ခိုင်ရီ။ ။
ပြီးခဲ့တဲ့ရက်က ကျမတို့မြို့မှာ အသက် ၇၀ကျော်အရွယ် သက်ကြီးရွယ်အိုတစ်ယောက်ကို မြို့လယ်ခေါင်က ဈေးအနီးမှာ စွန့်ပစ်ထားခဲ့တဲ့ သတင်းတပုဒ် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တယ်။ နယ်မြို့ငယ်လေးဖြစ်တာက တကြောင်း၊ ဒီမတိုင်ခင် ဒီလိုအဖြစ်မျိုး တစ်ကြိမ်မှ မဖြစ်ဖူးတာက တကြောင်းကြောင့် အထူးအဆန်း ကိစ္စတစ်ခုလို့ ပြောရမယ်။
သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်ပေါ်မှာ စွန့်ပစ်ခံအဘိုးအိုရဲ့ ဓာတ်ပုံတွေတက်လာတယ်။ မြို့နဲ့ မလှမ်းမကမ်းရွာတစ်ရွာက နေ သူ့သားသမီးတွေက အခုလိုလာစွန့်ပစ်တာဖြစ်ပြီးအဘိုးအိုက ကျန်းမာရေးလည်းကောင်းမွန်ပုံမရကြောင်း ရေးထား
လူမှုကွန်ရက်ပေါ်က အဲဒီစာနဲ့ ပုံတွေရဲ့အောက်မှာ လူတွေအများကြီးရဲ့ သဘောထားတွေ၊ မှတ်ချက်တွေ အဆက်မပြတ် တက်လာတယ်။
အဘိုးအိုကို သနားကရုဏာသက်တဲ့သူတွေဟာ သူ့ကိုစွန့်ပစ်သွားတဲ့သူတွေကို သားသမီးဆိုးတွေဖြစ်တဲ့အကြောင်း မိဘ ကျေးဇူးကို ကန်းတဲ့အကြောင်းစသဖြင့် မိဘကျေးဇူးနဲ့ကြီးမားပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အမြင်အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။
မှတ်ချက်ပေါင်းများစွာကိုဖတ်နေစဉ်မှာပဲ ကျမအတွေးထဲမှာတော့ အိမ်နီးချင်းမိသားစု တစ်စုအကြောင်းကပဲ ခေါင်းထဲမှာ တရစ်ဝဲဝဲပေါ်လာတယ်။
အိမ်တွင်းအကြမ်းဖက်မှုလို့ပြောလိုက်ရင် လူအများစုက လင်နဲ့မယားကြားက အိမ်တွင်းရေးပြဿနာလို့ အလွယ်တကူ မြင် ယောင်လိုက်ကြတယ်။ အထူးသဖြင့် ကာယအားကြီးတဲ့ လင်ဖြစ်သူက ခွန်အားနည်းတဲ့ မယားဖြစ်သူအပေါ် ကိုယ်ထိ လက် ရောက်နိုင်လိုမင်းထက်ပြုမှုလို့ သိနားလည်ကြတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ဒီနေ့အထိ ကျမကြုံတွေ့ခဲ့ရတဲ့ အိမ်နီးချင်းမိသားစုကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ သူတို့မိသားစုဝင်ခြောက်ဦးရှိတယ်။ အမေရယ်၊ အဖေရယ်၊ ကလေးလေးယောက်ရယ်ပါ။ အကြီးဆုံး ကလေး က ခုနစ်တန်းအရွယ်လောက်ရှိပြီး အငယ်ဆုံးကလေးကတော့နို့စို့အရွယ်ပါ။ နို့စို့အရွယ် မိန်းကလေးတယောက်က လွဲရင် ကျန်တဲ့ကလေးတွေက သားယောက်ျားလေးတွေပါ။
ကျမတို့အိမ်နဲ့ ကပ်ရက်မြေကွက်လပ်မှာ သူတို့မိသားစု နေထိုင်ကြပါတယ်။ မနက်ခင်း မိုးလင်းပြီဆိုရင် ဖခင်ဖြစ်သူရဲ့ ဆဲဆို သံတွေ၊ မိခင်ဖြစ်သူက အကြီးဆုံးကလေး နှစ်ယောက်ကို ရိုက်နှက်တဲ့အသံတွေနဲ့ ကျမအိပ်ယာနိုးရပါတယ်။
ကလေးတွေကို ရိုက်နှက်ရတဲ့အကြောင်းအရင်းကို နားထောင်ကြည့်လိုက်ရင် မနက်စောစောထပြီး ရေအိုးရေခွက်တွေထဲ ရေအပြည့်ဖြည့်မထားလို့၊ ရေခပ်ခိုင်းလိုက်တာ ရေခပ်ပြီး အိမ်ကိုမြန်မြန်ပြန်မလာဘဲ လမ်းမှာ တခြားကလေးတွေနဲ့ ဝင်က စားနေလို့၊ ကလေးမထိန်းလို့၊ ကြမ်းမတိုက်လို့ စတာတွေကြောင့်ပါ။
ကလေးတွေကို ကြုံရာတုတ်ချောင်းနဲ့ရိုက်နှက်လေ့ရှိတယ်။ များသောအားဖြင့် ဝါးခြမ်းပြားနဲ့ရိုက်တယ်။ လက်မအရွယ် ဝါးလုံးနဲ့ရိုက်တယ်။ တခါတလေမှာ မိဘတွေရဲ့ ဒေါသပေါ်မူတည်ပြီး ဝါးရင်းတုတ်အစိမ်းနဲ့ ရိုက်ခံရလေ့ရှိတယ်။ အများဆုံး အရိုက်ခံရတာကတော့ ခုနစ်တန်းအရွယ် အကြီးဆုံးသားပါ။
အသက်အားဖြင့် ၁၃ နှစ်ဝန်းကျင်လောက်ပဲရှိသေးတဲ့ အဲဒီကလေးရဲ့ ခြေသလုံးတွေ၊ ပေါင်တွေ၊ ကျောကုန်းတွေမှာ ရိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေရှိနေတတ်တယ်။ တချို့ဒဏ်ရာတွေက သွေးစို့တဲ့အထိ။ တချို့ဒဏ်ရာတွေက ညိုကြီး မည်းကြီးစွဲတဲ့အထိပါပဲ။ သူ့ထက်ငယ်တဲ့သားအလတ်ကတော့ အရိုက်ခံရပေမယ့် သူ့လောက်မဆိုးဘူးလို့ ပြောရမယ်။
များသောအားဖြင့်တော့ ကလေးတွေကို သူ့အမေက ရိုက်လေ့ရှိပြီး သူ့အဖေက ဘေးနားကနေ တိုင်းထွာဆဲဆိုကြိမ်းမောင်း တာကို လုပ်လေ့ရှိတယ်။ ဒေါသထွက်လာရင် သူကိုယ်တိုင်လည်း ဝင်ရိုက်တတ်တယ်။ ကလေးတွေဟာ သူ့အဖေရိုက်တာ ခံရရင် နည်းနည်းသက်သာလေ့ရှိပေမယ့် သူ့အမေရိုက်တာခံရရင်တော့ ငိုရလွန်းလို့ မေ့မျောမတတ်ပါပဲ။ သူ့အမေဟာ သူ့ဒေါသမပြေမချင်း အားတကုန်ရိုက်နှက်လေ့ရှိတယ်။
သူ့ပါးစပ်က ထပ်တလဲလဲပြောတတ်တာက “နောက်တခါ လုပ်ဦးဖို့လား၊ မငိုနဲ့၊ အသံမထွက်နဲ့၊ အခုတိတ်” ဆိုတဲ့ စကား ပါပဲ။ မရပ်မနားရိုက်ခံနေရတဲ့အတွက် နာကျင်လွန်းလို့ အာခေါင်ခြစ်အော်လေလေ အဲဒီကလေး ထပ်ထပ်ပြီး နာရလေလေ ပါပဲ။
ဒီလိုနဲ့ အရိုက်မခံရသေးတဲ့ အငယ်ကလေးတွေကလည်း တဖြည်းဖြည်းနဲ့ ကြီးပြင်းလာကြတယ်။ သူတို့လည်း အစ်ကို သည် တွေလိုပဲ အော်ဟစ်ဆဲဆိုကြိမ်းမောင်းခံရတလှည့်၊ ရိုက်ခံရတလှည့်ပါပဲ။ ကလေးရဲ့အသက်အရွယ်၊ ဖွံ့ဖြိုးမှုအလိုက် ဂျီကျ တာ၊ ဆော့တာ၊ အော်ဟစ်ငိုယိုပြီး သူတို့စိတ်ခံစားချက်ကို ထုတ်ဖော်တာစတဲ့ ကလေးသူငယ်နဲ့ဆိုင်တဲ့ အသိပညာ ဗဟု သုတ ဘာတခုမှမရှိတဲ့ မိဘတွေလက်ထဲမှာ သူတို့မောင်နှမတွေရဲ့ နေ့စဉ်ဘဝဟာ အရိုက်အနှက်အဆဲအဆို ခံရတာနဲ့ ကုန်ဆုံးခဲ့ပါတယ်။
သူတို့မိသားစုနဲ့ အမျိုးမကင်းတဲ့ကျမက ကလေးတွေကို ရိုက်နှက်တာဟာ မလိမ်မာလို့ဆုံးမတာနဲ့မတူဘဲ ညှင်းပန်းနှိပ်စက် တာနဲ့တူနေတဲ့အကြောင်း ပြောပြပြီး ဟန့်တားတာတွေလုပ်တယ်။ တက္ကသိုလ်ကျောင်းသူအရွယ်ဖြစ်လို့ ပြင်ပစာတွေ ဖတ် ရှုထားတဲ့ ကျမက ကလေးတွေကို အခုလိုရိုက်နှက်နေတာတွေကို သူများတိုင်းပြည်တွေမှာဆို ရဲတိုင်လို့ရကြောင်း ပတ်ဝန်းကျင်က တရားစွဲလို့ရကြောင်း မကြာမကြာဝင်ပြောလေ့ရှိတယ်။
အဲလိုပြောတိုင်း “နင်မသိပါဘူး၊ ဒီကောင်တွေ ဘယ်လောက်ဆိုးတယ်ဆိုတာ” ၊ “နင်မသိပါဘူး၊ ဒီကောင်တွေကို ဒီလိုရိုက်မှ အပိုးကျိုးမယ်၊ ကြီးလာရင် နာခံတတ်မယ်” စသဖြင့် ပြန်ပြောလေ့ရှိတယ်။ အဲဒီအချိန်တုန်းက အဖေဖြစ်သူက ဆိုက်ကား နင်းတယ်။ အမေဖြစ်သူကတော့ အိမ်မှာပဲ နေထိုင်ပြီး ကလေးတွေမွေးတယ်။ ကလေးတွေထိန်းတယ်။ အဖေရဲ့ ပင်ပန်းမှုနဲ့ အမေရဲ့ သွေးနုနုအချိန် ဟိုမုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ ဒေါသစိတ်တွေဟာ မူလကတည်းက စရိုက်ကြမ်းတမ်း တဲ့အခြေခံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကလေးတွေအတွက်တော့ ဒုက္ခဆင်းရဲခြင်းပါပဲ။
ဒီကလေးတွေကို ဒီလို ရိုက်နှက်ဆုံးမနေတာတွေကို ပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာလူတွေတိုင်း မြင်တွေ့ ကြားသိ နေရပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်တားမြစ်တာမျိုး၊ ဆွဲလွဲတာမျိုးမရှိသလောက်ပါပဲ။ သူ့မိဘနဲ့ သူ့သားသမီးကြားက ကိစ္စအနေနဲ့ပဲရှုမြင်ကြတယ်။ တချို့တလေကတော့ “ဒီကလေးတွေရဲ့ ဝဋ်ကြွေးပဲ” လို့ ပြောတတ် တယ်။ တချို့က “အိုးကောင်းဖြစ်ဖို့ နာနာရိုက်ရတယ်” ဆိုတဲ့ စကားကို ပြောကြတယ်။
ဒီမိသားစုထဲမှာ အကြီးဆုံးနဲ့ အရိုက်ခံရဆုံး ကလေးနှစ်ယောက်ဟာ မိသားစုစီးပွားရေး မပြေလည်မှုကြောင့် ၁၀ ကျော် သက်အရွယ်မှာ ကျောင်းထုတ်ခံလိုက်ကြရပြီး နယ်ကကလေးတွေလုပ်လေ့ရှိတဲ့ ပန်းရံနောက်လိုက်အလုပ်ခွင်ထဲကို ရောက် သွားကြတယ်။ အငယ်ကလေး နှစ်ယောက်ကတော့ ကျောင်းတက်ကြတယ်။ အကြီးကလေးတွေဟာ အရွယ်နဲ့မမျှတဲ့ အလုပ်တွေကို လုပ်ကြရသလို အိမ်မှုကိစ္စတွေကိုလည်း မပျက်မကွက်လုပ်ရတယ်။ ပျက်ကွက်ရင် အရိုက်ခံရတုန်းပဲ။
ကလေးတွေကို ကူညီနိုင်မယ့်နည်းလမ်းကို ကျမစဉ်းစားလို့မရဘူး။ ကျမတို့တိုင်းပြည်မှာ အဲဒီအတွက်လည်း စနစ်ကောင်း တွေ ဘယ်တုန်းကမှ မရှိခဲ့ဘူးမဟုတ်လား။ ကျမစိတ်ထဲမှာတော့ စိတ်ဒါဏ်ရာတွေနဲ့ ကြီးပြင်းလာမယ့် ဒီကလေးတွေရဲ့ အတွေးထဲကနေ သူတို့ရဲ့မိဘတွေကို သူတို့ရိုက်တဲ့တုတ်တွေနဲ့ အကြိမ်ကြိမ် ပြန်ရိုက်နေမိတယ်။ အဲဒီဒုက္ခတွင်းနဲ့တူတဲ့ အိမ်ကို စွန့်ပစ်ပြီး အဝေးဆုံးကို အကြိမ်ကြိမ်ထွက်ပြေးနေမိတယ်။
အဲလိုနဲ့ ကျမလည်း တက္ကသိုလ်တက်ရမယ့်အချိန်ရောက်လာတော့ ကျောင်းတက်ဖို့ထွက်သွားပြီး၊ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်၊ အခြေချရင်း ၁၀ စုနှစ်တစ်ခုကျော် ကြာသွားတယ်။ ကျမ ပြန်ရောက်လာပြီး နောက်ပိုင်းမှာ သူတို့မိသားစု ရှိ နေပါသေးတယ်။ ကြီးတဲ့ကလေးက ငယ်တဲ့မောင်နှမတွေကို သူ့အဖေလိုပဲ ဆဲဆိုပြစ်တင်တာတွေ၊ သူ့အမေလိုပဲ စိတ် အခန့်မသင့်ရင် မသင့်သလို ခက်ထန်ကြမ်းတမ်းစွာပြုမူတာတွေကို မြင်တွေ့နေရတယ်။
ငယ်ငယ်က အရိုက်အခံရဆုံး အကြီးဆုံးကလေးက အိမ်ထောင်ကျနေပြီး သမီးမိန်းကလေးတစ်ယောက် မွေးထားပါပြီ။ အိမ် ထောင်ကျသွားတဲ့ အကြီးကောင်လေး အိမ်ခွဲနေတာကလွဲရင် ကျန်တဲ့ကလေးတွေကတော့ အိမ်မှာပဲ ဆက်နေကြတယ်။
ကြီးလာရင် အပိုးကျိုးဖို့၊ နာခံတတ်ဖို့ဆိုပြီး သူတို့အမြဲရိုက်နှက်နေတဲ့ကလေးတွေ တဖြည်းဖြည်းနဲ့ ကြီးပြင်းလာကြတယ်။ ဒုတိယကလေးကတော့ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်။ နို့ညှာကလေးလေး လေးတန်းလောက် အရွယ်မှာ ကလေးက ကျောင်းထွက်မယ်၊ အလုပ်လုပ်မယ် ဆိုပြန်ပါတယ်။
သူ့မိဘတွေကလည်း အဲဒီကလေးရဲ့ သဘောအတိုင်းလက်ခံတယ်။ ကျမစိတ်ထဲမှာ သူတို့တွေကို အတန်းပညာလေးတွေ အောင်စေချင်တဲ့ဆန္ဒနဲ့ ကျောင်းမထွက်ဖို့၊ ကျောင်းစရိတ်ဝိုင်းကူမယ်၊ အားမငယ်နဲ့ စသဖြင့် အားပေးပေမယ့် အဲ့ဒီကလေး က လက်မခံဘူး။ သူ့ရဲ့တစ်ခုတည်းသော ဆုံးဖြတ်ချက်က ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ပါပဲ။
မဆလာဗန်းသယ်ဖို့၊ အုတ်ခဲတွေကိုရွှေ့ဖို့ သူ့ခွန်အားဗလနဲ့ မမျှတသေးပေမယ့် သူဟာ ကျောင်းမတက်ချင်တော့ဘူး။ အလုပ်လုပ်ဖို့ကိုပဲ ရွေးချယ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့အစ်ကိုတွေလို ပန်းရံနောက်လိုက် အလုပ်ခွင်ထဲဝင်သွား တယ်။ သူ့ဝင်ငွေတွေကို သူ့အမေကို အပ်ရတယ်။
အခုလက်ရှိမှာတော့ သူတို့ ညီအစ်ကိုမောင်နှမ လေးယောက်ထဲမှာ နောက်ဆုံးမိန်းကလေးတစ်ယောက်သာ ကျောင်းတက် နေပါတယ်။ အပျိုပေါက်အရွယ်လေးဖြစ်တဲ့ အဲဒီမိန်းကလေးအပြင် အသက်လေးနှစ်အရွယ် ကလေးတစ်ယောက် ရှိနေပါ သေးတယ်။ အကြီးဆုံးကောင်လေးရဲ့သမီးလေးပါ။
အပျိုပေါက်အရွယ် ကျောင်းသူမိန်းကလေးရော၊ ဒီလေးနှစ်ဝန်းကျင်အရွယ် ကလေးလေးပါ စိတ်တိုင်းမကျရင် မကျသလို အဖေ၊ အမေရဲ့ အရိုက်ခံကြရပါတယ်။
အဲဒီကလေးလေး နို့မပြတ်ခင်မှာပဲ သူ့အမေနဲ့အဖေဟာ ကလေးကို သူ့အမေအိမ်မှာ ထားရစ်ခဲ့ပြီး တစ်ယောက်တစ်နေရာစီ အသီးသီး ထွက်သွားကြတယ်။ ဒီကလေးက ဒီမိသားစုဆီမှာ ကျန်နေခဲ့တဲ့ မြေးကလေးပါ။ အဲဒီမြေးကလေးဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က သူ့အဖေအရိုက်ခံရသလိုပဲ သူလည်း အရိုက်ခံရတာပါပဲ။
ထမင်းမစားချင်လို့ ဂျီကျတာဖြစ်စေ၊ အိပ်ချင်လို့ဂျီကျတာဖြစ်စေ၊ ရေမချိုးချင်လို့၊ သနပ်ခါးမလိမ်းချင်လို့၊ ငိုတာမျိုးဖြစ်စေ ကလေးသဘာဝဆိုပြီး နားလည်ပေးခြင်းမခံရတဲ့အပြင် ခန္ဓာကိုယ်အနှံ့ အချိုးရာပေါ်အောင်၊ သွေးစို့အောင် အရိုက်ခံရ ပါတယ်။
စွန့်ပစ်သွားတဲ့ သူ့မိဘတွေအပေါ်မကျေနပ်စိတ်တွေဟာ ဒီကလေးအပေါ်ကို ပုံကျနေသလိုပါပဲ။ သူ့အဖေတုန်းကလို နေ့စဉ် အရိုက်ခံနေရတာမဟုတ်ပေမယ့် စိတ်မထင်ရင်မထင်သလို၊ စိတ်တိုင်းမကျရင် မကျသလို ကလေးဟာ မငိုနိုင်လောက် အောင် မျော့သွားတဲ့အထိ ရိုက်တာမျိုးပါ။
သူတို့က ကလေးကို အင်မတန်ဆိုးတဲ့ကလေးအဖြစ် ခေါင်းစဉ်တပ်ကြပါတယ်။ ထွက်ပြေးနိုင်စွမ်း၊ ရှောင်တိမ်းနိုင်စွမ်း၊ ပြန် ခုခံနိုင်စွမ်းမရှိ၊ မိဘအရင်းတွေက စွန့်ပစ်သွားတာခံရတဲ့ ဒီအသက် လေးနှစ်အရွယ်ဝန်းကျင် ကလေးတစ်ယောက် အတွက် တော့ ဒါက တကယ့် ငရဲခန်းပါပဲ။
ကလေးကိုအခုလို ကျွဲနွားတွေကို ရိုက်သလို မရိုက်နှက်ဖို့၊ မမွေးချင်ရင်လည်း ကျမ မွေးမယ်ဆိုတဲ့အကြောင်း သွားပြောပြီး နောက်ပိုင်း သူ့အဘွားဖြစ်သူဟာ ကျမကိုဒေါသဖြစ်ပုံရတယ်။ နှုတ်ဆက်စကားပြောတာမျိုးတွေ မလုပ်တော့ဘူး။
အခုဆိုရင် ကလေးက မူကြိုတက်ရမယ့်အရွယ်ကိုရောက်ပြီ။ ဒါပေမယ့် ကျောင်းမထားဘူး။ ကျောင်းစရိတ်နဲ့ ကုန်ကျစရိတ် တွေကို ကျမပေးမယ့်အကြောင်း၊ ကလေးကို ကြိုပို့လေးလုပ်ပေးဖို့အကြောင်းပြောတော့ အဲလောက် ကရိကထခံနေဖို့ မအားလို့ မထားနိုင်ကြောင်း ပြန်ပြောပါတယ်။
ကျမရဲ့ ဘေးပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့ ဒီလိုကိစ္စတွေဟာ “ကလေးသူငယ် ညှင်းပန်း နှိပ်စက်မှု” ၊ “အိမ်တွင်းအကြမ်းဖက်မှု” လို့ ဘယ်သူကမျှ ခေါင်းစဉ်လည်းမတပ်သလို စိတ်လည်း မဝင်စားကြပါဘူး။ မိဘကျေးဇူးဆိုတဲ့ စကားတစ်လုံးနဲ့ နှိုင်းယှဉ်လိုက်ရင် မိဘပြုသမျှနုရတဲ့ ကလေးတွေအတွက် ဘာမှ ချေပစရာမရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီး ပါပဲ။ မိဘနဲ့သားသမီးကြားက ဖြစ်တတ်တဲ့သဘောအဖြစ်လောက်သာ သာမာန်ကာလျှံကာ သဘောထားလိုက်ကြတာပါပဲ။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနစ် ကောင်းမွန်စွာမရှိတဲ့ မြန်မာပြည်မှာ အိုမင်းမစွမ်းဖြစ်လာတဲ့ မိဘတွေကို သားသမီး တွေက ကြည့်ရှုစောင့်ရှောက်ကြရတာကို မြန်မာ့ယဉ်ကျေးမှုအဖြစ် မှတ်ယူကြတယ်။ မိဘအိုတွေကို စွန့်ပစ်တဲ့ သားသမီး တွေကို ပြစ်တင်ရှုံ့ချကြတယ်။
ဒါပေမယ့် ဒီလိုမျိုး ငယ်ဘဝတလျှောက်လုံးမှာ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းခွင့်မရဘဲ အိမ်တွင်းအကြမ်းဖက်ခံရမှု စိတ်ဒါဏ်ရာ၊ ကိုယ်ဒါဏ်ရာတွေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေရဲ့ လောကအပေါ်ရှုမြင်ပုံတွေ၊ သူ့မိဘတွေအပေါ်၊ ပတ်ဝန်းကျင်အပေါ် ထားတတ်တဲ့သဘောထားတွေအကြောင်းကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။
ဒီလိုအဖြစ်အပျက်တွေဟာ ဒီမိသားစု တစ်ခုထဲမှာရှိနေတာမဟုတ်ပါဘူး။ ကျမနဲ့ မလှမ်းမကမ်း ပတ်ဝန်းကျင်မှာ ကလေး တွေအပေါ် ဒီလို စိတ်ရောရုပ်ပါ အကြမ်းဖက်တဲ့ မိဘမျိုးတွေ ရှိနေပါတယ်။ မိဘလုပ်သမျှ၊ အကြီးလုပ်သမျှ မှန်တယ်ဆိုပြီး မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ အတွေးအမြင်တွေက ကလေးပေါင်းများစွာရဲ့ ကိုယ်ရောစိတ်ပါ ဖွံ့ဖြိုးတိုးတက် မှုကို သင်းသတ်နေတာပါပဲ။
အတ္တ၊ လောဘ၊ မာနနဲ့ ဒေါသတွေကြီးမားတဲ့ မိဘတွေဆီကနေ အတန်းပညာဆုံးခန်းတိုင်အောင် သင်ကြားခံရခြင်းမရှိတဲ့ သားသမီးတွေ၊ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းခဲ့တာမဟုတ်တဲ့ သားသမီးတွေဆီက ဘာများမျှော်လင့်စရာရှိမလဲလို့ ကျမ တွေး မိတယ်။
အဲလိုမိဘတွေကြောင့် အတတ်ပညာရော၊ အတန်းပညာပါ ဝမ်းစာမရှိခဲ့ဘဲ ကြီးပြင်းလာရတဲ့ကလေးတွေဟာ သူတို့ဘဝ တစ်ဝမ်းတစ်ခါးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ကြရတဲ့အခါ၊ သူတို့ငယ်ဘဝမှာ စိတ်ရောကိုယ်ပါ ထိခိုက်ဒါဏ်ရာ ရအောင် ကျူးလွန်းခဲ့ကြတဲ့ မိဘဆိုသူတွေကို ပြန်လည်စောင့်ရှောက်နိုင်စွမ်း မရှိတဲ့အပေါ် ဝိုင်းဝန်းပြစ်တင်ဝေဖန်တာက ရော တရားမျှတမှုရှိပါ့မလား။
ကျမဘဝတလျှောက် အနီးဆုံးနဲ့ အစအဆုံးနီးပါးမြင်တွေ့နေရတဲ့ ဒီမိသားစုထဲက ကလေးတွေရဲ့ စိတ်ခံစားချက်ကို ဝင် မကြည့်နိုင်ပေမယ့် ကျမက ဘေးကနေ စိတ်ဒဏ်ရာရနေခဲ့တယ်လို့တောင် ပြောရမယ်ထင်ပါတယ်။ ကလေးတွေ အရိုက် ခံရတိုင်းမှာ ကျမစိတ်ထဲ၊ နှလုံးသားထဲမှာ တစ်စစ်စစ်နာကျင်ရတယ်။
ကာယကံရှင်ကလေးတွေရဲ့ အတွေးထဲမှာတော့ ဘယ်လိုခံစားနေရမယ်မသိပေမယ့် ကျမစိတ်ထဲမှာတော့ တနေ့နေ့ကျ ရင် အဲဒီမိဘတွေနဲ့အဝေးဆုံးကို ပြေးထွက်သွားဖို့နဲ့ ဘယ်တော့မှ နောက်ပြန်လှည့်မကြည့်ဖို့ဆိုတာမျိုးပဲ တွေးနေခဲ့မိတယ်။
အခုလည်း ဒီမိသားစုရဲ့သားအကြီးဆုံးဟာ သူ့ရဲ့အရွယ်မရောက်သေးတဲ့ကလေးကိုရော သူ့မိဘတွေကိုပါထားခဲ့ပြီး ဘာ အဆက်အသွယ်မှ မလုပ်တော့ဘဲ အဝေးဆုံးကို ထွက်ပြေးသွားခဲ့တာပဲ မဟုတ်လား။
အခု ကျမတို့မြို့က လူသိရှင်ကြားဖြစ်ပျက်ခဲ့တဲ့ သက်ကြီးရွယ်အိုစွန့်ပစ်ခံရမှုမှာ မိအိုဖအိုကို စွန့်ပစ်ရကောင်းလားလို့ အပြစ် တင်ခံရတဲ့ သူတွေကို ဘယ်သူဘယ်ဝါ၊ သူတို့နောက်ခံအကြောင်းအရာတွေကို ကျမ မသိဘူး။ ဒါပေမယ့် ကျမစိတ်ထဲမှာ ဒီအဘိုးအိုကို စွန့်ပစ်ခဲ့သူတွေဟာ သူတို့ငယ်ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလေသလဲဆိုတာကိုပဲ မေးခွန်းထုတ်နေမိတယ်။