သန့်ရှင်းထွန်း။ ။
ဝါးတိုင်လေးတိုင်နှင့် တာပေါ်လင်စမိုးထားသည့် ယာယီဈေးဆိုင်ခန်းတွင် အသားညိုညို၊ မျက်နှာဝိုင်းဝိုင်း၊ အရပ်မတိုမရှည်၊ ခန္ဓာကိုယ် မပိန်မဝသော အမျိုးသမီးငယ်တစ်ဦးက အကြော်စုံနှင့် အသုပ်စုံကို ရောင်းချနေသည်။
သူ၏ ဦးခေါင်းပေါ်တွင် သုံးမျိုးခန့်ရှိသော နှစ်ရာတန် ဆန်းဒေး၊ ဟပ်ပီး၊ စူပါ ကော်ဖီထုပ် အနည်းငယ်ကို ချိတ်ဆွဲထားပြီး ဈေးရောင်းခုံပေါ်တွင် ရေနွေးဓာတ်ဗူး၊ ပြုတ်ထားသည့် ခေါက်ဆွဲ၊ ကြဆံနှင့် ပန်းကန်များကို စီတန်းထားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် နဂါးဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်တွင် ဖွင့်လှစ်ထားသော ‘အာရီယာန်’ အမည်ရှိ စားဖွယ်စုံဈေးဆိုင်က မိသားစုပိုင် ဆိုင်လေးဖြစ်ပြီး ထိုဆိုင်ရောင်းရသည့် ငွေဖြင့် မိသားစု စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝဝကို ဖြေရှင်းပေးနေသည်။
အဆိုပါ ဈေးဆိုင်လေးကို မိဘနှစ်ပါးနှင့်အတူ ညီအကိုမောင်နှမ ရှစ်ဦးထဲတွင် အကြီးဆုံးဖြစ်သော မဖြိုးစုစုသွယ်က ဈေးရောင်းသည့်အလုပ်ကို ဝင်လုပ်ရင်း စာကိုလည်းတဖက် ကြိုးစားခဲ့ရသည့်အတွက် သူ၏ဘဝမှာ တခြားသူများ ထက်ပို၍ အခက်ခဲများကို ရင်ဆိုင်နေရသည်ဟုဆိုသည်။
“ဈေးဆိုင်သိမ်းတာနဲ့ အိမ်ကို အပြေးအလွှားသွားပြီး စာလုပ်ရတယ်”ဟု အသက် ၂၂ နှစ်အရွယ် မဖြိုးစုစုသွယ်က ပြောသည်။
မဖြိုးစုစုသွယ်မှာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောက်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသူတစ်ဦး ဖြစ်သည်။
မရမာကြီးတိုင်းရင်းသားများသည် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများဖြစ်သော မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်ထဲမှ မျိုးနွယ်စုဝင်တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ တစ်သောင်းငါးထောင်ခန့်သာရှိပြီး ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်လျက်ရှိကြသည်။
ဆယ်တန်း (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုသည်က မြန်မာနိုင်ငံက ကျောင်းသားများအတွက် ဘဝအလှည့်အပြောင်းတစ်ခုဖြစ်သလို ဖိအားအများဆုံးနှင့် အခက်ခဲဆုံး စာမေးပွဲလည်းဖြစ်သည်။
လူမျိုးရေး ပဋိပက္ခ၊ စစ်ပွဲ၊ ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးချွတ်ခြုံကျမှုနှင့် အာဏာသိမ်းပွဲတို့အကြား ဆယ်စုနှစ်နှင့်ချီကြာ ပဋိပက္ခဒဏ်ကို ခံစားနေရသည့် ရခိုင်ပြည်နယ်မှ ကျောင်းသားများအတွက်က ရှင်းပြရန်ပင် မဖြစ်နိုင်သည့် ခက်ခဲမှုမျိုးကို ရင်ဆိုင်ကြရမည်ဖြစ်သည်။
ခက်ခဲမှုများကြားထဲက အဆုံးစွန်ဆုံး ခက်ခဲမှုများကို ရင်ဆိုင်ခဲ့ရသည့် ကျောင်းသားကို ပြပါဆိုပါက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က မဖြိုးစုစုသွယ်ကို ညွှန်ပြရမည်ဖြစ်သည်။
အကြော်စုံနှင့် အသုပ်စုံကိုရောင်းရင်း မပြည့်မစုံမှုများကြားက ဆယ်တန်းစာမေးပွဲကို ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့သည်။
ထိုသို့ မရမာကြီးတိုင်းရင်းသားထဲမှ တက္ကသိုလ်ဝင်တန်းကို ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်မှုမှာ လက်ချိုးရေတွက်၍ ရနိုင်ပြီး ထိုအထဲတွင် မဖြိုးစုစုသွယ်မှာလည်း တဦးအပါအဝင်ဖြစ်သည်။
မဖြိုးစုစုသွယ်၏ ဖခင်ဖြစ်မှာ ယခင်က ကျောက်ဖြူကားဂိတ်တွင် ထော်လာဂျီမောင်းခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် မိသားစုပိုင် အကြော်နှင့်အသုပ်စုံ ဈေးဆိုင်တွင် ဝိုင်းကူရောင်းပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း မဖြိုးစုစုသွယ်က ပြောသည်။
မိခင်ဖြစ်သူမှာ ဈေးဆိုင်ကို ဦးစီးဦးဆောင် လုပ်ကိုင်နေသူဖြစ်ပြီး တခြားတဖက်တွင် သားသမီးများနှင့် အိမ်မှုကိစ္စ အသီးသီးကို တာဝန်ယူထားသည်ဟုဆိုသည်။
ငယ်စဉ်ကပင် မိဘများ ဆင်းရဲကြပ်တည်းမှုကြောင့် စာသင်ချိန်တွင် ကျူရှင်မတက်နိုင်ခဲ့ဘဲ ကျောင်းကြီးတခုတည်းကို တက်၍ ခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် ကြိုးစားခဲ့ရသည်ဟု မဖြိုးစုစုသွယ် ကပြောပြသည်။
“အိမ်မှာ ထမင်းချက်ရင်းနဲ့ စာဖတ်ခဲ့ရတယ်။”ဟု ၎င်းကဆိုသည်။
ကိုးတန်းအောင်၍ တက္ကသိုလ်တန်းတက်ချိန်တွင် အမေဖြစ်သူက တက္ကသိုလ်တန်းစာမေးပွဲတွင် အမှတ်ငါးရာရသည်အထိ ကြိုးစားပေးဖို့ ပြောခဲ့ကြောင်း မဖြိုးစုစုသွယ်က ပြောသည်။
ထိုသို့ အမှတ်ငါးရာရရှိရန်မှာ ခြောက်ဘာသာဂုဏ်ထူးထွက်မှသာ ရရှိမည်ကို မဖြိုးစုစုသွယ် သိနေခဲ့သည်။ သို့သော် ပြည်နယ်အဆင့်စစ်သည့် စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးထွက်ခဲ့ပြီး မြန်မာစာနှင့် ဇီဝဗေဒ နှစ်ဘာသာမှာ ဂုဏ်ထူး အမှတ်မရရှိခဲ့ဟုဆိုသည်။
ထိုအချိန်တွင် မဖြိုးစုစုသွယ်မှာ မြန်မာစာကို အလွန်စိတ်ပူသွားခဲ့ပြီး ဇီဝဗေဒကိုတော့ ပုံမှန်အိမ်စာလုပ်ရုံဖြင့် ဂုဏ်ထူးမှတ် ရရှိမည်ကို ယုံကြည်ခဲ့သည်ဟု ပြောပြသည်။
ထို့နောက် ကျောင်းတွင်းစစ်မေးပွဲ စစ်သည့်အခါ ခြောက်ဘာသာစလုံး ဂုဏ်ထူးထွက်ခဲ့သည့်အတွက် မိမိကိုယ်ကို ‘အော်…ငါလုပ်နိုင်ပါလား’ဆိုပြီး တက်ကြွလာခဲ့သည်ဟု မဖြိုးစုစုသွယ်က ပြောပြသည်။
သို့သော် မဖြိုးစုစုသွယ်မှာ တက္ကသိုလ်ဝင်တန်းကို ကိုဗစ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားခဲ့သည့်အတွက် သုံးနှစ် တက်ခဲ့ရသည်။
ကိုဗစ်ရောဂါကြောင့် ကျောင်းများပိတ်ထားချိန်တွင် မဖြိုးစုစုသွယ်မှာ တခြားကျောင်းသူများကဲ့သို့ အင်တာနက် လိုင်းများနှင့် Zoom များဖြင့် ပညာသင်ခွင့်၊ နေအိမ်တွင် ဂိုက်ဆရာများ ခေါ်ယူပြသခြင်း အခွင့်အလမ်းမရရှိခဲ့ဘဲ အထူးထုတ်စာအုပ်များကိုသာ လေ့လာခဲ့ရသည်ဟု သူကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုကို ပြောပြသည်။
“ကိုယ့်မှာ အဲလိုမျိုးမတတ်နိုင်တဲ့အခါမှာ အရမ်းကို စိတ်ညစ်ခဲ့ရတယ်။” ဟု မဖြိုးစုစုသွယ်က ငိုသံပါပါဖြင့် ပြောသည်။
မဖြိုးစုစုသွယ်သည် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်မြင်ကြောင်းကို နံနက်လေးနာရီတွင် စသိခဲ့ရပြီး သူငယ်ချင်းတစ်ဦးက ScreenShot ရိုက်ပို့ပေးခဲ့သည်ဟုဆိုသည်။
“သမီးအဖေနဲ့ အမေက နဂိုကတည်းက ပင်ပန်းဆင်းရဲကြတော့ သမီး အဖေနှင့်အမေကို လူလယ်ကောင်မှာ မျက်နှာ ပွင့်အောင် သမီးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။”ဟု အဖေနှင့် အမေအတွက် တာဝန်ကျေခဲ့ပုံကို ပြောပြသည်။
တက္ကသိုလ်ဝင်တန်းတက်နေကြသည့် ကျောင်းသူ/သားများအနေဖြင့် တရက်စာကို တရက် ပုံမှန်လုပ်ကြပြီး အမြဲတမ်း ရီဗေးရှင်း ပြန်နိုင်လျင် အကောင်းဆုံးဖြစ်သည်ဟု အားပေးစကားပြောသည်။
“ညီမအထင်ပြောရရင် ဆယ်တန်းကျောင်းသားက အပေါင်းအသင်း မများဖို့လိုတယ်။”ဟု ဆိုသည်။
ထို့အပြင် တက္ကသိုလ်ဝင်တန်းကျောင်းသူ/သားများအနေဖြင့် တရားထိုင်သည့် အလုပ်ကိုလည်း လုပ်စေချင်သည်ဟု အကြံပြုသည်။
“တရားထိုင်တဲ့အခါ စိတ်ကတည်ငြိမ်ပြီး တော့ သင်လိုက်တဲ့စာတွေ အကုန်လုံးကို ပြန်မှတ်မိနိုင်ပါတယ်။”ဟု သူ့ အတွေ့အကြုံကို ပြောပြသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောက်ဖြူမြို့မှ ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော မဖြိုးစုစုသွယ် မှာ အမှတ်ငါးရာတိတိရရှိခဲ့ပြီး ဆေးတက္ကသိုလ်တက်ခွင့်ရသော်လည်း ဆေးကျောင်းမတက်ချင်သလို အစိုးရဝန်ထမ်းလည်း မလုပ်ချင်ဟု ပြောသည်။
“အခုက နိုင်ငံရေးတွေကလည်း မကောင်းဘူးလေ။ ဆေးကျောင်းက ပုံမှန်ဆိုရင်တော့ ၇ နှစ်လေ၊ နိုင်ငံရေးအခြေနေ မကောင်းလို့ရှိရင် ကိုးနှစ်၊ ဆယ်နှစ် ကြာသွားနိုင်တယ်။”ဟု မဖြိုးစုစုသွယ်က ပြောသည်။
မဖြိုးစုစုသွယ်မှာ လက်ရှိတွင် သူတို့၏ မိသားစုပိုင် ဈေးဆိုင်ကို ဝိုင်းကူရောင်းချပေးရင်း သူ၏ဆရာမတချို့ထံတွင် ဂိုက်ဝင်ပြပေးနေသည်ဟု ဆိုသည်။
ထို့အပြင် ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်း စာသင်ဝိုင်းများတွင် စာသင်ပေးနေကြောင်း ပြောသည်။
ရခိုင်မျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသူတစ်ဦးလည်းဖြစ် ဆင်းရဲနွမ်းပါးသည့် မိသားစုမှ ပေါက်ဖွားလာသော မဖြိုးစုစုသွယ်က တက္ကသိုလ်ဝင်တန်းနှင့် ပတ်သက်လို့ ယခုကဲ့သို့ ပြောသည်။
“ဆယ်တန်းဆိုတာ ပြည့်စုံနေတဲ့သူမှမဟုတ်ဘူး ကြိုးစားရင် ညီမတို့လို ဆင်းရဲတဲ့သူတွေလည်း ဘာသာစုံဂုဏ်ထူး ထွက်နိုင်ပါတယ်”ဟူ၍ ဖြစ်သည်။