ဒေဝီ။ ။” အညာတခွင်ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အများထင်နေကြသလို ရယ်ဒီမိတ်တော်လှန်ရေးမဟုတ်ဘူးတော့၊ လောက်လေးခွနဲ့ ဓားလွတ်ကိုင်ပြီး သုညကနေစခဲ့ကြတဲ့ တော်လှန်ရေးပါတော်၊ ဓားလွတ်ကနေ တူမီး ၊ တူမီးကနေ တစ်လုံးထိုး၊ တလုံးထိုးကနေ ကျည်ဆွဲ၊ကျည်ဆွဲကနေ အော်တို၊ အဆင့်ဆင့်ကို ကိုယ်တိုင်တီထွင် ဖန်တီးခဲ့ရတဲ့ ကျုပ်တို့ အညာသား တီထွင်ပါရဂူဖိုးဆိပ်ဖြူတို့ အကြောင်းလေးဖောက်သည် ချချင်ပါတယ်တော် ” ဆိုတဲ့ အညာလေသံ အညာဟန် အပြည့်နဲ့အမျိုးသမီးတစ်ဦးရဲ့ ပြောဆိုတင်ဆက်မှုက အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်သလို ခံစားရစေတယ်။
ယင်းအမျိုးသမီးဟာ အညာသူတွေ ဝတ်စားနေထိုင်တဲ့အတိုင်း ဝတ်စားဆင်ယင်လို့ စစ်ကောင်စီကိုတော်လှန်ရာမှာ အား ကောင်းတဲ့ဒေသဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ အညာဒေသရဲ့ ဖြစ်အင် အစုံအလင်ကို အများပြည်သူသိရှိအောင် တင်ဆက်နေတာပါ။
သနပ်ခါးပါးကွက်ကြား ၊ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ ဟန်ပါပါတင်ဆက်နေသူကတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာန Public Voice Television (PVTV)ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်နေတဲ့ ” ဖြစ်ကြောင်းကုန်စင် အညာတခွင်” ဆိုတဲ့ အစီအစဉ်တင်ဆက်သူ ဒေါ်သန့်ဝေကျော်ပဲ ဖြစ်ပါတယ်။
အချိန် ခုနစ်မိနစ်ကနေ ကိုးမိနစ်ဝန်းကျင်သာကြာမြင့်တဲ့ အစီအစဉ်မှာ ဒေါ်သန့်ဝေကျော်က အညာဒေသမှာ ဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှု၊လူနေအိမ်တွေကို မီးရှို့ဖျက်စီးမှု၊ ဒေသခံတွေကို ရက်စက်စွာသတ်ဖြတ်မှု၊ အားကောင်းဆဲ ဖြစ်တဲ့ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ရဲ့ ပြန်လည်တိုက်ခိုက်မှု၊ အညာဒေသ ခံတွေရဲ့ လက်နက်ထုတ်လုပ်နိုင်မှုစတဲ့ အညာဒေသမှာ ဖြစ်ပျက်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် အားနဲ့မာန်နဲ့ ပြောလိုက် သီချင်းလေးထေ့ငေါ့ဆိုလိုက်နဲ့ လူအများ စိတ်ဝင်စားအောင် ပြောဆိုတင်ဆက်နေတာပါ။
လွှတ်တော်ကိုယ်စားလှယ်ဘ၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာမွေးဖွားကြီးပြင်းပြီး အညာသူစစ်စစ်ဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် ဒေါ်သန့်ဝေ ကျော်က နေရပ်ကလေးမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရသူပါ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုအနေနဲ့ ရွေးကောက်ခံရပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းခဲ့သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာလည်း ကလေးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။
အာဏာမသိမ်းခဲ့ရင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေသရဲ့တာဝန်တွေကို တက်ကြွစွာထမ်းဆောင်နေ မှာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေရပ်ကိုစွန့်ခွာကာ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာ ကနေပါဝင်နေရင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ အညာဒေသအကြောင်းကို အများပြည်သူသိရှိစေဖို့ကြိုးပမ်းနေ တာပါ။
” အာဏာမသိမ်းခင်ကတည်းကတော့ သိမ်းနိုင်တယ်ဆိုတာ ကျွန်မတို့တွေးထားတယ်။ ဒါပေမယ့် သိမ်းမယ့်နေ့ညက ကျွန်မသားနေမကောင်းလို့ တစ်ညလုံးမအိပ်ရဘူး။ မနက်လင်းပိုင်းလေးကျမှ အိပ်ပျော်သွားတယ်။ ရပ်ကွက်ထဲက လူကြီး တွေအိမ်ကိုလာပြီး အာဏာသိမ်းပြီဟ၊ TV ဖွင့်ကြည့်ကြအုံးလို့ အဖေ့ကိုပြောမှ ကျွန်မလည်းသိရတယ် “လို့ ဒေါ်သန့်ဝေ ကျော်က အာဏာသိမ်းတဲ့နေ့က အဖြစ်အပျက်ကပြောပါတယ်။
အာဏာသိမ်းပြီးတဲ့အခါ နိုင်ငံရေးသမားတွေကို ဖမ်းဆီးနိုင်တဲ့အတွက် အခြေအနေတွေကို တွက်ဆလို့ အဝတ်အစားနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းအချို့ကို ကျောပိုးအိတ်ထဲအသင့်ထည့်ကာ ဖြစ်လာမယ့်အခြေအနေတွေကို ရင်ဆိုင်ဖို့ တည်တည်ငြိမ်ငြိမ်စောင့်စားနေခဲ့တယ်။
” ခင်ပွန်းဖြစ်သူကို ငါ့အတွက်စိတ်မပူနဲ့ ရင်ဆိုင်နိုင်တယ်။ သားလေးကိုတော့ သေချာစောင့်ရှောက်ဖို့ပဲ တတွတ်တွတ်မှာ နေတာ၊ သူကလည်းစိတ်ချပါပေါ့။ အိမ်သားတွေလည်း မျက်နှာမကောင်းကြပေမယ့် တုန်လှုပ်မနေကြဘူး” လို့ ဒေါ်သန့်ဝေ ကျော်က ပြောပါတယ်။
သပိတ်တိုက်ပွဲဆင်နေရင်း နေအိမ်ချိတ်ပိတ်ခံခဲ့ရ
နံနက်ကိုးနာရီလောက်အထိ အခြေအနေမထူးခြားတဲ့အတွက် ပုံမှန်အတိုင်း ပါတီရုံးခန်းကို နေ့စဉ်သွားရောက်ခဲ့တယ်။ နောက်ရက်တွေမှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) တာဝန်ထမ်းဆောင်ဖို့ မုံရွာမြို့ကို သွားရောက်ပြီး လူထုသပိတ်တွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်။
” ကလေးမြို့သပိတ်တွေမှာ ရုပ်ဖျက်ပြီးပါတာရှိသလို ပင်နီဝတ်ပြီးတော့လည်း မုံရွာသပိတ်မှာ ပေါ်တင်လိုက်တယ် ” လို့ ဒေါ်သန့်ဝေကျော်ကပြောတယ်။
ရက်နည်းနည်းကြာတဲ့အချိန်မှာ နိုင်ငံရေးသမားတွေ လွှတ်တော်ကိုယ်စားလှယ်အိမ်တွေလည်း ဝင်ရောက်စစ်ဆေး ဖမ်းဆီး နေတဲ့အတွက် မိတ်ဆွေတွေက ရှောင်ရှားဖို့သတိပေးတာကြောင့် ရင်ခွင်ထဲ နို့တိုက်လက်စ တစ်နှစ်သုံးလအရွယ်သာရှိတဲ့ သားဖြစ်သူကို မိသားစုနဲ့ထားခဲ့ကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ချင်းရေးရာ ကိုယ်စားလှယ်နှစ်ဦးနဲ့အတူ နယ်စပ်ဖက် ကို တိမ်းရှောင်ခဲ့တယ်။
နယ်စပ်မှာ ရှောင်တိမ်းနေထိုင်နေပေမယ့်လည်း တော်လှန်ရေးအတွက် CDM Support Team kalay, CRSH၊ NUG/MOD အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူကာ PDF တပ်ရင်းတပ်ဖွဲ့ တွေပေါ်ပေါက်ရေးနဲ့ ပကဖတွေ ပေါ်ပေါက်ဖို့အတွက် ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒီလိုပါဝင်လုပ်ဆောင်မှုတွေကြောင့် စစ်ကောင်စီကို ဆန့်ကျင်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပုဒ်မမျိုးစုံတပ်ကာ ဝရမ်းထုတ်ခံရ သလို အခြားသော လွတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ နေအိမ်ချိတ်ပိတ်တာခံခဲ့ရပါတယ်။
အညာတစ်ခွင် တင်ဆက်သူ
တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေရင်း PVTV အစီအစဉ်မှာပါဝင်နေတဲ့ မိတ်ဆွေတစ်ဦးက အညာဒေသမှာဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ့ယုတ်မာမှုတွေ၊ ပြည်သူတွေရဲ့တွန်းလှန်ခုခံမှုတွေကို တင်ဆက်မယ့် အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ပါဝင်ခဲ့တယ်။
အညာတခွင် အစီအစဉ်က သူ့အတွက် ပထမဆုံးတင်ဆက်ရတဲ့ တီဗီအစီအစဉ်တစ်ခုဖြစ်ပေမယ့် အညာတခွင် ဝိုင်းတော် သားတွေက အရင်ကတည်းက ခင်မင်ခဲ့ရသူမိတ်ဆွေတွေ ၊ နိုင်ငံရေးသမားမိဘတွေ လက်ထပ်ကတည်းက လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျိုးဆက်တွေဖြစ်တာကြောင့် အထူးတလည် အခက်အခဲမရှိဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ကြ ညှိနှိုင်းကြနဲ့လုပ်ဖြစ်ခဲ့ကြတယ်လို့ ဆိုတယ်။
” အညာတခွင် အစီအစဉ်ကိုကြိုက်ကြတယ်ဆိုလို့ ဝမ်းသာရပါတယ်။ ပထမဆုံး စရိုက်တဲ့နေ့တွေကတော့ သိပ်ပြီး အားမရ ခဲ့ပေမယ့် ကျွန်မနဲ့လိုက်ဖက်မယ့် သီချင်းလေးတွေဆိုရင်း မာန်ပါပါ တင်ဆက်ရတာ ထေ့ရတာ ငေါ့ရတာလေးတွေကတော့ အထူးတလည် လေ့ကျင့်ခဲ့ရတာမျိုးမရှိခဲ့ပါဘူး”လို့ ဆိုတယ်။
ဒါ့အပြင် အညာသူတွေစကားပြောဆိုတဲ့လေသံအတိုင်း “တော်ကဘယ်လို” “ကျုပ်ကဘယ်လို” ဆိုတဲ့ အသုံးအနှုန်းတွေက အရင်ကတည်းက အမျိုးသမီးအရွယ် မတိမ်းမယိမ်းအချင်းချင်း ပြောဆိုတဲ့အခါ သုံးနေကျဖြစ်တဲ့အတွက် အထူးအထွေ လေ့ကျင့်ဖို့ မလိုခဲ့ဘူးလို့ဆိုတယ်။
အညာဓလေ့ပုံစံအတိုင်း ဝတ်စားဆင်ယင်တာကတော့ ရှိတဲ့အဝတ်အစားတွေနဲ့သင့်တော်သလို ဝတ်ဆင်ရပါတယ်။ သူ နေအိမ်ကနေ စထွက်လာခဲ့ရချိန်ကတည်းက မြန်မာဝတ်စုံရယ်လို့ထွေထွေထူးထူးလို့ မပါခဲ့တော့ ရှိတဲ့ဝတ်စုံဝတ်ဆင်လို့ တင်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒေသကမိတ်ဆွေတွေက ပို့ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။
” ပထမဆုံးရိုက်တုန်းက ရိုက်ကူးရေးလုပ်တဲ့အခန်းက ညီမလေးတွေရဲ့ အိမ်သာစီးဖိနပ်ကိုစီးရိုက်ခဲ့တာ။ လုံခြည်ကလည်း ကျွန်မမှာပါလာတဲ့ တစ်ထည်တည်းသော ရေလဲလုံခြည်နဲ့ပေါ့။ အဲဒါရိုက်ပြီးမှ သိပ်အဆင်မပြေလို့ နောက်ထပ်ထပ်ပြန်ရိုက် ရပါတယ်” လို့ ပထမဆုံးရိုက်ကူးတင်ဆက်ရတဲ့ အတွေ့အကြုံကိုပြောပါတယ်။
အညာတခွင်အစီအစဉ်မှာ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကြောင့် ကျဆုံးသူတွေအကြောင်း ပြောဆိုတင်ဆက်ရတိုင်း ဝမ်း နည်းရပြီး စစ်ကောင်စီကို နာကျည်းမုန်းတီးစိတ်တွေ ပိုဖြစ်မိတယ်လို့ဆက်ပြောတယ်။
” ကျွန်မတင်ဆက်မှုကြောင့် သွေးအေးသလိုဖြစ်နေကြတဲ့ ပြည်သူတွေ စိတ်တွေပြန်နိုးကြားလာကြတယ်ဆိုတာမျိုး ကြား ရရင် ကျေနပ်ရပြန်တယ်” လို့ ဒေါ်သန့်ဝေကျော်ကပြောပါတယ်။
” အားရပါးရ လက်ခုပ်တီးရမယ့်သတင်းတွေကလည်း အများကြီးပါပဲ၊ ကန္ဒီ ၊ကလေး ၊မင်းကင်း၊ ပုလဲ ၊ယင်းမာပင်နဲ့ မုံရွာ တဝိုက်မှာလည်း အသက်လှူ ၊ လက်နက်လှူထွက်လာကြတဲ့ အဖွဲ့တွေကို ဝက်သားဟင်း ၊ ငါးခြောက်ထိုးနဲ့ အညာအလှူ ကြီးပေးပြီး ဆောရီး ဆောရီးဆိုပြီး ဗျောတီးနေကြတာလည်း ရှိနေသေးသကိုး “
” ဒီလိုအောင်ပွဲတွေရှိနေသလို လပ်တီးရဲ့ ရွာစဉ်လှည့်မီးတိုက်မှုကြောင့် အိုးအိမ်ပျက်စီးအတိဒုက္ခရောက်ရတဲ့ လူဦးရေက လည်း တစ်နေ့တစ်ခြားတိုးပွားလာတာကို စိတ်မကောင်းစွာ တွေ့ရပြန်ပါတယ်တော်” လို့ ဒေါ်သန့်ဝေကျော်က ဖြစ်ကြောင်း ကုန်စင်အညာတခွင် အစီအစဉ်မှာ တင်ဆက်ပြောကြားခဲ့တယ်။
ဒဏ်ရာများနဲ့ အညာတစ်ခွင်
အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတွေမှာ စစ်မီးတောက်နေချိန် အညာဒေသတွေမှာ ငြိမ်သက်နေပါသေးတယ်။ ဒါပေမယ့် စစ်မီးက တစ်ဖြည်းဖြည်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုပါ ကူးစက်လာတဲ့အခါ လက်နက်ကိုင်ပဋိပက္ခ တွေနဲ့ မရင်းနှီးတဲ့ အညာဒေသက ပြည်သူတွေကရတဲ့ လက်နက်ကိုင်လို့ စစ်ကောင်စီကို တော်လှန်ခဲ့တယ်။
လက်လုပ်တူးမီးသေနတ်တွေနဲ့စခဲ့တဲ့ အညာဒေသတော်လှန်ရေးကတဖြည်းဖြည်းနဲ့ လက်နက်အင်အား အနည်းငယ် ပြည့်စုံလာပြီး စစ်ကောင်စီကိုတော်လှန်ရာမှာ အားအကောင်းဆုံးဒေသတစ်ခုဖြစ်လာတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တော်လှန်ရေးရေချိန်မြင့်လာပေမယ့် တဖက်မှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတို့အကြားဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူဦးရေတစ်သန်း ကျော်က နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မြန်မာ့ဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) ကဖော်ပြ ထားပါတယ်။
ယင်းအနက်စစ်ကိုင်းတိုင်းဒေသကြီးက စစ်ပြေးဒုက္ခသည် အများဆုံးရှိလာတဲ့နေရာဖြစ်ပြီး ဒုက္ခသည်သုံးသိန်းကျော် (၃၄၄,၂၅၀) ဦး ရာခိုင် နှုန်းအားဖြင့် ၃၂ရာခိုင်နှုန်း ရှိနေပါတယ်။
ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေအကြား မီးရှို့ဖျက်စီးခံရတာအပြင် လက်နက်ကျည်တွေထိမှန်လို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်အဆောက်အဦ (ဘာသာရေးအဆောက်အဦအပါအဝင်) ၂၂,၂၉၉ ထက်မနည်းရှိခဲ့ရာက စစ်ကိုင်းတိုင်းဒေသကြီးက ၁၅,၅၃၀ လုံး၊ရာခိုင်နှုန်းအားဖြင့် ၆၉ ဒသမ ၇ ရာခိုင်နှုန်း နဲ့ အများဆုံး ဖျက်စီးခံခဲ့ရပြီး၊မကွေးတိုင်းဒေသကြီးက ၄,၈၈၂ လုံး၊ရာခိုင်နှုန်း၂၁ ဒသမ ၆ရာခိုင်နှုန်းရှိခဲ့ပါတယ်။
” ရွာလုံးကျွတ်မီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ မြင်တွေ့နေကြရတာ၊ အညာတခွင်လုံး မွစာကျဲနေပြီ လေ၊ ဘယ်သူလာကယ်တာကိုမှ စောင့်နေလို့မှမရတာ”လို့ ဒေါ်သန့်ဝေကျော်ကပြောပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကြောင့်လည်း စစ်ကောင်စီပြုတ်မှရမယ်ဆိုတာ ပြည်သူတွေသဘောပေါက်နားလည်ပြီး ကိုယ်တိုင်က ဆုံးဖြတ်ချက်နဲ့ ပြန်လည်တွန်းလှန်ဖို့ လက်ဝတ်လက်စားကအစ ချွတ်လှူနေကြတာ မျက်မြင်ပဲလို့ ဆက်ပြော ပါတယ်။
” ပြည်သူမှာပြည်သူပဲရှိတာလေ အဆုံးစွန်ထိ တိုက်ဖို့ကလွဲဘာရှိမလဲ။ သက်ကြီးရွယ်အို၊မိန်းမ၊ ကလေးတွေက စစ်ကြောင်း လာရင် ပြေးကြရှောင်ကြ၊ လူငယ်လူရွယ်ကျားမတွေက အကုန်တော်လှန်ရေး ရဲဘော်ဖြစ်ကုန်ကြရတာပဲ” လို့ ဒေါ်သန့်ဝေ ကျော်က ဆိုတယ်။
အဆိုတော်ဖြစ်ချင်သူ စာပေသမား
ဒေါ်သန့်ဝေကျော်က နိုင်ငံရေးသမား၊ လွှတ်တော်အမတ်အဖြစ် လျှောက်လှမ်းခဲ့ပေမယ့် သူဝါသနာပါရာကတော့ အဆို တော်နဲ့ သတင်းတင်ဆက်သူဖြစ်ချင်ခဲ့တာလို့ ပြောပါတယ်။
၂၀၀၆ ကနေ ၂၀၀၉ ဝန်းကျင်အချိန်ထိ ပိတောက်ပွင့်သစ်၊ မြန်မာသစ်မဂ္ဂဇင်းတိုက်တွေမှာ စာစီစာရိုက်လုပ်ခဲ့သလို ချယ်ရီ မဂ္ဂဇင်းမှာလည်း သတင်းထောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်။ စာပေနယ်မှာ လျှောက်လှမ်းရင်း မြန်မာ့အသံ ကအောင်မြင်လူသိများတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ “ဆိုကြမယ် ပျော်ကြမယ်” အစီအစဉ်မှာ မြန်မာသံသီချင်းနဲ့ ပထမဆု နှစ်ကြိမ်တိုင် ရခဲ့ပါတယ်။
တေးဂီတနယ်ပယ်မှာလျှောက်လှမ်းဖို့ ကလေးသီချင်းခွေအကြမ်းအတွက် လုပ်ဆောင်နေရင်း မိသားစုလုပ်ငန်းကို ကူညီဖို့ နေရပ် ကလေးမြို့နယ်ကို ပြန်လာချိန်မှာ ဂီတနဲ့အဆက်ပြတ်ခဲ့ရတယ်။
နေရပ်ပြန်ရောက်တော့ မိသားစုလုပ်ငန်းကို ကူညီကာ တစ်ဖက်မှာလည်း CSO နယ်ပယ်မှာ ကျင်လည်လုပ်ဆောင်ရင်း နိုင်ငံရေးသမား မိသားစုဖြစ်တဲ့အတွက် NLD ပါတီလူငယ်ညီလာခံကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တယ်။
နိုင်ငံရေးလောကထဲခြေလှမ်းခဲ့ပေမယ့် အဆိုဝါသနာကိုတော့ မစွန့်လွတ်နိုင်သေးတဲ့အတွက် စည်းရုံးရေးကာလမှာ ကိုယ် တိုင်ရေးထားတဲ့ “ခိုင်မာယုံကြည် NLD”၊မိတ်ဆွေတစ်ဦးရေးပေးတဲ့ “အာဏာရှင်ဆိတ်သုဉ်းဖို့” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို အောင်နိုင်ရေးသီချင်းအဖြစ် အသံသွင်း သီဆိုခဲ့တယ်။
အာဏာသိမ်းပြီးနောက်မှာလည်း တော်လှန်ရေးအတွက် လုပ်ဆောင်နေရင်း “ဖက်ဒရယ်ပန်းခင်းသစ်ဆီသို့”၊ “တချိန်တုန်း ကငြိမ်းချမ်းရာမြေ”၊ ” ငကြင်စိုး”၊ ” NUGနဲ့ဒီနွေဦး” စတဲ့တေးသီချင်းတွေကို ချမ်းမြေ့ညိုနာမည်နဲ့သီဆိုလို့ PVTV ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
” မဖြစ်မနေလုပ်ရမယ့် အလုပ်တွေကိုလုပ်ရင်း ဝါသနာကိုလည်း မစွန့်ခဲ့ပါဘူး။ လျှောက်ချင်တဲ့လမ်းကို လျှောက်ခွင့်မရ ပေမယ့် လျှောက်ရမယ့်လမ်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစား လျှောက်ဖို့ဆုံးဖြတ်ထားပြီးသားပါ။”လို့ ဒေါ်သန့်ဝေ ကျော်က ဆိုပါတယ်။
လက်ဗလာနဲ့စခဲ့ရတဲ့ ပြည်သူတွေရဲ့တော်လှန်ရေးက ခေတ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အမျှ ဆုံးရှုံးမှုတွေကြေကွဲဝမ်းနည်း စရာတွေကို အများကြီးကြုံတွေ့ရမှာဖြစ်ပေမယ့် ပေးဆပ်ခဲ့ရတာနဲ့ထိုက်တန်တဲ့ အနာဂတ်ကာလကို အသေအချာ ပြန်ရမှာ ဖြစ်တာကြောင့် ပြည်သူတွေ ဇွဲမလျော့ပဲအားတင်းထားဖို့ တိုက်တွန်းချင်တယ်လို့ ဆိုတယ်။
သူ့အနေနဲ့လည်း အားမလျော့ဘဲ တတ်နိုင်တဲ့နေရာကနေပါဝင်လုပ်ဆောင်သွားမှာဖြစ်ပြီး တော်လှန်ရေးကြီးပြီးတဲ့အခါ နိုင်ငံ ရေးလောကကနေ အနားယူလို့ ဝါသနာပါရာအလုပ်လေးလုပ်ဆောင်ကာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင် တယ်လို့ ဒေါ်သန့်ဝေကျော်ကဆိုတယ်။
” ကျွန်မအချိန်မပေးနိုင်ခဲ့တဲ့သားနဲ့ မိသားစုအတွက် အချိန်အများကြီးပေးမယ်။ ပျက်ဆီးသွားတဲ့မိသားစု စီးပွားရေးအတွက် ပြန်ရုန်းကန်ရမယ်။ ဒီလောက်ပဲ အေးအေးချမ်းချမ်းနေခွင့်ရချင်တာပါပဲ”