ခင်ဘုန်းမို့။ ။
သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေကြားမှာ အမျိုးသမီးငယ်တစ်ဦးဟာ သတိကပ်ရင်း ပတ်ဝန်းကျင်ကိုမျက်ခြေ မပြတ် စောင့်ကြည့်နေခဲ့တယ်။
လက်ထဲမှာလည်း တူမီးသေနတ်ကို ကိုင်ထားကာ အသင့်အနေအထားနဲ့နေနေတယ်။ အဲ့ဒီနောက် ရန်သူကိုတွေ့တာနဲ့ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်လိုက်ပါတော့တယ်။
သေနတ်သံတွေနဲ့ ရင်းနှီးအသားကျပြီးသားဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာကြားရတဲ့ သေနတ်သံတွေက အမျိုးသမီးငယ်အတွက် ပိုပြီးနီးနီးကပ်ကပ်ရှိခဲ့တယ်။
အကြောင်းကတော့ သူဟာ စစ်မြေပြင်တိုက်ပွဲထဲရောက်နေလို့ပါပဲ။ သူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီကို ရှေ့တန်းမှာတိုက်ခိုက်နေတဲ့ အသက် ၂၂ အရွယ် အက္ခရာ(အမည်လွှဲ)ပါ။
“ ပထမဆုံးတိုက်ပွဲမှာ တူမီးနဲ့စတင်တိုက်ပွဲဝင်ခဲ့ရတယ်။ ရန်သူ့ဘက်က လက်နက်ကြီးနဲ့တိုက်ခိုက်လာတာကို ခံခဲ့ရတယ်” လို့ အက္ခရာက သူ့ရဲ့ပထမဆုံးတိုက်ပွဲအတွေ့အကြုံကို ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်ကလူငယ်အများစုဟာ အာဏာရှင်ကိုလက်နက်ကိုင်တိုက်ထုတ်ဖို့အတွက် လွတ်မြောက်နယ်မြေသွားကာ စစ်ပညာသင်ကြားကြ၊ စစ်သင်တန်းတက်ကြပါတယ်။ စစ်သင်တန်းတွေ အထိုက်အသင့် ပြီးဆုံးသွားကြသလို စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲစတင်နေတာလည်း ကာလအတန်ရှိနေပါပြီ။
စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီးအချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။
ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူတွေထဲမှာ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)ရဲ့ G1စစ်ရေး၊ ဒုတပ်စုမှူးနဲ့ ဒုဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အက္ခရာလည်းပါဝင်ပါတယ်။
ပုဂ္ဂလိကကျောင်းတစ်ခုမှာ စာသင်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ အက္ခရာတစ်ယောက်စစ်အာဏာသိမ်းပြီး နောက်မှာ လမ်းပေါ်ဆန္ဒပြပွဲတွေမှာပါဝင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ အခြေခံစစ်ပညာသင်တန်းတွေတက်ကာ စစ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တော့တယ်။
ဆန္ဒပြရုံနဲ့မပြီးဘဲ လက်နက်ကိုင်တော်လှန်မှသာ အောင်မြင်မှုပန်းတိုင်ရောက်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် လက်နက် ကိုင် လမ်းစဉ်ကိုရွေးချယ်ဖြစ်ခဲ့တယ်လို့ သူကဆိုတယ်။
“ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် လက်ဗလာနဲ့နေပြီး ဆန္ဒပြလို့မရဘူးဆိုတဲ့ တွန်းအားတွေကြောင့်လက်နက်ကိုင်ဖြစ်ခဲ့တာပါ” လို့ အက္ခရာကသူ့ခံယူချက်ကို ပြောပါတယ်။
လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာလည်း အစပိုင်းမှာ မိသားစုဝင်တွေက ကန့်ကွက်ကြပေမယ့် နောက်ပိုင်းမှာတော့ တစ်မိသားစုလုံး တော်လှန်ရေးထဲမှာ ဘက်ပေါင်းစုံက ပါဝင်လှုပ်ရှားနေကြပြီ။
အက္ခရာတစ်ယောက် စစ်သင်တန်းတက်တဲ့အခါမှာလည်း ပင်ပန်းမှုဒဏ်တွေ၊နာကျင်မှုတွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ အခက်အခဲနဲ့ နာကျင်မှုတွေရှိခဲ့ပေမယ့်လည်း ဒီနာကျင်မှုတွေက စစ်ကောင်စီတပ်သားတွေ ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်ပြီး မတရားဖိနှိပ်တာထက်စာရင် မပြောပလောက်ဘူးဆိုတဲ့အတွေးနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ တယ်။
စစ်သင်တန်းတက်ရင်း စိတ်ဓာတ်ကျတဲ့အချိန်တွေမှာလည်း စိတ်ဆင်းရဲနေကြတဲ့ ပြည်သူတွေကိုကြည့်ပြီး အားတင်းကာ တော်လှန်မှရမယ်ဆိုတဲ့အတွေးနဲ့ စိတ်ဓာတ်မကျအောင်ဖြတ်သန်းနေထိုင်ခဲ့တယ်။
လိုအပ်တဲ့လေ့ကျင့်မှုတွေပြုလုပ်ကာ သင်တန်းတက်ပြီး နှစ်လအကြာမှာ ပထမဆုံးမြေပြင်တိုက်ပွဲအတွေ့ အကြုံကိုရခဲ့ တယ်။ အက္ခရာတို့ဘက်က တူမီးသေနတ်နဲ့သာ ယှဉ်ပြိုင်တိုက်ခိုက်ရပြီး ရန်သူ့ဘက်က စစ်ရေးအတွေ့အကြုံအပြည့်အစုံ၊ လက်နက်ပြည့်စုံမှုတွေနဲ့ အားသာမှုတွေရှိပြီး လက်နက်ကြီးနဲ့ ပစ်တာတွေကို ကြုံတွေ့ခဲ့ရတယ်။
“ ကျွန်မတို့လက်ချက်နဲ့ ရန်သူအများအပြားကျပြီး ရန်သူစခန်းကိုသိမ်းဖို့အထိ ရည်ရွယ်ထားပေမယ့် စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်လာတဲ့အတွက် ကျွန်မတို့ဘက်က အကျအဆုံးမရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အက္ခရာက သူရဲ့ ပထမဆုံးစစ်ရေးအတွေ့အကြုံကို ပြန်ပြောပြပါတယ်။
အက္ခရာတို့အနေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့အခါမှာ မြေပြင်တိုက်ပွဲထက် မိုင်းဆင်တဲ့စစ်ဆင်ရေးက ပိုခက်ခဲပါ တယ်။ မိုင်းဆင်တဲ့အခါမှာ ဒလန်တွေသတင်းပေးမှာကြောက်ရ၊ Errorတက်မှာစိုးရနဲ့ ပိုပြီးအန္တရာယ်များလှတယ်။
သင်တန်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံနဲ့ မြေပြင်တိုက်ပွဲအတွေ့အကြုံကတော့ ကွာခြားလွန်းလှတယ်။ သင်တန်းမှာ အမှားအယွင်းရှိခဲ့ရင် သင်တန်းမှူးကပေးတဲ့ ပြစ်ဒဏ်လောက်သာ ခံစားရပေမယ့် မြေပြင်စစ်ဆင်ရေးမှာတော့ ဆုံးဖြတ်ချက် မှားရင် အကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ်။
လက်ရှိမှာတော့ အက္ခရာအနေနဲ့ စစ်ရေးအတွေ့အကြုံ ငါးခုလောက်တာဝန်ထမ်းဆောင်းဖူးပြီးပါပြီ။
စစ်ရေးတာဝန်တွေထမ်းဆောင်ပြီးလို့ ရှေ့တန်းကပြန်လာပြီးတဲ့အခါမှာတော့ စိတ်အေးသက်သာစွာအနားယူပါတယ်။
“ Battle ပြန်လာတဲ့အချိန်သီချင်းနားထောင်တယ်။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ကိုယ်ချစ်ရတဲ့သူတွေ ကိုပြောပြရင်း အနားယူတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ စကားပြောရတော့ ပင်ပန်းလာသမျှအားပြည့်လာခဲ့တယ်” လို့ အက္ခရာကဖွင့်ဟပါတယ်။
အမျိုးသမီးဖြစ်တာကြောင့် ဓမ္မတာလာတဲ့အချိန်မှာကြုံရတဲ့ နာကျင်ကိုက်ခံမှုဝေဒနာနဲ့ စိတ်ဓာတ်ကျတဲ့ခံစားမှုတွေကို ဆေး သောက်ပြီးကျော်ဖြတ်ခဲ့တယ်။ တော်လှန်ရေးပြီးတဲ့အခါ အဖေ့မွေးရပ်ဇာတိကို အမြန်ဆုံးပြန်ကာ အမေချက်တဲ့ ထမင်း ဟင်းစားပြီး မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်နေချင်တာကတေ့ အက္ခရာရဲ့ဆန္ဒပါပဲ။
အက္ခရာနည်းတူ ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံရှိသူတစ်ဦးကတော့ မုံရွာခရိုင်အမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ အမှတ်(၃)ဒီမိုတပ်ခွဲမှာ ဘဏ္ဍာရေးနဲ့ထောက်ပို့တာဝန်ယူထားတဲ့ အသက်၂၄နှစ်အရွယ် ဆူး(အမည်လွှဲ)ပါ။
စစ်အာဏာမသိမ်းခင်က ပြည်ပခရီးသွားလုပ်ငန်းမှာ ခရီးစဉ်ဦးဆောင်သူအဖြစ် ခရီးတွေထွက်ရင်း အချိန်တွေကုန်ဆုံးခဲ့ ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။
ဆူးကလည်း တခြားလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သူတွေနည်းတူ ဆန္ဒပြရုံနဲ့မပြီးဘူး ကိုယ်တိုင်တိုက်ယူမှရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။ မိသားစုက အစပိုင်းမှာကန့်ကွက်ခဲ့ပေမယ့် တားမရတဲ့ အဆုံးမှာခွင့်ပြုပေးခဲ့တယ်။
စစ်သင်တန်းတက်သူတိုင်းမှာ ကြုံတွေ့ရတဲ့အိပ်ရေးပျက်တာ၊ပင်ပန်းတာ၊ အစားအသောက်ဆင်းရဲတာ၊ သုံးရေအခက်အခဲ နဲ့ ကျန်းမာရေးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဆူးတစ်ယောက် စိတ်ဓာတ်ကျတဲ့အချိန်တွေကို စာဖတ်တာ၊ ရင်းနှီးသူ တွေကို ရင်ဖွင့်တိုင်ပင်ကာဖြတ်သန်းခဲ့တယ်။
သင်တန်းကာလတွေကိုဖြတ်သန်းရင်းနဲ့ သင်တန်းအပြီး ရှစ်လအကြာမှာ မြေပြင်တိုက်ပွဲမှာပါဝင်ခဲ့ရတယ်။
စစ်ကောင်စီစခန်းချနေတဲ့ ပျူရွာကို ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့တာက ဆူးအတွက်ပထမဆုံးအတွေ့အကြုံပါပဲ။
“ အမျိုးသမီးရဲဘော်အနေနဲ့ ရှေ့တန်းလိုက်ရတဲ့ အခွင့်အရေးနည်းပါးလို့ ရှေ့တန်းလိုက်ရတဲ့ ရှားရှားပါးပါးအခွင့်အရေးမှာ ရန်သူနဲ့ထိတွေ့မှုမရှိဘဲ ပြန်ဆုတ်လာရမှာကို စိုးရိမ်တယ်။ တိုက်ပွဲပြီးချိန်မှာ ရန်သူ့ဘက်ကထိခိုက်ကျဆုံးပြီး ကိုယ့်ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲနဲ့ ပြန်ဆုတ်ခွာနိုင်တဲ့အတွက် ကျေနပ်တယ်” လို့ ဆူးက အားရကျေနပ်စွာဆိုတယ်။
တိုက်ပွဲနေရာကိုရောက်ဖို့ ညအိပ်ညနေပင်ပန်းကြီးစွာ ခရီးသွားရတာတဲ့အခါ၊ ညဘက်အိပ်တဲ့အခါတွေမှာ ရှေ့တန်းမှာ ဖြစ်တဲ့အတွက် အကုန်စုပြီးနေကြရတာ၊ အပေါ့အပါးသွားရတာတွေကတော့ အမျိုးသမီးဖြစ်တဲ့အတွက် အဆင်မပြေမှု အချို့ရှိခဲ့တယ်။ ဒါ့ပေမယ့် ရဲဘော်ရဲဘက်စိတ်နဲ့ အဆင်ပြေအောင်ဖြတ်သန်းခဲ့တယ်။
ရန်သူ့စခန်းကို ပြောက်ကျားစနစ်နဲ့တိုက်ပြီး ပြန်ဆုတ်လာတဲ့အချိန်မှာ ရန်သူ့ဘက်လက်နက်ကြီးနဲ့ ပစ်တာခံရတာကတော့ ဆူးအတွက် မှတ်မှတ်ရရပါပဲ။ ရန်သူ့ဘက်က လက်နက်ကြီးနဲ့ပစ်တာ အနားကိုကျလာတဲ့အခြေအနေနဲ့လည်းကြုံခဲ့ဖူးတယ်။
ဆူးအနေနဲ့ မြေပြင်စစ်ဆင်ရေးမဆောင်ရွက်ခင်မှာ အကောင်းဆုံးကို မျှော်လင့်သလိုအဆိုးနဲ့ကြုံလာရင် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ထားပြီး ရှေ့တန်းက ပြန်လာချိန်မှာတော့ တပ်ခွဲကပေးအပ်ထားတဲ့ ပုံမှန်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ အိပ်ရေးဝ အောင်အိပ်တာ၊အစားမှန်မှန်စားကာ နေထိုင်ဖြတ်သန်းတယ်။
အက္ခရာနဲ့ဆူးတို့နည်းတူ ရှေ့တန်းအတွေ့အကြုံရှိတဲ့ ရဲဘော်အမျိုးသမီးတစ်ဦးကတော့ ယင်းမာပင်မြို့အခြေစိုက် ရွှေတြိဂံ တပ်ရင်း၊တပ်ခွဲ(၄)ဖြစ်တဲ့ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ဖွဲ့မှာ တပ်စိတ်မှူးတာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ် အရွယ် ဂျက်မ(အမည်လွှဲ)ပါ။
မူလက မဟာတန်းကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့ ဂျက်မဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင်ကိုဖြတ်ချဖို့ လက်နက်ကိုင်ခဲ့တယ်။ မိသားစုက အစပိုင်းက စိတ်မချချင်ခဲ့ပေမယ့် တစ်မိသားစုလုံးက အာဏာရှင်ကို တော်လှန်ချင်စိတ် တွေ တူတာကြောင့်အစစအရာရာပံ့ပိုးပေးခဲ့တယ်။
စစ်သင်တန်းတက်တဲ့အခါမှာလည်း အခက်အခဲရှိပေမယ့် လိုချင်တဲ့ပန်းတိုင်ကိုရောက်ချင်စိတ်နဲ့ ကျော်ဖြတ်ခဲ့တယ်။
သင်တန်းဆင်းပြီး မကြာခင်မှာပဲ တိုက်ပွဲအတွေ့အကြုံတွေရခဲ့တယ်။ ပထမဆုံးစစ်ဆင်ရေးအတွေ့အကြုံမှာ သေနတ်သံ ကျည်ဆံသံတွေ သိပ်မကြားဖူးသေးတဲ့အတွက် စိတ်လှုပ်ရှားခဲ့တယ်။
“ စစ်ဆင်ရေးဆို ပျူရွာလိုပုံံစံကို သွားသိမ်းရတာတော့ခက်တယ်။ စခန်းသိမ်းပုံစံတွေဆိုခက်တယ်။ လမ်းကြော မကောင်း တာရော အဆက်အသွယ်တွေ မကောင်းတာရော။ သူတို့က(စစ်ကောင်စီ) နေရာကောင်းကောင်းကို နေရာယူထားနိုင်တာ ဆိုတော့လေ။ အဲ့လိုအခက်အခဲတွေတော့ရှိတယ်”လို့ ဂျက်မကသူ့အတွေ့အကြုံကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းကိုမီးရှို့သွားတဲ့အခြေအနေကို ရင်ဆိုင်ရတဲ့အခါမှာ ဂျက်မတစ်ယောက် စိတ်ဓာတ်ကျခဲ့ တယ်။ ဒီတိုက်ပွဲက ငါတို့တိုက်မှာနိုင်မှာ ငါတို့မတိုက်ရင်ပြီးမှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့အားတင်းပြီးတိုက်ပွဲဝင်တယ်လို့ သူက ဖွင့်ဟတယ်။
စစ်ကောင်စီဘက်က လေယာဉ်နဲ့လိုက်ပစ်တုန်းကလည်း ဂျက်မတို့မှာပြေးစရာတောရယ်လို့လည်းမရှိ၊ နွေရာသီဖြစ်တဲ့ အတွက် သစ်ပင်တွေကလည်း အရိုးပြိုင်းပြိုင်းဆိုတော့ ပြေးပုန်းစရာတော်တော်ခက်ခဲခဲ့တယ်။
“ တိုက်ပွဲမှာတစ်ခုမှာဆိုမှတ်မှတ်ရရ ကိုယ်ကတူမီးနဲ့ သူတို့နဲ့ battleဆိုင်ပစ်တယ်။ ဆိုင်ပစ်နေတဲ့ အချိန်မှာမိုးတွေ ရွာတော့ ပြေးခဲ့ရတယ်။ တူမီးဆိုတော့မိုးရွာရင် အလုပ်မဖြစ်ဘူးလေ။ ပြန်ဆုတ်ပြီးတော့ပြေးခဲ့ရတယ်”လို့ ဂျက်မက သူ့အတွေ့အကြုံ ကို ပြောတယ်။
စစ်ဆင်ရေးတာဝန်တွေမရှိချိန်မှာတော့ ဂျက်မဟာ ကလေးတွေကိုစာသင်ပေးရင်းဖြတ်သန်းနေပါတယ်။
“ ကျွန်မတို့ လိုကယ်တွေ(ပြည်တွင်းအဖွဲ့) အနေနဲ့ ရပ်တည်နေရတာဆိုတော့ လက်နက်အင်အားငွေအင်အားမပြည့်စုံဘူး မပြည့်စုံနဲ့ကြားထဲ လုပ်ကိုင်နေရတာပေါ့လေ။ ထောက်ပံ့မှုတွေလိုပါတယ်”လို့ ဂျက်မကဖွင့်ဟပါတယ်။
တော်လှန်ရေးမှာ အဆုံးထိပါဝင်ဖို့ စိတ်ရော၊ ရုပ်ရောပြင်ဆင်ထားပြီး တော်လှန်ရေးအောင်တဲ့အခါ ကျောင်းဆရာမဘဝကို ဖြတ်သန်းချင်တာကတော့သူ့ရဲ့ဆန္ဒပါ။
အမျိုးသားတွေတန်းတူ စစ်သင်တန်းတက်ရောက်ထားကြတဲ့ အမျိုးသမီးတွေတိုင်း ရှေ့တန်းစစ်မြေပြင်ရောက်ဖို့ အဟန့် အတား တစ်ချို့တော့ ရှိနေပါသေးတယ်။
ရှေ့တန်းမှာ အမျိုးသမီးရဲဘော်တွေအဖမ်းခံခဲ့ရရင် ဆိုးရွားတဲ့ဖြစ်စဉ်တွေနဲ့ကြုံတွေ့ရမှာ၊ အမျိုးသားတွေကြားထဲမှာ အမျိုး သမီး အနည်းစုဖြစ်နေတာ၊ တိုက်ပွဲအတွေ့အကြုံနည်းသေးတာ၊ လက်နက်အင်အားမလုံလောက်တာ စတဲ့အချက်တွေက အမျိုးသမီးတွေ ရှေ့တန်းလိုက်ဖို့ အဟန့်အတားတွေဖြစ်တယ်လို့ ရှေ့တန်းရောက်အမျိုးသမီးတွေကမှတ်ချက်ပေးပါတယ်။
အဓိအကြောင်းရင်းကတော့ လက်နက်အင်အားမလုံလောက်တာလို့သူတို့ကဆိုပါတယ်။
ဒီလိုအခက်အခဲမျိုးစုံရှိပေမယ့်လည်း စစ်အာဏာရှင်ပြုတ်ကျဖို့ အမျိုးသမီးတွေဟာရှေ့တန်းကနေ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြပါပြီ။
“ ရှေ့တန်းမှာအမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး ပါဝင်လာနိုင်ဖို့မျှော်လင့်ပါတယ်။ ရှေ့တန်း မလိုက်ရရင်တောင်မှပဲ အမျိုးသမီးတွေဟာလည်း တိုင်းပြည်တာဝန်ကို ကျရာနေရာက ထမ်းဆောင်နိုင်ကြမယ်လို့ ယုံကြည် ပါတယ်” လို့ ဆူးကဆိုပါတယ်။
အက္ခရာကလည်း “ ကျွန်မတို့လည်းတတ်နိုင်တဲ့ဘက်နေ ဒီမိုကရေစီပန်းတိုင်အမြန်ဆုံးရောက်အောင် အစွမ်းကုန်ကြိုးစား တိုက်ပွဲဝင်နေပါတယ်။ တခြားသောညီအမတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်”လို့ ဆိုပါတော့တယ်။