ခင်ဘုန်းမို့။ ။
မူလကလူနေအိမ်တွေခြံဝန်းတွေ၊သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုသာသာယာယာရှိနေတဲ့ နေရာတစ်ခုက အခုအခါမှာတော့ မီးလောင်ပြီးခါစ ကွင်းပြင်တစ်ခုဖြစ်နေပါပြီ။ နေရောင်ခြည်က အရှိန်ပြင်းပြင်းနဲ့ပူနေတဲ့အပြင် ပတ်ဝန်းကျင်တစ်ခုလုံး က လည်း မီးခိုးညှော်နံ့တွေနဲ့ ဖုံးလွှမ်းနေတယ်။
မီးသွေးတုံးပမာ အမဲရောင်သန်းနေတဲ့ သစ်ပင်ထီးထီးတွေ၊ပြာကျနေတဲ့ နေအိမ်အပိုင်းအစတွေသာ ရှိနေတဲ့ ထိုနေရာမှာ အမျိုးသမီးငယ်တစ်ဦးက မတ်တပ်ရပ်ရင်း ကင်မရာကိုကြည့်လိုက် မီးလောင်ပြင်ကြီးကိုကြည့်လိုက်နဲ့ ဗီဒီယိုတစ်ခုကို ရိုက်ကူးတင်ဆက်နေပါတယ်။
“ ဒီရွာကအကုန်လုံးနီးပါးက အိမ်ကြီးအိမ်ကောင်းတွေပဲ နှစ်ထပ်အိမ်တွေ တိုက်အိမ်တွေအကုန်လုံးကို မီးရှို့သွားတာပါ၊ တစ်ရွာလုံးနီးပါးပဲ”လို့ ဆိုရင်း သူရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကို ဗီဒီယိုကတစ်ဆင့်ရှင်းပြနေပါတယ်။
မီးလောင်ကျွမ်းပြီးသေဆုံးနေတဲ့ နွား၊ကြက်အစရှိတဲ့ တိရိစ္ဆာန်တွေအပြင် မီးလောင်ကျွမ်းနေဆဲဖြစ်တဲ့သစ်ပင်ကြီးတွေ ငိုကြွေးနေကြတဲ့ ဒေသခံတွေကို ဗီဒီယိုရိုက်ကူးပြထားပြီး အမျိုးသမီးငယ်က မီးရှို့ခံရတဲ့အကြောင်းအရာနဲ့ အဖြစ်အပျက် တွေကိုပြောပြနေတယ်။
ဒီလို အကြောင်းအရာတွေကို တင်ဆက်နေရင်းပဲ မီးလောင်ပြင်ကြီးရှေ့မှာ အမျိုးသမီးငယ်ဟာ မျက်ရည်တွေ ကျလာ ပါတော့တယ်။
သူကတော့ အညာဒေသက မြေပြင်အခြေအနေတွေ၊ မီးလောင်ပြင်တွေ၊တော်လှန်ရေးလှုပ်ရှားမှုတွေကို တင်ဆက်ပေးနေ တဲ့ အသက်၂၀ကျော်အရွယ် နိုရာပါ။ နိုရာရိုက်ကူးထားတဲ့ ရုပ်သံတွေကို Spring Archive YouTube Channelမှာ ထုတ်လွှင့်ထားပါတယ်။
မြန်မာနိုင်ငံက လူငယ်အမျိုးသမီးတွေအနေနဲ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်တိုက်ပွဲဝင်တာ၊ မြေပြင် ပျောက်ကျားသပိတ်ဖော်ဆောင်တာ၊ ရန်ပုံငွေရှာတာစတဲ့တော်လှန်ရေးအတွက်လိုအပ်တဲ့ နေရာအသီးသီးမှာပါဝင်နေကြ ပါတယ်။
လူငယ်တွေထဲက အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ နိုရာကတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ လိုအပ်တဲ့ငွေကို ရှာပေးနိုင်ဖို့ လုံခြုံရေးအခြေအနေနဲ့အသက်အန္တရာယ်ကိုမမှုဘဲ မြေပြင်မှာရုပ်သံတွေရိုက်ကူးတင်ဆက်တဲ့ တာဝန်ကိုပုခုံး ပေါ်တင်ဖို့ရွေးချယ်ခဲ့တယ်။
တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ နိုရာတစ်ယောက် စစ်တပ်ကအာဏာသိမ်းပြီး နောက်မှာတော့ မြန်မာနိုင်ငံက အခြား သောလူငယ် တွေနည်းတူ သမိုင်းပေးတာဝန်အရ တော်လှန်ရေးခရီးကြမ်းကိုလျှောက်လှမ်းခဲ့တယ်။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ကတည်းက သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့တယ်။
စစ်ကောင်စီကဘက်က သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ပစ်ခတ်မှုတွေလုပ်လာတဲ့အခါ Medical Cover အဖြစ် ဆောင်ရွက်ခဲ့တယ်။ စိတ်တူကိုယ်တူလူငယ်တွေကို အခြေခံဆေးသင်တန်းတွေပေးခဲ့တယ်။
စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေဆက်တိုက်လုပ်လာတဲ့အခါမှာတော့ လွတ်မြောက်နယ်မြေကိုထွက်ခဲ့ပြီး စစ်ဘေးရှောင် စခန်းတွေမှာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ကျန်းမာရေးသင်တန်းတွေပေးခဲ့တယ်။
လက်ရှိမှာတော့ Spring Archive ကိုစတင်ခဲ့တယ်။
နိုရာ့အနေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် အလှူရှင်တွေနဲ့ချိတ်ဆက်တာတွေ ပြုလုပ်ပေးပေမယ့် တစ်ချို့ အလှူရှင်ကြီးတွေအနေနဲ့ နာမည်မကြီးတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို လှူဒါန်းမှုနည်းပါးတာတွေကို ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီအစီအစဉ်ကို စတင်ခဲ့တာလို့ဆိုတယ်။
“ အလှူရှင်တွေဘက်ကတွေးမယ်ဆိုရင်လည်း ဒီအဖွဲ့က သူတို့လိုက်လို့မရတဲ့အဖွဲ့ဖြစ်တယ်။ စုံစမ်းလို့မရတဲ့ အဖွဲ့ဖြစ်နေ တယ်။ ဒီအဖွဲ့က တကယ်အလုပ်လုပ်လားမလုပ်လား။ သူတို့ကသိချင်မှာပေါ့နော်။ ဒီအဖွဲ့တွေက တကယ်အလုပ်လုပ် ပေမယ့်လည်း သူတို့အလုပ်လုပ်တဲ့ဟာတွေက လူမသိတာ၊ မီဒီယာပေါ်မရောက်တာဖြစ်သွားတယ်”လို့ နိုရာကရှင်းပြပါ တယ်။
တစ်ချို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်ဆိုရင်လည်း တစ်ထောင့်ထိုးတွေလောက်ပဲရှိတာ၊ မောင်း မပြန်တဲ့သေနတ်တွေ ကျည်မထွက်တဲ့သေနတ်တွေ တူမီးသေနတ်ဆိုရင်လည်း တူမီးထဲကိုထည့်ဖို့ ယမ်းတွေ၊ခဲတွေ အလျှင် မီအောင်မဝယ်နိုင်တာစတဲ့ အခက်အခဲတွေကိုမြင်တွေ့ကြားသိခဲ့တယ်။
နိုရာအနေနဲ့ ဒီအကျပ်အတည်းတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးချင်တဲ့အတွက် Spring Archive YouTube Channelကို ဝါသနာတူရဲဘော်တွေနဲ့စတင်ခဲ့တာဖြစ်တယ်။
ဒီYouTube Channel ကတစ်ဆင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လိုအပ်နေတဲ့ ရန်ပုံငွေတွေ၊ အလှူငွေ တွေရရှိအောင်ရှာဖွေသွားဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ချန်နယ်ကဝင်ငွေ မရရှိသေးပါဘူး။
နောက်ပိုင်း YouTube Channel ကရတဲ့ဝင်ငွေတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကိုထောက်ပံ့တာ၊ တိုက်ပွဲ ကြောင့် ကိုယ်လက် အင်္ဂါစွန့်ပစ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ကူညီပေးတာ၊ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေအတွက် ထောက်ပံ့ တာ၊ မီးရှို့ခံထားရတဲ့ရွာတွေအတွက် ကူညီပေးတာစတာတွေ ဆောင်ရွက်သွားဖို့နိုရာက ရည်မှန်းထားတယ်။
ဒီလိုတော်လှန် ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရာမှာ လွယ်ကူနေတာတော့မဟုတ်ပါဘူး လုံခြုံရေးကိုအထူး ဂရုစိုက်ကြရ ပါတယ်။
သပိတ်ခေါင်းဆောင်တွေ၊ တော်လှန်ရေးအတွက်ရှေ့ထွက်နေရသူတွေ၊ လွတ်မြောက်နယ်မြေမှာရှိနေတဲ့သူတွေကလွဲလို့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောဆိုဖို့က အလွန်အန္တရာယ်ကြီးလှပါတယ်။
နိုရာကတော့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ အညာဒေသက မြေပြင်အခြေအနေတွေ၊ တော်လှန်ရေး လှုပ်ရှားမှု အခြေအနေတွေကို ပြည်သူတွေသိရှိအောင်အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် တစ်ဖက်တစ်လမ်းက လိုအပ်တဲ့ဝန်ကို ထမ်းပေးချင်တဲ့အတွက် အန္တရာယ်တွေကြားကနေ လူလုံးထွက်ပြကာ တော်လှန်ရေးအတွက် တစ်ထောင့် တစ်နေရာက ပါဝင်နေတာပဲဖြစ်တယ်။
ဒီလိုရုပ်သံရိုက်ကူးတင်ဆက်နေတဲ့အတွက်နိုရာ့အနေနဲ့ အရင်လိုသွားချင်တဲ့နေရာတွေကို သွားချင်တိုင်းသွားလို့မရတော့ ပါဘူး။
“ ဘာလို့ဆို ချန်နယ်ကလူဆိုတာသိနေတော့ အမြဲခြေရာခံအနံ့ခံနေတယ်။ သူတို့ကို(စစ်ကောင်စီ) ခြေရာဖျောက်ပြီးသွားရ တယ်။ ပြောမယ်ဆို လွတ်လပ်မှုကို ယာယီစွန့်လွှတ်ထားရတယ်”လို့နိုရာကဆိုပါတယ်။
မြေပြင်အခြေအနေတွေကို ရိုက်ကူးတင်ဆက်ရတာလည်း ပုံမှန်အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်သလို မကွယ်ကူ လှပါဘူး။
ရိုက်ကူးရေးသွားလုပ်ဖို့ ပုံမှန်အားဖြင့်တစ်ရွာနဲ့တစ်ရွာမဝေးပေမယ့် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေ၊ ကင်းပုန်းချထားတဲ့နေရာတွေကို ရှောင်ကွင်းသွားရတဲ့အပြင် ဗျူစောထီးတွေ၊ဒလန်တွေ ရှိတဲ့ရွာတွေကိုလည်း ဖြတ်သန်း သွားလာရတယ်။ စစ်ကောင်စီတပ်သားတွေ အလွယ်တကူဝင်လို့မရအောင်ထောင်ထားတဲ့ မိုင်းတွေရှိတဲ့အတွက် ဒါတွေကို လည်းသတိထားသွားလာရတယ်။
ဒီလမ်းကြောင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ချိတ်ဆက်သွားလာရတယ်။ ဒါ့အပြင် ရုပ်သံရိုက်ကူး တင်ဆက်နေတာဖြစ်တဲ့အတွကိုနိုရာရဲ့ နဂိုမူရင်းပုံစံကိုဖျက်ပြီး ပြင်ဆင်ပြောင်းလဲပြီးမှသွားရတယ်။ မိုးတွင်းကာလ လမ်းတွေမကောင်းတဲ့အတွက် ဆိုင်ကယ်မှောက်တာ၊ နာရီပေါင်းများစွာဆိုင်ကယ်စီးရတဲ့အတွက် ခန္ဓာကိုယ်နာကျင်တာ စတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။
စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတဲ့နေရာတွေကို ရောက်တဲ့အခါမှာလည်း စိတ်မချမ်းမြေ့စရာမြင်ကွင်းတွေက စောင့် ကြိုနေခဲ့တယ်။
မီးရှို့သတ်ခံထားရတဲ့ရုပ်အလောင်းတွေ၊ သေနေတဲ့အိမ်မွေးတိရစ္ဆာန်တွေ၊ သစ်ပင်တွေမှာကြိုးတုတ်သတ်ထားတဲ့ ရုပ် အလောင်းတွေ၊ လျှာတွေ၊ နားတွေဖြတ်၊ လက်သည်းခံခွာ၊ ခေါင်းဖြတ်၊ မျက်လုံးဖောက်ထုတ် အသတ်ခံထားရတဲ့ ပြည်သူ တွေရဲ့ရုပ်အလောင်းတွေကို နာကျည်းဝမ်းနည်းဖွယ်တွေ့ခဲ့ရတယ်။
ဒီလိုမြင်ကွင်းတွေကို မကြာခဏမြင်တွေ့နေရတဲ့အတွက် နိုရာတစ်ယောက်စိတ်ဒဏ်ရာရကာ၊ ညတိုင်းအိပ်မက်ဆိုးတွေ မက်ကာလန့်နိုးခဲ့ရတယ်။ ရုပ်သံတွေ ရိုက်ကူးတင်ဆက်နေရတဲ့အတွက်လည်း လုံခြုံရေးအတွက်စိုးရိမ်မှုတွေ၊ စိတ်မလုံခြုံမှု တွေကိုအချိန်တိုင်းခံစားနေခဲ့ရတယ်။
တော်လှန်ရေးလမ်းကို လျှောက်လှမ်းခဲ့တဲ့အခါမှာလည်း မိသားစု၊ဆွေမျိုးအသိုင်းအဝိုင်းကတားဆီးတာ၊ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်းရင်ဆိုင်ခဲ့ရတယ်။ တော်လှန်ရေးလုပ်ငန်းတွေကို ဒီထက်ပိုလုပ်ချင်ပေမယ့် မလုပ် နိုင်တဲ့အခါ နိုရာတစ်ယောက်စိတ်ဓာတ်ကျခဲ့တယ်။
ဒါပေမယ့် စိတ်ဓာတ်ကျတဲ့အချိန်တွေကို အားတင်းကာဖြတ်သန်းခဲ့တယ်။
စစ်အာဏာမသိမ်းခင်က အိမ်နဲ့ကျောင်းကိုသာ ကူးချည်သန်းချည်လုပ်ရင်း ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းသာ မိသားစုရဲ့ ဖေးဖစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့ နိုရာတစ်ယောက် လွတ်မြောက်နယ်မြေရောက်တဲ့အခါမှာတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ရတယ်။ လွတ်မြောက်နယ်မြေက တခြားလူငယ်တွေနည်းတူ နေရေးထိုင်ရေး၊စားရေး သောက်ရေး အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့တယ်။
ဒါပေမယ့် အခက်အခဲတွေကိုကြံ့ကြံ့ခံရင်းတိုက်ပွဲဝင်ခဲ့တာ တော်လှန်ရေးကာလတစ်နှစ်ကျော်လာခဲ့ပြီ။
နိုရာတစ်ယောက် စနစ်တကျသင်ကြားထားတာလည်း မရှိတဲ့အပြင် အတွေ့အကြုံတစ်ခါမှာမရှိသေးတဲ့ ရုပ်သံတင်ဆက် တဲ့အလုပ်ကို တော်လှန်ရေးအတွက်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ ကြိုးစားလုပ်ကိုင်ရင်းဖြတ်သန်းနေတယ်။
ဝါသနာပါရာအလုပ်နဲ့အိပ်မက်တွေကို အကောင်အထည်မဖော်ရသေးခင်မှာ စစ်အာဏာသိမ်းမှုနဲ့ကြုံလိုက်ရတဲ့အတွက် လက်ရှိနိုရာရဲ့အိပ်မက်ကတော့ စစ်အာဏာရှင်ကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ပါပဲ။ စစ်အာဏာရှင်ကျဆုံးမှာသာ မပြီးဆုံးသေး တဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမှာဖြစ်တယ်။
တော်လှန်ရေးကြီးအောင်နိုင်သွားတဲ့အခါမှာတော့ အသက်ရှင်လျက်နဲ့ မိဘတွေဆီပြန်သွားချင်တာကတော့ နိုရာရဲ့ တစ်ခု တည်းသောဆန္ဒပါ။ ဒါကြောင့်လည်း တော်လှန်ရေးမှာအဆုံးထိပါဝင်သွားဖို့ပြင်ဆင်ထားတယ်လို့ နိုရာက ယခုလို ဆိုတယ်။
“ ကြားထဲမှာတခုခုဖြစ်သွားခဲ့တာ၊ တိုက်ပွဲမှာကျသွားခဲ့သည်ရှိသော် ကိုယ့်စိတ်ကို လိပ်ပြာလုံပါတယ်။ အကောင်းဆုံး လုပ် ပေးခဲ့တယ်။ မိသားစုအတွက်သူငယ်ချင်းအတွက် ရဲဘော်တွေအတွက် နိုင်ငံကပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာ ကနေရာသေးသေးလေးကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ စိတ်လေးနဲ့ပဲထွက်သွားနိုင်ပါတယ်”