Home ဆောင်းပါး ဒုက္ခ နှင့် သောကကြားကပညာရေး

ဒုက္ခ နှင့် သောကကြားကပညာရေး

ခွန်း။ ။

“ကျွန်တော်ရှက်လည်း ရှက်တယ်။ ကလေးကိုလည်း သနားတယ်။ ကလေးက ကျောင်းနေချင်ပေမယ့် ကျွန်တော်တို့က မတတ်နိုင်ဘူး။ ကျောင်းဝင်ကြေးအတွက် ဟိုလိုက်တောင်း ဒီလိုက်တောင်းရတယ် “

ကြေကွဲဆို့နစ်နေသည့်အသံဖြင့် လေးလေးနက်နက် ပြောဆိုလာသည့်သူက ကရင်နီပြည်မှ အသက် (၄၆) နှစ်အရွယ် ကလေးကိုးယောက်ဖခင် ဦးယောဟန်ဖြစ်သည်။

သားသမီးကိုးယောက်တာဝန်ကို ပုခုံးထမ်းထားရသည်က လွယ်ကူသောအလုပ်မဟုတ်ပါ။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီပြည်နယ်အတွင်း နေထိုင်ရခြင်းက ပိုလို့ပင်ခက်ခဲနေသည်။

၎င်တို့မိသားစု အတူတကွနေထိုင်နေသည့် ကရင်နီပြည်နယ် နန်းမယ်ခုံကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်လာသည့်အခါ မိသားစုများနှင့်အတူ စစ်ရှောင်စခန်းဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ရှောင်စခန်းအတွင်း အခက်အခဲများစွာ ကြုံတွေ့ရသော်လည်း သည်းခံ၍ နေထိုင်ရုံမျှအပ အခြားရွေးစရာမရှိ။

စစ်မဖြစ်မီက နန်းမယ်ခုံတွင် နေထိုင်ခဲ့ချိန်တွင် ဦးယောဟန်တို့မိသားစုဘဝက အေးအေးချမ်းချမ်းရှိလှပြီး ရည်မှန်းချက်ကိုယ်စီဖြင့် နေ့စဥ်ဖြတ်သန်းနေကြသည်။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ ထိုအချိန်မှစတင်ပြီး တောင်ကုန်းတောင်တန်းများ၊ သစ်တောများအကြား လှပစွာတည်ရှိနေသည့် နန်းမယ်ခုံက နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရသည်။

ယမ်းငွေ့များကြား အိုးအိမ်ဆုံးရှုံးခဲ့ရသည့် စစ်ရှောင်များသည် ယနေ့အချိန်ထိ စစ်ရှောင်စခန်းများတွင် အဆင်မပြေသော်လည်း ပြေသလိုပင်နေထိုင်ရသည်။ စားဝတ်နေရေး၊ ကျန်းမာရေး စသည်တို့အဆင်ပြေစေရေးအတွက် ဦးစားပေးနေရသည်မှာ မှန်သော်လည်း ကလေးများ၏ ပညာရေးသည်လည်း နောက်ကျကျန်ခဲ့လို့မဖြစ်ပေ။

ထို့ကြောင့်ပင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ပြေးနေသည့်ကြားက ကိုယ်ထူကိုယ်ထကြိုးစား၍ ကလေးများ၏ ပညာရေးအတွက် ရုန်းခဲ့ကြသည်။ စစ်ရှောင်ကလေးများနှင့် ကျေးရွာအတွင်းရှိ ကလေးများ စုပေါင်းသင်ကြားနေသော ကျောင်းများတွင် ကလေးဦးရေက များလွန်းလှသည်။

သင်ထောက်ကူ မလုံလောက်ခြင်း၊ စာသင်ကြားရန် အဆောက်အအုံ မလုံလောက်ခြင်း၊ သင်ကြားပေးမည့်ဆရာ မလုံလောက်ခြင်း စသည့် အခက်အခဲများသည် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း အဓိကတွေ့ကြုံနေရသည့် အခက်ခဲများပင်ဖြစ်သည်။

အတန်းငယ်သည့် ကလေးများအတွက် စာသင်ကျောင်းဆိုသည်က စစ်ရှောင်စခန်းထဲက မိုးကာဖြင့် တည်ဆောက်ထားသည့် တဲဖြစ်သည်။ အတန်းကြီးသည့် ကလေးများမှာမူ နီးစပ်ရာကျေးရွာများဆီသို့ ကျောင်းသွားတတ်ကြရသည်။ အနီးဆုံးစာသင်ကျောင်းသို့ ရောက်ရန် တစ်နာရီကျော်ကြာ လမ်းလျှောက်ရသည်။

မပြည့်စုံသည့်ကြားက ပညာသင်ကြားနေသူ များစွာရှိကြသော်လည်း ထိုအထဲတွင် ဦးယောဟန်၏ သားသမီးများ မပါဝင်ခဲ့ပေ။

“သူများ(ကျောင်း)အပ်တာကြာပြီဆိုပေမယ့် ကျွန်တော်တော့ မအပ်ရသေးဘူး။ အဓိက ကျောင်းစရိတ်ကို မပေးနိုင်တာပေါ့” ဟု ဦးယောဟန်ကပြောသည်။

ကိုယ်ထူကိုယ်ထကျောင်းပြန်လည် ဖွင့်လှစ်နေသည့်အချိန်တွင် ကျောင်းဝင်ကြေးအနေဖြင့် ၃၀၀၀ကျပ် ပေးရမည်ဖြစ်ပြီး လစဥ်ကြေးအနေဖြင့် ၅၀၀၀ကျပ် ပေးရမည်ဖြစ်သည်။ ထိုသို့ပေးဆောင်ဖို့ရန်အတွက် မတတ်နိုင်သည့်မိဘများအဖို့ ကလေးများအား စာသင်ကျောင်းသို့မပို့နိုင်ပဲ ဖြစ်နေသည်။

“ကလေးတွေကို ကျောင်းလာမအပ်သေးတဲ့ မိဘတွေလည်းရှိတယ်။ အဓိက ငွေရေးကြေးရေး အခက်ခဲကြောင့်ပေါ့။ လစဥ်ကြေးမပေးနိုင်မှာ အရမ်းကြောက်ကြတယ်လေ။ ဒီလိုမျိုးကြားတော့ စိတ်မကောင်းဘူး။ သူတို့ကိုနားလည်အောင်တော့ ရှင်းပြထားတယ်။ လစဉ်ကြေး မပေးနိုင်ရင်တောင် ကလေးကို ကျောင်းလာထားပေးဖို့” ဟု စစ်ရှောင်နေရင်း စေတနာ့ဝန်ထမ်း ဆရာမအဖြစ် တာဝန်ယူသင်ကြားပေးနေသည့် ဆရာမ မဆား ကပြောသည်။

မဆားနှင့် ဦးယောဟန်တို့သည် စစ်ရှောင်စခန်းတစ်ခုထဲတွင် အတူတကွ စစ်ရှောင်ကြသူများလည်း ဖြစ်သည်။

Photo: Khun

ဆရာမ မဆားသည် ဘွဲ့မရခင်လေး ရှုပ်ထွေးသွားသည့် နိုင်ငံရေးအခြေအနေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးရသူလည်းဖြစ်သည်။ စစ်နှင့်ကိုဗစ်ကပ်ရောဂါတို့အကြား ကျောင်းနားထားလိုက်ရသည့် ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မြင်တွေ့နေရသည်ဟု ဆရာမ မဆားကဆိုသည်။

ကြောက်လန့်စရာ အဖြစ်အပျက်များအား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် ကလေးများသည် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သဖြင့် ပြန်လည်သန်မာလာအောင် သင်ကြားပေးနေရခြင်းဖြစ်သည်။

“အရမ်းနဲ့ခက်ခဲတယ်။ ကလေးတွေရဲ့ စာရိတ္တပိုင်း စိတ်ဓာတ်ပိုင်းကိုပြန်ပြီး မြင့်တင်ပေးရတယ်” ဟု၎င်းကဆိုသည်။

အခက်အခဲများ ရှိနေသော်လည်း ဦးယောဟန်ကတော့ သူ့သားသမီးတွေ ပညာတတ်ဖြစ်ရေး အိမ်မက်ကို တတ်နိုင်သမျှ လက်လှမ်းမှီအောင် ကြိုးစားနေသည်ဟုဆိုသည်။ စစ်ပွဲက တစ်စစီခြေဖျက်လိုက်သည့် ၎င်းတို့မိသားစု၏ အနာဂတ်အိမ်မက်များကို ဆက်လက်ရှင်သန်ရန်အတွက် ခက်ခဲသည့်ကာလတွင် မိသားစုနှင့်အတူရှိနေပြီး ဖခင်တစ်ယောက်၏ တာဝန်နှင့်ဝတ္တရားကျေပွန်အောင် ကြိုးစားမည်ဟုလည်း သူကဆိုသည်။

” ကလေးအပေါ် အများကြီးမမျှော်လင့်ရဲဘူး။ စာရေးတတ်ဖတ်တတ်မယ်။ ဆရာမရဲ့ ဆုံးမသွန်သင်မှုအောက်မှာ လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်လာမယ်ဆိုရင် နည်းနည်းပိုခံသာတာပေါ့ ” ဟု သူ၏မျိုးဆက်များအပေါ်ထားသည့် မျှော်လင့်ချက်ကို ဦးယောဟန်က ပြောပြခဲ့သည်။

Author:

Related Articles