ရှင်ငြိမ်း။ ။
အာဏာသိမ်းစစ်တပ်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာတဲ့စစ်သားအရေအတွက်ဟာ ၈,၀၀၀ ကျော်ရှိ လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီထဲကစစ်သည်တစ်ချို့ကတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ စစ်တပ်ကိုပြန်တိုက်နေတာရှိပါတယ်။ အလား တူ စစ်အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ စစ်တပ်အသိုင်းအဝိုင်းမှ အရာရှိ၊ အရာခံရဲ့သားသမီးတွေလည်း ပြည်သူနဲ့အတူ ပူးပေါင်းပြန်တိုက်လာကြပါတယ်။
HI သတင်းဌာနမှ လက်လှမ်းမီရာဒေသကာကွယ်ရေးတပ်တွေထံမှ ရရှိတဲ့သတင်းအချက်အလက်တွေအရ စစ်ကောင်စီကို ပြန်လည်တွန်းလှန်နေကြသူ တပ်ကြပ်ကနေ ဗိုလ်ကြီး အဆင့်ရှိသားသမီးတွေ ၁၀ ယောက်ခန့်ရှိပါတယ်။ အဲ့ဒီထဲ အမျိုး သမီးကတော့ ထူးခြားစွာတစ်ယောက်ထဲ ရှိနေခဲ့ပါတယ်။
ဒီတစ်ဦးထဲသောအမျိုးသမီးလေးကတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးစစ်သည် ဆူးဖြစ်ပါတယ်။
ဗိုလ်မှူးတစ်ယောက်ရဲ့သမီးဖြစ်ခဲ့တဲ့ဆူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်နိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓါတ် ခွန်အားနဲ့ ဖြစ်မလာပါဘူး။ ဒီလိုတွန်းလှန်လိုစိတ်ဖြစ်စေတဲ့အကြောင်းအရင်းတွေ သူ့မှာရှိနေခဲ့ပါတယ်။
အဲ့ထဲမှာ သူငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ယခုလို ပြောပြတယ်။
“ စစ်တပ်ကိုတော်လှန်ရတဲ့အကြောင်းကတော့ အများကြီးရှိတာပေါ့။ ဒါမဲ့အဓိကက ကျမသူငယ်ချင်းကို တပ်ကြပ်က မုဒိမ်း ကျင့်တာ။ နောက်တပ်ထဲမှာလူလိုမဆက်ဆံခံရတာတွေအပြင် ကျမအဒေါ်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့ ဒီအသိုင်းအဝိုင်းကို ရှိကို မရှိစေချင်တော့တာ”လို့ ပြောပါတယ်။
သူ့အသက် ခုနစ်နှစ်အရွယ်မှာ မုဒိမ်းမှုမျက်မြင်တွေ့ခဲ့တာက ဖခင်တာဝန်ကျတဲ့ကျိုင်းထုံက ရွာလေးတစ်ရွာမှာဖြစ်ခဲ့တာပါ။ တပ်ထဲမှာအဖော်မရှိလို့ဆူးနဲ့ လာကစားလေ့ရှိတဲ့ ရွယ်တူသူငယ်ချင်းကို တပ်ကြပ်ကတောထဲခေါ်မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်။
အဲဒီအချိန်က ကလေးအရွယ်သာရှိသေးတာကြောင့် နေရာမှာငိုနေတဲ့သူငယ်ချင်းကို အနိုင်ကျင့်လိုက်တဲ့တပ်ကြပ်က ရိုက် လိုက်တာကြောင့်လို့ ထင်ခဲ့မိတယ်လို့ သူက ဆိုပါတယ်။ အဲ့ဒီကိစ္စမဖြစ်ခင်ကတည်းက ဆူးဖခင်ဟာ ပြောင်းရွှေ့ရမယ့် တောင်ငူမြို့ကို သွားဖို့ပြင်ဆင်နေတဲ့အတွက် သူငယ်ချင်းဆေးရုံတက်ရတာကို မသိခဲ့ရပါဘူး။
အနိုင်ကျင့်ခံရတဲ့သူငယ်ချင်းဟာ သားအိမ်ကွဲသွားလို့ စစ်ဆေးရုံမှာ ဆေးကုသခွင့်ရခဲ့ပေမယ့် နစ်နာမှုအတွက်ဘာအခွင့် အရေးမှမရတဲ့အပြင် အပြစ်ရှိသူကို အရေးမယူဘဲ ခံရသူအမျိုးသမီးတွေကို ရွာပြင်မထွက်ရလို့ ပိတ်ပင်ခဲ့တယ်လို့ အဲ့ဒီ တပ်စခန်းမှာရှိခဲ့တဲ့ ဒုတပ်ကြပ်က ဆူးရဲ့အဒေါ်ကိုပြောပြခဲ့လို့ သူပြန်သိခဲ့ရတာဖြစ်တယ်။
ဆူးအနေနဲ့ ဒီအကြောင်းအရာတွေကို နားလည်သိရှိတဲ့အရွယ်က အသက် ၁၃ နှစ်ရောက်ပြီဖြစ်သလို သူ့မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အဒေါ်ဖြစ်သူကို ပြောပြထားတဲ့အတွက် အခုလိုအခြေအနေတွေကို ပြန်သိခွင့်ရတာဖြစ်တယ်။
“ ကျမဒါကိုမုဒိမ်းမှုလို့ သိလိုက်ရတဲ့အချိန်ကစလို့ အိပ်မက်ဆိုးတွေမက်တော့တာပဲ။ ကျမသာအဖေ့ကို သေချာပြောပြတတ် ခဲ့ရင်ဆိုတဲ့အတွေးနဲ့ အမြဲလိုလိုမကျေမနပ်စိတ်ဖြစ်ခဲ့ရတာ။ ခုထိကျမအပြစ်မကင်းဘူးလို့ခံစားနေရတုန်းပဲ။ ဒါကတော့ တပ်ကိုတော်လှန်လိုတဲ့အချက်တွေထဲက တစ်ခုပေါ့”လို့ ဆူးက ရှင်းပြပါတယ်။
စစ်တပ်ကို တော်လှန်ဖို့ဖြစ်လာတဲ့ နောက်တပ်အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒီထဲကတစ်ခုကတော့ စစ်တပ် အသိုင်းအဝိုင်းရဲ့အနိုင်ကျင့်ခံရမှု အောက်မှာရုန်းမထွက်နိုင်ကြတဲ့မိဘတွေကြောင့်ဖြစ်တယ်။
“ တပ်ထဲမှာ မတရားအနိုင်ကျင့်တာ၊ ခွဲခြားတာတွေက အရမ်းပြင်းထန်တယ်။ ကျမအဖေဆို ဗိုလ်မှူးနော် ခိုင်းတာလုပ်ပဲ။ ဆွေးနွေးတာ၊ ဘာညာမရှိဘူး။ မှားတာကိုထောက်ပြရင် ရှေ့တန်းပို့တယ်။ တပ်မှာကတစ်သွေးတစ်သံတစ်မိန့်ပဲ။ အဲဒါ ကြီးကိုမကြိုက်ဘူး။ လူလိုလည်း မဆက်ဆံခံရဘူး”လို့ ဆူးက ဆိုပါတယ်။
ဆူးဟာ ဗိုလ်မှူးတစ်ယောက်ရဲ့သမီးဖြစ်သလို စစ်ဗိုလ်ဆရာဝန်၊ ဗိုလ်မှူး၊ ဗိုလ်ကြီးစတဲ့မျိုးရိုးအစဉ်အဆက် အရာရှိ၊အရာခံ တွေများပါတယ်။ ဒါပေမဲ့ ဆူးကတော့ စစ်တပ်ရဲ့ပေါ်လစီ၊ လူမူရေးခံစားချက်တွေနဲ့ လက်အောက်ငယ်သားအပေါ် စာနာ စိတ်မထားတဲ့စစ်သားအလုပ်ကို ငယ်စဉ်ကတည်းကမုန်းတီးနေခဲ့သူပါ။
အကြောင်းကတော့ တပ်ထဲမှာ ဗိုလ်ချုပ်တွေ၊ တပ်ရင်းမှူးတွေ ခိုင်းတဲ့အမိန့်တွေက ဘာတွေပဲဖြစ်နေပါစေ ညွှန်ကြားတဲ့ အတိုင်းလုပ်ရတယ်။ အောင်မြင်အောင်လုပ်ရတယ်။ မအောင်မြင်ရင် အရေးယူတာ၊ ရှေ့တန်းပို့သတိပေးခံရတာတွေနဲ့ ကြုံ ရနိုင်ပါတယ်။
အဆိုးဆုံးကတော့ တင်ပြစရာရှိလို့ အထက်လူကြီးဆီသွားတဲ့အခါ ဂေါက်ရိုက်နေလို့စောင့်ရတာမျိုး၊ အလုပ်နဲ့မဆိုင်တဲ့အမျိုး အဆွေတွေရဲ့ပြဿနာတွေကို ဖြေရှင်းခိုင်းတာတွေအပြင် ရုပ်သံကြည့်ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်း၊ လှုပ် ရှားမှု၊ မိန့်ခွန်းစတာတွေဘာတစ်ခုမှ တပ်ထဲမှာကြည့်ခွင့်မရှိပါဘူး။
ဗိုလ်ချုပ်ကြီးတွေသာ လူရှေ့မှာဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာ၊ ရင်းနှီးမှုပြတာရှိပေမယ့် တပ်ထဲကသူတွေကတော့ မြဝတီနဲ့ ရုပ်သံဇာတ်လမ်းတွဲလောက်သာကြည့်ခွင့်ရှိတာပါ။ ဖုန်းနဲ့လည်းကြည့်ခွင့်မရှိပါဘူး။ တွေ့ရင်အပြစ်ပေးခံရမှာပါ။
ဖခင်လိုတပ်တွင်းအကြောင်းအရာ အစအဆုံးသိတဲ့သူတွေတော့ နိုင်ငံအခြေအနေကို ဘယ်လောက်သိထားလဲမသိပေမယ့် ဆူးတို့လိုတပ်ထဲမှာမှီခိုနေရတဲ့သူတွေကတော့ ကိုယ်နိုင်ငံရဲ့သမ္မတတောင် ဗိုလ်ချုပ်မှူးကြီးလို့ ထင်မှတ်မှားတဲ့အထိ ပိတ် လှောင်ခံခဲ့ရတယ်လို ဆူးကဆိုတယ်။
ဒါ့အပြင် မိခင်ဆိုလည်း ဗိုလ်ချုပ်ကတော် တွေခေါ်ရင်သွားရပြီး ခိုင်းစရာလူရှိရက်နဲ့ ဟင်းချက်ခိုင်းတာ၊ ကလေးကျောင်း ကြိုခိုင်းတာ၊ နှိပ်နယ်ပေးရတာ စတဲ့အောက်ခြေသိမ်းအလုပ်တွေကို လုပ်ပေးရပါတယ်။ ဒီလိုလုပ်ပေးမှလည်း ဗိုလ်ချုပ် ကတော်တွေလက်ဆောင်ရထားတဲ့ တိုက်ခန်းတို့စတဲ့အခွင့်အရေးတွေရမှာဖြစ်တယ်။
အဆင့်အတန်းခွဲခြားမှုမှာ မိဘတွေပဲခံရတာမဟုတ်ပါဘူး။ သားသမီးအချင်းချင်းလည်း မိဘရဲ့ရာထူးအလိုက်ဆက်ဆံခံရ ပါတယ်။ ဆူးလို ဗိုလ်မှူးသမီးဆိုရင် ဗိုလ်မှူးသားသမီးအချင်းချင်းသာ ရင်းနှီးခွင့်ရှိတာပါ။
ဒါတွေကြောင့်ပဲ ဆူးဟာ ဖခင်တာဝန်ကျတဲ့တောင်ငူမှာလိုက်မနေဘဲ ရန်ကုန်မြို့ကအဘွား၊ အဒေါ်နဲ့သွားနေခဲ့တယ်။ နှစ်တိုင်း ဆုတက်ယူခဲ့ရတဲ့ဆူးကို ဖခင်ကစစ်ဆရာဝန်ဖြစ်စေချင်တာကိုသိလိုက်တဲ့ ကိုးတန်းနှစ်မှာတော့ အဆင့်ကျသွားတဲ့ အထိ စာမှာအားနည်းသွားရပါတယ်။
နောက်ဆုံးမှာ လပတ်စာမေးပွဲကျတဲ့အထိဖြစ်သွားခဲ့ပေမဲ့ အဲ့ဒီအချိန်က အဘွားဆုံးခါစမို့ စိတ်ထိခိုက်နေတယ်လို့ ဖခင် ဖြစ်သူကထင်မှတ်ပြီး ဆူပူတာမလုပ်ပေမယ့် စာမေးပွဲထပ်ကျရင်တော့ ကတုံးတုံးပြီး စစ်ထဲပို့မယ်လို့အကြိမ်းခံခဲ့ရတယ်လို့ ဆူးက ရယ်ကျဲကျဲလေးနဲ့ ရှင်းပြပါတယ်။
ဆူးအမေဘက်က စစ်တပ်မျိုးရိုးအနည်းငယ်သာရှိပေမယ့် အဖေဘက်ကတော့ ယောကျာၤးသားတိုင်းက စစ်ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူးစတဲ့နေရာတွေမှာတာဝန်ထမ်းနေကြသူတွေပါ။ ဒါ့ကြောင့် ဆူးရဲ့ဖခင်က တစ်ဦးထဲရှိတဲ့ သူရဲ့သမီးဟာ စာတော်တဲ့ အတွက် စစ်ဆရာဝန်ဖြစ်ဖို့မျှော်လင့်ချက်ရှိခဲ့တာဖြစ်တယ်။
မိသားစုက စစ်တပ်အသိုင်းအဝိုင်းကဆိုပေမယ့် သူတို့မျိုးရိုးထဲမှာ စစ်တပ်ရဲ့မတရားဖိနှိပ်မှုတွေကို မကြိုက်တဲ့သူ ဆူးအပြင် နောက်တစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဆူးရဲ့အဒေါ်(အမေ့ညီမ)မနှင်း(အမည်လွှဲ)ပါ။
မနှင်းဟာ တက္ကသိုလ်ပြီးတာနဲ့ မိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် စစ်ဗိုလ်တစ်ယောက်နဲ့လက်ထပ်ခဲ့ရတယ်။ လက်ထပ်ပြီးမှသိလိုက်ရတာက အဲ့ဒီစစ်ဗိုလ်ဟာ ဗိုလ်ချုပ်တစ်ဦးရဲ့သမီးနဲ့ (living together- လက်မထပ်အတူနေ) နေ တယ်ဆိုတာပါပဲ။
“ ဒေါ်လေးက ယူချင်လည်းယူပါ။ သူတော့ကွာပေးပါလို့ပြောလည်း ကွာမပေးဘူး။ နောက်ပိုင်းဆိုးလာတာက ကလေးမရ လို့ဆိုပြီး အပြစ်ရှာရိုက်တာ။ လိင်ပိုင်းဆိုင်ရာလည်း မကြာခဏအနိုင်ကျင့်ခံရလို့ စိတ်ဒဏ်ရာတောင်ရခဲ့ရတာ”လို့ ဆူးက ပြန်ပြောပြပါတယ်။
မနှင်းဟာ ယောကျ်ားဖြစ်သူရဲ့ အကြမ်းဖက်ခံရမှုကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာ သုံးနှစ်နီးပါးကုသမှုခံယူခဲ့ရပါတယ်။
ဒီအချိန်မှာ မျိုးရိုးအစဉ်အဆက် စစ်ဗိုလ်ဖြစ်ခဲ့တဲ့ဆူးရဲ့အဖေတောင် ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားတာ၊ တရားစွဲတာမလုပ် ရဲတဲ့အထိ ရာထူးကြီးသူကို ငယ်တဲ့သူတွေက မှားမှား၊ မှန်မှန်ပြန်မပြောဝံ့ကြပါဘူး။ အထူးသဖြင့် တပ်ထဲမှာ ရာထူးငယ်တဲ့ သမီးတွေဟာ ဒီလိုကိစ္စတွေမှာအသုံးချခံဖြစ်ရပြီး ဒါနဲ့ပတ်သက်လို့ အရေးယူတာ၊ အပြစ်ပေးတာမရှိတဲ့အတွက် စိတ်ပျက် တယ်လို့ ဆူးက ပြောပါတယ်။
ဆူးအတွက်တော့ ဒါတွေဟာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ခိုင်လုံတဲ့တွန်းအားတွေဖြစ်စေခဲ့တာပါ။ ဒါတွေ ကြောင့်ပဲ စစ်တပ်အပေါ် သူရဲ့မုန်းတီးနာကျဉ်းစိတ်၊ အာဏာရှင်စနစ်ကျဆုံးစေလိုတဲ့စိတ်ဓါတ်တွေကတော့ တခြားသူတွေ ထက် ပြင်းရှနေတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းလိုက်တဲ့အချိန်က ဆူးအသက်ဟာ ၁၆ နှစ်အရွယ် ၁၀ တန်းတက်နေရတဲ့အချိန်ဖြစ်ပြီး ဖခင်ကတော့ နေပြည်တော်ထွက်သွားရလို့ မိခင်၊ အဒေါ်နဲ့အတူ ဆူးတို့ဟာ ရန်ကုန်မှာ ကျန်ရစ်ခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ သတင်းသိလိုက်တာနဲ့ တပြိုင်နက်ထဲ သူ့စိတ်ထဲမှာခိုအောင်းနေတဲ့တော်လှန်ရေးစိတ် ဓါတ်တွေက ထကြွနိုးကြားလာတာနဲ့အတူ သူငယ်ချင်းတစ်ချို့နဲ့တိုင်ပင်ကာ ဆန္ဒပြရင်းထွက်ဖို့စီစဉ်ခဲ့ကြတယ်။
“ တပ်ထဲမှာ နားပိတ်မျက်စိပိတ်နေခဲ့ရာက အခုလိုအပြင်ထွက်ပြီး လုပ်ချင်ရာလုပ်ရတော့ ပျော်တာပေါ့။ နောက်အဲ့အချိန်က သူများတွေလိုအာဏာရှင်ပြုတ်ကျရေး တို့အရေးဆိုတာပဲရှိသေးတယ်။ ရည်ရွယ်ချက်ကြီးကြီးမားမားမရှိသေးဘူး”လို့ ဆူးက ပြောပါတယ်။
သို့ပေမဲ့ အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့ကစလို့ ဆန္ဒပြပွဲတွေထွက်နေတာကို ရိပ်မိနေတဲ့မိခင်က တားဆီးနေတဲ့ကြားမှာ ဆက်ထွက်နေတဲ့အတွက် အမေနဲ့ သမီးစကားများရန်ဖြစ်ရတဲ့နေ့တွေရှိလာသလို စစ်တပ်ကနေလာတဲ့သူ့ကို ဆန္ဒပြခေါင်း ဆောင်တွေရဲ့မယုံကြည်မှုတွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရပါသေးတယ်။
ခေါ်လာပေးတဲ့သူငယ်ချင်းတွေလည်း အပြစ်တင်ခံရသလို မကြားတကြားဝေဖန်တာတွေ၊ သတိထားနော်ဆိုတဲ့အကြည့် တွေ၊ အပြောတွေကြောင့် အတော်လေးခံစားခဲ့ရတယ်လို့ ဆူးက ဆိုပါတယ်။
ဆူးအနေနဲ့ ဝန်ခံထားတဲ့အချက်တွေထဲမှာ စစ်တပ်ထဲမှာ မျက်စိပိတ်၊ နားပိတ်နေခဲ့ရလို့ လူ့အခွင့်အရေးဆိုတာမသိ၊ အမျိုး သမီးအရေးဆိုတာ ဘာမှန်းတောင်နားမလည်ခဲ့လို့ ပြည်သူတစ်ယောက်အနေနဲ့ အာဏာရှင်ပြုတ်ကျရေးမှာ တစ်ဒေါင့်တစ် နေရာပါဝင်တဲ့ရည်ရွယ်ချက်ကလွှဲလို့ တခြားကြီးကြီးမားမားမရှိခဲ့ဘူးဆိုတာပါပဲ။
ဒါပေမဲ့ ဆူးနဲ့အတူဆန္ဒပြတဲ့သူငယ်ချင်းတွေဟာ တပ်သားသမီးတွေမဟုတ်တဲ့အပြင် ဆူးသူငယ်ချင်းတစ်ယောက်ရဲ့အမက အမျိုးသမီးအဖွဲ့တစ်ခုမှာ အလုပ်လုပ်ဖူးတဲ့သူဖြစ်တာကြောင့် သူရဲ့တွဲခေါ်မှုတွေ၊ အမျိုးသမီးအရေး၊လူ့အခွင့်အရေးစတာ တွေနားလည်တော့မှ သူရဲ့ရည်ရွယ်ချက်တွေကို တိတိကျကျနားလည်လာခဲ့တယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေမှာ ကြုံရတဲ့စစ်တပ်နဲ့ ရဲတွေရဲ့ကြမ်းကြုတ်ရက်စက်မှုတွေ၊ လက်နက်နဲ့ဖြိုခွင်းတာတွေ၊ မတရားဖမ်း ဆီးထောင်ချနေတာတွေ သူကိုယ်တိုင်မျက်မြင်တွေ့ရတဲ့အခါမှာ သူ့ဆုံးဖြတ်ချက်ဟာပိုလို့ခိုင်မာလာခဲ့တာဖြစ်တယ်။ ဒီလို အခြေအနေမှာ သူငယ်ချင်းတွေအန္တရာယ်ကင်းကင်းနေနိုင်တဲ့အတွက် ဆူးက ကံကောင်းတယ်လို့ဆိုပါတယ်။
ဆူးရဲ့စိတ်ဓါတ်က ပြင်းပြလွန်းပုံက ခြံတံခါးသော့ခတ်ထားရင် ကျော်ထွက်တယ်။ သော့ခိုးထွက်တယ်စတဲ့နည်းတွေနဲ့ ဆန္ဒ ထွက်ပြခဲ့ပါတယ်။ တစ်ခါကဆိုရင် သုံးလဆက်တိုက် ပျက်ရက်မရှိဆန္ဒပြပြီးတဲ့နောက်မှာ အခန်းထဲသော့ပိတ်ထားလို့ဆိုပြီး ပြတင်းပေါက်ကနေ အိမ်အောက်ကိုခုန်ချလို့ ခြေကျိုးသွားခဲ့သေးတယ်။
အဲ့ဒီနေ့က ခါတိုင်းအခန်းသော့ပိတ်ထားရင် အစောင့်ချထားလေ့ရှိပေမယ့် အဲ့ဒီနေ့ကဘယ်သူမှမရှိသလို ခိုးထားတဲ့သော့ လည်း သိမ်းခံထားရလို့ ထွက်ဖို့ခက်ခဲနေတဲ့အချိန်ဖြစ်တယ်။
နောက်ဆုံးအချိန်လည်းမရှိတော့လို့ ကြံရာမရတဲ့အဆုံးမှာ အမြင့် ၁၄ ပေရှိတဲ့ အပေါ်ထပ်ပြတင်းပေါက်ကနေ အောက်ကို ကြိုးလွတ်ခုန်ချခဲ့တာပါ။
ဒီလို မိခင်က တင်းတင်းကျပ်ျပ် တားမြစ်ထားပေမယ့် ဆူးကတော့ အပြင်ထွက်ဖို့ ဇွဲမလျော့ခဲ့ပါဘူး။ ခိုးထွက်တဲ့တစ်ရက် မှာလည်း သပိတ်ဖြိုခွဲခံရပြီး ခေါင်းကို ရာဘာကျဉ်ထိတဲ့ဒဏ်ရာနဲ့ ပြန်လာတဲ့သူ့ကို မိခင်ဖက်ကာငိုကြွေးတားမြစ်ခဲ့ပါတယ်။
သူက ဆက်ပြီးခေါင်းမာနေတာကြောင့် မိခင်က အခုလိုဆက်လုပ်မယ်ဆိုရင် အိမ်ကဆင်းရမယ်လို့ ပြောရင်း တစ်ယောက် တစ်ခွန်းစကားများကာ အိမ်ကနေဆင်းလာခဲ့တယ်လို့ ဆူးကဆိုပါတယ်။
“ အိမ်ကနေဆင်းလာတာသာရှိတာဘယ်သွားလို့၊ ဘာလုပ်ရမှန်းလည်းမသိဘူး။ သူငယ်ချင်းတွေကိုလှမ်းပြောပြတော့မှ သူတို့အကူအညီနဲ့ နေစားဖို့နေရာလေးတစ်ခုရခဲ့ပြီး ဆန္ဒပြပွဲတွေဆက်လုပ်ဖြစ်တယ်”လို့ ဆူးက ဆိုပါတယ်။
ဒါပေမဲ့ကံမကောင်း၊ အကြောင်းမလှချင်တော့ အိမ်ကထွက်လာပြီး မေလဆန်းပိုင်းမှာ ဆူးနေထိုင်ရာကို စစ်တပ်က ဝင် ရောက်စီးနင်းခဲ့လို့ သူအပါအဝင် အမျိုးသမီး ငါးယောက်နဲ့ အမျိုးသားနှစ်ယောက်အဖမ်းခံရပြီး ဗဟန်းရဲစခန်းမှာ အချုပ်ခံ ထားရပါတယ်။
ဆူးကိုတော့ CDM ကျောင်းသားက ဆန္ဒပြလို့ဆိုပြီး ၅၀၅-ကနဲ့ ဖမ်းချုပ်ခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ key board ဖိုက်တာတွေဖြစ်တာကြောင့် ၅၀၅-က ၊ ၆၆(ဃ)နဲ့ အချုပ်ခံခဲ့ရတာဖြစ်တယ်။
“ အသက်မပြည့်သေးတာရယ်၊ အဖေ့အရှိန်နဲ့ အမေ့အပြောကြောင့် ငါးရက်လောက်ပဲအချုပ်ထဲနေခဲ့ရတယ်။ အမေကတော့ ငွေ ၁၀ သိန်းပေးထုတ်ခဲ့ရတယ်လို့ပြောတယ်။ ဟုတ်၊ မဟုတ်တော့မသိဘူး”လို့ ဆူးက ပြောပြပါတယ်။
သူကတော့ ငွေတတ်နိုင်တာရယ်၊ ဗိုလ်မှူးသမီးဖြစ်နေတာရယ်ကြောင့် လွှတ်မြောက်လာပေမယ့် ကျန်ခဲ့တဲ့သူရဲ့ရဲဘော် တွေလွှတ်မြောက်အောင် အကူအညီမပေးနိုင်တဲ့အပေါ် ဆူးအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။
ဒါ့ကြောင့် မိခင်က ပေးလာတဲ့အခွင့်အရေးတစ်ခုကို သူကခေါင်းညိမ့်လက်ခံခဲ့တာဖြစ်တယ်။ သူကျောင်းဆက်တက်ပြီး တော်လှန်ရေးမလုပ်တော့ဘူးဆိုတဲ့ကတိပေးလိုက်တဲ့အတွက် အချုပ်ကျနေတဲ့ရဲဘော်တွေလွတ်မြောက်သွားကာ ဒေသ ကာကွယ်ရေးတပ်ထဲ ဝင်သွားခဲ့ကြပါတယ်။
ဆူးကတော့ သူရဲ့ကတိအတိုင်း ကျောင်းကို ရက်၂၀ လောက်အယောင်ပြတက်ပြီးနောက်မှာ သူငယ်ချင်းတွေရှိတဲ့လွတ် မြောက်နယ်မြေကို သွားဖို့လိုအပ်တာတွေစီစဉ်ပါတော့တယ်။ ဒီအတွက်သူ့ကိုအနီးကပ်ကူညီပေးသူကတော့ သူ့အဒေါ်ပါ။
ဆူးအနေနဲ့ တောထဲသွားဖို့ဆုံးဖြတ်လိုက်ပေမယ့် ကျန်ခဲ့တဲ့မိဘနဲ့အဒေါ်မှာလည်း အန္တရာယ်ရှိနိုင်တာကြောင့် မိသားစု အပေါ်ပူပန်စိတ်တွေရှိနေခဲ့ပြန်ပါတယ်။ အထူးသဖြင့် တပ်ထဲမှာရှိနေသေးတဲ့ဖခင်ဖြစ်သူအပေါ်မှာ ဆူးအနေနဲ့ပိုလို့စိုးရိမ်နေ ခဲ့တာဖြစ်တယ်။
အာဏာသိမ်းပြီးကတည်းက စစ်သားတွေCDMလုပ်ရင် ပထမတော့စစ်မှုထမ်းဥပဒေနဲ့အရေးယူပေမယ့် လက်ရှိမှာ သေဒဏ်ပေးမှာဖြစ်လို့ ဆူးအနေနဲ့ ဝေခွဲရခက်တဲ့အခြေအနေဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ဖခင်က သူကိုယ်တိုင် တော် လှန်ရေးလုပ်တာ၊ CDMလုပ်တဲ့စစ်သားမဟုတ်တာကြောင့် အပြစ်လျော့နိုင်တယ်လို့ ဆူးက ဖြည့်တွေးနေပါတယ်။
“ ကျမတောထဲသွားမယ်ဆိုတော့ အဒေါ်ကအစ ဒီကသပိတ်ထွက်တဲ့သူတွေအဆုံး အန္တရာယ်ရှိလို့တားကြတာရှိတယ်။ သူတို့အကြောင်းပြချက်က ကျမကငယ်သေးလို့ပေါ့။ အဲဒါကိုကျမကလုပ်ပြချင်တယ်။ အဲဒီစိတ်နဲ့ပဲ ကျမသေလူလို့ဆုံးဖြတ် ပြီး ထွက်သွားဖို့ဆုံးဖြတ်လိုက်တာ”လို့ ဆူးက ပြောပါတယ်။
ပထမသွားမယ့်လမ်းကြောင်း၊ ဖြတ်ရမယ့်ဂိတ်တွေဘယ်လိုအခြေအနေရှိတယ်။ သူငယ်ချင်းတွေကို လှမ်းမေးလိုက်တော့ ထောက်ပို့နဲ့ချိတ်ပြီး ဆုံမှတ်တစ်ခုမှာတွေ့ကြဖို့ ကားလက်မှတ်ဖြတ်ထားလိုက်ပါတယ်။
အဲ့ဒီနေ့က ကားဂိတ်ကို ညနေ ၃ နာရီအရောက်သွားရမှာနီးကပ်နေပြီဖြစ်ပေမယ့် မိခင်ကလည်းမလစ်တာကြောင့် ထွက်ဖို့ ခက်နေပါတယ်။ ဒီအချိန်မှာ အဒေါ်ရဲ့ဉာဏ်ကောင်းမှုကြောင့် မိခင်အလုပ်ရှုပ်တာကိုအခွင့်ကောင်းယူကာ ဆူးထွက်လာ ခဲ့တာဖြစ်ပါတယ်။
“ထွက်လာတုန်းကတော့ ကြောက်တာမရှိပေမယ့် စစ်ဆေးရေးဂိတ်တွေရောက်ရင်တော့ ရင်တွေတဒိုင်းဒိုင်းခုန်တာ။ သေ နတ်တွေနဲ့ ကားပေါ်လာစစ်ဆေးရင် မျက်လုံးကိုအတင်းမှိတ်အိပ်ချင်ယောင်ဆောင်နေတာ။ တပ်ကအသိတွေနဲ့ တွေ့ရင် သေပြီလေ။ နောက်အဖေသိသွားပြီးဖမ်းခိုင်းမလားပေါ့။ အဲ့လိုတော့ဖြစ်တယ်”လို့ ပြောပါတယ်။
ကရင်နီပြည်ရောက်တော့ ကားဂိတ်မှာထောက်ပို့ကလာကြိုပေးပြီး သူ့အိမ်မှာတညအိပ်ပြီးနောက်နေ့မှာ ထောက်ပို့အမျိုး သမီးနှစ်ယောက်နဲ့အတူ တောထဲထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာစစ်ဆေးမေးမြန်းတာရှိပေမယ့် လာကြိုပေးသူကပဲ ဦးဆောင်ဖြေရှင်းသွားတာမို့ အခက်အခဲမရှိခဲ့ပါဘူး။
ဆူးအနေနဲ့ အခုလိုတောထဲဝင်လာရတာက ဒီတော်လှန်ရေးကြီးကို နိုင်အောင်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုသာရှိပြီး တော်လှန်ရေးအောင်သွားရင်တော့ ဘာဆက်လုပ်မယ်ဆိုတဲ့စဉ်းစားထားချက်တော့ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအနေအထားက ဘာမှရေရာမှုမရှိသေးသလို သူ့ဘဝကလည်း ဘယ်ကိုင်းနားရမှန်းမသေချာတဲ့အခြေအနေဖြစ်ပြီး ကျန်ခဲ့တဲ့မိသားစုကလည်း ဘယ်လိုအခြေအနေဖြစ်မယ်မသိသေးတာကြောင့် ဆုံးဖြတ်ချက်မချနိုင်သေးတာပါ။
ဇွန်လဆန်းလောက် တောထဲစရောက်တာနဲ့ စစ်သင်တန်း သုံးလတက်ပါတယ်။ မိဘအိမ်မှာ အဆင်သင့်နေစားလာရတဲ့ ဆူဟာ တောထဲနေစားဖို့ ကိုယ်တိုင်လုပ်ရပြီး သင်ယူရတဲ့စစ်သင်တန်းတွေက ခက်ခဲပင်ပန်းလွန်းတာကြောင့် ညဆို ဆေး ကူပြီးမှ အိပ်ခဲ့ရတဲ့အထိ ပင်ပန်းမှုတွေရှိခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်တဲ့အခါ အငတ်ခံနိုင်အောင်လေ့ကျင့်ထားရသလို မိုးဒဏ်၊လေဒဏ်ခံနိုင်အောင် မိုးရေထဲမှာ နှစ်ည၊ သုံးည အိပ်ရတဲ့လေ့ကျင့်ရေးတွေလုပ်ရတဲ့နေ့တွေဟာ ဆူးအတွက်တော့ အရှင်လတ်လတ်ငရဲကျသလိုပါပဲ။
တောထဲမှာ မစားရတစ်ရက်၊ စားရတစ်ရက်ဖြစ်ရတဲ့ကြားထဲ နေ့စဉ်စားရတဲ့ဟာတွေကလည်း မျှစ်၊ ငါးခြောက်နဲ့ ပဲဟင်း ပဲဖြစ်လို့ အိမ်ကိုပြန်ချင်စိတ်ဖြစ်ခဲ့ပြီး အဲဒီလွမ်းတာကို နာတာနဲ့ဖြေသိမ့်ရတိုင်း လေ့ကျင့်မှုတွေကို ပိုပိုလုပ်ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဆူးအတွက်နဲ့ အိမ်မှာကျန်ခဲ့တဲ့သူတွေအန္တရာယ်ရှိနိုင်သလို သူကိုယ်တိုင်ကလည်း သေလူလို့ဆုံးဖြတ်ထားပြီးပြီဖြစ်တာ ကြောင့် ဘယ်လောက်ပဲအိမ်ပြန်ချင်စိတ်ဖြစ်နေပါစေ။ တော်လှန်မပြီးသရွှေ့ အိမ်ကိုမဆက်သွယ်ဖို့ဆုံးဖြတ်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ မိသားစုဆွေမျိုးသားချင်းတွေနဲ့ တွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲမေးမြန်းတဲ့အခါ ဆူးက ကိုယ်ယုံကြည်ရာ ကို လျှောက်နေကြတဲ့သူတွေမို့ စိုးရိမ်စရာတော့မရှိပါဘူး။ တွေ့ရင်လည်းသူတိုက် ကိုယ်တိုက်ပဲလို့ ပြောပါတယ်။
ပထမသင်တန်း သုံးလကို ခက်ခက်ခဲခဲဖြတ်ကျော်ပြီးနောက်မှာတော့ ဆူးဟာ တောထဲမှာနေထိုင်မှုနဲ့ စစ်ရေးမှာ အသားကျ လာပုံရပါတယ်။ အကြောင်းကတော့ စစ်ရေးအဆင့်မြင် ငါးလသင်တန်းကို ဆက်တက်နိုင်ခဲ့လို့ပဲဖြစ်တယ်။
“စစ်သင်တန်းတက်တာက အရင်လောက်မခက်ခဲတော့ပေမယ့် ပင်တော့ပင်ပန်းတာပါပဲ”လို့ ဆူးက မှတ်ချက်ပြုပါတယ်။
သင်တန်းတွေသာ ပြီးသွားပေမယ့် ဆူးဟာ အခုထိတိုက်ပွဲတွေမှာ မလိုက်ရသေးပါဘူး။ သူအများဆုံးလုပ်ရတာက စစ် ဘေးရှောင်တွေကိုသွားကူတာ၊ ထောက်ပို့ပစ္စည်းသယ်ယူတာစတဲ့နေရာတွေမှာ လိုက်လုပ်ပေးနေခဲ့ရတာပါ။
ဆူးထက်အရင်ရောက်နေတဲ့အမျိုးသမီးစစ်သည်တစ်ချို့တောင် တိုက်ပွဲမှာနှစ်ခါလောက်ပဲ ပါဝင်နိုင်ပါသေးတယ်။ အခြေ အနေအရ လက်နက်နဲ့ ကျည်ဆံရှားပါးသလို စစ်တပ်ဘက်ကလည်း ဓါတုလက်နက်ကြီးတွေသုံးလာတာကြောင့် အန္တရာယ် များတဲ့အတွက်အမျိုးသမီးစစ်သည်လေးတွေကို ရှေ့တန်းမလိုက်ခိုင်းတော့တာလို့ ဆူးက ရှင်းပြပါတယ်။
စစ်တပ်ထဲမှာ မျက်စိပိတ်နားပိတ်နေခဲ့ရတာကြောင့် ဆူးအနေနဲ့စစ်ရေး၊ နိုင်ငံရေးတွေနားမလည်တဲ့အတွက် ပညာရှင်တွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေက တိုင်းပြည်အုပ်ချုပ်ပြီး အများကလေးစားတဲ့ တပ်တစ်ခုဖြစ်လာအောင်လုပ်နိုင်မယ်ဆိုတဲ့ယုံ ကြည်ချက်တွေ ရှိနေပါတယ်။
အဖေဖြစ်သူက ဗိုလ်မှူးဖြစ်ပြီး မပူမပန်မကြောင့်မကြနေရတဲ့ဘဝကနေ အမှန်တရားဘက်ကနေရပ်လို့ ဒုက္ခဆင်းရဲတွေခံ ကာ တိုက်ပွဲဝင်နေခဲ့တဲ့ ဆူးကတော့ သူလိုစစ်တပ်အသိုင်းအဝိုင်းကအမျိုးသမီးတွေကိုလည်း ယခုလိုတိုက်တွန်းပါတယ်။
“မတရားမှုမှန်းသိသိကြီးနဲ့ အနိုင်ကျင့်စော်ကားမခံပါနဲ့။ လူလိုဆက်ဆံမခံရတဲ့အသိုင်းအဝိုင်းက ရုန်းထွက်လိုက်ကြပါ”