ခက်ဆစ်။ ။
မုဒိန်းကျင့်တဲ့တရားခံ ထောင်မကျပဲ ပြန်လွတ်လာမှာကို ဧရာဝတီတိုင်းက အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ယောက် ကြောက်ရွံ့နေပါတယ်။
လှိုင်သာယာက အမြင်အာရုံမသန်စွမ်းသူ မိန်းကလေး ကတော့ အဖေနဲ့ ပထွေးအပါအဝင် အခြားအမျိုးသား ၇ဦး မုဒိမ်းပြုကျင့်လို့ရခဲ့တဲ့ ကိုယ်ဝန်ကို မွေးဖွားပြီးပါပြီ။ကျူးလွန်သူတွေကတော့ စစ်ဆေးနေတာ မပြီးနိုင်သေးလို့ အခုထိ ပြစ်ဒဏ်မခံရသေးပါဘူး။
ချင်းပြည်နယ် ဖလန်း၊ ဒီမြို့လေးမှာတော့ မုဒိန်းမှုကျူးလွန်သူနဲ့ ပြုကျင့်ခံရတဲ့ မိန်းကလေးကို ပြန်ပေးစားတာတွေရှိနေပါတယ်။ မုဒိန်းကျင့်သူကို မယူရင် ရွာပြင်ထုတ်ခံရမယ်ဆိုတဲ့ ဓလေ့ကလည်း အဲ့ဒီဒေသက မိန်းကလေးတွေအတွက် အိမ်မက်ဆိုးအဖြစ် အခုအချိန်အထိ ရှိနေတုန်းပါပဲ။
ဒါတွေကတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ မုဒိန်းမှုတွေရဲ့ တချို့ အခြေအနေတွေပဲဖြစ်ပါတယ်။
အရင် အရပ်သားအစိုးရလက်ထပ်မှာတုန်းကတော့ အမျိူးသမီးအကြမ်းဖက်ခံရမှုတွေ အထူးသဖြင့် သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ရင် အလေးထားဖြေရှင်းဆောင်ရွက်ခဲ့ပေမယ် အခုကာလမှာတော့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေအောက်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ဖြစ်ရပ်တွေဟာ အရေးယူမခံရဘဲ တိတ်တဆိတ် ပျောက်ဆုံးနေပါတယ်။
တရားစီရင်ရေးစနစ်ဟာ အာဏာသိမ်းမှုဖြစ်စဉ်အောက်မှာ ယိုယွင်းပျက်စီးသွားတဲ့အခါ အရင်ကတည်းက အလေးဂရုပြုမှုအလွန်အားနည်းခဲ့တဲ့ အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေဟာ လျစ်လျူရှုပြီးသား ဖြစ်နေတော့တာပါပဲ။
သက်ငယ်မုဒိန်းမှုအများဆုံးဖြစ်ရာ ဒေသက တရားရေးစီရင်ရေးစနစ်
ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ပြီးခဲ့တဲ့ မေလပိုင်းက အသက် ၁၂ အရွယ် မိန်းကလေးငယ်တစ်ဦးကို ရွာနားမှာနေထိုင်တဲ့ အသိမိတ်ဆွေ အမျိုးသားတစ်ဦးက မုဒိန်းမှုကျူးလွန်ခဲ့ပါတယ်။
မိန်းကလေးငယ်က ငယ်ငယ်တည်းက မိဘတွေနဲ့အတူနေထိုင်တာမဟုတ်ပဲ သူမရဲ့ အဖွားဖြစ်သူနဲ့သာ နေထိုင်သူပါ။ ကျူးလွန်သူက အိမ်ကိုလည်း အမြဲဝင်ထွက်သွားလာနေတဲ့သူဖြစ်သလို ကျူးလွန်သူရဲ့ အိမ်မှာလည်း မိန်းကလေးငယ်က အလုပ်သွားလုပ်ပေးရတာတွေလည်းရှိပါတယ်။ ဆင်းရဲ ချို့တဲ့ တဲ့မိသားစုကလည်းဖြစ်တာကြောင့်မိန်းကလေးငယ်နဲ့ အဖွားတို့ဟာ ကျူးလွန်သူရဲ့ မိသားစုအပေါ်မှီခိုနေရတဲ့ အနေအထားမျိုးရှိပါတယ်။
ကျူးလွန်တဲ့နေ့က ကလေးငယ်က အလုပ်လုပ်ပြီးတဲ့အချိန်မှာ အဆိုပါအမျိုးသားက အိမ်ပြန်လိုက်ပို့မယ်လို့ဆိုပြီး ဆိုင်ကယ်နဲ့တင်ဆောင်သွားရာမှ လမ်းတဝက်မှာ ကလေးငယ်ကို မုဒိန်းပြုကျင့်ခဲ့တာဖြစ်ပါတယ်။ကလေးငယ်ကို အိမ်ကိုပြန်ရောက်တဲ့အခါ သူမရဲ့ အဖွားကို သူမ အရမ်းနာကျင်နေကြောင်းပြောတဲ့အခါ အဖွားက သိရှိသွားပြီး တုန်လှုပ်သွားခဲ့ရပါတယ်။ဒါကြောင့်နီးစပ်ရာ ရပ်ရွာကလူကြီးတွေကို အကြောင်းကြားပြီး အမှုဖွင့်တိုင်ကြားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အဖွားဖြစ်သူကိုယ်တိုင် တရားလိုပြုပြီး အမှုဖွင့်တိုင်ကြားခဲ့ပေမယ့်လည်း အခုလို ခြေအနေမျိုးမှာ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုအပြည့်အဝ ထားလို့ရပါ့မလားဆိုတဲ့ အတွေးမျိုးလည်း ရှိနေပါတယ်။
တရားခံက ဘယ်တော့လွတ်လာပြီးဘယ်အချိန် လာသတ်မလဲဆိုပြီးလည်းကြောက်နေရတဲ့အခြေအနေတွေရှိသလို တကယ်ရော ထောင်ကျမှာဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ ကလေးရဲ့ အုပ်ထိန်းသူ အဖွားဆီမှာ ရှိနေပါတယ်။
ဒါကြောင့် အဖွားရော ကလေးငယ်ပါ စိတ်မလုံခြုံမှုတွေဖြစ်နေရသလို ကျူးလွန်သူကို အရေးယူဆောင်ရွက်ပေးမှုမရှိပဲ ပြန်လည်လွတ်မြောက်လာမှာကိုလည်း တစ်ရွာလုံးက စိုးရိမ်နေကြရပါတယ်။
အမှုတစ်ခုဖြစ်ရင် ရဲစခန်းမှာ အရင်ဆုံးသွားရောက်တိုင်ကြားပြီးမှသာ တရားစွဲဆိုမှု လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်တာကြောင့် ရဲစခန်းတွေရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တချို့ကြောင့် မတရားပြုကျင့်ခံရမှုတွေဟာလည်း နှုတ်ဆိတ်သွားခဲ့ကြပါတယ်။
“အခုလိုအချိန်က ကျူးလွန်ခံရတဲ့သူတွေက နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာသူတို့အတွက် အန္တရယ်တွေကတော့ အများကြီးရှိတယ်။စိုးရိမ်ကြောင့်ကျမှုတွေရှိကြတယ်။ တိုင်လိုက်ပြီးရင် ဘာဆက်ဖြစ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်တွေရှိကြတယ်” လို့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီး ကူညီစောင့်ရွက်ပေးနေသူ တစ်ဉီးဖြစ်တဲ့ မဝင်းခိုင်ကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးဟာ အရင်အရပ်သားအစိုးရလက်ထပ်က ကောက်ခံထားတဲ့ စာရင်းအချက်အလက်တွေအရ မုဒိန်းမှူ အများဆုံးဖြစ်ပွားတဲ့ ဒေသဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇ စာရင်းအရ မြန်မာနိုင်ငံမှာ ၁၆ နှစ်အထက် မိန်းကလေးများ မုဒိန်းကျင့် ခံရမှု အများဆုံး ပြည်နယ်နဲ့ တိုင်းဟာဧရာဝတီတိုင်းဖြစ်ပါတယ်။ တနိုင်ငံလုံးမုဒိန်းမှု ၅၀၈ မှုမှာ ဧရာဝတီတိုင်းက ၈၇ မှု ရှိတာ ဖြစ်ပါတယ်။
အခုလို ကာလမှာ တိုင်ကြားမှုတွေအားနည်းသလိုအချက်အလက်စုဆောင်းတာ ထုတ်ပြန်တာမျိုးမရှိတဲ့အတွက် မုဒိန်းမှုတွေနဲ့ပတ်သက်တဲ့ အချက်အ လက်တွေကို သိရှိရဖို့ခက်ခဲသလို သတင်းမီဒီအပေါ်ဖိနှိပ်ထားမှုတွေကြောင့် သတင်းတွေမှာလည်း မုဒိန်းမှုနဲ့ပတ်သက်လို့ မြင်တွေ့ရတာကတော့ အရင်ကာလတွေထက် နည်းပါးနေခဲ့ပါတယ်။
သို့ပေမယ့် လက်ရှိ မြေပြင်မှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အမှုတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
“တိုင်းပြည်မငြိမ်သက်တဲ့အတွက် တရားဥပဒေစိုးမိုးမှု မရှိတဲ့အခြေအနေမှာ သွားတိုင်လည်း ဘာမှ မထူးဘူးဆိုတာမျိုးတွေ ရှိတယ်။အရင်ကတော့ လက်လှမ်းမမီတဲ့နေရာတွေဆိုရင် ရပ်ရွာလူကြီးတွေ အုပ်ချုပ်ရေးမှူးတွေ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဖြေရှင်းပေးခဲ့ရတာတွေရှိပေမယ့် အခုလို အခြေအနေမှာတော့ လူမသိသူမသိပြီးသွားတဲ့အမှုတွေလည်းရှိတယ်” လို့ မဝင်းခိုင်က ဆိုပါတယ်။
ယခင်တည်းက မုဒိန်းမှုကျုးလွန်ခံရတဲ့အခါ တိုင်ကြားမှုတွေမှာ အဆင့်ဆင့်လုပ်ဆောင်ရခြင်း၊ တရားစီရင်ရေးအပိုင်းမှာ အချိန်ကြာမြင့်ခြင်းတို့ကြောင့် တိုင်ကြားမှုမပြုပဲ တိတ်တဆိတ်ဖြေရှင်းလိုက်ကြတဲ့ အမှုတွေလည်း ရှိပါတယ်။
တရားဥပဒေကိုလက်လှမ်းမမီတဲ့အခါ အမျိုးသမီးတွေအပေါ်ခွဲခြားထားတဲ့ ဓလေ့တွေနဲ့ ဖြေရှင်းလာကြ
စစ်တပ် အာဏာသိမ်းပြီးနောက် တရားစီရင်ရေးစနစ် ယိုယွင်းမှု၊ လူထုအကျိုးပြုလုပ်ဆောင်နေသူတွေ အဖွဲ့အစည်းတွေကို မတရားဖမ်းဆီးမှုတွေရှိလာတာကြောင့် အမျိုးသမီးအပေါ် အကြမ်းဖက်ခံရမှုတွေမှာ ဥပဒေရဲ့ အကာအကွယ်ကိုလည်း မရရှိသလို လူမှုရေးအရ ပံ့ပိုးစောင့်ရှောက်မှုတွေကိုလည်း မရရှိကြပါဘူး။
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာအုပ်စုထဲမှာ အသက်(၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ကလေး ၂ ဦး ဖခင်က အဓမ္မပြုကျင့်ခဲ့အတွက် ရခဲ့တဲ့ ကိုယ်ဝန်ကို တောင်ယာထဲမှာ မွေးဖွားခဲ့ရကြောင်း ရွှေဖီမြေသတင်းဌာနက သတင်းတပုဒ် မေလက ရေးခဲ့ပါတယ်။
ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ရလာပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ကျေးရွာလူငယ်တွေရဲ့ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးနောက်မှာ ကျူးလွန်သူကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကျူးလွန်သူဟာ ဇနီးနဲ့ ကလေး ၂ ဦးရှိတယ်လို့ပြောပြီး တာဝန်ယူမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုတာတွေရှိခဲ့ပြီး ရွာလူငယ်တွေကလည်း ကျူးလွန်သူကိုအရေးမယူဘဲ ကျူးလွန်ခံရတဲ့ အမျိုးသမီးကိုသာ ဝါးလုံးနဲ့ ခြေထောက် ညှပ်တာအပြင် ရွာအပြင် နှင်ထုတ်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ အစ်မဖြစ်သူက အဲဒီလို မလုပ်ဆောင်ဖို့ တောင်းပန်ခဲ့ပြီး ဒဏ်ငွေ ၄ သိန်း ပေးဆောင်ခဲ့ကာ ညီမဖြစ်သူကို ရွာအပြင်ရှိ တောင်ယာတစ်ခုမှာ ကလေးမွေးဖို့ ခေါ်ထားလိုက်ပါတယ်။
၄ လအကြာ ရွာအပြင်မှာ ခက်ခက်ခဲခဲ ကလေးမွေးဖွားခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်မှာပဲ ရွာထဲ ပြန်လည်နေထိုင်ခွင့် ရခဲ့ပါတယ်။ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျေးရွာဘက်က ဖုံးကွယ်ခဲ့ပြီးတော့ ကွတ်ခိုင် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဟိုနောင်ဒေသမှာ သင်တန်းပေးချိန်မှသာ သိခဲ့ရတာပဲ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာအချို့မှာ အလားတူ အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်ခံရသူကိုသာ အပြစ်ပေးတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)ရဲ့ ကွတ်ခိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြပါတယ်။
“မုဒိမ်းမှု ကျူးလွန်ခံရတာတို့ ကိုယ်ဝန်ရလာတာတို့ ရှိလာရင် အများအားဖြင့်က အမျိုးသမီးတွေကို အပြစ်တင်ကြတယ်။ နှိမ်ချဆက်ဆံတာမျိုးရှိတယ်။ အပြစ်ပေးခံရတဲ့အထိ ရှိလာတယ်။ ဒါတွေ မဖြစ်သင့်ဘူး။ ကျူးလွန်ခဲ့တဲ့ အမျိုးသားတွေကို ပိုပြီးအပြစ်ပေးအရေးယူမှုတွေ လုပ်ရမယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က ဖမ်းဆီးထားပါတယ်။
အာဏာသိမ်းမှုကြောင့် တရားစီရင်ရေးစနစ်ယခင်ကထက် ပိုမိုပျက်ယွင်းပြီးတရားဥပဒေလွှမ်းမိုးမှုမရှိသလို ပြစ်မှုကျူးလွန်သူအနေနဲ့ အခြားဒေသကိုထွက်ပြေးသွားတာမျိုးတွေရှိခဲ့ရင်လည်း ဖမ်းဆီးအရေးယူမှုမရှိတဲ့ အတွက် ပြစ်ဒဏ်မှ ကင်းလွတ်နေကြတဲ့အခြေအနေတွေလည်းရှိနေပါတယ်။
ဒါကြောင့် တရားခံများပြားလာသလိုအမျိုးသမီးများအပေါ် အကြမ်းဖက်မှုလည်းပိုမိုများပြားလာတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တရားရုံးများနဲ့ အလှမ်းဝေးခြင်းနဲ့ ဥပဒေအရ အကာအကွယ် ရယူဖို့ လက်လှမ်းမမီတဲ့ ဒေသတွေမှာ မုဒိန်းမှုတွေဖြစ်လာတဲ့အခါ တိုင်ကြားခြင်းထက် ရပ်ရွာ လူထုတွေ အုပ်ချုပ်သူတွေနဲ့သာ ဖြေရှင်းဆောင်ရွက်လေ့ရှိပါတယ်။
အရင်တည်းက အရိုးစွဲသုံးလာခဲ့တဲ့ “တစ်ရှက်ကနေ နှစ်ရှက်မဖြစ်ရအောင်” ဆိုတဲ့ စကားလို ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို နှုတ်ဆိတ်နေခြင်းဖြင့်သာ ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်တွေနဲ့သာ ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။
ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ နေရာဒေသနဲ့ ဓလေ့ထုံးတမ်းတွေအရ ကွဲပြားမှုတွေတော့ ရှိပါတယ်။
ကျင့်သုံးတဲ့ ဓလေ့တွေကတော့ မုဒိန်းမှုကျူးလွန်တဲ့အခါ ကာယကံရှင်ရဲ့ ဆန္ဒမပါပဲ ကျူးလွန်သူနဲ့ သာ လက်ထပ်စေခြင်း၊ ထိုသို့လက်မထပ်လျှင် ကျူးလွန်ခံရသူ အမျိုးသမီးကို ရွာပြင်သို့ နှင်ထုတ်ခြင်း၊ ဒါ့အပြင် မုဒိန်းမှုဖြစ်တဲ့အခါ ကျူးလွန်တဲ့သူကို အပြစ်မဖို့တဲ့အပြင် အခုလို ကျူးလွန်ခံရတာဟာ အမျိုးသမီးကြောင့်ဟုဆိုကာ ရွာနာမည်ပျက်ရခြင်းကြောင့် ကျူးလွန်သူအမျိုးသမီးမှ ဝက်တစ်ကောင် ခေါင်တအိုးဖြင့် ရွာကိုဆေးကြောရခြင်း စတဲ့ ဓလေ့တွေလည်း ရှိပါတယ်။
တရားစီရင်ရေးကို လက်လှမ်းမီဖို့ ခက်ခဲလာတဲ့အခါ အမျိုးသမီးတွေကို ခွဲခြားနှိမ်ချထားတဲ့ ရှေးရိုး ဓလေ့ကို ကျင့်သုံးမှု များပြားလာမှာကိုလည်း အမျိုးသမီး အရေးဆောင်ရွက်သူတွေက စိုးရိမ်နေကြပါတယ်။
“ကျမတို့ဘက်မှာဆိုရင် မွန်ပြည်သစ်ပါတီရဲ့ တရားစီရင်ရေးရှိမယ်။ တချို့ရွာတွေမှာကျတော့ အုပ်ချုပ်ရေးမှူးတို့ဘာတို့ တရားစီရင်ရေးရှိမယ်။ ကျေးရွာအခြေပြုတို့လိုနေရာမျိုးတွေမှာ ဆိုရင် ဓလေ့ထုံးတမ်းအတိုင်း အရင်လိုမျိုး ဥပမာ ကလေးအချင်းချင်းလိုက်ပြေးတဲ့မှုတွေဆိုရင် အရင်ကတော့ သက်ငယ်မုဒိမ်းအနေနဲ့ဖြေရှင်းကြတယ် ။အရင်က သက်ငယ် မုဒိမ်းမှုတွေဆို ပိုအလေးထားဆောင်ရွက်ကြတယ်။ အခုကျတော့ ရဲစခန်းတွေကလည်း မကိုင်တွယ် မဖြေရှင်းပေးတဲ့အခါကျတော့ ကလေးအချင်းချင်း ယူလိုက်ကြတာလည်းရှိတယ်။နောက် တကွဲတပြားစီဖြစ်ပြီး ကိုယ်ဝန်နဲ့ကျန်ခဲ့တာတွေလည်းရှိတယ်။ ကိုင်တွယ်ဖြေရှင်းပေးမှုတွေမှာအားနည်းလာတယ်” လို့ အမျိုးသမီးတွေအတွက် လုံခြုံရေးအိမ်ဖန်တီး ပေးထားသော အမျိုးသမီးများနှင့် ကလေးများအဖွဲ့ရဲ့ ဒါရိုက်တာ မိချယ်ရီစိုးက ပြောပါတယ်။
ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မွန်ပြည်နယ်ဟာလည်း သက်ငယ်မုဒိန်းမှု အဖြစ်အများဆုံး ပြည်နယ်တွေထဲက တခုဖြစ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်အတွင်း သက်ငယ်မုဒိန်းမှုများ သိသိသာသာမြင့်တက်ခဲ့ရာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့အတူ ရခိုင်နှင့်မွန်ပြည်နယ်တို့ကလည်း အများဆုံးဖြစ်ခဲ့ကြောင်း ဥပဒေရေးရာအကူညီပေးနေတဲ့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ဥပဒေရေးရာကုစားရေးအဖွဲ့ ( မြန်မာ )သို့ လာရောက်တိုင်တန်းမှုများထဲမှ ရန်ကုန်တိုင်းတွင် မုဒိန်းမှု ၂၉မှုရှိသည့်အနက် ၂၇မှုသည် သက်ငယ်မုဒိန်းမှု၊ မန္တလေးတိုင်းတွင် ၂၁မှု၊ ရခိုင်ပြည်နယ်တွင် မုဒိန်းမှု ၂၂မှုအနက် ၂၀မှုသည် သက်ငယ်မုဒိန်းမှု၊ မွန်ပြည်နယ်တွင် မုဒိန်းမှု ၁၉မှုအနက် သက်ငယ်မုဒိန်းမှုမှာ ၁၈မှုရှိကြောင်းသိရပါတယ်။
သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို NLD အစိုးရတာဝန်ယူစဉ်က နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီး အတည်ပြု ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ပြင်ဆင်ပြဌာန်းလိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အသက် ၁၂ နှစ်အောက်နဲ့ မသန်စွမ်း အမျိုးသမီးတွေအပေါ် မုဒိန်းမှုကျူးလွန်သူတွေဟာ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံမှာ ဖြစ်ပါတယ်။
မုဒိန်းမှုတွေကို တရားစီရင်တဲ့အခါ အနည်းဆုံး အချိန် ၆လမှာ ၂နှစ်ကျော်အထိ ကြာမြင့်လေ့ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ သက်သေ အထောက်အထား အချက်အလက်တွေကို အဆင့်ဆင့် တင်ပြပြီးပေမယ့်လည်း ပြစ်ဒဏ်ချမှတ်မှုတွေမှာ တရားမျှတမှုမရှိတာတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီးကို မုဒိန်းပြုကျင့်မှုမှာ ဆိုရင် အဆိုပါ အမျိုးသမီးမှာ မုဒိန်းပြုကျင့်ခံရမှုကနေ ရရှိလာတဲ့ ကိုယ်ဝန်ကိုပါ မီးဖွားပြီးတဲ့အချိန်အထိ အမှုကတော့ အဆုံးမသတ်သေးပါဘူး။
ဒီအမှုမှာဆိုရင်လည်း အမျိုးသမီးငယ်ဟာ အမြင်အာရုံမသန်စွမ်းသူတစ်ယောက်ဖြစ်ပေမယ့် သူမကို မုဒိန်းပြုကျင့်ခဲ့တဲ့ သူမရဲ့ ဖခင်နဲ့ ပထွေးအပါအဝင် အမျိုးသား ၇ ယောက်ကို သူမရဲ့ အကြားအာရုံနဲ့ သိမှတ်နိုင်စွမ်းရှိတာကြောင့် တရားခံတွေကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် အခုချိန်ထိ အမှုကတော့ စီရင်ချက်မချနိုင်နေသေးတဲ့ အခြေအနေမှာပဲ ရှိနေတာပါ။
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများမှ တရားစီရင်ရေးကို ပိုမိုယုံကြည်လာကြ
တိုင်းရင်းသားလက်နက်ကိုင်ကြီးစိုးမှု အားကောင်းတဲ့ဒေသတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖြေရှင်းဆောင်ရွက်ပေးကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေမှာ ရှိတဲ့တရားစီရင်ရေးကိုပိုမိုယုံကြည်အားကိုးပြီး တိုင်ကြားမှုတွေရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဆိုပါတယ်။
“တချို့အမှုတွေကိုဒေသအာဏာပိုင်တွေနဲ့သာအတူတကွ ဖြေရှင်းပြီးဆုံးဖြတ်ကြတယ်။ အမျိုးသမီးများအပေါ်အန္တရာယ်ရှိသောရှေးရိုးစွဲကျင့်သုံးမှုများရှိနေတာ၊ ဖိုလ်ဝါဒအုပ်စိုးမှုကြောင့် အမျိုးသားများပြစ်မှုကျူးလွန်သူဖြစ်သော်ငြားလည်းအမျိုးသားအချင်းချင်းကာကွယ်ပေးနေတာ၊ တိုင်ကြားရမည့် အားကောင်းသည့် တရားစီရင်ရေးမရှိတာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဖြစ်ရပ်ဝန်ဆောင်မှုအတွက် နှောင့်နှေးရခြင်းတွေ စတဲ့ အခက်အခဲတွေရှိတယ်” လို့ တအောင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။
တချို့ တိုင်းရင်းသားဒေသတွေမှာတော့ ရေးစွဲပြဌာန်းထားတဲ့ ဥပဒေတွေ မရှိပေမဲ့ နိုင်ငံတကာ ဥပဒေတွေအပေါ် လေ့လာပြီး ပြစ်ဒဏ်တွေကို ချမှတ်ကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမှုတွေလည်း ရှိနေပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ကျမတို့ဆီမှာဆိုရင် မွန်ပြည်သစ်ပါတီထိန်းချုပ်မှုနယ်မြေအောက်မှာ တရားစီရင်ရေးစနစ်က ကွန်မြုနတီမှာလည်း ပေါ်လာတာပေါ့နော်။တရားရုံးမှ၊ မြို့အကြီးကြီးပေါ်က ခရိုင်တရားရုံးမှ အဲ့လိုမျိုးလုပ်ရတာထက်ကို ကွန်မြူနတီရဲ့ကြားဝင်ဖြေရှင်းပေးမှုတွေ ရှိလာတယ်။” လို့ မိချယ်ရီစိုးက ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖြေရှင်းပေးမှုကတော့ နယ်မြေဒေသအလိုက် ဆောင်ရွက်ရတာဖြစ်တာကြောင့် အချိန်ပိုမိုမြန်ဆန်သလို ပြစ်ဒဏ်စီရင်မှုအပိုင်းမှာလည်း ခေတ်နဲ့အညီ လျောညီမှုရှိအောင် ဆောင်ရွက်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
တရားစီရင်တဲ့အခါ ကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ပြီး ကျူးလွန်ခံရသူအတွက် ဒဏ်ငွေ လျော်ကြေး တစုံတစ်ရာ ရရှိနိုင်အောင် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေသလို ရေးသားပြဌာန်းထားတဲ့ ဥပဒေတွေ မရှိပေမဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ကိုးကားကာ နစ်နာကြေး၊ကလေးစရိတ် စတာတွေကို လုပ်ဆောင်ပေးတာနဲ့ အမှုအတွက် လိုအပ်ရင် DNA စစ်ဆေးခွင့်တွေရရှိလာအောင်လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ကျမတို့ တရားရုံးတင်တဲ့အခါ DNA ကိုတောင်းနေတာ အခုထိမရသေးတာတွေရှိတယ်။ အဆင့်ဆင့်တင်ရတာတွေ ပြည်ထောင်စုအဆင့်တွေထိ တင်ရတာတွေရှိတယ်။ကျမ မြင်တာက ဒါတွေက ဖက်ဒရယ်ရဲ့ အားကောင်းချက်တွေပေါ့။ဥပမာ သူ့ရဲ့ နယ်မြေမှာ သူ့ရဲ့ အုပ်ချုပ်ရေးနဲ့ သူ့ရဲ့ တရားစီရင်ရေးနဲ့ ဆိုတော့ အနီးစပ်ဆုံးအဖြေကို ဖော်ပေးနိုင်တယ်။ကျမတို့ ရှေ့ဆက်လုပ်ဆောင်ရမှာက တိုင်းရင်းသားလက်နက်ကိုင်တွေမှာ သူ့ရဲ့ နယ်မြေတွေ အုပ်ချုပ်ထားမှုက နည်းတယ် ကိုယ့်နယ်မြေအကြောင်းကိုယ်သိတယ်။ အဲ့ဒီအတွက်ကြောင့်မို့ မြန်ဆန်မှိပိုရှိစေတယ်” မိချယ်ရီစိုးက ဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ နယ်မြေအလိုက် အုပ်ချုပ်စီရင်ခွင့်ရှိတာက တရားစီရင်ရေးအပိုင်းမှာ အချိန်မြန်ဆန်မှုရှိသလို ပိုပြီး ထိရောက်နိုင်ပါတယ်။
နိုင်ငံရေးအခြေအနေတွေကြောင့် လူမှုကူညီရေးလုပ်ဆောင်ရာမှာ အခက်အခဲတွေရှိသလို စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးမှုတွေမှာလည်း အားနည်းလာနေပါတယ်။လက်ရှိ အခြေအနေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိသလို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကအနေနဲ့လည်း စိုးရိမ်ထိတ်လန့်နေရတဲ့ အခြေအနေမျိုးပါ။
“အမှန်က ကျမတို့အဖွဲ့အစည်းတွေလုပ်ဆောင်ပေးနေတာက လူထုဝန်ဆောင်မှုပဲလေ။ ကျမတို့က လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိရမှာပေါ့။ဒါပေမယ့် ကျမတို့တွေက အခုလို အခြေအနေမှာ လုပ်သာလုပ်နေရတာ။ စိတ်လုံခြုံမှုအခြေအနေက မရှိဘူး။ စိုးရိမ်ခြောက်ခြားမှုတွေနဲ့ လုပ်နေရတာဆိုတော့ အခက်အခဲတွေတော့ရှိတာပေါ့” လို့ မိချယ်ရီစိုးက ပြောပါတယ်။
အကြမ်းဖက်မှုတွေဟာလည်း နိုင်ငံရေးနဲ့တနည်းတဖုံဆပ်စပ်နေပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ နည်းပညာတွေဟာ တရားစီရင်ရေးအပိုင်းကို အထောက်အကူများစွာပြုနေတာပါ။ ခေတ်နဲ့လျော်ညီတဲ့ တရားစီရင်ရေးကို ဆောင်ရွက်သင့်သလို ပဋိပကဖြစ်နေတဲ့ အချိန်အတွင်းမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့လို ကိစရပ်တွေကိုလည်းတတ်အားသရွေ့ ဖြေရှင်းလုပ်ဆောင်ပေးဖို့လိုတယ်လို့ မိချယ်ရီစိုးက ထောက်ပြပါတယ်။
တရားစီရင်ရေးစနစ် ယိုယွင်းလာတဲ့အခါ ကာအိန္ဒြေထိပါးနှောင့်ယှက်မှုတွေကပိုများလာနိုင်သလို ဒါတွေကို မဖြေရှင်းတဲ့အခါ အဲ့ဒီမှတဆင့် မုဒိန်းမှုတွေ လူသတ်မှုတွေထိပါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“နိုင်ငံရေး အခြေအနေရှုပ်နေခြင်းကြောင့် ဒါတွေကို မဖြေရှင်းပေးနိုင်သေးဘူးတို့ နိုင်ငံရေးမှုမှ မဟုတ်တာ အိမ်တွင်းအမှုပဲ ဆိုပြီးမဖြေရှင်းပေးတာတို့ အဲ့လိုမျိုး လျစ်လျူမရှုထားဖို့ အရေးကြီးပါတယ်။ ကိုယ်ရဲ့နီးစပ်ရာ အဝန်းအဝိုင်းတို့ မှာ အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါလို့ တိုက်တွန်းချင်ပါတယ်” လို့ မိချယ်ရီစိုးကပြောပါတယ်။