နွေဦးမောင်။ ။
အမျိုးသမီးတစ်စုဟာ အိုးခွက်တွေရှေ့မှာချပြီး ငှက်ပျောဖက်တွေထဲ တစ်စုံတစ်ရာကို ခူးခပ်ထည့်နေကြတယ်။ အိုးမဲတွေနဲ့ မဲမဲမှောင်နေတဲ့ ဒန်အိုးကြီးထဲက ထမင်းတွေခပ်သူခပ် ကြွပ်ကြွပ်အိတ်ငယ်လေးတွေထဲ ဟင်းလျာထည့်သူထည့်နဲ့ ကိုယ်စီ အလုပ်များနေကြတာပါ။
တချို့က ငှက်ပျောဖက်ပေါ်ပုံထားတဲ့ ထမင်းအနည်းငယ်နဲ့ ဟင်းထုပ်လေးတွေရောထည့်ပြီး တစ်စုတစ်စည်းထဲဖြစ်အောင် ဖက်ကို ကြိုးလေးတွေနဲ့ စည်းနှောင်ပေးကြတယ်။
ဟုတ်ပါတယ်။ အဲဒီအမျိုးသမီးတစ်စုဟာ အသင့်စားလို့ရမယ့် ထမင်းထုပ်လေးတွေ ပြင်ဆင်ထုပ်ပိုးနေကြတာပဲ ဖြစ်ပါတယ်။ တဲငယ်တစ်လုံးပေါ် ဝိုင်းဖွဲ့ထိုင်ပြီး လုပ်စရာရှိတာတွေ တရ စပ်လုပ်ကိုင်နေကြတာပါ။
သူတို့ရဲ့ နောက်ကြောဘက်ဆီက နေပျောက်တွေထိုးထွက်နေတဲ့ ဝါးထရံတစ်ချပ်ပေါ်မှာတော့ အနီရောင်နောက်ခံမှာ အဖြူ ရောင်ငါးထောင့်ကြယ်တစ်လုံးပါတဲ့ အလံတစ်ခု ချိတ်ဆွဲထားတယ်။ ပြီးတော့ အဲဒီဝါးထရံကိုမှီပြီး ထောင်ထားတဲ့ လက်လုပ် သေနတ်သုံးလက်နဲ့ ဂစ်တာလေးနှစ်လုံးဟာ တစ်ခုနဲ့တစ်ခု ရည်ရွယ်အသုံးပြုရတာခြင်း မအပ်စပ်လှပေမယ့် အတူရှိနေတာ ကိုတွေ့ရပါတယ်။
အမျိုးသမီးတွေရဲ့ နောက်ကျောကထရံနားမှာ သေနတ်တွေရှိနေတယ်ဆိုလို့ သူတို့ကိုတစ်မျိုးမထင်ကြပါနှင့်ဦး။ တစ်ကယ် တော့ သူတို့ဟာ သာမန်ပြည်သူတွေမျှသာပါ။ ပြောမယ်ဆို တော်လှန်ရေးအသိရှိတဲ့ ပြည်သူတွေပေါ့။ ဒီလောက်ပါပဲ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေရဲ့ အခြေစိုက်စခန်းတစ်ခုထဲ ရောက်နေကြတာမို့ လက်နက်တချို့ကို တွေ့မြင်ရတာ မျိုးပါ။ သူတို့စခန်းထဲရောက်နေချိန် ရဲဘော်တွေဟာ စခန်းထဲရှိမနေကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ စခန်းက ရဲဘော် တွေ အကုန်လုံးရှေ့တန်းတစ်နေရာရောက်နေကြလို့ပါပဲ။ ဒါကြောင့်လည်း အဲဒီအမျိုးသမီးတစ်စုက ရှေ့တန်းရောက်ရဲဘော် တွေအတွက် စခန်းကိုလာပြီး ထမင်းထုပ်လေးတွေ ချက်ပြုတ်ပြင်ဆင်ပေးနေကြတာ ဖြစ်ပါတယ်။
ရှေ့တန်းရောက်ရဲဘော်တွေအတွက် ထမင်းထုပ်တွေပြင်ဆင်ပေးလေ့ရှိတဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင်ထဲက ဖြစ်ပါတယ်။ ယင်းမာပင်ခရိုင် PDF တပ်ရင်းတစ်ခုဖြစ်တဲ့ Dragon Brothers Test Force – DBTF ကရဲဘော် တွေ ရှေ့တန်းထွက်တိုင်း အဲဒီအမျိုးသမီးတစ်စုက အစားအသောက်အတွက် ချက်ပြုတ်ပြင်ဆင်ပေးကြပါတယ်။
သူတို့အဖွဲ့လေးထဲမှာ ပုံမှန်အားဖြင့် အမျိုးသမီး ၁၀ ယောက်ကျော် လုပ်အားပါဝင်ကြပါတယ်။ ဒါပေမဲ့အထက်မှာ ဖော်ပြ ခဲ့တဲ့ နေတုန်းကတော့ ကျန်းမာရေးအခြေအနေကြောင့် အမျိုးသမီးခုနစ်ယောက်သာ လိုက်ပါခဲ့ပါတယ်။
အဲသည်ရက်ပိုင်းတွေက ယင်းမာပင်ခရိုင်ထဲ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ် ညီနောင် PDFတပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြလို့ တိုက်ပွဲတွေဆက် တိုက်ရှိနေတာပါ။ ဒါကြောင့် နောက်တန်းကနေ အစား အသောက်ပြင်ဆင်ပေးရတဲ့ အမျိုးသမီးတွေဟာ အနားမရကြပါဘူး။
နေ့စဉ်နီးပါး PDF ရဲဘော် ၆၀ နဲ့ ၈၀ ကြားအတွက် ချက်ပြုတ်ပေးကြရပါတယ်။ အဲသည်နေ့က သူတို့ပြင်ဆင်ပေးဖြစ်တဲ့ ဟင်းလျာတွေကတော့ ချဉ်ပေါင်ရွက်ကို မျှစ်နဲ့ရောကြော်တဲ့ဟင်းတစ်မျိုးရယ်၊ ပြီးတော့ ကြက်ဥအချပ်ကြော်ရယ်၊ အသားတု လိုဟာမျိုး အကြော်တစ်ခုရယ် အားလုံးသုံးမျိုးပါပါတယ်။
ချက်ပြုတ်ပြီးတာတွေကို ထုပ်ပိုးပြင်ဆင်ပေးရာမှာတော့ ငှက်ပျောဖက်ပေါ် ထမင်းကိုအရင်ပုံလိုက်ပြီး ထမင်းပေါ်မှာ ကြက်ဥ အချပ်ကြော်တစ်ခုဆီ အပေါ်ကတင်ပေးထားပါတယ်။ ပြီးတော့မှ ကြွပ်ကြွပ်အိပ်နဲ့ထုပ်ထားတဲ့ ချဉ်ပေါင်ရွက် မျှစ်ကြော်လေး ရယ် နောက်အကြော်တစ်မျိုးရယ်ကို ပေါင်းထည့်ပြီး ငှက်ပျောဖက်နဲ့ သေချာထုပ်ပေးလိုက်တာပါ။
ဒီနေရာမှာ ရှေ့တန်းကရဲဘော်တွေဆီပို့ရမယ့် ထမင်းထုပ်တွေကို နေ့လယ် ၁၂ ရီမထိုးခင်အပြီး ချက်ပြုတ်ပြင်ဆင်ရပါ တယ်။ အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့ အချိန်တန်လို့ ရဲဘော်တွေပြန်လာမယူနိုင်ဘူးဆိုရင် သူတို့ကိုယ်တိုင် တိုက်ပွဲဖြစ်တဲ့ နေရာနားထိ သွားပို့ကြရပါတယ်။
အစားအသောက်တွေချက်ပြုတ်ပြင်ဆင်နိုင်ဖို့ ကုန်ကျစရိတ်ကိုတော့ DBTF တပ်ဖွဲ့ရဲ့ရံပုံငွေထဲကနေ တပ်ဖွဲ့ခေါင်းဆောင် က ထုတ်ပေးတယ်။ ဝယ်ခြမ်းတဲ့ပစ္စည်းတွေကို စာရင်းဇယား သေချာပြုစုပြီး တပ်ဖွဲ့ဆီအပ်၊ လိုတာပိုတာပြန်ရှင်းရတယ်လို့ အမျိုးသမီးအဖွဲ့ရဲ့ ခေါင်းဆောင်က ရှင်းပြတယ်။
လိုအပ်တာတွေ ဝယ်ခြမ်းပြီး ပြင်ဆင်ချက်ပြုတ်ဖို့ကိုတော့ မနက်စောစောထပြီး လုပ်ကြ၊ကိုင်ကြရတယ်။ အားလုံး ဝယ်ခြမ်း ပြီးပြီဆိုတာနဲ့ မနက် ၉ နာရီလောက်မှာ ချက်ဖို့၊ ပြုပ်ဖို့ စလုပ်ကြရပါတယ်။ ဒါမှ နေ့မွန်းတည့်ချိန်မတိုင်ခင် ပြင်ဆင်လို့ ပြီးမယ်မဟုတ်လား။
ချက်ပြုတ်ပြီးပြီ၊ ထမင်းထုပ်တွေ ရှေ့တန်းရောက်ရဲဘော်တွေဆီ ပို့ပြီးပြီဆိုရင်တော့ သူတို့အားလုံး ကိုယ့်အိမ်ကိုယ့်ရာပြန် နားကြပေါ့။ ပြီးတော့ တိုက်ပွဲသတင်းတွေနားစွင့် ဒါသူတို့အလုပ်ပဲ။
တစ်ခါတုန်းကတော့ အဲဒီလို လူငယ်ရဲဘော်လေးတွေရဲ့သတင်းတွေ နားစွင့်နေရင်း တုန်လှုပ်ခြောက်ခြားဖွယ် သတင်း တစ်ခု သူ့ထံဝင်လာဖူးတယ်။ ခေါင်းဆောင်လူငယ်တစ်ဦး ကျသွားပြီဆိုတဲ့ သတင်းဆိုးတစ်ခုပါ။
သည်တုန်းက တိုက်ပွဲတွေခုလောက်မစိပ်သေးဘူး။ တော်လှန်ရေးလုပ်နေတဲ့ လူငယ်ရဲဘော်တွေရဲ့လက်ထဲမှာလည်း လက်လုပ် သေနတ်တောင် လုံလုံလောက်လောက် မရှိသေးတဲ့အချိန် ဖြစ်ပါတယ်။
ကျသွားတဲ့ ခေါင်းဆောင်လူငယ်လေးက အသက် ၂၄ နှစ်ပဲရှိသေးတယ်။ ဖြစ်ချင်တော့ အဲနေ့က ခေါင်းဆောင်ရဲဘော်ဟာ သူ့ရဲဘော်နှစ်ယောက်ကို စခန်းကနေသွားကြိုရင်း လမ်းမှာကျသွားတာ။ ဖြစ်စဉ်က ဒီလို။
တစ်နေရာကနေလာတဲ့ ရဲဘော်နှစ်ယောက်ကို သွားကြိုပြီးအပြန်လမ်းမှာ ဖောကားတစ်စီးကိုတွေ့လို့ တားလိုက်တယ်။ ကံဆိုးချင်တော့ အဲဒီကားပေါ်မှာ စစ်ကောင်စီတပ်သားတွေ ပါလာတယ်ဆိုတာ သတိမထားလိုက်မိဘူး။
သူတို့ကလည်း ဖော်ကားရဲ့နောက်ဖက်မှာထိုင်ပြီး တိတ်တဆိတ်လိုက်လာကြတာ။ သည်တော့ ဘယ်သူတွေပါတယ် ဗြုန်း ခနဲမသိလိုက်ဘူးပေါ့။ အဲမှာတင် စစ်သားတွေပါတဲ့ ကားကိုတားလိုက်မိတော့ ဟိုကောင်တွေက ကားပေါ်ကနေ အနီးကပ် ပစ်တော့တာ။
သွားကြိုလာတဲ့ ရဲဘော်နှစ်ဦးကတော့ ဒဏ်ရာရပေမယ့် ထွက်ပြေးချိန်ရလိုက်လို့ အသက်မဆုံးရှုံးလိုက်ဘူး။ ဒါပေမဲ့ ခေါင်း ဆောင်ရဲဘော်ကတော့ နှာဖူးတည့်တည့်ကျည်ဖောက်ဝင်ပြီး နေရာတင် ကျဆုံးသွားခဲ့တယ်။ ဒီသတင်းကို ည ၉ နာရီ လောက်မှာ အတည်ပြုနိုင်ခဲ့တယ်။
ဒါပေမဲ့ စစ်တပ်တွေရှိနေတော့ ညတွင်းချင်းသွားမရှာနိုင်ခဲ့ဘူး။ နောက်နေ့မနက်စောစောရောက်မှ ဖြစ်တဲ့နေရာက်ကို သွား ကြည့်တဲ့ လမ်းဘေးမှာပစ်ထားခဲ့တဲ့ ခေါင်းဆောင်လူငယ်ရဲ့ရုပ်အလောင်းကို သွားတွေ့တယ်။
” ကျွန်မတို့ကလေးတွေ ဆုံးရှုံးရတာနဲ့ကြုံတဲ့အခါ ကျွန်မတို့ ရင်ကွဲပက်လက်နဲ့… ဒီလိုမျိုးတွေ မကြားချင်လောက်အောင် ဖြစ်ရပါတယ်ရှင်”လို့ အမျိုးသမီးအဖွဲ့ဦးဆောင်သူ ဒေါ်ဘိုဂီက ငိုလျှက်ပြောပါတယ်။
သူက အသက် ၄၂ နှစ်ရှိပါပြီ။ စစ်ကောင်စီတပ်တွေလက်ချက်နဲ့ ကျဆုံးသွားရတဲ့ လူငယ်ဟာ ဒေါ်ဘိုဂီတို့အတွက် တူသား တစ်ယောက်လို ချစ်ခင်ရသူပါ။ ဒါကြောင့်လည်း ရင်ထဲမှာ မီးဆနဲ့ထိုးခံထားရသလို နာကျင်ခံစားခဲ့ရတယ်လို့ သူက ရင်ဖွင့် ပါတယ်။
ခုဆို အဲဒီနာကျင်မှုတွေရဲ့တွန်းအားကြောင့် တော်လှန်ရေးခရီးကြမ်းမှာ ဘာတာဝန်ပဲယူပေးရ ယူပေးရ ခက်ခဲပင်ပန်းတယ် ရယ်လို့ မခံစားမိတော့ဘူးလို့ ဒေါဘိုဂီက ဆက်ပြေပါတယ်။
သူနဲ့အတူ တော်လှန်ရေးရဲဘော်လေးတွေအတွက် အစားအသောက်တွေ စီစဉ်ချက်ပြုတ်ပေးနေသူတွေဟာ အားလုံးက ရင်ဘတ်ချင်းတူသူတွေသာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေထဲမှာ သူတို့ရဲ့တူသားနောင်မယ်တွေ ပါဝင်ခြင်း မရှိ ပေမယ့် သူတို့ရဲ့သွေးသားတွေအလား တန်ဖိုးထားရတယ်လို့ ဒေါဘိုဂီတို့အဖွဲ့က CDM ဆရာမတစ်ဦးက ဆိုပါတယ်။
သူဆိုရင် စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် ကျောင်းဆရာမဘဝကို ကျောခိုင်းခဲ့သူပါ။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာမဟာ စစ်အာဏာရှင်လက်အောက် ဒူးမထောက်ဘဲ မြေဖြူခဲအစား ယောင်းမကိုင်ပြီး ကျရာ တာဝန်ကနေ ဆက်လက်ပါဝင်နေပါတယ်။
” ကျွန်မခုလိုတွေ လုပ်နေလို့ ကိုယ့်အတွက်မစိုးရိမ်ဘူးလားမေးရင် မစိုးရိမ်ဘူးလို့ ကျွန်မရဲရဲဝံ့ဝံ့ပြောရဲတယ်။ အဲလိုသာ စိုးရိမ်ခဲ့ရင် ကျွန်မ CDM တောင် ဝင်ဖြစ်ခဲ့မှာ မဟုတ်ဘူး”လို့ သူက ရင်ဖွင့်ပါတယ်။
ဒီရက်ပိုင်းထဲဆိုရင် တော်လှန်ရေးလူငယ်တွေဟာ တောက်လျှောက် တိုက်ပွဲတွေရှိနေတာပါ။ ဒါကြောင့်လည်း ညအိပ် စောင့်ဆိုင်းရတဲ့ Mission တွေရှိသလို မနက်သွားညနေပြန်တိုက်နေရတဲ့ တိုက်ပွဲတွေလည်း ရှိနေပါတယ်။
အဲဒီအခါ ဒေါ်ဘိုဂီ၊ CDM ဆရာမနဲ့ အခြား အမျိုးသမီးရှစ်ဦးလောက်ဟာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အစား အသောက်တွေစီစဉ်ပေးရပါတယ်။ လူ ၆၀၊ ၇၀ စာလောက် ပြင်ဆင်ချက်ပြုတ်ရတယ်ဆိုပေမဲ့ သူတို့ဟာ ပင်ပန်းတယ်ရယ် လို့ မအောက်မေ့ကြပါဘူး။
တိုက်ပွဲပြီးလို့ ရဲဘော်တွေရှေ့တန်းကပြန်လာချိန် သူတို့ကိုချက်ပြုတ်ပို့ပေးတဲ့ ဖက်ထုပ်ထမင်းကို သဘောကျကြောင်း၊ ငှက်ပျောဖက်နံ့မွှေးမွှေးဖြင့် စားရသည်ကို နှစ်ခြိုက်ကြောင်း ပြောလာကြတဲ့အခါ အမောပြေရတယ်လို့ ပြောကြပါတယ်။
ဒါကြောင့်လည်း စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက် ကျရာဇာတ်ရုပ်ကနေ ပံ့ပိုး ကူညီ နေဦးမှာဖြစ်ပြီး တော်လှန်ရေးခရီးကြမ်း ပြီးဆုံးသည်အထိ ဆက်လျှောက်နေကြဦးမယ်လို့ အမျိုးသမီးတွေက ရင်ဖွင့် ကြပါ တော့တယ်။