Home ဆောင်းပါး ကင်မရာသမားဖြစ်လိုတဲ့ ယူဂျီခေါင်းဆောင် အမျိုးသမီး

ကင်မရာသမားဖြစ်လိုတဲ့ ယူဂျီခေါင်းဆောင် အမျိုးသမီး

နွေဦးမောင်။ ။

စစ်ရေးအရ တိုက်ခိုက်မှုလုပ်မယ်လို့ ရွေးချယ်ထားတဲ့ ရန်ကုန်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးတစ်ရုံးရှေ့မှာ သွားလာလှုပ်ရှား ဈေးရောင်းဈေးဝယ် ပြုလုပ်နေတဲ့ ပြည်သူတွေနဲ့ ရှုပ်ယှက်ခပ်နေတယ်။

မနက် ၁၁နာရီဆိုရင် ဖောက်ခွဲတိုက်ခိုက်မှုလုပ်မယ်လို့ ရည်ရွယ်ပြီး အားလုံးပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ပြည်သူတွေ ရှိနေတော့ သူတို့ကိုအန္တရာယ်ကျရောက်မှာမျိုးလည်း မဖြစ်စေချင်ဘူး။ သတ်မှတ်ထားတဲ့အချိန်ရောက်ဖို့ကလည်း သိပ် မလိုတော့ဘူးလေ။ ငါးမိနစ်လောက်သာ လိုတော့တာ။

” အဲဒါနဲ့ ဗုံးရဲ့အပေါ်ပိုင်းနေရာမှာ ဒဘယ်တိတ်သုံးပြီး စာကပ်ရတယ်။ ဗုံးရှိသည်ဆိုပြီးတော့ပေါ့”ဟု မြို့ပြပြောက်ကျား အဖွဲ့တစ်ခုရဲ့တာဝန်ခံ မဒေစီက ပြောပါတယ်။

သတိပေးစာကို တွေ့သွားကြတော့ အဲဒီရုံးရှေ့ကနေ ပြည်သူတွေရှောင်ရှားသွားကြတယ်။ အဲဒီအခါကြမှ သတ်မှတ် ထားတဲ့အတိုင်း ဗုံးကို အဝေးထိန်းစနစ်နဲ့ အောင်မြင်စွား ဖောက်ခွဲနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ခုလို အန္တရာယ်များပြီး စွန့်စားရတဲ့ မြို့ပြပြောက်ကျား UG အလုပ်တွေလုပ်နေတဲ့ မဒေစီဟာ အသက် ၂၀ ပင် မပြည့် တတ်သေးပါဘူး။ တစ်ကယ်လို့သာ ကိုဗစ်ကပ်ရောဂါနဲ့မကြုံခဲ့ရဘူး၊ စစ်အုပ်စုက အာဏာသိမ်းတာမလုပ်ခဲ့ဘူးဆိုရင် သူဟာ စာသင်ခန်းထဲ ရှိနေမယ့် အမျိုးသမီးငယ်လေး တစ်ဦးမျှသာပါ။

အိပ်မက်
ဒီကာလတွေမတိုင်ခင်တုန်းက မဒေစီရဲ့ဘဝဟာ အများသူငါလို ပေါ့ပေါ့ပါးပါးပါပဲ။ သိပ်ပြီး အပူအပင်မရှိလှဘူး။ မိဘတွေရဲ့ ကြည့်ရှု့စောင့်ရှောက်မှုနဲ့ အပင်မရှိဘဲ နေနိုင်ခဲ့တယ်။

အခြားသက်တူရွယ်တူ လူငယ်တွေလို ကျောင်းသွားချိန်သွားမယ်။ ပြီးရင် စာလေးပုံမှန်လုပ်သွားပြီး ဘွဲ့ရကျောင်းပြီးတဲ့ အထိ ပညာဆက်သင်မယ်။ အဲ…ဒီကြားထဲမှာတော့ ကျောင်းစာတွေလုပ်ရင်း တစ်ဖက်ကလည်း သူဝါသနာပါတဲ့ ဓာတ်ပုံ ပညာကို လေ့လာမယ်။ ဒီလောက်ပါပဲ။

ကိုဗစ်ပြီးရင် ကျောင်းပြန်တက်မယ်။ တစ်ဖက်မှာလည်းသင်မယ်ပေါ့။ ကိုယ်ဝါသနာပါတာကို ။ ပြီးရင်စာရေးမယ်။ ဓါတ်ပုံ ရိုက်မယ်” လို့ သူ့မျှော်မှန်းချက်အိပ်မက်တွေကို ရိုးရိုးရှင်းရှင်းပဲ မဒေစီကပြောတယ်။

သူ့စိတ်ကူးရှိသမျှ ဓာတ်ပုံလှလှလေးတွေအများကြီး ရိုက်ချင်တယ်။ ဖြစ်နိုင်ရင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအထိ ရည်ရွယ်ပြီး ကျွမ်းကျင်တဲ့ ကင်မရာသမားတစ်ယောက်ဖြစ်လို့တဲ့ဆန္ဒ သူ့မှာရှိတယ်လို့ ရင်ဖွင့်ပါတယ်။

ဒီအတွက်လည်း သူ့အနေနဲ့ ကိုယ့်စိတ်ကူးအိပ်မက်အတိုင်း ဝါသနာပါရာကို သင်ယူမယ်ဆိုရင် သင်ယူနိုင်တဲ့ အခွင့်အရေး ရှိခဲ့ကြောင်း သူကရှင်းပြပါတယ်။ ဝါသနာပါရာကို သင်ယူလေ့လာဖို့ နောက်ကနေပံ့ပိုးပေးမယ့် မိသားစုရှိတယ်။ ပြီးတော့ ကိုဗစ်ကြောင့် ကျောင်းတွေခဏပိတ်ထားတော့ ဝါသနာပါရာကို လေ့လာလိုက်စားဖို့ အချိန်တွေလည်း ရှိခဲ့တယ်။

” ကင်မရာ စကိုင်ပြီး အဲနေ့သင်တယ်ပေါ့။ နောက်… သိပ်မကြာဘူး။ အာဏာစသိမ်းပါလေရော”လို့ သူ့ရည်မှန်းချက် အိပ်မက်ပျက်စီးခဲ့ရပုံကို မဒေစီက ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်အောက်မှာ လုံးဝကိုယ့်ဘဝအတွက်ကို မလုပ်ချင်ဘူး။ ပြည်သူနဲ့ တိုင်းပြည်အတွက်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ပြီး “ကင်မရာကို ရောင်းလိုက်တယ်”လို့ မဒေစီက ပြောလာပါတယ်။

ခုတော့ သူ့ဆုံးဖြတ်ချက်အတိုင်း စစ်အာဏာရှင်ယန္တရားကို လှဲဖြိုဖို့ တထောင့်တနေရာကနေပါဝင်ရင်း မြို့ပြပြောက်ကျား တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

သက်စွန့်ဆံဖျား
မဒေစီဟာ ရန်ကုန်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ကိုနယ်မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့တာပါ။ အရွယ် ရောက် လာမှ မိသားစုလိုက် ရန်ကုန်ကို ပြောင်းရွှေ့အခြေချရင်း ရန်ကုန်မှာပဲ ကြီးပြင်းလာခဲ့ပါတယ်။

ခုအခါ မြို့ပြယူဂျီ အဖွဲ့တစ်ခုဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ရာမှာ သူတို့အဖွဲ့အမည်ကို ရန်ကုန်က မြို့နယ်တစ်ခုရဲ့ ကိုယ်စားပြုအမည်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့အဲဒီအဖွဲ့ကို စတင်တည်ထောင်ဖွဲ့ခဲ့သူက မဒေစီတော့ မဟုတ်ခဲ့ပါဘူး။

ပထမဆုံးတာဝန်ယူခဲ့သူက လူငယ်အမျိုးသားတစ်ဦးပါ။ အဲဒီရဲဘော်ဟာ ကံမကောင်းအကြောင်းမလှဘဲ အာဏာ ရှင် ကိုတော်လှန်ရင်း လမ်းခုလပ်မှာ ကျဆုံးခဲ့ရတယ်လို့ မဒေစီက ပြန်ပြောပြပါတယ်။

အဲသည်နေ့က သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ရဲဘော်နဲ့ လူငယ်အချို့ဟာ တိုက်ခိုက်ရေးသုံးပစ္စည်းတွေကို စမ်းသပ် မှုလုပ်ရင်း မတော်တဆဖြစ်ပြီး မဒေစီတို့ခေါင်းဆောင်ကျဆုံးခဲ့ပါတယ်။ ပြီးတော့ အဖွဲ့ဝင်ရဲဘော်အချို့လည်း အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ လွတ်မြောက်သူအချို့လည်း ရှိခဲ့ပါတယ်။

မဒေစီအဖို့ အဲသည်နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် ပစ္စည်းတွေစမ်းမယ့်နေရာကို မသွားနိုင်ခဲ့ဘူး။ ဒါကြောင့် သူ့ခေါင်းဆောင်ကို ဒီနေ့မသွားဘဲ နောက်နေ့တွေကျမှ အတူတူလုပ်ကြမယ်လို့ အခြားရဲဘော်တွေနဲ့အတူ တားခဲ့ပါသေး တယ်။

“ကျွန်တော်တို့ခေါင်းဆောင်က နေပါစေ၊ရတယ်။ သူနိုင်တယ်ဆိုပြီး ပြောတယ်။ နောက်တော့ ကျန်တဲ့ရဲဘော်တချို့နဲ့ ယာယီခိုလှုံတဲ့အိမ်ကို သူသွားတယ်။ ပစ္စည်းတွေယူပြီး စမ်းတဲ့အချိန်မှာ အမှားအယွင်းဖြစ်ပြီး ကျသွားတယ်”လို့ ဝမ်းနည်း စရာအဖြစ်အပျက်ကို မဒေစီက ပြန်ပြောပြပါတယ်။

ခေါင်းဆောင်နဲ့အတူပါသွားတဲ့ ရဲဘော်တွေထဲက တစ်ဦးက ခြေထောက်ထိသွားပေမယ့် ဖမ်းဆီးခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ ခေါင်းဆောင်အပါအဝင် ရဲဘော်နှစ်ဦး အသက်ပေးဆပ်ခဲ့ရပါတယ်။ ပြီးတော့ လက်နက်အတိုတချို့နဲ့ ဖောက်ခွဲရေးပစ္စည်းတွေအပြင် ငွေသိန်း ၂၀ ကျော်ဆုံးရှုံးခဲ့ပါတယ်။

ဒါကြောင့် သူတို့ရဲ့ဝပ်ကျင်းကို နောက်တစ်နေရာပြောင်းခဲ့ကြပါတယ်။ ဒီအခါမှာလည်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီဘက်က သူတို့ဝပ်ကျင်းနေရာကို သတင်းရသွားခဲ့ပါတယ်။ ဒါပေမဲ့ တပ်တွင်းဖရဲသီးရဲ့ ကြိုတင်သတိပေးမှု ကြောင့် ဝင်စီးခံရမယ့်အခြေအနေကနေ မဒေစီတို့ ကပ်ပြီး လွတ်ခဲ့တယ်။

အဲဒီအချိန်က အဖွဲ့အစည်းကို မဒေစီ စပြီးဦးဆောင်နေပါပြီ။ ကျန်နေခဲ့တဲ့ ရဲဘော်တွေက သူ့ကို ခေါင်းဆောင်တင်မြှောက် ခဲ့ကြတာကြောင့် ဒီတာဝန်ကို သူယူဖြစ်ခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

တစ်ကယ်တမ်းဆိုရင် မဒေစီတို့လို့ ယူဂျီတွေအဖို့ ရန်ကုန်လို့ မြို့ကြီးမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ရတာ လွယ်ကူတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။

စစ်ကောင်စီရဲ့ တိုက်ကွက်
တစ်ကြိမ်တုန်းကဆိုရင်တော့ မဒေစီဦးဆောင်တဲ့ယူဂျီအဖွဲ့ထဲက ရဲဘော်တစ်ဦး သတင်းပေးဒလန်တစ်ဦးရဲ့ လှည့်စားမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါက ဒီလိုပါ။

စစ်ကောင်စီဟာ သူတို့ရဲ့သတင်းပေးဒလန်တွေကို လက်သပ်မွေးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေထံ ချဉ်းကပ်စေပါ တယ်။ တော်လှန်ရေးသမားအသွင်ယူစေပြီး အတွင်းကိုစိမ့်ဝင်ထိုးဖောက်တဲ့နည်းနဲ့ ဖြိုခွဲတာလို့ မဒေစီက သူတို့အတွေ့ အကြုံကို ပြောပါတယ်။

သူ့အဖွဲ့ထဲက ရဲဘော်တစ်ဦးဟာဆိုရင် အဲဒီနည်းနဲ့ချဉ်းခံခဲ့ရတာပါ။ တော်လှန်ရေးသမားအယောင်ဆောင်ထားတဲ့ ဒလန် ဟာ တစ်ရက်မှာ သူ့ရဲဘော်ထံ ဖုန်းနဲ့ဆက်သွယ်လာပါတယ်။ ပြီးတော့ သူ့ဝပ်ကျင်းက မလုံခြုံတော့လို့ နေရာပြောင်းရမယ့် အကြောင်း ၊ ဒါ့ကြောင့်သူ့ကို လာခေါ်ပေးဖို့ အကြောင်းပြောလာတယ်လို့ ဆိုပါတယ်။

သူ့ဆီလာတဲ့အခါ အတိုတစ်လက်လောက်ပါ ယူခဲ့ပေးဖို့လည်း အယောင်ဆောင်ထားတဲ့သူက မှာပါတယ်။ ဒါနဲ့ မဒေစီတို့ အဖွဲ့က ရဲဘော်ဟာ အဲဒီဒလန်ချိန်းတဲ့နေရာကို သွားခဲ့ပါတယ်။

“သူချိန်းတဲ့နေရာကို ရောက်သွားတယ်။ ရောက်သွားလို့ ကားပေါ်က ဆင်းလည်းဆင်းရော သေနတ်တွေနဲ့ချိန်ပြီး ဝိုင်းဖမ်းတာကို ခံလိုက်ရတယ်”လို့ မဒေစီက ပြန်ပြောပြတယ်။

အဲဒီကတဆင့် ယူဂျီတွေ တစ်ယောက်ပြီးတစ်ယောက်ဖမ်းခံခဲ့ရပါတယ်။ ယူဂျီတစ်ဦးကို ကျပ် ၃၅သိန်းလောက်နဲ့ သတင်းပေးတွေက လုပ်စားခဲ့တာလို့ သူကပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ Hi က သီးခြားအတည်ပြုနိုင်တာ တော့ မရှိခဲ့ပါဘူး။

စစ်ကောင်စီဟာ သူတို့ရဲ့သတင်းပေးတွေကို တော်လှန်ရေးရဲဘော်တွေထံ ထောက်ပံ့ကူညီသူအနေနဲ့ ချဉ်းကပ်စေတာ လည်း ရှိပါတယ်။ သာဓကအနေနဲ့ တော်လှန်ရေးအဖွဲ့ထံ အလှူငွေထည့်မယ်ပေါ့။ ဒါပေမဲ့ အွန်လိုင်းကနေ လွှဲဖို့အဆင် မပြေလို့ ကိုယ်တိုင်လာယူပေးပါဆိုတာမျိုးတွေနဲ့ ချိန်းတတ်ပါတယ်။ ဒါကို ယူဂျီတွေက သွေးရိုးသားရိုးထင်ပြီး သူချိန်းတဲ့ နေရာ ကိုယ်တိုင်သွားတဲ့အခါ အဖမ်းခံရတာတွေလည်းရှိတယ်လို့ မဒေစီက ပြောပါတယ်။

နောက်ထပ်ပရိယာယ်တစ်ခုကတော့ စစ်ရေးတိုက်ခိုက်မှုတွေအတွက် ပစ္စည်းတွေဝယ်ယူတဲ့အခါ ကြုံကြရတာပါ။ ပစ္စည်း တွေ ဈေးသက်သက်သာသာနဲ့ရမယ်ဆိုတဲ့ မက်လုံးမျိုးတွေနဲ့ ယူဂျီတွေထံ သူတို့ရဲ့သတင်းပေးတွေကို ချဉ်းကပ်စေတာ မျိုးပါ။

မဒေစီရှင်းပြတာက ယူဂျီတွေ တော်တော်များများဟာ ဘဏ္ဍာရေးမတောင့်တင်းကြပါဘူး။ ဒါကြောင့် ဈေးလည်းသက်သာ၊ ရည်ရွယ်ချက်အတွက်လည်း ထိရောက်မှုရှိမယ်လို့ယူဆတဲ့ ပစ္စည်းမျိုးတွေကို ရှာဖွေကြရတယ်လို့ မဒေစီက သူတို့အတွေ့ အကြုံကို ပြောပါတယ်။

” အဲလိုမျိုး ပစ္စည်းပေးမယ်ဆိုပြီး တွေ့ပြီးတော့မှ အဖမ်းခံရတဲ့ရဲဘော်တွေလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ ပစ္စည်း ဝယ်ဖို့ ကလည်း သေချာကို ဂရုစိုက်ရတယ်။ ပစ္စည်းလာပို့ရင်လည်း သေချာယူပြီးတော့ သေချာစစ်ရတယ်”

မဒေစီတို့အတွက် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကတော့ နေရာတိုင်းလိုလိုမှာ ရှိနေတာပါပဲ။ အဲဒီအခြေအနေတွေကြားထဲကပဲ မဒေစီတို့ ရအောင်ထိုးဖောက်တယ်။ အားမလျှော့ဘူး။ ဘာကြောင့်လည်းဆိုတော့ “လုံးဝအုပ်ချုပ်ခွင့် မရစေရဘူး”ဆိုတဲ့ ဆုံးဖြတ်ချက်က သဓိဋ္ဌာန်ခိုင်မာနေလို့ပဲ ဖြစ်တယ်လို့ မဒေစီက သူ့ခံယူချက်ကို ပြောပါတယ်။

တန်ပြန်ခြင်း
စစ်ကောင်စီနဲ့ သူရဲ့ထောက်တိုင်တွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ရာမှာ စိတ်အကျေနပ်ရဆုံး စစ်ရေးတိုက်ခိုက် မှုအစီအစဉ် တစ်ခုရှိခဲ့တယ်လို့ မဒေစီက ပြောလာပါတယ်။

အဲဒီအတွက် အချိန်နှစ်လနီးပါးလောက် ပေးခဲ့ရတာပါ။ သူတို့အဖွဲ့က တန်ပြန်တိုက်ခိုက်တဲ့နည်းကို အသုံးပြုခဲ့တယ်လို့ မဒေစီက ရှင်းပြပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့သတင်းပေးတွေကို တော်လှန်ရေးရဲဘော်အယောင် ဆောင်ပြီး ယူဂျီေ တွထံ ချဉ်းကပ်စေသလို မဒေစီတို့ကလည်း စစ်ကောင်စီ သတင်းပေးအယောင်ဆောင်ပြီး ပြန်ချဉ်းကပ်တဲ့နည်းပါ။

သူတို့ရဲ့ ပစ်မှတ်ဖြစ်သူက နယ်မြေရဲစခန်းတစ်ခုမှာ စခန်းမှူးပြီးရင် ဒုတိယရာထူးအကြီးဆုံးသူပါ။ ပုခုံးပေါ် နှစ်ပွင့်တင် ထားသူ ဖြစ်ပါတယ်။ အဲဒီပစ်မှတ်ကိုချဉ်းကပ်တော့ ကိုယ့်အပေါ်ယုံကြည်လာအောင် သတင်းတချို့ပေးရပါတယ်။

” ထုတ်ဖော်လို့ရတဲ့ သတင်းမျိုးလေးတွေ ပေးရတာပေါ့။ တစ်ခုခုဆိုတာနဲ့ ဘယ်မှာတော့ဘယ်လိုဖြစ်နေပြီ၊ အခြေအနေ ဘယ်လိုရှိပါတယ် စသဖြင့်ပေါ့နော်”လို့ မဒေစီက အကျဉ်းရုံးပြောပြတယ်။

ဒီလိုနဲ့ သူ့ကိုပစ်မှတ်က တဖြည်းဖြည်းယုံကြည်လာတယ်။ တစ်နေ့မှာ အဲဒီယုံကြည်မှုကို အသုံးချပြီး ပစ်မှတ်ကိုရှင်းဖို့ အစီအစဉ်တစ်ခုဆွဲတယ်။ အဲဒါက သူ့အနေနဲ့ လူကိုယ်တိုင်တွေ့ပြီး သတင်းပေးလိုကြောင်း၊ ပြီးတော့ တဆက်တည်းမှာ အလိုရှိသူတွေရဲ့ တည်နေရာကိုပါ လိုက်ပြပေးမယ့်အကြောင်း ပြောလိုက်တယ်။

ပြီးတော့ တစ်ယောက်ထဲအရင်လာခဲ့ဖို့နဲ့ အဖွဲ့လိုက်ကြီးလာရင် တစ်ဖက်ကရိပ်မိပြီး အစီအစဉ်ပျက်သွားနိုင်တယ်လို့လည်း သူ့ကို ပြောလိုက်တဲ့အကြောင်း မဒေစီက ပြန်ပြောပြတယ်။

ပစ်မှတ်ကို ယုံကြည်လာအောင်စည်းရုံးတဲ့နေရာမှာ ပစ်မှတ်ရဲ့ နောက်ခံအကြောင်းအရာကလည်းအရေးကြီးကြောင်း မဒေစီက မှတ်မှတ်ရရပြောလာပါတယ်။ အဓိကအချက်က ကိုယ့်ပစ်မှတ်ဟာ ဘယ်လိုလူမျိုးလဲ။ အဖွဲ့အစည်းထဲမှာ သူက ဘာတာဝန်ယူထားလဲ။ ပြီးတော့ သူနဲ့သူ့အဖွဲ့အစည်းကြား အဆင်မပြေတာ ဘာတွေရှိနေလဲ စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရနိုင်သမျှ စုစောင်းရပါတယ်။

မဒေစီတို့ ရွေးချယ်လိုက်တဲ့ပစ်မှတ်က သူတို့အထက် လူကြီးဖြစ်တဲ့ စခန်းမှူးနဲ့ ဆက်ဆံရေးအဆင်မပြေပါဘူး။ ရာထူးတိုး ကိစ္စမှာ စခန်းမှူးက သူ့လုပ်ပိုင်ခွင့်နဲ့ ပိတ်ထားသလိုလုပ်တော့ ပစ်မှတ်က သူ့လူကြီးကိုမကြည်ပါဘူး။ သူ့အခွင့်အရေး ဆုံးရှုံးရတယ်ဆိုတဲ့ ခံစားချက်နဲ့ အခွင့်အခါကောင်းကို ချောင်းနေသူမျိုးပါ။ တစ်ကယ်လို့သာ သတင်းပေးကတဆင့် ယူဂျီတွေကို အဖမ်းပြနိုင်လိုက်ရင် ဒီလုပ်ဆောင်ချက်ဟာ သူ့အတွက် အခွင့်အရေးဖြစ်လာနိုင်တယ်လို့ တွေးထင်ပုံရ ကြောင်း မဒေစီက ပြောပါတယ်။

“သူတို့အဖွဲ့အစည်းထဲမှာ မက်လုံးပေးထားတာမျိုးတွေရှိတယ်။ ကိစ္စတစ်ခုကို မလုပ်ချင်ရင် လုပ်ချင်လာအောင် ရာထူး၊ အာဏာနဲ့ မက်လုံးပေးတာမျိုးပေါ့”လို့ သူသိထားသမျှ မဒေစီက ပြောပြတယ်။

ပစ်မှတ်ကို ယုံကြည်လောက်အောင်စည်းရုံးပြီးတဲ့အခါ လူရှင်းတဲ့ နေရာတစ်ခုကိုချိန်းလိုက်တယ်။ ပစ်မှတ်အထားခံရ တဲ့လူက တစ်ယောက်ထဲပဲ ထွက်လာပါတယ်။ မဒေစီတို့ အထင်က အနည်းဆုံးလေးငါးယောက်လောက်လာမှာပဲလို့ ယူဆခဲ့တာပါ။ ဒါပေမဲ့ အခုက တစ်ယောက်ထဲ။

သည်တော့ ရှင်းမယ့်အစီအစဉ်အတွက် အံဝင်ခွင်ကျဖြစ်သွားတယ်။ ချိန်းတဲ့နေရာကို ဆိုင်ကယ်နဲ့ထွက်လာပြီး မဒေစီ ရပ်စောင့်နေတဲ့အနား ရပ်ပေးချိန် ဆိုင်ကယ်ပေါ်တက်ဟန်ပြပြီး မဒေစီကိုယ်တိုင် သေနတ်နဲ့ အနီးကပ်ပစ်ခတ်လိုက်ပါ တော့တယ်။

“အခုချိန်ထိ အဲဒီစခန်းက သူတို့လူရှင်းခံရတဲ့ကိစ္စကို ကြိတ်ရှင်းနေတုန်း။ အပေါ်ကသိရင် သူတို့အထောင်းခံရမှာလေ”လို့ မဒေစီက ထင်မြင်ချက်ပေးပါတယ်။

စစ်ရေးပစ်မှတ်တွေကို အစီအစဉ်တကျ ရှင်းနိုင်တဲ့အခါ မဒေစီတို့ အားတက်ရပေမယ့် စီစဉ်တဲ့အတိုင်းမဖြစ်ဘဲ မျှော်လင့် မထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရာတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

စိတ်အတက်အကျ
မဂ်လာဒုံဘက်က အရပ်ဝတ်နဲ့ ရဲဒလန်တစ်ဦးကို ရှင်းခဲ့တဲ့ တိုက်ခိုက်ရေးတစ်ခုမှာဆို ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအသွင်ယူထားတဲ့ရဲကို ရှင်းနေချိန် နောက်ဘက်ကနေ အဆိုပါ ရဲဒလန်ရဲ့လူနှစ်ယောက် ရောက်လာတယ်။ ပြီးတော့ မဒေစီတို့အဖွဲ့ထဲက ရဲဘော်တစ်ဦးကို ဓားနဲ့ဝင်ထိုးတယ်။

သည်လိုနဲ့ အဲဒီရဲဘော်ကို ကယ်ထုတ်နိုင်ဖို့ အပြင်းအထန်သတ်ပုတ်ကြိုးပမ်းခဲ့ရကြောင်း ပြောပါတယ်။ ဒါပေမဲ့ သူတို့ ဝပ်ကျင်းပြန်ရောက်တဲ့အခါ ဒဏ်ရာရရဲဘော်ကို ချက်ချင်းဆေးကုမပေးနိုင်ခဲ့ဘူး။ အဓိကတော့ ဘဏ္ဍရေး အခက်အခဲ ကြောင့်ပါ။ အချိန်မီကုသခွင့်မရလိုက်တဲ့ရဲဘော်ဟာ ဖြစ်ပြီးနှစ်ရက်မြောက်မှာ ကျဆုံးသွားခဲ့ပါတယ်။

” ရဲဘော်ကျသွားတာကလည်း အလှူငွေသိပ်မရှိခဲ့တာကြောင့်နဲ့ ပတ်သက်နေတော့..ပြည်သူကိုလည်း အပြစ်မပြောရက် တော့ ပါဘူး”လို့ မဒေစီက ရင်ဖွင့်ပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ စိတ်ဓာတ်တွေကျခဲ့ပါတယ်။ ကူပံ့မှုလည်း ကောင်းကောင်းမရ၊ ဒီကြားထဲ ရဲဘော်ကကျဆိုတော့ မြို့ပြကနေ စွန့်ခွာတော့မယ်လို့ မကြာသေးခင်ကပဲ လူသိရှင်ကြား အသိပေးလာပါတယ်။

“ခြေတစ်လှမ်း နောက်ဆုတ်လိုက်တဲ့ သဘောပါ”လို့ မဒေစီက ဆိုပါတယ်။

သို့ပေမဲ့ သူ့တို့ကို သိတဲ့သူတွေ၊ အားပေးချီးမြှောက်တဲ့ ပြည်သူတွေက အားပေးစကားပြောကြတဲ့အပြင် ငွေကြေးအချို့ပါ ပြန်ကူပံ့လာတဲ့အခါ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ပြည်သူတွေ သူတို့ကို လက်ခံယုံကြည်ကြသေးတာပဲဆိုတဲ့အသိက ရှေ့ဆက်ဖို့ ခွန်အားတွေရခဲ့တယ်လို့ မဒေစီက ရင်ဖွင့်ပါတယ်။

ခုဆို မြို့ပြကို မစွန့်ခွာနိုင်သေးဘဲ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ထောက်တိုင်တွေကို တိုက်ခိုက်သုတ်သင်နေတာ သုံးပွဲထက် မနည်း ရှိလာပါပြီ။ သူတို့အသက်နဲ့ခန္ဓာ အိုးစားမကွဲသ၍ အောင်ပွဲရတဲ့အထိ ဆက်ပြီးတော်လှန်နေဦးမယ်လို့ မဒေစီက သူ့ရည်မှန်းချက်ကို ပြောပါတယ်။

ယုံကြည်ရာလမ်း
အမှန်တစ်ကယ် သူလိုချင်ခဲ့တဲ့ ကင်မရာသမားတစ်ယောက်ဖြစ်ရေးဆိုတဲ့ အိပ်မက်ကတော့ မဒေစီနဲ့ အလှမ်း ဝေးနေဆဲပါ။ သူရဲ့ အခုဖြစ်တည်မှုနဲ့ အရင်က မျှော်မှန်းချက် အိပ်မက်တွေဟာ စည်းခြားနေခဲ့ပါပြီ။

“အနာဂါတ်တွေ ပျောက်ကုန်တာပေါ့။ ဘာမှကို ဆက်လုပ်လို့ မရတော့ဘူး”လို့ မဒေစီက ပြောပါတယ်။

ပညာရေးမှာဆိုရင်လည်း သူ့အဖို့ လမ်းခုလပ်တင် ရပ်နေခဲ့ရတာပါ။ ပညာမတတ်ရင် အနှစ်မဲ့တဲ့အဖြစ်မျိုး ရှင်သန်ရ လိမ့်မယ်ဆိုတာ သူ ကောင်းကောင်းသိနေပါတယ်။

ဒီအခြေအနေတွေဟာ သူတစ်ယောက်ထဲ ရင်ဆိုင်ကြုံ တွေ့နေရတာမျိုးတော့ မဟုတ်ပါဘူး။ သူမလိုပဲ နိုင်ငံတွင်းမှာရှိတဲ့ အခြားအရွယ်ရောက်ပြီးတဲ့ လူငယ်တိုင်းနီးပါး အနာဂတ်ပျောက်တာနဲ့ ကြုံနေကြရတာလို့ မဒေစီက ဆိုပါတယ်။

တချို့သူတွေလို ရောယောင်ပျော်ပါးနေလို့ရပေမယ့် ကိုယ့်နိုင်ငံ အဆိုးဆုံးအခြေအနေရောက်သွားမှာကို မလို လားတာ ကြောင့် အိပ်မက်တွေခဏထားပြီး “လုပ်သင့်လုပ်ထိုက်တာကို အရင်လုပ်နေရပါတယ်”လို့ မဒေစီက ခိုင်မာပြတ်သားစွာ ပြောလိုက်ပါတယ်။

Author:

Related Articles