဘဝတွေ…။ သူတို့ပြောဆိုကြတဲ့ ကြေကွဲဝမ်းနည်းဖွယ်စကားလုံးတွေကို ရင်ဘက်ကြီးနဲ့ခံစားပြီး နားထောင်ရင်း စို့တတ်လာတဲ့ မျက်ဝန်းထဲကအရည်ကို မမြင်စေချင်လို့ အားမာန်တင်းထားတဲ့ မျက်နှာအစုံပြရတာ ဘဝမှာ ရင်အနာရဆုံးပါပဲတဲ့။ ပြီးတော့ သူက
“ဘယ်လောက်ပဲ အသည်းမာတယ်ပဲပြောပြော မျက်ရည်တော့ ကျခွင့်ရှိတယ်မဟုတ်လား…”လို့ ရင်ဖွင့်ထားပါသေးတယ်။