Home ဆောင်းပါး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာစေလိုကြောင်း တိုင်းရင်သားအမျိုးသမီးများ၏ ငြိမ်းချမ်းရေး နှစ်သစ် ဆုတောင်းစကားသံများ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာစေလိုကြောင်း တိုင်းရင်သားအမျိုးသမီးများ၏ ငြိမ်းချမ်းရေး နှစ်သစ် ဆုတောင်းစကားသံများ

မလိခ။             ။

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးများ၏ ဘဝလုံခြုံမှု ရှိပြီး ငြိမ်းချမ်းသာယာသော နိုင်ငံ ဖြစ်လိုကြောင်း တိုင်းရင်းသား အမျိုးသမီးခေါင်းဆောင်များက နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းဆိုလိုက်ကြပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး အပေါ် အမြင်သဘောထားနှင့် လာမည့် ၂၀၁၇ ခုနှစ်မှာ ဖြစ်စေချင်တဲ့ ဆုတောင်းစကားများကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

နော်စီဖိုးရာစိန် ဒုဥက္ကဌ (ကရင်အမျိုးသမီးအစည်းအရုံး-KNU)
img_3012
ကျမတို့ ဒီ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးကာလမှ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြန်မာပြည် ပြည်သူလူထု အားလုံးရဲ့ မျော်မှန်းနေတဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲမှု တခုရရှိဖို့အတွက် ဆုတောင်းပြီးတော့ ဖြစ်စေချင်ပါတယ်။ အခု ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး ကြိုးစားရဖို့ ရှိနေတယ်။ လောလောဆယ် အခြေအနေက ငြိမ်းချမ်းရေး သွားနေရင်းနဲ့ တိုက်ပွဲက ဖြစ်နေတော့ ငြိမ်းချမ်းရေးက အဝေးကြီး ရှိသေးတယ်ပေါ့လေ။ အဲဒါကြောင့် ဆက်လက်သွားရမှာ အဝေးကြီး ရှိသေးတယ်။

အထူးသဖြင့် ကျမတို့ ဗမာပြည် လောလောဆယ် အခြေအနေမှာ ကျမတို့ အမျိုးသမီးတွေအတွက်တော့ လုံခြုံမှု မရှိသေးတဲ့ အခြေအနေ ရှိတယ်။ အဲဒါကြောင့် ကျမ ဆုတောင်းတာကတော့ လာမဲ့ နှစ်သစ်အတွက် မြန်မာပြည်မှာ ရှိနေတဲ့ အမျိုးသမီးတွေ ဘဝလုံခြုံဖို့အတွက် အရေးကြီးတယ်။ တိုင်းရင်းသားအမျုးိသမီးတွေ၊ ဗမာပြည်မှာရှိတဲ့ အမျုးိသမီးတွေ အားလုံး ဘဝ လုံခြုံဖို့ အရေးကြီးတယ်။ ပြီးတော့ ကျမဆုတောင်းချင်ပါတယ်။ အမျိုးသမီးတွေ ဘဝ လုံခြုံမှု မရှိဘူးဆိုရင် ပြုပြင် ပြောင်းလဲဖို့အတွက် အများကြီး အခက်အခဲရှိနေတယ်။

ဒေါ်ခင်ဥမ္မာ ဥက္ကဌ (အကြံပေးဘုတ်အဖွဲ့)

img_3036

လက်ရှိ ငြိမ်းချမ်းရေးက အမျိုးသမီးတဦးအနေနဲ့ရော၊ ငြိမ်းချမ်းရေးကို လိုချင်တဲ့တယောက်အနေနဲ့ရော၊ လုံးဝ အားမရဘူး ဆိုတာထက် အရမ်းစိတ်ပူတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် စပြီးတော့ ကြိုးစားတဲ့အချိန်ကတည်းက ကျမတို့ လူတွေက နှစ် ၆၀ ဖြစ်လာတဲ့ ပဋိပက္ခအတွက်ကို အဖြေရှာတဲ့နေရာမှာ မြန်စရာ မလိုဘူး ကျမတို့ ယုံကြည်တာ။ မှန်ဖို့ လိုတယ်။ မှန်တယ်ဆိုတာ စိတ်ဓါတ် မှန်ဖို့လိုတယ်။ လုပ်ငန်းစဉ်မှန်ဖို့ လိုတယ်။ ချဉ်းကပ်ပုံ မှန်ဖို့ လိုတယ်။ နောက်ပြီးတော့ အထူးသဖြင့် ကျမတို့ နိုင်ငံက တိုင်းရင်းသားပေါင်းစုံရှိတဲ့အတွက်ကြောင့်မို့ အားလုံးရဲ့ ပါဝင်မှုကို အထူးသဖြင့် အာဏာကို လက်ဝယ်ထား ထားတဲ့ စစ်အစိုးရ ကာလမှန်ဘဲ ပြောပြော၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာက နိုင်ငံရေးသဘောထားကြီးကြီးနဲ့ နိုင်ငံရေး သဘောထား မှန်မှန်နဲ့ အားလုံး တကယ်ကို လက်ကမ်းကြိုဆိုပြီး လမ်းဖွင့်ပေးတဲ့ဟာမျိုးကို ဖြစ်စေချင်တာ။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲနဲ့ စလုပ်တဲ့အခါ တွေ့ဆုံမှုတွေလုပ်တော့ ကျမတို့ ဝမ်းသာတာပေါ့။ ဒါပေမဲ့တကယ်တမ်းတော့ အချိန်းက တနှစ်ပြီး တစ်နှစ် ကြာလာတဲ့အခါမှာ ခရီးက မနီးဘဲနဲ့ ဝေးဝေးပြီးတော့ နောက်ပြန်ဆုတ်ဆုတ်သွားတယ်လေ။ အဲတော့ အရှေ့ကို တက် ရမဲ့အစား နောက်တလမ်းဆုတ်လိုက် ပြန်ဖြစ်လာတယ်။ တိုက်ပွဲက ပိုဖြစ်လာတယ်။ စစ်ဘေးဒုက္ခသည်တွေ ပိုများ လာ တယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်တဲ့နေရာမှာလဲ အထူးသဖြင့် တပ်မတော်ရဲ့ လူ့အခွင့်အရေး ချုးိဖောက်မှု အရပ် သားတွေအ ပေါ်မှာ ပြစ်မှတ်ထားတာမျိုးတွေ ကျမတို့ တောက်လျှောက် တွေ့လာရတယ်။ မြင်နေရတယ်။ သတင်း အချက်အလက်တွေ ရလာတယ်။ ဒီအခြေအနေအပေါ်မှာ အရမ်းစိတ်ပူတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အချိန်ရောက်လာတော့ ပြောမယ်ဆိုရင် ကျမတို့ကနေ လွတ်လွတ်လပ်လပ်နဲ့ အားလုံးကို လက်တွဲခေါ်ပြီးတော့ ဦးဆောင်သွားတဲ့ဟာမျိုးဖြစ်စေချင်တာ။ ဒါပေမဲ့ အခု ၂၀၁၆ ကုန်တဲ့အချိန် အဆုံး သတ် လိုက်တော့ တပ်ကဘဲ ပိုပြီး ထိန်းချုပ်နေတယ်။ ချုပ်ကိုင်နေတယ်ဆိုတာမျိုးတွေ ကျမတို့ ပိုပို တွေ့လာရတော့ အဲဒီ အပေါ်မှာ အရမ်းစိတ်ပူတယ်။ ပြီးတော့ လက်ရှိ လွှတ်တော်ဆိုလို့ ရှိရင်လည်း ပြည်သူရွေးကောက်တင်မြောက်ထားတဲ့ အများစုရှိနေတဲ့ လွှတ်တော်ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်းကြတော့ စစ်တပ်ကို စစ်အသုံးစရိတ်ဘတ်ဂျက်တွေ ထပ်တိုးပေးရတာတို့ အပါ အဝင် အဲဒါတွေက ကျမတို့က လာမဲ့ ၂၀၁၇ ခုနှစ်က စစ်အငွေ့အသက် ပိုပြီးမှ လွမ်းနေပြီလားလို့ ပိုပြီး စိတ်ပူတယ်။ အဓိက တိုက်ပွဲတွေ ရပ်ရမယ်။ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တကယ်ကို မှန်မှန်ကန်ကန်ဖြစ်ရမယ်ဆိုတာမျိုးဘဲ လိုချင်တယ်။ ဒါပေမဲ့ အခုအခါကာလမှာ အဲဒီလိုမျိုး အရပ်သားအစိုးရဘက်က လုယူလိုက်တဲ့ ပြည်သူ့အစိုးရဘက်က တပ်ကို ထိန်းချုပ်နိုင်တဲ့အား မတွေ့နေရတဲ့အပေါ်မှာ အရမ်းစိတ်ပူပါတယ်။

ဆန္ဒပြုချင်ကတော့လေ ကျမတို့တိုင်းပြည် ငြိမ်းချမ်းချင်ပြီ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူအားလုံးကို လူတန်းစေ့ လူသား ဂုဏ်သိက္ခာ ပြည့်ပြည့်ဝဝနဲ့ နေခွင့် ရစေချင်ပြီ။ အဲဒီလို အခြေအနေတွေ ရောက်ဖု့ိ ကျမတို့ ပြည်သူပြည်သားတွေ လူ့ဂုဏ် သိက္ခာနဲ့အညီ အေးအေးချမ်းချမ်းနေရတဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အခွင့်အလမ်း ရပါရစေ။ အဲဒီလို အခွင့်အလမ်းတွေ ရဖို့ ကျမတို့ အားလုံး ဘယ်နေရာမှာဘဲ ရှိနေရှိနေ အားလုံး စိတ်တူကိုယ်ဆို ဆန္ဒအတူတူရှိနေတယ် ဆိုလို့ရှိရင် ရည်ရွယ်ချက်တူတယ်ဆိုရင် ပိုပြီး လက်ချင်းချိတ်ပြီးတော့ ကျမတို့ အစွမ်းကို ကြိုးစားကြရအောင်လို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ ကျမတို့ အမျော်မှန်းဆုံးက ၂၀၁၇ ခုနှစ်က ကျမတို့အတွက် ခိုင်ခန့်တဲ့ ခြေလှမ်းတခုကို ဆုတ်ကိုင်တဲ့ တက်လှမ်းနိုင်တဲ့ ငြိမ်းချမ်းရေး လှေကထိပ်အပေါ်မှာ သေချာအားလုံး ယုံကြည်မှု ရှိရှိနဲ့ တက်လှမ်းနိုင်တဲ့ ငြိမ်းချမ်းရေးအတွက် လှေကားသစ်ကို ရပါရစေလို့ ဆုတောင်းတယ်။

ကျမတို့အမျိုးသမီးတွေအတွက်က အကြမ်းဖက်မှုတွေကနေ အမြန်ဆုံး လွှတ်မြောက်နိုင်ဖို့၊ အကြမ်းဖက်မှုတွေကနေ ကင်းဝေးနိုင်ဖို့ အဓိက ကျမတို့နိုင်ငံမှာက စစ်မက်ဖြစ်ပွားတဲ့ ဒေသမှာဘဲ ကြည့်ကြည့်၊ မြို့မှာဘဲ ကြည့်ကြည့်၊ ရွာမှာဘဲ ကြည့်ကြည့် ကာမ အကြမ်းဖက်မှု ခံရတဲ့ကိစ္စတွေ သိပ်များနေတယ်။ နည်းပေါင်းစုံနဲ့ အသက်အရွယ်မရွေး အဖွားအရွယ်ကနေ မြေးအရွယ် အထိ ဖြစ်နေတဲ့ဟာကို အမြန်ဆုံးကင်းလွှတ်ဖို့ ဆုတောင်းတယ်။ အဲဒီလို ကင်းဝေးဖို့ ကျမတို့ အမျိုးသမီးတွေ အားလုံး ဘာကြမ်းဖက်မှုကိုမှ လက်မခံတဲ့ အထူးသဖြင့် ကိုယ့်နှမ၊ အစ်မ၊ ညီမ၊ မိခင်၊ သမီးဆိုတဲ့ စာနာစိတ်နဲ့ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေ ပပျောက်ဖို့ကို ထောက်ခံတဲ့ ဝန်းရံဖို့၊ ရပ်တည်ဖို့ ဆန္ဒရှိတဲ့ အမျိုးသားတွေနဲ့ပါ အတူတူ လက်တွဲပြီး ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ဖို့ ရပ်တန့်က ရပ်ဖို့ ကျမတို့ အတူတူလုပ်ချင်ပါတယ်လို့ အဲဒီအပေါ်မှာ အစိုးရ၊ လွှတ်တော် အကုန်လုံးပေါ့ အတူတူလက်တွဲမှဘဲ ဥပဒေအရ၊ တရားစီရင်ရေးအရရော၊ မှန်ကန်တဲ့ ဥပဒေတွေ အကောင် အထည်ဖော်ဖို့ ကျမတို့လုပ်စရာတွေ အများကြီး ၂၀၁၇ မှာ စိတ်သစ်၊ အတွေးအခေါ်သစ် ကိုယ်သစ်၊ ခွန်အား အသစ်တွေနဲ့ ကျမတို့ ပြည်သူတွေ ကြုံနေရတဲ့ ပြဿနာတွေ အတူတူဖြေရှင်းကြရအောင်လို့ ပြောချင်ပါတယ်။

ဒေါ်ရှယ်လီဆိုင်း အကြံပေးအဖွဲ့ဝင် (ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)-KWAT)
img_3013
ငြိမ်းချမ်းရေးက အခုအချိန်မှာ ပြတ်နေတယ်။ ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတယ်ဆိုတော့ နားမလည်လောက်အောင် ဖြစ်နေတယ်လေ။ ဒီတော်လှန်ရေး အခြေအနေမှာ မွေးဖွားလာတာ အခုက အသက်တောင် တော်တော်ကြီးနေပြီ။ အလား အလာ ရှိမလားဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ တက်လာရင် ကျမတို့ ြ့ပည်သူ လူထုက ပိုပြီး အကျိုးရှိ မလားလို့ မျော်လင့်ခဲ့ကြတာ ပိုပြီးဆိုးလာတော့ မမျော်လင့်တော့ဘူး။ ဒါပေမဲ့ ကိုယ့်လူမျိုး၊ ကိုယ့် တိုင်းပြည် မပျောက် သွားအောင် တခုသော နည်းလမ်းဘဲ ပြန်စဉ်စားမိတာကတော့ ကိုယ် တတ်နိုင်တဲ့ဘက်က ပညာရေး ကျန်းမာရေး၊ စီးပွားရေးတွေ ဘက်ကနေ လူငယ်တွေကို တိုင်းပြည်ကို ဘယ်လို ပြန်တည်ထောင်သင့်တယ်ဆိုတဲ့ဟာ အမြင် ဖွင့်တဲ့ဟာမျိုး၊ အမြင်ဖွင့်တဲ့ဟာမျိုး စိတ်ကူးထဲမှာ ထွက်လာတယ်။ တိုက်ပွဲ ပိုပြီးဆိုးလာတဲ့အချိန်မှာ လက်နက်ကိုင် တာကိုဘဲ အားကိုးပြီး တော့မှ အားလုံးက ဝိုင်းပံ့ပိုးသလို ဖြစ်နေတယ်။ ပံ့ပိုးတယ်ဆိုတာ စိတ်ရော ကိုယ်ရောပေါ့လေ။ လုပ်တော့ မ လုပ်နိုင်ဘူး။ အဲဒီလိုလုပ်နေတာ အချိန်ကုန်မဲ့ အစား ဒီပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့တခြားလုပ်ငန်းတွေကို ဘယလို ပံ့ပိုးမယ်ဆိုတဲ့ ဟာကိုပေါ့။ နှစ်သစ်ကူးဆုတောင်းချင်တာက စည်းစည်းလုံးလုံးနဲ့ ဗမာပြည် တစ်ပြည်လုံးမှာရှိတဲ့ ကျမတို့ တိုင်းရင်းသားတွေ ဖိနှိပ်မှုကနေ လွှတ်ကျွတ်ချင်တယ်။

ဒေါ်ငိုင်ငိုင်း ဥက္ကဌ (ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး)

img_2987

လက်ရှိ ကျမတို့ မျော်လင့်ထားတာက ငြိမ်းချမ်းရေးဆိုတဲ့အတိုင်းဘဲ အရင်တုန်းကထက်စာရင် တိုက်ပွဲတွေ ပိုပြီးတော့ နည်း လာမယ်။ ပိုပြီးမှ ငြိမ်းချမ်းလာမယ်လို့ ကျမတို့က ထင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်တဲ့အခါမှာ အဲဒါနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာကို ကျမတို့တွေ့ရတယ်။ တိုင်းရင်းသားတွေအတွက်က ပိုပိုပြီးမှ အကြပ်ရိုက်စရာတွေ ပိုပြီး ဖြစ်လာ စေတယ်။ လက်ရှိ အစိုးရအနေနဲ့လည်း သူ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေတဲ့နေရာမှာ ကျမအနေနဲ့ သုံးသပ် တောက တိုင်းရင်းသားတွေအတွက် တော်တော်လေးကို မျော်လင့်ရာမဲ့တဲ့ အခြေအနေမျိုးကို ကျမတို့မြင်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နံပတ်တစ်အချက်က စစ်ရေးအသုံးစရိတ်တွေကို ပိုပြီး တိုးလိုက်တဲ့ကိစ္စ၊ ရှမ်းပြည်နယ်လွတ်တော်ကို လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ကို အကြမ်းဖက်အဖွဲ့ အနေနဲ့ သုံးသပ်လိုက်တဲ့အခါမှာ ကျမတို့ရဲ့ လက်ရှိ အစိုးရအနေနဲ့လည်း ဘယ်လိုပုံစံမျိုးနဲ့ ဒီငြိမ်းချမ်း ရေးကို ကိုင်တွယ်နေသလဲဆိုတာ ကျမလည်း တခါတခါကြရင် စိတ်မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ မျက်စိထဲမှာ မြင်တာက တကယ့် တကယ်တန်း မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ဆိုလို့ရှိရင်တော့ တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကို အမြန်ဆုံး ရပ်တန့်ပြီးတော့မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာလိုက်မယ်ဆိုလို့ ရှိရင် ကျမတု့ိ အမြန်ဆုံးနည်းနဲ့ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ ကျမတော့ ခံယူနေတယ်။

နှစ်သစ်ဆုတောင်းမယ်ဆိုရင် ဖြစ်နိုင်ရင် ခုဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်ဖို့ရန်အတွက် ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တစ်နိုင်ငံလုံးကို အပစ်အခတ် ရပ်စဲဖို့ရန်အတွက် ရပ်စဲလိုက်ပြီဆိုတဲ့ ကြေငြာတဲ့ဟာလေးကို လာမဲ့ နှစ်သစ်မှာတော့ ကြေငြာနိုင်မယ်ဆိုလို့ရှိရင်တော့ ကျမအတွက် နှစ်သစ်အတွက် မင်္ဂလာတခုဖြစ်လိမ့်မယ်လို့ ကျမအနေနဲ့ မျော်လင့်ပါတယ်။ ပြီးလို့ ရှိရင် ကျမအနေနဲ့ကတော့ လာမဲ့နှစ်သစ်အတွက် ဘာလဲဆိုရင် ကျမပြောချင်တာက NCA ကို လက်မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးထားတဲ့အဖွဲ့တွေ၊ CSO အဖွဲ့တွေရော၊ ပြည်သူလူထုတွေ အားလုံး ပူးပေါင်းပြီးတော့ ကျမတို့ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ရန်အတွက် အားလုံး ပူးပေါင်းလုပ်ဆောင်ကြပါစို့လို့ နှစ်သစ်ဆုတောင်းချင်ပါတယ် ကျေးဇူးတင်ပါတယ်။

မဂျူလီယာမရစ် အထွေထွေအတွင်းရေးမှူး (အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB
img_3003
လက်ရှိ ငြိမ်းချမ်းရေးက ထိလွယ်ရှလွယ်တဲ့ အနေအထားဖြစ်နေတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးက နေရာတခုမှာဘဲ ကွက်ကြားပြီးမှ ရှိဖို့ မသင့်ဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဖို့လိုအပ်တယ်။ ပထမအနေနဲ့ဒီလိုမျိုး အပစ်အခတ် ရပ်သွားမှတာလျှင် ကျမတို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အနေနဲ့လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အားလုံး အတူတကွ ပါဝင်နိုင်မှ သာလျှင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အသီးအပွင့် ပိုပြီး ဝေဆာလာနိုင်မယ်။ ကျမတို့ အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ အသံကိုလည်း ပါဝင်ဖို့ လိုအပ်တယ်။ သူတို့ရဲ့ အသံကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်။

ကျမတို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးတွေအတွက် ဆုမွန်ကောင်းတောင်းချင်တာက အများကြီးပါဘဲ။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးတွေ၊ တိုက်ပွဲကြားမှာ ရှိနေတဲ့ အမျုးိသမီးတွေဘဲ ဖြစ်ဖြစ်၊ တိုက်ပွဲ မဖြစ်တဲ့ မြို့ကြီး ပြကြီးတွေ မှာဘဲ ဖြစ်ဖြစ်၊ ကျေးလက်တောင်ပေါ်မှာ ရှိတဲ့အမျိုးသမီးတွေအတွက် ဖြစ်ဖြစ်၊ လုံခြုံတဲ့ ပတ်ဝန်းကျင် ရှိဖို့ လိုအပ်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ ၂၀၁၅၊၂၀၁၆ မှာဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သက်ငယ် မဒိန်းမှုတွေက ပိုဆိုးဝါးလာတဲ့ အနေအထားတွေ ဆိုတော့ သက်ကြီးသက်ငယ်တွေဘဝ လုံခြုံမှုအတွက် အာမခံချက် ရှိဖို့ လိုတယ်။ ဒါကြောင့် မလို့ အခု ဒီ ၂၀၁၇မှာဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အမျိုးသမီးတွေရဲ့ လုံခြုံမှု ယူဆောင်လာပေးနိုင်ဖို့အတွက် ကျမတို့ အများကြီး မျော်လင့်ပါတယ်ရှင့်။

နှစ်သစ်မှာ ကျမတို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ယူဆောင်လာပေးမယ်လို့ ကျမတို့ မျော်လင့်ပါတယ်။ ဒီထဲမှာ ကျမတို့ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံမှာ စစ်ဖြစ်ပွားနေတာတွေ အားလုံး ရပ်တန့်ပြီးတော့မှ ကျမတို့ မျော်လင့်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားနိုင်မဲ့ လမ်းစတွေ လုပ် ဆောင် သွားနိုင်မှုတွေ၊ အခွင့်အလမ်းတွေ ပေါ်ထွန်းလာနိုင်မယ်လို့ မျော်လင့်ပါတယ်။ ဒီလို ယူဆောင်လာနိုင်ဖို့ ကျမတို့ ပိုပြီး မျော်လင့်တာကတော့ အခု အန်အယ်ဒီအစိုးရအနေနဲ့က ပိုပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်တွေအပေါ် မှာ အကန့်အသတ် ဖြစ်နေတာကိုလည်း ပယ်ချပေးဖို့ လိုတယ်။ အားလုံး ပါဝင်နိုင်ဖို့အတွက်လည်း လိုအပ်ပါတယ်။

မူအိန်ဂျလာ တွဲဘက်အတွင်းရေးမှူး ၁ (ကယန်းအမျိုးသမီး အစည်းအရုံး)
img_2988
လက်ရှိမှာ ကျမတို့ ကယန်းဒေသမှာတော့ လောလောဆယ် စစ်ပွဲတော့မဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ ကျမတို့ ပြည်နယ်တူတဲ့ ကျမတို့ ကယန်းတွေက အများအားဖြင့် ရှမ်းပြည်တောင်ပိုင်းမှာ နေတယ်။ ခုလည်း ရှမ်းမြောက်မှာဖြစ်တဲ့ ပြည်တွင်း စစ်ကြောင့် ခံနေရတဲ့ လူထုတွေ အများစုက အမျိုးသမီးနဲ့ကလေးတွေ ပြေးလွားနေရတယ်။ ခံစားနေရတယ်။ အမျိုးမျိုး အကြမ်းဖက် ခံနေရတယ်။ အဲဒီအပေါ်မှာ စိတ်မကောင်းဖြစ်တယ်။ ကျမတို့က ပြည်တွင်းစစ်နဲ့ တိုက်ရိုက် ဆိုးကျိုးကို မခံစားရပေမဲ့ ကျမတို့ နိုင်ငံရဲ့ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကို ခံနေရတဲ့ ပြည်သူလူထု၊ အမျိုးသမီးထုတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ကျမတို့ မောင်နှမတွေဘဲဖြစ်တယ။် ကျမတို့ဒေသမှာကြတော့ စစ်ဒဏ် မရင်ဆိုင်ရပေမဲ့ မူးယစ်ဆေးဝါးရဲ့ ဒဏ်ကြောင့် အကြမ်းဖက် ခံရတာတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေတော့အများကြီးရှိတယ်။ ဒါက တခြားသော နည်းလမ်းနဲ့ အကြမ်းဖက်ခံရတဲ့ ပုံစံတွေ၊ ဓလေ့ခွဲခြားခြင်း အကြမ်းဖက်ခံရတာတွေလည်း ရှိတယ်။

နှစ်သစ်ဆုတောင်းအနေနဲ့ အမှန်အတိုင်းပြောရရင် စိတ်မကောင်းဖြစ်ရတယ်။ ဒီ ၂၅ ရက် ခရစ်မတ်မှာ ကျမတို့ ခရစ်ယာန်ဘာသာတွေက ဒီလိုအချိန်မှာ ဝမ်းမြောက်ပျော်ရွှင်နေရတဲ့အချိန်မှာ တချို့ဒေသက မပျော်ရဘူး။ တဖက်မှာလည်း နှစ်သစ်ကူးမှာလည်း သူတို့ စစ်ဖြစ်တဲ့ ဒေသမှ အေးအေးချမ်းချမ်းနဲ့ မကူးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်တယ်။ အဲဒါကြောင့် နှစ်သစ်ကူး ဆုတောင်းအနေနဲ့ ကျမတို့ နိုင်ငံ အေးအေးချမ်းချမ်းနဲ့ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို စည်းလုံး ညီညွတ်စွာနဲ့ အရောက်လျှောက်လှမ်းနိုင်ပါစေလို့ ကျမ ဆန္ဒပြုပါတယ်။

လွေးကုကု အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (တအာင်းအမျိုးသမီးအဖွဲ့-TWO)

img_2989
ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးက အရမ်းကို လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးမရှိရင် ကျမတို့ အမျိုးသမီးနဲ့ ကလေးတွေ လုံးဝ လုံခြုံမှု မရှိဘူး။ ငြိမ်းချမ်းရေးရမှာ ကျမတို့ ဘဝလုံခြုံမှုရှိမယ်။ ပြီးတော့ ကျမတို့ စားဝတ်နေရေးအတွက် လွတ်လွတ်လပ်လပ် ရှာဖွေလို့ရမယ်။ ငြိမ်းချမ်းရေးလိုအပ်တယ်ဆိုပေမဲ့ အခုအချိန်မှာ အရမ်းကို ကွာဝေးလွန်းနေတယ်။ များသောအားဖြင့် ငြိမ်းချမ်းရေးအော်နေပေမဲ့ စစ်ပွဲတွေ ဖြစ်နေတော့ ကျမတို့ လုံခြုံမှုမရှိဘူး။ ကျမတို့ ပတ်ဝန်းကျင်မှာဆိုရင် ကျမတို့ အမျိုးသမီးတွေ ဦးဆောင်မှုကဏ္ဍမှာ အများကြီးပါဝင်လာပေါ့နော်။ စားဝတ်နေရေးအတွက်လည်း သားသမီးတွေလည်း ကျမတို့ အမျိုးသမီးတွေဘဲ ဦးဆောင်နေရတဲ့ အခြေအနေ ရောက်နေတယ်။ စစ်ပွဲဖြစ်တဲ့အတွက် ကျမတို့ အလုပ်သွားတဲ့အခါ အမျိုးသမီးတွေအတွက် လုံးဝ လုံခြုံမှုမရှိဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မိုင်းထိတာတွေလည်း ခံရတဲ့အတွက်ကြောင့် ကျမတို့ အမျိုးသမီးတွေနဲ့ကလေးတွေဘဲ နစ်နာတယ်။ ကျမ ဆုတောင်းချင်တာက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်တယ်။

နာဗစ်ဘွန် ဘဏ္ဍာရှာဖွေရေး တာဝန်ခံ (လားဟူအမျိုးသမီး အဖွဲ့အစည်း)
img_3018
အခုလက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ကျမအနေနဲ့ ကြည့်မယ်ဆိုရင် တကယ်ဆိုရင် ငြိမ်းချမ်းရေးက အတိုင်းအတာ နေရာတခုထိတော့ ရောက်သင့်ပြီပေါ့နော်။ ဒါပေမဲ့ အခုက မရောက်ဘဲနဲ့ ရပ်လိုက်၊ ဆက်သွားလိုက် အဲဒီလို ဖြစ်နေတာကို တွေ့နေမြင်နေရတယ်။ အဲဒီအပေါ်မှာ အရင်က ပြောတဲ့အတိုင်း စားပွဲပေါ်မှာ တောက်လျှောက်ဆက်သွားမယ်ဆိုရင် ရပ်စရာမရှိဘူး။ ဆက်သွားမှာဘဲ။ ဒါပေမဲ့ အခုရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေက ၂၁ ပင်လုံညီလာခံ ပြီးတဲ့ နောက်ပိုင်းမှာ ပိုဖြစ်လာတယ်။ အဲဒီအပြင် ရှမ်းပြည်အရှေ့ပိုင်းမှာဆိုရင်လည်း တိုက်ပွဲမဖြစ်သည့်တိုင်အောင် လက်နက်ကိုင်အချင်းချင်း အနည်းအကျဉ်း ပဋိပက္ခလေးတွေ ဖြစ်လာတာ ရှိလာတယ်ဆိုတော့ တက်တော့ တက်နေတာပေါ့နော်။ ကျမတို့က ဆုတောင်းမေတ္တာပို့သချင်တာက မြန်မာပြည်မှာ တကယ်လုံးဝ စစ်ရပ်တန့်ဖို့ ဆုတောင်းချင်တယ်။ စစ်ဖြစ်တိုင်းမှာ အမှန်တကယ် တိုက်ပွဲ ဖြစ်တိုင်းမှာ အမှန်တကယ် ဒုက္ခရောက်ပြီး တောကြီး တောင်ကြီးမှာ ဒုက္ခအကြီးအကျယ်ရောက်တာက အမျိုးသမီးတွေဖြစ်တယ်။ ၂၀၁၇ မှာဆိုရင် ငြိမ်းချမ်းတဲ့လမ်းကြောင်းအပေါ်မှာ သွားနိုင်ဖို့ ဆုတောင်းမေတ္တာပို့သ ချင်ပါတယ်ရှင်။

မစုမွန် တွဲဘက်အတွင်းရေးမှူး (မြန်မာနိုင်ငံလုံးကျောင်းသားလူငယ်များကွန်ကရပ်-SYCB)

၂၀၁၇ နှစ်သစ်မှာ အမျိုးသမီးတယောက်အနေနဲ့ ပြောရလို့ ရှိရင် အပစ်အခတ်တွေ ရပ်စဲစေချင်တယ်။ တပ်မတော်ဘက်ကနေ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်။ တပ်မတော်ဘက်က အန်စီအေ လက်မှတ်မထိုးသေးတဲ့တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ညှိနှိုင်း တိုင်ပင်ပြီးတော့ အပေးအယူ လျော့ပေးစေချင်တယ်။

Related Articles