ရှင်ငြိမ်း။ ။
စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေးတပ်(PDF) တွေအတွက် တော်လှန်ရေးကာလ အစဦးပိုင်းတုန်းက သူတို့တွေရဲ့ အဓိကလိုအပ်ချက်ဟာ လက်နက်တွေဖြစ်ပေမယ့် တိုက်ပွဲတွေဟာ လနဲ့ချီကြာလာပြီးတဲ့နောက်မှာတော့ သူတို့တွေရဲ့ အဓိကလိုအပ်ချက်ဟာ ကျည်ဆန်အပါအဝင် ခဲယမ်းမီးကျောက်တွေ ဖြစ်လာပါတယ်။
တော်လှန်ရေးကာလကြာရှည်လာတာနဲ့အတူ ဒေသကာကွယ်ရေးတပ်တိုင်းလိုလိုမှာလည်း လက်နက်ခဲယမ်းလိုအပ်ချက် ကတော့ရှိနေကြဆဲပါပဲ။ ဒီထဲမှာ မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ ယောဒေသကာကွယ်ရေးတပ်(YDF-ထီးလင်း)လည်း အပါအဝင်ဖြစ်တယ်။ YDF-ထီးလင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထောက်ပံ့ပေးထားတဲ့ လက်နက်ခဲယမ်းတွေအပြင် ကိုယ်တိုင်တီထွင်ထားတဲ့ လက်လုပ်မိုင်းတွေ၊ လက်လုပ်သေနတ်တွေရှိပေမယ့် သူတို့ရဲ့အဓိကပြဿနာက ကျည်ဆန်မလုံလောက်မှုပါ။
YDF-ထီးလင်းရဲ့ဗျူဟာမှူး သခင်ဇော်က ကျည်ဆန်အခက်အခဲကြောင့် သူနဲ့သူ့ရဲဘော်တွေဟာ အသက်လုပြေးခဲ့ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရဖူးသလို ကျည်မလုံလောက်မှုကြောင့် ရန်သူကိုမခုခံဘဲ နောက်ဆုတ်ခဲ့ရတဲ့ တိုက်ပွဲတွေလည်း အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်တွေနဲ့ တနေကုန်နီးပါး တိုက်ပွဲအတွင်း ရန်သူတပ်တွေကို ခုခံနိုင်ခဲ့ပေမယ့် ကျည်ကုန်သွားခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း အဆိုပါအဖွဲ့ကဆိုပါတယ်။
“တကယ်လို့သာ ကျနော်တို့မှာကျည်အလုံအလောက်သာရှိခဲ့မယ်ဆိုရင် တိုက်စစ်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် ရန်သူကို ထိရောက်တဲ့ ချေမှုန်းမှု လုပ်နိုင်မှာပါ” လို့ YDF-ထီးလင်းရဲ့ဗျူဟာမှူး သခင်ဇော်က ထောက်ပြပါတယ်။
သူသေကိုယ်သေတိုက်ကြတဲ့ တိုက်ပွဲတွေကြားမှာ ကျည်တစ်တောင့်ရဲ့တန်ဖိုးကို သိရှိသွားတဲ့ YDF-ထီးလင်း တပ်ဖွဲ့ဝင်တွေဟာ ကျည်ဆန်အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုက်ဆံရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ တပ်ဖွဲ့ထဲက တော်လှန်ရေးရဲမေတွေဟာ သူတို့တပ်ဖွဲ့အတွက် ကျည်ဆန်ဖိုးရအောင် နေ့စားကောက်စိုက်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
“ရှေ့တန်းသွားတဲ့ ရဲဘော်တွေအတွက် ကျည်တစ်ထောင့်က အသက်လိုအရေးပါတော့ ကျမတို့လည်း ကျည်ဖိုးကူရှာပေးချင်တယ်။ နောက်စစ်ကြောင်းထိုးလို့ လယ်မစိုက်နိုင်တဲ့ တောင်သူတွေလည်း ကူပေးရင်း နေ့စားကောက်စိုက်ဖို့ စဉ်းစားဖြစ်တယ်”လို့ YDF-ထီးလင်းရဲ့တော်လှန်ရေး ရဲမေသော်သော်က ပြောပါတယ်။
ထီးလင်းမြို့နယ်ထဲက တချို့ကျေးရွာတွေဆိုရင် စစ်ဘေးရှောင်နေရတဲ့အတွက် လယ်မလုပ်နိုင်တာ တနှစ်နီးပါးရှိနေပြီဖြစ်လို့ မြေသားတွေမာကာ စိုက်ပျိုးမရဖြစ်ကုန်တဲ့အတွက် လယ်တွေမပျက်အောင် ရဲမေတွေအနေနဲ့ အခုလိုဝင်ကူကြတာလည်း ဖြစ်ပါတယ်။
သူတို့ကောက်စိုက်မယ့် လယ်တွေက တပ်ရင်းကိုလှူထားတဲ့လယ်မြေတွေလည်းပါသလို တခြားသူတွေရဲ့လယ်မြေတွေ မှာလည်း နေ့စားကောက်စိုက်တဲ့အလုပ်တွေ ဝင်ကူလုပ်ကိုင်ပေးနေကြတာပါ။
YDF-ထီးလင်းတပ်ထဲမှာ တော်လှန်ရေးရဲမေစုစုပေါင်းဟာ အယောက် ၄၀ ခန့်ရှိပြီး သူတို့တွေဟာ အဆိုင်း ၃ ခု ခွဲကာ အလှည့်နဲ့ လုပ်နေကြတာရက်ပေါင်း ၂၀ ကျော်ရှိလာပါပြီ။ တနေ့အတွက် သူတို့အဖွဲ့ဝင်အားလုံးရဲ့ လုပ်အားခဝင်ငွေဟာ ၈၀၀၀၀(ရှစ်သောင်း) ကျပ်လောက်ရနေတာဖြစ်တယ်။ ဒီငွေတွေနဲ့ လိုအပ်တဲ့လက်နက်တွေ၊ ကျည်ဆန်တွေ ဝယ်သွားမယ်လို့ ရဲမေသော်သော်က အားတက်သရော ပြောပါတယ်။
သူတို့အနေနဲ့ လယ်သမားတွေဆီက လုပ်အားခကို ဘယ်၍၊ ဘယ်မျှဆိုပြီးတောင်းတာမျိုးမဟုတ်ဘဲ သူတို့စေတနာနဲ့ ပေးသလောက်ကိုသာ လက်ခံခဲ့တာဖြစ်ပေမယ့် လယ်သမားတွေက တန်ရာတန်ကြေးထက်ပိုပေးခဲ့လို့ အခုလောက်ရတာလို့လည်း သူကဆိုပါတယ်။
ကောက်စိုက်သူတွေဟာ အသက်အရွယ်အားဖြင့် ၁၀ တန်းကျောင်းသူအရွယ်ကနေ အသက် ၂၇ နှစ်အရွယ်ဝန်ထမ်းတွေအထိ ပါဝင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ကောက်စိုက်ဖူးသူတွေ မဟုတ်ကြပါဘူး။
“မနက်ဆို ၄ နာရီခွဲဆိုထပြီး လယ်ထဲသွားရတယ်။ နေမြင့်ရင် အရမ်းပင်ပန်းတော့ လယ်ထဲရောက်တာနဲ့ ချက်ခြင်းလုပ်တာ ၉ နာရီလောက်ဆို နောက်တဖွဲ့နဲ့ချိန်းတယ်။ စလုပ်တုန်းက အကျင့်မဖြစ်သေးတော့ တကိုယ်လုံးအရိုက်ခံထားရသလိုပဲ။ အခုတော့အသားကျနေပါပြီ”လို့ YDF-ထီးလင်းရဲ့တော်လှန်ရေးရဲမေ သဒ္ဒါချိုက ပြောပါတယ်။
မိဘတွေလယ်မှာ ကိုယ်တိုင်ကောက်မစိုက်ခဲ့ရလို့ သေမတတ်ပင်ပန်းပေမယ့် သူတို့ပင်ပင်ပန်းပန်းရှာထားတဲ့ ကျည်တွေဟာ စစ်တပ်ကို တော်လှန်တဲ့နေရာမှာ သုံးခွင့်ရတဲ့အတွက် ပင်ပန်းရကျိုးနပ်တယ်လို့ သူက ဆိုပါတယ်။
တကယ်တော့ ဒီရဲမေလေးတွေဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး ခက်ခဲကြမ်းတမ်းတဲ့စစ်သင်တန်း တွေတက်ပြီး တော်လှန်ရေးနယ်မြေတွေမှာ ရှေ့တန်းထွက်တိုက်ဖို့အတွက်ရည်ရွယ်ရောက်လာကြသူတွေပါ။ သို့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ သူတို့မျှော်လင့်ထားသလို လက်နက်ခဲယမ်းမစုံတဲ့အတွက် အခုထိရှေ့တန်းကို ရဲမေတွေမလိုက်ပါခွင့်မရကြသေးပါဘူး။
ရှေ့တန်းမလိုက်ရပေမယ့် ရဲမေတွေဟာ တော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့သွားတာ မရှိပါဘဲ တော်လှန်ရေးရဲ့ လိုအပ်တဲ့ နေရာတွေတိုင်းမှာ ကျရာတာဝန်ကို မညီးမညူနဲ့ အားဖြည့်လုပ်ကိုင်ပေးနေတာဖြစ်တယ်။
ကောက်မစိုက်မီက တော်လှန်ရေးရဲမေတွေဟာ မနက်ဆိုရင် ပုံမှန်အတိုင်း ပီတီထပြေး၊ လေ့ကျင့်ခန်းတွေလုပ်ပါတယ်။ ဒါတွေပြီးမှတော့ သက်ဆိုင်ရာ တာဝန်တွေဖြစ်တဲ့ ရုံးအဖွဲ့တွေ၊ စားဖိုဆောင်တွေ စတဲ့နေရာတွေမှာ အလှည့်ကျတာဝန်ထမ်း နေရလို့ သူတို့မှာ နားချိန်တောင် မရှိပါဘူး။
အခုကောက်စိုက်ဆိုတော့လည်း သူတို့မကျွမ်းကျင်၊ မလုပ်ချင်တဲ့ အလုပ်ဖြစ်ပေမယ့် တော်လှန်ရေးအတွက်ဆို သူတို့နာကျင်ပင်ပန်းမှုတွေကို မေ့ထားကာ ကျရာကဏ္ဍကနေ အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာကတော့ ကောက်စိုက်ရင်းရခဲ့တဲ့ ဒဏ်ရာတွေက သက်သေပါပဲ။
မသဒ္ဒါချိုဆိုရင်“ မိဘတွေလယ်မှာတောင် ကောက်မစိုက်ခဲ့ရဘူး။ ဒါမဲ့ရှေ့တန်းသွားတဲ့ ရဲဘော်တွေအတွက် ကျည်တစ်ထောင့်က အသက်လို အရေးပါတော့ ကြိုးစားပမ်းစား ကောက်စိုက်ဖြစ်တယ်”လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေး အစမှာတော့ ပြည်သူတွေက အင်တိုက်အားတိုက်နဲ့ အခက်အခဲတွေကြားကနေ ကူညီပေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ တော်လှန်ရေးကာလ ရှည်တာကတစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က သူတို့ကိုဆန့်ကျင်သူတွေရဲ့ ပိုင်ဆိုင်မှုကို ချိတ်ပိတ်တာ၊ လိုက်လံဖမ်းဆီးတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေကြောင့် ထောက်ပံ့မှုတွေဟာ တဖြေးဖြေး လျော့ကျသွားပါတယ်။
“တော်လှန်ရေးအစပိုင်းတုန်းက တစ်လကို ရန်ပုံငွေသိန်း ၅၀ လောက်အထိရတတ်တယ်။ မရဘူးဆိုရင်တောင် အနည်းဆုံး သိန်း ၂၀ တော့ရတယ်။ အခုက တစ်လ နှစ်သိန်းတောင် မပြည့်ချင်တော့ဘူး” လို့ ရဲမေ သဒ္ဒါချိုက ရှင်းပြပါတယ်။
ဒီအတွက် တပ်တွင်းရိက္ခာဖူလုံဖို့နဲ့ ရန်ပုံငွေရရှိဖို့ ရာသီပေါ်သီးနှံ စိုက်ပျိုးတာအပြင် မွေးမြူရေးလုပ်ငန်းတွေလည်း လုပ်ဆောင်သွားဖို့ ဆောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်(Saw-PDF)လည်း ပြင်ဆင်နေပါတယ်။
ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးနယ်မြေထဲမှာရှိတဲ့ ကျေးရွာတွေက လှူထားတဲ့ လယ်မြေတွေထဲမှာ စပါးအပြင် ရာသီပေါ် သီးနှံတွေဖြစ်တဲ့ ခရမ်း၊ ငရုတ်စတာတွေ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ မွေးမြူရေးအနေနဲ့ လတ်တလောကြက်နဲ့ ဝက်အကောင် ၃၀ နဲ့ စတင်ဖို့ စဉ်းစားထားတယ်လို့ Saw-PDFက ဆိုပါတယ်။ ဒါတွေကို Saw-PDFမှာ တော်လှန်ရေးရဲဘော်တွေ ရှေ့တန်းမထွက်မီစပ်ကြား လက်နက်နဲ့ ရိက္ခာဖိုးရှာနေတဲ့ ရဲမေတွေကို ကူညီလုပ်ကိုင်ပေးသွားကြမှာ ဖြစ်ပါတယ်။
အခုက ရရှိတဲ့ဝင်ငွေတွေကို ခက်ခဲတဲ့စစ်ဘေးရှောင်တွေနဲ့ တပ်ရိက္ခာအတွက်သုံးမှာဖြစ်ပြီး ပြည်သူတွေဆီက အလှူခံလို့ ရလာတဲ့ငွေတွေကိုတော့ လက်နက်ခဲယမ်းဝယ်ဖို့ သုံးသွားမှာပါလို့ Saw-PDFက ပြောပါတယ်။
မကွေးတိုင်း၊ ယောချောင်းနားက ကျေးရွာ(၇) ရွာလောက်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လယ်အနည်းငယ်သာ သီးနှံစိုက်ပျိုးနိုင်ပြီး ပေါက်မြို့နယ်က ကျေးရွာအများစုမှာတော့ အခုထိသီးနှံမစိုက်ပျိုးနိုင်သေးဘူးလို့ သူကရှင်းပြပါတယ်။
မကွေးတိုင်း(အညာဒေသ)ဟာလည်း စစ်ကိုင်းတိုင်းလို ခုခံစစ်အားကောင်းတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် အကြမ်းဖက် စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေက တစ်နေရာမှမဟုတ် တစ်နေရာမှာရှိနေတတ် ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ပစ်ခတ်မှုနဲ့ မဆိုင်တဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ နေအိမ်မီးရှို့တာတွေအပြင် စစ်ရှောင်နေရတဲ့အတွက် စိုက်ပျိုးရေးတွေ မလုပ်နိုင်တော့တာဖြစ်တယ်။
ဒီလိုအခြေအနေတွေကြောင့် လျော့ကျလာတဲ့ရန်ပုံငွေအစ ရိက္ခာ၊လက်နက်အဆုံး နည်းမျိုးစုံနဲ့ ရှာဖွေပေးသူ အများစုကတော့ အမျိုးသမီးတွေပါပဲ။
အမျိုးသမီးတွေဟာ သူတို့ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေ၊ အမှတ်တရ ပစ္စည်းတွေရောင်းချပေးလှူရုံတင်မက တချို့ဆို စားစရာတွေ ချက်ပြုတ်ရောင်းတာ၊ ရန်ပုံငွေစကားဝိုင်းတွေလုပ်တာ၊ ဖျော်ဖြေရေးတွေ စတဲ့နည်းတွေနဲ့ တော်လှန်ရေးခါးပြတ်မသွားစေဖို့ ဝင်ကူနေကြတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရဲမေသော်သော်က တော်လှန်ရေးရှည်ကြာနေတဲ့ အပေါ် ပြည်သူတွေစိတ်ပျက်မသွားဖို့နဲ့ အားမလျော့ကြဖို့ တိုက်တွန်းဆော်သြနေပြီး တော်လှန်ရေးအတွက်လည်း ထောက်ပံ့မှုတွေပေးဖို့ အခုလိုမေတ္တာရပ်ခံလိုက်ပါတယ်။
“ဒီကာလအားလုံးခက်ခဲနေတာဖြစ်လို့ ငွေကြေးရှိသူ၊ မရှိတဲ့သူတွေကို အနည်းငယ်လောက်မျှဝေကူပေးစေချင်တယ်။ နောက်တော်လှန်ရေးအင်အားစုတွေ ဘယ်အဖွဲ့ဖြစ်ဖြစ် တတ်နိုင်သလောက်ထောက်ပံ့ပေးကြပါ”