ဒေဝီ။ ။
အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်းမှာ လူတွေသိပ်သတိမထားမိခဲ့ပေမယ့် သိသိသာသာ ယိုယွင်းပျက်စီးလာတဲ့အရာတွေထဲက တစ်ခုက သဘာဝပတ်ဝန်းကျင် ဂေဟနစ်ပဲ ဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထပ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ခရီးဆက်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေဟာ အာဏာသိမ်းပြီးနောက် ရန်ပုံငွေနဲ့လုံခြုံရေးအခြေအနေတွေကြောင့် ရပ်တန့်သွားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း အာဏာသိမ်းတာကို အခွင့်ကောင်းယူပြီး တရားမဝင် သစ်ခုတ်တာတွေ၊ သတ္တုနဲ့ကျောက်မျက်တွင်းထွက်တွေ ခိုးတူးတာတွေလည်း တိုးလာနေပါတယ်။
တဖြည်းဖြည်းယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သဘာဝသယံဇာတတွေက အလျင်အမြန် ထိခိုက်ပျက်စီးလာပါတယ်။
တရားမဝင်သစ်ခုတ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေ များလာသလို၊ အထိန်းအကွပ်မဲ့ တူးဖော်နေတဲ့ ရွှေ၊ကျောက်စိမ်းနဲ့ သတ္တုလုပ်ကွက်တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြုံရပြီး သဘာဝသယံဇာတတွေကို နယ်စပ်ဂိတ်တွေကနေ တရားမဝင် ခိုးထုတ်မှုတွေကလည်း မြင့်တက်လာနေတယ်လို့ ထိန်းသိမ်းရေးလုပ်ဆောင် သူတွေက ပြောပါတယ်။
ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးရံပုံငွေအဖွဲ့ (WWF) ရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေနဲ့ အပင်တွေ တရားမဝင်ရောင်းဝယ်မှု တိုးလာနေတယ်လို့ သိရပါတယ်။ ၂၀၂၁ အတွင်း မြန်မာမှာ ရှားပါးတောရိုင်းတိရိစ္ဆာန် အရှင်ရောင်းဝယ်မှုဟာ ၇၄ ရာခိုင်နှုန်း တိုးလာတယ်လို့ WWF ရဲ့ ၂၀၂၂ မတ်လ ၃၁ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့နောက် ဒီလိုလုပ်ရပ်တွေ တိုးလာတာကို သိပေမယ့် ထောက်ပြပြောဆိုမှုတွေလုပ်ရင် ပစ်မှတ်ထား အရေးယူလာနိုင်တာကြောင့် အရင်လို ပွင့်ပွင့်လင်းလင်း ထောက်ပြပြော ဆိုတာမျိုးတွေလည်း မလုပ်နိုင်ခဲ့ဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအချို့က ဆိုပါတယ်။
နိုင်ငံအဝှမ်းဖြစ်ပွားနေတဲ့ မငြိမ်သက်မှုကိုအခွင့်ကောင်းယူပြီး သဘာဝသယံဇာတတွေကို တရားမဝင် ခိုးထုတ်သူတို့လက်ထဲကနေ သစ်တောတွေရေရှည်တည်တံ့စေရေး၊ ရှားပါးမျိုးစိတ်တွေ မျိုးသုန်းမပျောက်ကွယ် စေရေးအတွက် ဒီကာလမှာ ရတဲ့နည်းလမ်းတွေနဲ့ ထိန်းသိမ်းနေရတယ်လို့ ဇီဝမျိုးစိတ်ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ဒေါ်မြင့်မြင့် (အမည်လွှဲ) ကပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအလုပ်တွေကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ပေမယ့် အရေးတကြီးထိန်းသိမ်းရမယ့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းအချို့ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
“လောလောလတ်လတ် ထိန်းရင်ထိန်း။ မထိန်းရင် မျိုးသုန်းပြီ။ မျိုးသုန်းသွားရင် ပြန်ထိန်းလို့ မရဘူး။ Biologist တယောက်အနေနဲ့ဆို ကိုယ့်ခေတ်မှာ မျိုးသုန်းခါနီး အခြေအနေကြုံနေတာတောင်မှ မထိန်းသိမ်းရရင်၊ ဘာလို့မထိန်းခဲ့လဲဆိုပြီး နောင်လာနောင်သားတွေ အပြစ်တင်တာမျိုး မလိုချင်ဘူးလေ” လို့ ဒေါ်မြင့်မြင့်က ဆက်ပြောပါတယ်။
အာဏာမသိမ်းခင်ကာလတုန်းကတော့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအလုပ်တွေကို သစ်တောဌာနနဲ့ပူးပေါင်းပြီး မြေပြင်မှာ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်သလို လူထုကိုလည်း အသိပညာပေးအစီအစဥ်တွေ အရှိန်ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
ဒီလိုအခြေအနေကနေ အာဏာသိမ်းပြီးနောက်မှာ ပြောင်းပြန်ဖြစ်ခဲ့ပြီး စီမံကိန်းတွေ ရပ်တန့်ကုန်ပါတယ်။ ဒီလိုရပ်တန့်သွားတဲ့ အကြောင်းအရင်းတွေက CDM လှုပ်ရှားမှုမှာ သစ်တောဝန်ထမ်းအချို့ပါဝင်လာကြတာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းအချို့က စစ်ကောင်စီနဲ့ ပူးပေါင်းမလုပ်ဆောင်တော့တာ၊ နိုင်ငံတကာက ထောက်ပံ့မှုတွေ ရပ်တန့်သွားတာနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ မရှိတော့တာတွေကြောင့် ဖြစ်ပါတယ်။
ရှားပါးမျိုးစိတ်တွေ၊ အပင်တွေကို ကင်မရာထောင်ချောက်တွေနဲ့ မှတ်တမ်းတင်ဖို့လုပ်တဲ့ အစီအစဥ်တွေလည်း ရှိပေမယ့် စစ်ကြောင်းတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတာကြောင့် ထိန်းသိမ်းရေး ဝန်ထမ်းတွေလည်း သွားလာဖို့ ခက်ခဲတယ်လို့ဆိုတယ်။
“Community Mappingတွေလည်းရပ်တယ်။ Mappingဆွဲဖို့အတွက် GPSတွေကိုင်သွားရင် ပြဿနာရှိတယ်။ ဒရုန်းတွေကိုင်သွားလို့မရဘူး။ ဒီအချိန်ဒရုန်းတွေပျံရင် တွေ့တာနဲ့တင် အမှုကြီးမှာ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် မတည်ငြိမ်တဲ့နိုင်ငံရေးနဲ့ ကျဆင်းနေတဲ့စီးပွားရေးတွေကြောင့် ပြည်သူတွေက ထိန်းသိမ်းရေးဘက်ကို အာရုံမစိုက်နိုင်တော့တာတွေလည်း ကြုံနေရတယ်လို့ဆိုတယ်။
နိုင်ငံရေးပြဿနာတွေ ဖြစ်လာပြီးတဲ့နောက် မှောင်ခိုလမ်းကြောင်းက သစ်နဲ့ သဘာဝသယံဇာတတွေ ခိုးထုတ်သူတွေကလည်း အဖက်ဖက်က မတည်ငြိမ်မှုတွေ သူတို့အကျိုးအတွက် ခပ်မြန်မြန်အသုံးချပြန်ပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတော့တာတွေကြောင့် နယ်စပ်ပေါက်တွေကနေ သစ်ခိုးထုတ်တာတွေကိုလည်း အရင်လို တားဆီးနိုင်စွမ်း မရှိကြတော့ပါဘူး။
“တိုင်းပြည်ရှုပ်ထွေးနေချိန်မှာ ထိန်းသိမ်းရေးကို ဦးစားပေးရမယ်လို့ မပြောရဲဘူးလေ။ ပြည်သူတစ်ဦးအနေနဲ့ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း မသမာသူတွေက လွယ်လွယ်နဲ့ ချိုးဖောက်နေတာ၊ ဥပဒေစိုးမိုးမှု လျော့နေတဲ့ အခြေအနေဖြစ်နေတယ်။ တာဝန်ရှိသူတယောက်ကသွားပြီး တားမြစ်ရင်တောင် အသက်အန္တရာယ် ထိခိုက်မှာဆိုးလို့ သွားမတားရဲဘူးလေ” လို့ ဒေါ်မြင့်မြင့်က ပြောတယ်။
ဒီလိုခက်ခဲတဲ့အခြေအနေမှာ ရှိနေတဲ့မျိုးစိတ်တွေ မပျောက်ပျက်စေအရေး ထိန်းသိမ်းဖို့လိုတာကြောင့် ရတဲ့နည်းလမ်းတွေနဲ့ ဆက်လုပ်နေရပေမယ့် မြေပြင်မှာ အခက်အခဲတွေက မျိုးစုံပဲလို့ ဆိုတယ်။
“ဒို့မှာဘယ်အချိန် ရိုက်သတ်ခံရမလဲမသိဘူး။ ခိုးနေတာမြင်လည်း သွားမတားရဲဘူး”လို့ ဒေါ်မြင့်မြင့် ကပြောတယ်။
ထိန်းသိမ်းရေးဧရိယာတွေက အေးချမ်းမှုမရှိတဲ့ နေရာတွေနဲ့ ထိစပ်နေတာကြောင့် မဖြစ်မနေ မြေပြင်ကွင်းဆင်းရတဲ့အခါ နေရာတိုင်းမှာ အတားအဆီးအစစ်အဆေးတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေရှိတယ်လို့ ဆက်ပြောတယ်။
“အမတို့အတွက်က လုံခြုံရေးပေါ့။ အမကလူကြီးဆိုတော့ထားတော့။ အတူလုပ်တဲ့ ကလေးတွေကိုကျတော့ သွားလာတဲ့အခါ ဂိတ်တွေမှာ စစ်ဆေးခံရတာ၊ အနည်းဆုံးဟိုလှန်ဒီလှန်စစ်ဆေးခံရတာပေါ့” လို့ဒေါ်မြင့်မြင့် ကပြောပါတယ်။
ထိန်းသိမ်းရေးလုပ်ငန်းတွေ အားလျော့သွားတဲ့နောက် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေက နေရာစုံမှာ ကြုံတွေ့နေရပြီး၊ အရင်က ထိန်းသိမ်းရေးအတွက် အသိပညာပေးတွေ ၊ဥပဒေနဲ့ ထိန်းသိမ်းထားတဲ့ နေရာတွေမှာ ဂေဟစနစ်ထိခိုက်စေမယ့် သစ်တောအလွန်အကျွံခုတ်တာ၊ အမှိုက်တွေ မဆင်မခြင်စွန့်ပစ်တာ၊ သားငှက်တိရစ္ဆာန်တွေကို နယ်စပ်ဂိတ်တွေကနေ တရားမဝင် ခိုးယူနေတာတွေလည်း ကြုံနေရတယ်လို့ ဆက်ပြောပါတယ်။
“ထိန်းသိမ်းရေးအမြင်မရှိတာတွေ စိတ်မကောင်းဘူး၊ ခေတ်ကြောင့် ဥပဒေနဲ့တားမြစ်ထားတဲ့ လုပ်ငန်းတွေကို သိသိနဲ့ချိုးဖောက်နေကြတယ်” လို့ ဒေါ်မြင့်မြင့်က ပြောတယ်။
နိုင်ငံတောင်ပိုင်းက မြစ်ချောင်းနဲ့ဇီဝမျိုးစိတ်တွေ ထိန်းသိမ်းရေးလုပ်ဆောင်သူတစ်ဦးဖြစ်တဲ့ မကမ္ဘာက အာဏာသိမ်းကာလနောက်ပိုင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် သူတို့အဖွဲ့ရဲ့ ထိန်းသိမ်းရေးလုပ်ငန်းတစ်ချို့ ရပ်ဆိုင်းခဲ့ပေမယ့် ဒေသအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲလို့ ဆိုတယ်။
အဓိကအနေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ထိန်းသိမ်းရေး လုပ်ဆောင်သူတစ်ချို့ ရှောင်ရှားနေရတာ၊ ရန်ပုံငွေနည်းပါးသွားတာ ၊ထိန်းသိမ်းရေးဧရိယာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုရှိတာတွေကြောင့် အရင်လိုထိန်းသိမ်းရေးတွေလုပ်ဖို့ ခက်ခဲတယ်လို့ ဆက်ပြောပါတယ်။
“အရင်လိုတောထဲသွား၊ ရွာထဲဝင်နဲ့ ထိန်းသိမ်းရေးတွေ လုပ်လို့မရတော့ဘူး၊ နေရာတိုင်းမှာလည်း အစစ်အဆေးတွေရှိတော့၊ ကိုယ့်လုံခြုံရေးအတွက်ကလည်း အာမခံချက်မရှိတော့ တောထဲဘယ်လိုအခြေအနေရှိလဲ မသိတော့ဘူး” လို့ မကမ္ဘာက ပြောပါတယ်။
ယခင်ကာလတွေတုန်းက ပုံမှန်လုပ်နေကျဖြစ်တဲ့ သဘာဝရေထိန်းတောတွေ ထိန်းသိမ်းတာ၊ အပင်နဲ့ဇီဝမျိုးစိတ်တွေ မှတ်တမ်းတင်တာ၊ ကင်မရာထောင်ချောက်တွေနဲ့ စောင့်ကြည့်လေ့လာတာတွေကို ဒီကာလမှာ မလုပ်နိုင်တော့တဲ့အတွက် သစ်တောတွေနဲ့ ဇီဝမျိုးစိတ်တွေ ဘယ်လောက်ခိုးယူခံနေရတယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူးလို့ သူကဆိုပါတယ်။
လက်ရှိမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအချို့ မလုပ်ဆောင်နိုင်ပေမယ့် ရပ်ရွာတွေမှာ စိုက်ပျိုးပြီးသား သစ်ပင်တွေထိန်းသိမ်းတာ ပြန်လည်စိုက်ပျိုးတာ၊ ဒေသခံတွေ စားဝတ်နေရေးအတွက် သက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ကဏ္ဍတွေမှာ ထောက်ပံ့တာစတဲ့ ရပ်ရွာအခြေပြုလုပ်ငန်းတွေပဲ လုပ်ဆောင်နိုင်တော့တယ်လို့ မကမ္ဘာကဆိုတယ်။
အာဏာသိမ်းပြီးနောက် သတ္တုတူးဖော်မှုတွေ၊ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှုတွေ၊ တရားမဝင် မှောင်ခိုတင်ပို့မှုတွေ မြင့်တက်ခဲ့သလို ပဲခူးရိုးမအပါအဝင် နေရာအနှံ့ သစ်တောပြုန်းတီးမှုကလည်း ပိုဆိုးရွားလာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူတွေကပြောပါတယ်။
မြေယာအခွင့်အရေး၊ ဌာနတိုင်းရင်းသား အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကို ယခင်အစိုးရလက်ထပ်မှာ ပွင့်လင်းစွာ ဆွေးနွေးတောင်းဆိုတာတွေ ရှိခဲ့ပေမယ့် ဒီကာလမှာတော့ ဒါတွေကို ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။
“အရင်လို မြေယာအခွင့်အရေး၊ သစ်တောအခွင့်အရေးပြောရင် သူတို့က ကြိုက်မှာမဟုတ်ဘူး” လို့ မကမ္ဘာက ဆိုတယ်။
အရှိန်ရနေတဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် သဘာဝတောတွေ ထိခိုက်ပျက်စီးမှာ စိုးရိမ်မိပြီး ရေရှည်မှာ သစ်တောပြုန်းတီးတာ၊ ရာသီဥတုပြောင်းလဲတာ၊ ရေနဲ့စားနပ်ရိက္ခာ ရှားပါးတာ၊ စိုက်ပျိုးမွေးမြူရေး ထိခိုက်တာတွေ ကြုံရလာနိုင်တယ်လို့ယင်းကဆက်ပြောတယ်။
တိုင်းပြည်မတည်ငြိမ်လည်း သဘာဝတရားကြီးက တားဆီးလို့မရတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေကတော့ လုပ်မြဲအတိုင်းထိန်းသိမ်းတာ အသိပညာပေးတာတွေကို လုပ်ဆောင်ဖို့လိုတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ခင်(အမည်လွှဲ) ကပြောပါတယ်။
“ဒီမှာကအခြေအနေက ပေးတဲ့ဟာပေးတယ်။ မပေးတဲ့ဟာ မပေးဘူးဆိုတော့ မြစ်ဆုံကိစ္စဆိုလည်း အရင်လိုပြောလို့မရဘူး။ မငြိမ်သက်ဘူးလေ။ တိုင်းပြည်အခြေအနေရော၊ ကမ္ဘာကြီးရောဂါဖြစ်နေတဲ့ အချိန်ရော၊ လူတွေကလည်း ပြန့်ကျဲပြီးတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲမသိဘူး” လို့ ဒေါ်ခင်ခင်က ပြောပါတယ်။