ရွှေသွဲ့ ။ ။
“အခုဆို စျေးကို နေနည်းနည်းမြင့်မှသွားတယ်။ လက်ထဲ ငွေနှစ်ထောင်၊ သုံးထောင်လောက်ကိုင်ပြီး တစ်စျေးလုံး ခြေတို အောင်ပတ်ပြီး စျေးပေါတဲ့အထဲက ပစ္စည်းကောင်းတာလေးတွေရအောင် ရှာဝယ်တာလေ” လို့ ပြောလိုက်တဲ့သူကတော့ အိမ်ထောင်ရှင်မ မမြလေးပဲ ဖြစ်ပါတယ်။
အသက် ၅၀ ကျော်အရွယ်ရှိတဲ့ မမြလေးမှာ မိသားစုခြောက်ယောက်ရှိပြီး လက်လုပ်လက်စား ဖြစ်တဲ့အတွက် ဝင်ငွေနည်း တဲ့ အခြေခံမိသားစုပဲ ဖြစ်ပါတယ်။
အမျိုးသားဖြစ်သူနဲ့ သားအကြီးမှာ ပန်းရံအလုပ် လုပ်ကိုင်ပြီး အသက် ၁၈နှစ်အရွယ်ရှိတဲ့ ဒုတိယ သမီးကတော့ အိမ်မှာ မမြလေးနဲ့ အိမ်မှုကိစ္စတွေကို ဝိုင်းကူပေးနေပါတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်ကတော့ ပညာဆက်လက်သင်ကြား နေတာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ အဆောက်အဦဆောက်တဲ့ လုပ်ငန်းတွေ ရပ်ထားတာ များတဲ့အတွက် ပန်းရံအလုပ်ကလည်း အရင်လို ပုံမှန် မလုပ်ရတော့ ဝင်ငွေက ရတစ်လှည့် မရတစ်လှည့်မှာ မရတဲ့အခါက များနေတဲ့အတွက် မီးဖိုချောင်တာဝန်ယူထားရတဲ့ မမြလေးအတွက်တော့ ခေါင်းမီးတောက်လာပါတယ်။
ပျဉ်းမနားမြို့အတွင်းမှာနေထိုင်တဲ့ မမြလေးဟာ အရင်က(ပြီးခဲ့တဲ့နှစ်ကထိ) တစ်ရက်စာ စျေးသွားရင် ရှစ်ထောင်နဲ့ တစ် သောင်းကြားထိ သုံးနိုင်ပေမယ့် အခုအချိန်မှာတော့ တစ်ခါတစ်လေ ငွေလေး နှစ်ထောင်တောင် မပြည့်ဘဲ စျေးသွား ရတဲ့ ရက်တွေရှိလာခဲ့ပါပြီ။
“အသားဝယ်တယ်ဆို အရိုးလေးနဲ့ဖောင်ဝယ်တယ်။ တစ်ထောင်ဖိုးဆိုပေမယ့် ဟင်းအတုံးရေများများရအောင်လို့။ တခြား ဟင်း ရွက်နဲ့ ခရမ်းချဉ်သီး ဝယ်လိုက်တော့ ငွေနှစ်ထောင်ကုန်ရောလေ” လို့ မမြလေးက သူစျေးသွားတဲ့အခါ အရင်နဲ့မတူ တဲ့ စျေးဝယ်ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဒီငွေပမာဏနဲ့ တစ်ရက်စာ မီးဖိုချောင်ကိစ္စဖြေရှင်းဖို့ အဓိကကျတဲ့ ဆန်နဲ့ဆီ မပါဝင်သလို အသားဟင်းဆိုတာလည်း နေ့တိုင်းမဝယ်နိုင်ပါဘူးလို့ မမြလေးက ဆက်ရှင်းပြပါသေးတယ်။
ဒီငွေပမာဏနဲ့ မိသားစုဝင်တွေ စားသောက်နိုင်ဖို့ စီစဉ်ရတာဟာ မမြလေးအတွက် လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အရင်ကဆို အသားဟင်းတစ်ခွက်ပုံမှန်ကျွေးနိုင်ပြီး သွားရည်စာအဖြစ် ရာသီစာ အသီးအနှံလေးပါကျွေးနိုင်ပေမယ့်လည်း အခုချိန်မှာတော့ ဒါတွေမကျွေးနိုင်တဲ့အပြင် ထမင်းနှပ်မှန်ဖို့တောင် မနည်းရုန်းနေရတယ်လို့ မမြလေးတစ်ယောက် လေ သံခပ်ပျော့ပျော့နဲ့ ပြောလိုက်ပါတယ်။
“ကိုယ့်သားသမီးတွေ မပြည့်မစုံနဲ့ ကျွေးရတာ တစ်ခါတစ်လေ မျက်ရည်ပါကျတယ်။ ကိုယ်ကတော့ ဘာနဲ့ပဲဖြစ်ဖြစ် စားနိုင် တယ်။ ကျောင်းသားကလေးနှစ်ယောက်ဆို ထမင်းချိုင့်တောင်မယူဘူး။ လူကြားထဲ ထမင်းစားရမှာ ရှက်လို့တဲ့လေ” လို့ ပြောရင်း အသံတိမ်ဝင်သွားတဲ့အထိ မမြလေးက ဝမ်းနည်းတဲ့အသံနဲ့ ပြောပြပါတယ်။
မမြလေးကို အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးနေတဲ့ ဒုတိယ သမီးက အရင်နှစ်တွေက ရန်ကုန် အထည်ချုပ်စက်ရုံမှာ အ လုပ်ဝင်နေတဲ့အတွက် တစ်လကို ပုံမှန် တစ်သိန်းခွဲထိ ပြန်ပို့နိုင်ခဲ့ပေမယ့် ကိုဗစ် ဒုတိယလှိုင်းမှာ စက်ရုံက လူလျော့တဲ့ အထဲပါတဲ့အတွက် အဲ့ဒီအချိန်ထဲက အိမ်မှာ ပြန်ရောက်နေပြီး အလုပ်လက်မဲ့ ဖြစ်နေခဲ့တာပါ။
“အရင်စုထား ဆောင်းထားတာက တစ်နှစ်ပိုပိုလောက်ပဲအသုံးခံတာ။ အရင်က အိမ်မှာ သုံးယောက် ဝင်ငွေရှိတယ်။ အခုက တစ်အိမ်လုံး ဝင်ငွေမရှိသလို ဖြစ်နေတော့ အခုလိုအခြေအနေတွေဖြစ်လာတာပေါ့” လို့ မမြလေးက သူ့မိသားစုအကြောင်း ဆက်ပြီး ပြောပြပါတယ်။
မနက်မိုးလင်းလို့ စျေးသွားရမှာကို ကြောက်နေတဲ့သူတွေကတော့ မမြလေးလို အိမ်ရှင်မတစ်ဦးထဲတော့မဟုတ်ပါဘူး။ မမြ လေးလိုပဲ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကို တာဝန်ယူ ဖြေရှင်းနေရတဲ့ အိမ်ရှင်မတိုင်းဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ တစ် ရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်းက အိမ်ရှင်မတွေကို တစ္ဆေလိုခြောက်လှန့်နေလို့ပဲဖြစ်ပါတယ်။
တစ်ချို့အိမ်ရှင်မတွေဆိုရင် စျေးမသွားတော့ဘဲ ရပ်ကွက်ထဲမှာ ဟင်းရွက်ဟင်းသီး နဲ့ သားငါးအစုံ ပုံမှန်လာရောင်းနေတဲ့ စျေးသည်ဆီကသာ ဝယ်စားနိုင်တဲ့ အိမ်ထောင်ရှင်မတွေလည်း မနည်းလှပါဘူး။
“အမဆို စျေးမရောက်ဘူးတော့တာ နှစ်နှစ်ပြည့်တော့မယ်။ ရပ်ကွက်ထဲလာရောင်းတဲ့ စျေးသည်ဆီကပဲ ဝယ်စားတာ။ ပိုက် ဆံလုံးဝမရှိတဲ့ရက်ဆို အကြွေးပြောပြီး ယူလို့ ရတယ်လေ” လို့ ပြောလိုက်တဲ့သူကတော့ ဥတ္တရသီရိမြို့နယ်အတွင်းက အိမ်ထောင်ရှင်မ တစ်ဦးဖြစ်တဲ့ မငယ်လေးပဲဖြစ်ပါတယ်။
စျေးကို ဆိုင်ကယ်နဲ့ သွားမယ်ဆို ဆိုင်ကယ်ဆီဖိုး ထပ်ကုန်တဲ့ အပြင် လက်ထဲမှာ အနည်းဆုံးတော့ ငွေလေးငါးထောင် လောက်တော့ ပါမှ သွားချင်တာ ဖြစ်တဲ့အတွက် စျေးမသွားတော့ဘဲ ရပ်ကွက်ထဲလှည့်လည်ရောင်းတဲ့ စျေးသည်ဆီ ကသာ ဝယ်စားနေတာလို့ မငယ်လေးက သူစျေးမသွားနိုင်တဲ့ အကြောင်းကို ဆက်ပြောပြပါတယ်။
တစ်ခါတစ်လေမှာ ချဉ်ပေါင်ရွက် အစုံထုတ်ထားတဲ့ တစ်ရာတန် တစ်ထုတ်သာ ဝယ်နိုင်တဲ့ရက်တွေဆို အရည်ကျဲကျဲနဲ့ ချက်ပြီး ငပိထောင်းနဲ့ ပြီးခဲ့ရတဲ့ ရက်တွေလည်း ရှိတယ်လို့ မငယ်လေးက ဆိုပါတယ်။
မငယ်လေးမှာ အသက် ၁၀နှစ် မပြည့်သေးတဲ့ ကလေးနှစ်ယောက်ရှိပြီး ယောင်္ကျားဖြစ်သူမှာ ကိုဗစ်တွေမဖြစ်ခင် ကတည်းက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတာ အခုထိ အဆက်အသွယ်မရဘဲ ကလေးနှစ်ယောက်နဲ့ စားဝတ် နေရေးအတွက် ရုန်းကန်နေရတဲ့ အမျိုးသမီး တစ်ဦးပဲဖြစ်ပါတယ်။
မငယ်လေးဟာ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျော်၊ မီးပူတိုက်တဲ့ အလုပ် လုပ်ကိုင်ပြီး မိသားစု ဝမ်းရေးကို ဖြေရှင်းနေရ တာဖြစ်ပါတယ်။ အိမ်ပိုင်မဟုတ်တဲ့ အတွက် လကုန်ရင် အိမ်လခ ငါးသောင်းပေးနိုင်ဖို့အတွက် ငွေကို ပူကျစ်နေအောင် စုတာလည်း လုပ်ရသေးတယ်လို့ မငယ်လေးက ဆိုပါတယ်။
“အိမ်လခ မပေးနိုင်လို့ မထားတော့ဘူးဆို ကလေးနှစ်ယောက်နဲ့ ဘယ်ကိုရွေ့လို့ ရွေ့ရမှန်းမသိဘူးလေ။ ဒါမို့ အိမ်လခကို အရင်စုရတယ်။ အိမ်လခပြည့်မှ စားဖို့ သောက်ဖို့ စဉ်းစားရဲတယ်” လို့ မငယ်လေးက ဆက်ပြောပြပါတယ်။
ကုန်စျေးနှုန်းတက်ပေမယ့်လည်း အလုပ်ပုံမှန်လုပ်နေရပြီး ဝင်ငွေရှိနေတယ်ဆို မကြောက်ပါဘူး။ အခုဟာက ဘာလုပ်လို့ လုပ်စားရမှန်းကို မသိတဲ့အခြေအနေဆိုတော့ ထမင်းနပ်ကျော်စားရတဲ့ ရက်ပေါင်း မနည်းလှတော့ဘူးလို့ ပြော လိုက်တဲ့ သူကတော့ ရန်ကုန်မြို့ လှည်းကူးမြို့နယ်က အသက်၃၀ကျော်သာရှိသေးတဲ့ အိမ်ရှင်မ မဝေဝေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအထိ မဝေဝေဟာရပ်ကွက်ထဲ စက်ဘီးတစ်စီးနဲ့ လှည့်ပြီး ဟင်းသီးဟင်းရွက် အစုံလိုက်ရောင်း တဲ့အလုပ် လုပ် ကိုင်ပြီး အခုနောက်ပိုင်းမှာတော့ စျေးအရင်းထပ်မထည့်နိုင်တဲ့အတွက် အလုပ်လက်မဲ့ ဘဝကို ရောက်လာတာပဲ ဖြစ်ပါ တယ်။
“ဒါရောင်းတာကလည်း စျေးအရင်းနှစ်ခုရှိမှ အဆင်ပြေတာ။ ဘာလို့ဆို ကိုယ့်ဆီဝယ်နေကြဖောက်သည်က အကြွေးယူ တာမျိုးရှိရင် ကိုယ်က နောက်ရက်အတွက် အိတ်ထဲက အရင်းစိုက်ပြီး ပြန်ဝယ်ရတာ။ ဒီလိုစိုက်ရတာတွေ များလာတော့ ကိုယ့်မှာလည်းစိုက်စရာမရှိတော့ဘူး” လို့ မဝေဝေက ဆိုပါတယ်။
သူ့အလုပ်လေး ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် သူ့စက်ဘီးကို ငွေနှစ်သောင်းနဲ့ အပေါင်ထားပြီး ထည့်ထားတဲ့ အရင်းပါ ပျောက်တဲ့အထိ ဖြစ်သွားတယ်လို့လည်း မဝေဝေက ဆက်ပြောပြပါတယ်။
မဝေဝေမှာ အသက်ငါးနှစ်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်ရှိပြီး၊ ယောကျ်ားဖြစ်သူက ကျပမ်းအလုပ် လုပ်ကိုင်တာ ဖြစ်ပါတယ်။
“အရင်စျေးအရင်း သုံးသောင်းနဲ့လောက်တယ်။ အခု ခြောက်သောင်းလောက်ရှိမှ ရမှာ။ ကိုယ်လည်း ထပ်မဖြည့်နိုင် တော့ ဘူး။ စျေးတွေက အကုန်နှစ်ဆတွေ ဖြစ်နေတော့ ဘာမှ မလုပ်စားတတ်တော့ဘူး” လို့ မဝေဝေက ဆိုပါတယ်။
တစ်လလုံးမှ ငွေနှစ် သောင်းပြည့်အောင်မဝင်တဲ့လတွေလည်း ရှိတဲ့အတွက် တစ်ခါတစ်လေ တစ်ရက်လုံးမှ ထမင်းတစ်နှပ်သာ စားရတဲ့ ရက် တွေ ရှိခဲ့တယ်လို့ မဝေဝေ ဖွင့်ဟလာပါတယ်။
ကုန်စျေးနှုန်းတက်လို့ ညည်းတွားသံကတော့ မီးဖိုချောင်တာဝန်ယူထားတဲ့ အိမ်ရှင်မတွေသာမကဘဲ စျေးထဲမှာ စျေး ရောင်းနေတဲ့ အမျိုးသမီးတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလလည်မှာ ကြက်သွန်နီတစ်ပိသာကို ၈၀၀ ကနေတဖြေးဖြေးတက်လာတာ အခုဆို ၂၅၀၀ထိဖြစ်လာပြီး ကြက် သွန်ဖြူ၊ အာလူး၊ ငါးခြောက်၊ ငရုပ်သီး၊ ငရုပ်သီးမှုန့် အစရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းစျေးဟာ တရိပ်ရိပ်နဲ့ တက်နေတာ ဖြစ် ပါတယ်။
“အရင်ကလိုတော့ ပိသာလိုက်ရောင်းရတာ နည်းလာတယ်။ စျေးတက်လာတော့ အများစုက တစ်မျိုးနည်းနည်းစီပဲ ဝယ်နိုင် တော့တယ်။စျေးထဲတင်ကို မရောင်းရလို့ အိပ်ပျော်တဲ့ စျေးသည်တွေ မနည်းဘူး” လို့ ပျဉ်းမနားမြို့မစျေးမှာ ကုန်စုံဆိုင် ဖွင့် ထားတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကန်စွန်းရွက်တစ်စီး ၅၀ ကနေ ၂၀၀ ထိတက်နေတာဖြစ်ပါတယ်။ ကန်စွန်းရွက်လိုပဲ နေ့စဉ်သုံး စားသောက်ကုန်ဖြစ်တဲ့ အ သား၊ ငါး စတဲ့ စျေးတွေ တက်နေတာဟာ အိမ်ရှင်မတွေကို အခက်တွေ့စေတာ ဖြစ်ပါတယ်။
လတ်တလော စျေးကွက်ထဲမှာ ( ယနေ့ သြဂုတ် ၂ ရက်ပေါက်စျေး) ဆန်အကြမ်းတစြ်ပည်ကို ၁၂၀၀ ကနေ ၁၈၀၀ ထိတက်ပြီး၊ စားအုန်းဆီ တစ်ပိသာကို ၄၀၀၀ ကနေ ၉၂၀၀ ထိမြင့်တက်နေတာဖြစ်ပြီး မြေပဲဆီအစစ် တစ်ပိသာကို တစ်သောင်းနှစ်ထောင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
“ဒီလိုသာ နေ့စဉ်ရက်ဆက် ကုန်စျေးနှုန်းတက်နေအုန်းမယ်ဆိုရင်တော့ အခြေခံလက်လုပ်လက်စား လူတန်းစား တွေ အတွက် စိတ်ပူစရာအခြေအနေပါ။ ခိုးဆိုးလုနိုက်တွေ ပိုများလာမယ်။ ကိုယ့်မိသားစုတွေ အငတ်ဘေးဆိုက်လာပြီဆို ဘာမဆို လုပ်ရဲကြတာ သဘာဝပဲလေ”လို့ မန္တလေးမြို့က အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါ တယ်။
အခုတောင် မြို့တိုင်းနေရာတိုင်းမှာ ဓားထောက် ပစ္စည်းလုတာတွေ၊ ခိုးဝှက်တာတွေ ၊ နေ့ခင်းကြောင်တောင် အိမ်ထဲဝင်ပြီး အနုကြမ်းဝင်စီးတာတွေ ဖြစ်နေတာ အသံတွေကြားနေရတာလေ။ ဒါတွေအားလုံးက အလုပ်အကိုင် ဝင်ငွေမရှိတဲ့ နောက် ဆက်တွဲပြဿနာတွေဖြစ်တဲ့အတွက် ဒီထက်ကုန်စျေးနှုန်းတက်လေ အခြေအနေတွေ ပိုဆိုးလာနိုင်လေပဲလို့ အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်ပါတယ်။
ဒီလို အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် စီးပွားရေးကြပ်တည်းနေတဲ့ အခြေအနေက ဘယ် လောက်ထိ ဆက်သွားဦးမယ်ဆိုတာ ဘယ်သူမှ တိတိကျကျမခန့်မှန်းနိုင်တဲ့ အခြေအနေပါ။
ကိုဗစ်ဖြစ်တယ်။ အာဏာသိမ်းတယ်။ ရုရှ- ယူကရိန်း စစ်ပွဲဖြစ်တယ်။ အဲ့ဒီသုံးချက်ကြောင့် လက်ရှိစားသောက်ကုန်စျေး တက်နေတာဖြစ်ပြီး၊ အရင်က ဒေါ်လာစျေးက ၁၃၅၀ ရှိပေမယ့် အခုအချိန်မှာ ၂၅၀၀ထိရှိနေပြီဖြစ်တယ်လို့လည်း ရန် ကုန်မြို့က အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
သို့သော်လည်း ကုန်စျေးနှုန်းတက်တာဟာ ဗမာပြည်တစ်ပြည်ထဲတက်တာမဟုတ်ဘဲ တစ်ကမ႓ာလုံးတက်တာဖြစ်ပြီး ဗမာ ပြည်က ပိုအထိ နာနေတာက ဆန်နဲ့ ဟင်းရွက်ဟင်သီးလောက်သာ ထွက်ပြီး ကျန်တဲ့ လူသုံးကုန်ပစ္စည်းတွေက ပြည်ပက တင်သွင်း တာဖြစ်တဲ့အတွက် ဒေါ်လာစျေးတက်တော့ အခုလို ကုန်စျေးနှုန်းတွေ တက်ပြီး မြန်မာငွေစျေးတွေတန်ဖိုး ကျလာတာဖြစ်တယ်လို့လည်း အထက်က စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
တစ်ခြားတိုင်းပြည်တွေမှာ ကုန်စျေးနှုန်းတက်ရင် တစ်ဘက်မှာ ဝင်ငွေလိုက်တက်တယ်။ ကိုဗစ်ငြိမ်တာနဲ့ စီးပွားရေးလုပ်ငန်း တွေ ပြန်လည်ပတ်တယ်။ မြန်မာပြည်ရဲ့ အခြေအနေက ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ ဆုတ်ခွါတဲ့ အချိန်ဖြစ်ပြီး၊ ပြည် တွင်းစီးပွားရေးလုပ်ငန်းရှင်တွေပါ ရပ်တန့်ထားရတဲ့ အခြေအနေဖြစ်တဲ့ အတွက် မြန်မာပြည်က ပြည်သူတွေက ကုန်စျေး နှုန်းတက်တဲ့ဒဏ်ရော ဝင်ငွေမရှိတဲ့ဒဏ်ပါ တစ်ပြိုင်တည်းခံစားနေရတာလို့လည်း စီးပွားရေးလုပ်ငန်းရှင်က ဆိုပါတယ်။
“ဒါက ဘယ်လောက်ထိ ရေရှည်သွားမလဲ၊ ဘယ်လောက်ထိဖြစ်လာမလဲဆိုတာ သေချာမသိနိုင်ဘူး။ အခုဖြစ်နေတဲ့ နိုင် ငံရေး အခြေအနေပေါ်မှာ မူတည်နေပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ေပါ်နေသော လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေတွေကို မကြာခင်အချိန်တွင်း ထိန်းချုပ် စီမံနိုင် စွမ်းမရှိပါက မြန်မာနိုင်ငံ လူဦးရေရဲ့ ၄၈ ရာခိုင်နှုန်း( လူဦးရေ ၂၅သန်းခန့်) ဟာ ၂၀၂၂ခုနှစ်အတွင်း ဆင်းရဲ မွဲတေသွား နိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး ပရိုဂရမ် ( United Nations Development Program) က ၂၀၂၁ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။
ကုန်စျေးတွေပြန်ကျပြီး လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ကတော့ အိမ်ထောင်ရှင်မတွေရဲ့ အလိုအပ်ဆုံး ဆန္ဒ တစ်ခုပဲဖြစ်ပါတယ်။
ဒီလို ခက်ခဲကြပ်တည်းနေတဲ့ ကာလကြီးကိုလည်း အမြန်ဆုံး ကုန်ဆုံးစေချင်ပြီး အရာအားလုံးဟာ အရင်တိုင်း ပြန်လည် ပတ်ပြီး တရားမျှတမှုတွေလည်း ရစေချင်တယ်လို့ မမြလေးက ဆိုပါသေးတယ်။
“ထမင်းဝိုင်းလေးကို အရင်လို စိုစိုပြေပြေလေးပြန်ဖြစ်ချင်တယ်။ ကိုယ့်သားသမီးတွေကို ဟင်းကောင်းကောင်းနဲ့ ကျွေးချင် တယ်။ ဒီလိုမကျွေးနိုင်တာ ကြာလာတော့ တစ်ခါတစ်လေ မျက်ရည်ကျမိတယ်” လို့ မမြလေးက ခေါင်းလေးငုံ့ပြီး ဆို့နစ် နေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။