ရှင်ငြိမ်း။ ။
နေရောင်ထွက်လာပြီး မြူနှင်းကွဲချိန်လောက်မှာ အမျိုးသမီးတစ်ခုဟာ အိမ်ရှေ့မှာဖျာတွေခင်းပြီး နှီးဖြာသူဖြာ၊ ဝါးခွဲသူခွဲ၊ တောင်းယက်သူယက်နဲ့ သူတို့ရဲ့တစ်နေ့တာအလုပ်ကို စတင်လိုက်ပါတယ်။
တစ်ခါတစ်ရံမှာ သူတို့စကားနဲ့ သူတို့စကားဖောင်ဖွဲ့ရင်း ရယ်လိုက်မောလိုက်နဲ့ လုပ်ငန်းကို အပြီးသတ်သွားလေ့ရှိတာ ကြောင့် ဒါကိုမြင်တွေ့သူအများစုက သူတို့ဘဝတွေအေးအေးချမ်းချမ်းရှိနေနိုင်တယ်လို့ ထင်မှတ်မှားနိုင်ပါတယ်။
အမှန်တော့ သူတို့ဘဝတွေက အများထင်သလိုမဟုတ်ပါဘူး။ သူတို့တွေဟာ နေရင်းဒေသကိုစွန့်ခွာပြီး ဒုက္ခသည်တွေ အဖြစ် စစ်ရှောင်စခန်းတွေမှာ ၁၁ နှစ်ကျော်နေနေရပြီး ထောက်ပံ့မှုကလည်း မလောက်ငတဲ့ကြား ကိုဗစ်နဲ့ စစ်ရေးကြောင့် နေ့စားအလုပ်မရှိလို့ စားဝတ်နေရေးအတွက် သောကကိုယ်စီရှိနေကြတဲ့ စစ်ဘေးရှောင်တွေပဲဖြစ်ပါတယ်။
ခက်ခဲလာတဲ့စားဝတ်နေရေးအတွက် အလှူရှင်ကိုမျှော်လင့်နေဖို့ မဖြစ်နိုင်တဲ့အခါ စစ်ဘေးဒုက္ခသည်တွေဟာ အခုလိုရိုးရာ တောင်းလုပ်တာ၊ ဆပ်ပြာ၊ တံမြက်စည်း၊ ချည်ထိုး၊ မက်စ်(mask)စတဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေလုပ်ကိုင်ရင်း ဝမ်းစာ ဖြည့်နေရပါတယ်။
နေရေလေတို့ကြောင့် အသားခြောက်သွေ့ကွဲအက်နေပြီး ကြမ်းရော်နေတဲ့လက်တွေနဲ့ ဝါးခြမ်းတွေကနေ ဓါးနဲ့နှီးဖြာနေတဲ့ “လထော်ထုရာ”ဆိုသူ ကချင်အမျိုးသမီးတစ်ဦးကိုလည်း ဒီအမျိုးသမီးတစ်စုထဲမှာ တွေ့ရပါတယ်။
ဒေါ်လထော်ထုရာဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ဝိုင်း မော်မြို့၊ ခကွန်ကျေးရွာကနေ လက်ရှိနေထိုင်တဲ့မိုင်ဂျာယန်ရှိ “ဘွမ်စစ်ပါ”စစ်ဘေးရှောင်စခန်းကို ၂၀၁၁ ခုနှစ်ကတည်းက မိသားစုနဲ့အတူ ရောက်လာခဲ့သူပါ။
“ အဆင်မပြေတာက တစ်နေ့တစ်နေ့ပိုပိုဆိုးလာတယ်။ ထမင်းမမှန်တာလည်းကြာပြီ။ ကိုယ်မှာမရှိတော့ ချေးဌားစားရ တယ်။ အမြဲချေးနေလို့မဖြစ်တော့ တံမြက်စည်းတို့၊ တောင်းတို့ရောင်းပြီး နေနေရတာ။ တခါတလေအရေးပေါ် ကျန်းမာရေး ဖြစ်ရင် ကုဖို့မရှိဘူး”လို့ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်လထော်ထုရာဟာက ငြီးတွားနေပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ကြား အပစ်ရပ်စာချုပ်ကျိုးပေါက်ပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ရက်မှာ စလိုက်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၃၀,၀၀၀(တစ်သိန်းသုံးသောင်း)လောက်ဟာ နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည်တွေ အဖြစ် ဆက်ရှိနေကြတာပါ။
ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က စစ်ဘေးဒုက္ခသည်တွေအကုန်လုံး အိမ်ပြန်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းမှုပြုလုပ်နေတဲ့အချိန်မှာပဲ စစ်အာဏာသိမ်းလိုက်တဲ့အတွက် ဒုက္ခသည်စခန်းမှာဆက်နေနေ ရတာဖြစ်တယ်။
စစ်ပွဲတွေစဖြစ်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့တဲ့စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေရရှိခဲ့လို့ အဆင်ပြေခဲ့တယ်လို့ဆိုရမှာပါ။
၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ရပ်တန့်လိုက်ပြီး လူ တစ်ယောက်အတွက် တစ်လကို ဆန်နို့ဆီဗူး သုံးလုံးနဲ့ငွေကျပ် တစ်သောင်းလောက်သာရတဲ့အခါမှာ မိသားစုစားဝတ်နေ ရေးဟာ ခက်ခဲသွားရပါတယ်။
အထောက်အပံ့တွေရပ်သွားကတည်းက မလောက်ငတာကြောင့် ဒုက္ခသည်အမျိုးသမီးတွေဟာ မြန်မာ- တရုတ်နယ်စပ်ရှိ တရုတ်ဘက်မှာ ကြံ၊ ပြောင်း၊ ဌက်ပျောစတဲ့စိုက်ပျိုးရေးအလုပ်ကြမ်းတွေမှာ နေ့စားသွားလုပ်ကာ ဝင်ငွေရှာတဲ့အခါမှာ လူကုန်ကူးမှုပြဿနာတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ကြရတယ်။
အမျိုးသားတွေလည်း မိသားစုစားဝတ်နေရေးအတွက် ပြင်ပအလုပ်ကြုံရာ ကျပန်းလုပ်ကိုင်ရင်း ဝင်ငွေရှာဖွေကြရပါတယ်။ သူတို့လည်း လမ်းခရီးမှာစစ်တပ်နဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်းရှိလာပါတယ်။
ဒီလိုအခြေအနေမှာ ကိုဗစ်ဝင်လာတော့ တရုတ်ဘက်က အမြင့်ပေ ၃၀ နီးပါးရှိပြီး တစ်ပေလောက်ထူတဲ့နယ်စပ်သံဆူကြိုး တွေကာရံကာ လျှပ်စစ်လှိုင်းတွေ လွှတ်ထားတဲ့အတွက် သွားမရတော့လို့ အလုပ်မရှိနေတဲ့အချိန်မှာ စစ်တပ်က အာဏာ သိမ်းလိုက်တာဖြစ်တယ်။
အာဏာသိမ်းမှုဖြစ်တော့ အလှူရှင်တွေလည်း လုံခြုံရေးကြောင့် လာမလှူနိုင်တော့သလို KIAကလည်း နိုင်ငံရေးအရ ဝင်ထွက်ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အပူပေါ် အပူဆင့်သလိုဖြစ်သွားခဲ့ရတယ်။
ယခင်ကတော့ ကချင်တစ်မြို့လုံးကို KIAနဲ့ စစ်တပ်က စိုးမိုးထားတာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ စစ်ရေး အရ လိုင်ဇာနဲ့ မိုင်ဂျာယန်ကို KIAက ထိန်းချုပ်လိုက်ကာ အဲ့ဒီဝင်ထွက်ဂိတ်တွေကို ပိတ်လိုက်တာဖြစ်တယ်။
အခုလိုဂိတ်တွေပိတ်သွားတဲ့အတွက် ကုန်စည်စီးဆင်းမှုပြတ်သွားရပြီး ကုန်ဈေးနှုန်းဟာ မြေပြန့်ကုန်ဈေးနှုန်းထက် သုံးဆ လောက်တက်သွားတဲ့အတွက် ဒေါ်လထော်ထုရာတို့လို အလှူရှင်အပေါ်မှီခိုစားသောက်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ပိုလို့ဒုက္ခရောက်ခဲ့ရပါတယ်။
သို့ပေမဲ့ဒေါ်လထော်ထုရာဟာ ဒီလိုအခြေအနေကိုအရှုံးမပေးဘဲ အိမ်တွေမှာ အဝတ်လိုက်လျှော်တာ၊ သန့်ရှင်းရေးလုပ် တာ၊ မုန့်လုပ်ရောင်းတာစတဲ့နည်းတွေနဲ့ အိမ်စရိတ်ကိုကြိုးစားဖြည့်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။
“ အားလုံးခက်ခဲနေတော့ ဘာလုပ်လုပ်အဆင်မပြေဘူး။ ဒါမဲ့အများကတော့ ဒီတံမြက်စည်းတို့၊ တောင်းတို့ကို စစ်ဘေးဒုက္ခ သည်တွေရောင်းတယ်ဆိုပြီး သနားပြီးဝယ်ပေးတော့ စားဖို့ရတာပေါ့”လို့ ဒေါ်လထော်ထုရာက ပြောပါတယ်။
အခုလို တစ်ပိုင်တစ်နိုင်ထုတ်လုပ်ထားတဲ့ပစ္စည်းတွေက ဒေသထဲမှာပဲရောင်းတာဆိုတော့ ရောင်းကောင်းတာမျိုးမဟုတ် ပေမယ့် ဘာမှမရောင်းဘဲ ထိုင်ငတ်နေတာထက်စာရင် အနည်းငယ်အဆင်ပြေတယ်လို့ သူက ရှင်းပြပါတယ်။
သူတို့တွေ တံမြက်စည်းတို့၊ တောင်းတို့၊ ဆပ်ပြာတို့လုပ်တဲ့သင်တန်းကို ကချင်ပြည်နယ်အခြေစိုက်စစ်ရှောင်အရေးကို ကူညီပေးနေတဲ့ NGOအဖွဲ့တစ်ခုက သင်တန်းပေးတဲ့အပြင် ကုန်ကြမ်းပါထောက်ပံ့ကူညီနေတာဖြစ်တယ်။
တံမြက်စည်းတစ်ချောင်းကို တရုတ်ငွေ ၈ နဲ့ ၁၀ ယွမ်(ကာလပေါက်ဈေးအရ မြန်မာကျပ်ငွေ ၃,၀၀၀)ကြားရောင်းရပြီး လူ တစ်ယောက်က တနေ့ကို ၁၀ ချောင်းလောက် အနည်းဆုံးထုတ်လုပ်နိုင်ပါတယ်။ နယ်စပ်မြို့လေးဖြစ်တဲ့မိုင်ဂျာယန်မှာ မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကို အသုံးများကြပါတယ်။
ဆပ်ပြာကတော့ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး တစ်ခုကို သုံးယွမ်(မြန်မာကျပ်ငွေ ၉၀၀)ကနေ ၁၅ ယွမ် အထိ ဈေးရကာ ထုတ်လုပ်မှုအားဖြင့် နှစ်ရက်လောက်ပဲကြာပါတယ်။
ဆောင်းနဲ့ နွေရာသီမှာအလုပ်များတဲ့ရိုးရာတောင်းကျတော့ အမျိုးအစားစုံရှိတဲ့အတွက် မှာယူတဲ့ပုံစံအလိုက် အနိမ့်ဆုံး ယွမ် ငွေ ၃၀ ရှိပြီး အချိန်အားဖြင့် တောင်းတစ်လုံးကို ယက်လုပ်ရတဲ့ပုံစံအလိုက် တစ်ရက်မှ သုံးရက်အထိကြာတတ်ပါတယ်။
ရောင်းတာကတော့ စစ်ရေးအရ KIAက ဂိတ်တွေပိတ်ထားတဲ့အတွက် နယ်မပို့နိုင်ဘဲ ဒေသထဲမှာရောင်းနေရတာဖြစ်တယ်။
ဒေါ်လထော်ထုရာလိုပဲ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပန်းချီဆွဲရင်းဝမ်းစာရှာပေးနေတဲ့ စစ်ဘေး ရှောင်တစ်ယောက်ကတော့“လနဇွပ်ဂျာ”စစ်ဘေးဒုက္ခသည်စခန်းမှ အသက် ၂၄နှစ်အရွယ် မပေါ်ဆားဆိုင်းမျိုးပန်ဖြစ်ပါ တယ်။
သူဆိုရင် အသက် ၁၃ နှစ်အရွယ်ကတည်းက နေရင်းကျေးရွာဖြစ်တဲ့ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကိုက် ထိပ်ကျေးရွာအုပ်စု၊ ဇွပ်မိုင်ယန်ကျေးရွာကနေ စစ်ပြေးလာရတဲ့ဒုက္ခသည်တစ်ယောက်ဖြစ်တယ်။
မပေါ်ဆားဆိုင်းမျိုးပန်ဟာ စစ်ဘေးဒုက္ခသည်ဘဝနဲ့ အင်္ဂလိပ်မေဂျာနဲ့ ကျောင်းပြီးသွားပေမယ့် အာဏာသိမ်းလိုက်မှုကြောင့် ဘွဲ့မယူလိုက်ရပါဘူး။ သူ့မှာ အကိုနဲ့ညီမတစ်ယောက်ရှိပြီး အကို့မိန်းမနဲ့ သူ့မိဘနှစ်ပါးအပါအဝင် မိသားစုခြောက်ယောက်ရှိ ပါတယ်။
စစ်ဘေးဒုက္ခသည်တွေအဖြစ်နဲ့ မိသားစုခြောက်ယောက်ရဲ့စားဝတ်နေရေးဟာ ခက်ခဲတာကြောင့် အဖေနဲ့အကိုဖြစ်သူက နယ်စပ်မှာ နေ့စားအလုပ်တွေလုပ်ရင်း ကျွေးမွေးခဲ့ပေမယ့် အဲ့ဒီအလုပ်တွေရပ်သွားတဲ့အခါ သူတို့လည်းအများနည်းတူ ဝမ်း ရေး ခက်ခဲသွားပါတယ်။
ဒီလိုမိသားစုခက်ခဲနေတဲ့အချိန်မှာ မပေါ်ဆာဆိုင်းမျိုးပန်ဟာ သူ့ဝါသနာပါတဲ့ပန်းချီနဲ့ မိသားစုကိုထောက်ပံ့ဖို့ဖြစ်လာခဲ့တယ်။ သူဟာ ပန်းချီပညာကို ဆရာတွေဆီ သီးခြားသင်ယူတတ်မြောက်ထားတာမဟုတ်ဘဲ ဝါသနာပါတာနဲ့ အခမဲ့အွန်လိုင်းသင် တန်းတွေကနေ သင်ယူတတ်မြောက်ခဲ့တာဖြစ်တယ်။
မပေါ်ဆာဆိုင်းမျိုးပန်ဟာ အသက် ရှစ်နှစ်အရွယ်မှာ ကျောင်းက ပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှစလို့ ပန်းချီကိုစဆွဲဖြစ်ခဲ့တာပါ။ သူ့အနေနဲ့ ငယ်ကတည်းကပန်းချီကိုသေချာလေ့လာလိုပေမယ့် မိသားစုကထောက်ပံ့မပေးနိုင်တာကြောင့် တစိုက်မတ် မတ် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
“ စစ်ရှောင်ရတဲ့နောက်မှာတော့ ပန်းချီပစ္စည်းဝယ်ဖို့နေနေသာသာ ကျောင်းဝတ်စုံတောင် မဝယ်နိုင်ဘူး။ ဒါမဲ့ကျောင်းကာယ ချိန်တွေမှာပန်းချီပဲဆွဲနေခဲ့တာ။ အများကြီးဆွဲတာမဟုတ်ပေမယ့် နည်းနည်းလောက်စီဆွဲဖြစ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။
တက္ကသိုလ်ကျောင်းပြီးတော့ ဖခင်ဖြစ်သူက ပန်းချီပြန်ဆွဲဖို့ တိုက်တွန်းလာသလို သင်တန်းတစ်ခုတက်ရလာတဲ့ယွမ် ၅၀၀ (မြန်မာငွေကျပ် တစ်သိန်းခွဲ)ကို အဝတ်အစားမဝယ်ဘဲ ပန်းချီပစ္စည်းတွေဝယ်ကာ ပြန်ဆွဲဖြစ်ခဲ့ပါတယ်။
သူဆွဲပြီးသားပုံတွေကို ဆိုရှယ်မီဒီယာမှာတင်တဲ့အခါ အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေက ပုံလာအပ်ကြတဲ့အတွက် ဆွဲရတဲ့ပုံအမျိုးအစားပေါ်မူတည်ပြီး တစ်ပုံကို တစ်သောင်းကနေ သုံးသောင်းထိရတာကြောင့် သူရဲ့တစ်လဝင်ငွေဟာ တစ်သိန်းနီးပါးအထိရှိလာတဲ့အခါ မိသားစုကိုပြန်ထောက်ပံ့နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလုပ်တဲ့ တကျော့ပြန်ကချင်စစ်ပွဲ ၁၁ နှစ်ပြည့်အခမ်းအနားမှာလည်း သူ့ပန်ချီကား သုံးကားလုံးရောင်း ရပြီး အလှူအနေနဲ့ ၁၅ ရာခိုင်နှုန်းပြန်လှူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မပေါ်ဆာဆိုင်းမျိုးပန်ဟာ ဘဝတူစစ်ရှောင်ကလေးတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် ဘုရားကျောင်းတွေမှာ ပန်းချီအခမဲ့သင်ပေးလျှက်ရှိပါတယ်။
အလားတူ သူတို့လိုပဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်ကြမ်းမျိုးစုံလိုက်လုပ်ကာ ဝမ်းစာရှာနေတဲ့စစ်ဘေးဒုက္ခသည် တစ်ယောက်တော့“ပါကထောင်”စစ်ဘေးဒုက္ခသည်စခန်းမှ အသက် ၃၇ နှစ်အရွယ် မမိုင်းရာဖြစ်ပါတယ်။
သူဆိုရင် နေရင်းရွာဖြစ်တဲ့ ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာကနေ မီးဖွားပြီးစ သွေးနုသားနုအချိန်မှာ ကလေးငယ်ကိုရင်ခွင်အပ်ကာ ၂၀၁၁ ခုနှစ်ကတည်းက စစ်ပြေးလာရတဲ့ဒုက္ခသည်တစ်ယောက်ဖြစ်တယ်။
“တိုက်ပွဲဖြစ်တဲ့တောင်ကြားထဲကနေ ကလေးတစ်ဖက်၊ အမေတစ်ဖက်နဲ့ အသက်လုထွက်ပြေးလာခဲ့ရတာ။ ကလေးမွေးပြီး စဆိုတော့ နာတာရော၊ ပင်ပန်းတာရောဆိုတော့ ခံစားရတာကြီးက အတော်ဆိုးတယ်။ ဒီစစ်ပြေးခဲ့ရတဲ့အခြေအနေတော့ ကျမတစ်သက်မေ့မှာမဟုတ်ဘူး”လို့ မမိုင်းရာက ပြောပါတယ်။
စစ်ရှောင်စကတည်းက အမိုးအကာမလုံ၊ ယိုင်နဲ့နဲ့ တဲအိမ်ငယ်လေးထဲမှာ မမိုင်းရာတို့ မိသားစု လေးယောက် ဖြစ်သလိုနေ ထိုင်ကြရတယ်။ ဒီလိုကြားထဲမှာ ထောက်ပံ့ရေးကလည်းမဖူလုံ၊ နေ့စားအလုပ်ကလည်းမရှိနဲ့ ရတဲ့အလှူငွေကလည်း ကလေးနှစ်ယောက်အတွက်နဲ့ ကုန်ကြရတယ်။
“ အခုကလေးတွေက ကျောင်းတက်ရမယ့်အရွယ်ရောက်ပြီ။ ငွေမရှိတော့ ကျောင်းမထားနိုင်ဘူး။ ဝဝလင်လင်မကျွေးနိုင် ဘူး။ အဟာရမပြည့်တော့ ကလေးတွေကခဏခဏဖျားတယ်။ အဲဒီအတွက်လည်း ကျမအမြဲစိတ်ညစ်ရတယ်”လို့ သူက ဆိုပါတယ်။
အာဏာမသိမ်းမီကတော့ အစိုးရထောက်ပံ့မှုနဲ့ ကိုဗစ်ကြောင့် အလှူရှင်တွေရတဲ့အတွက် အနည်းငယ်အဆင်ပြေတယ်လို့ ဆိုနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ အမေ့လျော့ခံတွေဖြစ်သွားခဲ့ကြတယ်။
မမိုင်းရာဆိုရင် သူရဲ့ခင်ပွန်းသည်ဟာ နေ့စားအလုပ်တွေမရှိတဲ့အခါမှာ စခန်းဘေးက မြေကွက်လပ်မှာ ဒုက္ခသည်တွေ စုပေါင်းစိုက်ပျိုးရေးမှာဝင်လုပ်ရင်းကနေ ရလာတဲ့ရိက္ခာနဲ့ မိသားစုမငတ်ရုံတမယ် ဝမ်းစာဖြည့်ခဲ့ကြရတယ်။
ပြီးခဲ့တဲ့နှစ် မတ်လကစလို့ ကချင်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ပြည်တွင်းအခြေစိုက် NGO တစ်ခုက ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခြေခံစားဝတ်နေရေးအတွက်လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးလာတဲ့အခါမှာတော့ သူတို့ အသက်ရူချောင်သွားခဲ့တယ်။
“အဖွဲ့က ပံ့ပိုးပေးတဲ့ဝက်မွေးမြူရေးလုပ်တယ်။ တစ်ဖက်မှာလည်း နှာခေါင်းစည်း(mask)တွေချုပ်ရတယ်။ တစ်ရက်ကို အခု ၅၀ လောက်ပြီးတော့ ငွေ ၁၅၀၀၀ လောက်ရတော့အဆင်ပြေတယ်လေ။ အဲ့ဒါမချုပ်ရရင် ဆပ်ပြာလုပ်ရောင်းတယ်”လို့ မမိုင်းရာက ရှင်းပြပါတယ်။
ဆပ်ပြာဟာ သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတာကြောင့် ယခင်က ရန်ကုန်မြို့အထိတင်ပို့ရောင်းနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံရေးအရ ဂိတ်တွေပိတ်လိုက်တာကြောင့် မတင်ပို့နိုင်တော့ဘဲ ဒေသထဲမှာရောင်းနေရ တာဖြစ်တယ်။
အများကြီးရောင်းရတာမျိုးမဟုတ်ပေမယ့် တစ်နေ့စားရဖို့ရနေသေးလို့ ခေတ်အခြေအနေကောင်းလာမယ့်အချိန်ထိတော့ တောင့်ခံထားနိုင်ဖို့လိုမယ်လို့ မမိုင်းရာက ဆိုပါတယ်။
ယခင်ကတော့ စစ်ဘေးဒုက္ခသည်တွေရဲ့အရေးကို အစိုးရဘက်လူမူဝန်ထမ်းဌာနနဲ့ NGO အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အင်တိုက်အားတိုက်ကူညီမှုကြောင့် အဆင်ပြေမှုရှိခဲ့ကြတယ်။
အာဏာသိမ်းပြီးနောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့မထင်ရင် မထင်သလိုဖမ်းဆီးထောင်ချမှုတွေကြောင့် အစိုးရအဖွဲ့ဝင် တချို့အပါအဝင် အဖွဲ့အစည်းအတော်များများဟာ ပြည်ပကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ယခင်လိုမကူညီနိုင်ကြ တော့တာပါ။
အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ လူမှုဝန်ထမ်းဌာနရဲ့ဝန်ကြီးဒေါ်သက်သက်ခိုင်ကတော့ မြစ်ကြီးနားရှိ စစ်ဘေးဒုက္ခ သည်တွေကို လာကြည့်သွားပေမယ့် အခုထိကူညီတာ၊ ထောက်ပံ့စတဲ့တစ်စုံတစ်ခုလုပ်ပေးတာမတွေ့ရသေးပါဘူး။
လက်ရှိကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ စားသောက်ရေးနဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအထောက်အပံ့တွေကို တော့ ကချင်အမျိုးသမီးအစည်းအရုံး- ထိုင်းနိုင်ငံ(KWAT)၊ ပြည်တွင်းအခြေစိုက် NGOအဖွဲ့အစည်းတစ်ခုနဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ကူညီပေးနေတာဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ခံက“နိုင်ငံရေးအခြေအနေမကောင်းတော့ အရင်လိုတော့ အများကြီးမထောက်ပံ့ နိုင်ဘူး။ ဘတ်ဂျက်နဲ့ လုံခြုံရေးအခြေအနေအရကြောင့်ပါ။ ဒါပေမဲ့သူတို့အခြေခံလိုအပ်ချက်လေးတွေကိုတော့ တတ်နိုင် သမျှလုပ်သွားပေးဖို့တော့ရှိပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မလောက်ငတဲ့ထောက်ပံ့မှုတွေကြားမှာ ဘဝကိုအရှုံးမပေးဘဲ သူတို့ တတ်ထားတဲ့ပညာနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေလုပ်ကိုင်ရင်း ဘဝကိုရအောင်ရပ်တည်နေထိုင်နေကြပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံရေးတည်ငြိမ်မှ သူတို့လည်းအိမ်ပြန်နိုင်မှာဖြစ်သလို စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည် လုပ်ကိုင် နိုင်မှာဖြစ်လို့ ကိုဗစ်နဲ့ စစ်ပွဲကြီးအမြန်ပြီးသွားဖို့ကို မျှော်လင့်နေကြပါတော့တယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024