နန်းဆိုင်နွမ်။ ။
ဇွပ်အောင်စစ်ရှောင်စခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးက ကာလိုင်ကျေးရွာမှာရှိပြီး လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင် ၂၀၁၂ခုနစ်က မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးလာကြသူတွေ ခိုလှုံရာနေရာလည်း ဖြစ်ပါတယ်။ စခန်းထဲက စစ်ရှောင်အများစုက ကချင်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။
တိုက်ပွဲတွေနဲ့ ဝေးရာကို ပြေးလာကြပေမယ့် သူတို့ပြေးလာတဲ့ဆီအထိ တိုက်ပွဲတွေ ရောက်လာနိုင်တဲ့ အကြောင်းကဖန်လာပါတော့တယ်။ အခုနှစ်ဆန်းပိုင်းမှစတင်ပြီး ကိုးကန့်တပ်မတော် (MNDAA)တပ်ဖွဲ့က စစ်ရှောင်စခန်းဆီ လက်နက်အပြည့်အစုံနဲ့ လာရောက်စခန်းချနေထိုင်ခဲ့တာ ခြောက်လထဲ ရှိလာပါပြီ။
“ ကျမတို့ နေထိုင်တဲ့စခန်းမှာ ဘယ်လက်နက်ကိုင်မှ မနေချင်ဘူး။ လက်နက်ကိုင်တွေရှိလာရင် တိုက်ပွဲဖြစ်လာမှာ ကြောက်တယ်” လို့ ဇွပ်အောင်စစ်ရှောင်စခန်းနေထိုင်တဲ့ ကချင် အမျိုးသမီး ဒေါ်ရွယ် က ပြောပါတယ်။
လက်နက်ကိုင်တပ်တွေ ရောက်လာပြီးတဲ့နောက်မှာ တပ်သားအချို့က မိန်းကလေးငယ်တွေကို စနောက်တာတွေရှိလည်း ရှိခဲ့တယ်လို့ စစ်ရှောင်အချို့က ဆိုပါတယ်။
“ကျမတို့အမျိုးသမီးတွေ လုံခြုံစိတ်ချမှုမရှိတာတော့ အမှန်ပဲ။ ညညဆိုမူးပြီးအော်နေကြတာ။ သူတို့လာကတည်းက ကောင်းကောင်းအိပ်မပျော်ဘူး” လို့ ဒေါ်ရွယ်က သူ့ခံစားချက်ကို ရင်ဖွင့်လာပါတယ်။
ဇွပ်အောင်စစ်ရှောင်စခန်းနဲ့ မလှမ်းမကမ်းနေရာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာစစ်တပ်တို့ ရှိနေတဲ့အတွက် တိုက်ပွဲတွေပြန် ဖြစ်မှာကိုလည်း စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။
ဒါ့ကြောင့် စခန်းထဲမှာ လက်နက်နဲ့ လာရောက်စခန်းချတဲ့ MNDAA တပ်ဖွဲ့ကို စခန်းကနေ ထွက်ပေးဖို့ စစ်ရှောင်တွေက သွားရောက်ပြောဆိုတဲ့အခါမှာ “သေနတ်” နဲ့ ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက်လုပ်ခဲ့ကြောင်း စစ်ရှောင် စခန်းတာ၀န်ခံက ပြောပါတယ်။
“ကျနော် စစ်ရှောင်ပြည်သူတွေ တခုခုဖြစ်မှာ ကို ကျနော်စိုးရိမ်တယ်လေ။ ဒါ့ကြောင့် ကျနော် ဒီကနေ ထွက်ပေးဖို့ အကြိမ်ကြိမ်သွားတောင်းပန်တယ်။ သူတို့က သေနတ်နဲ့ ကျနော်ကို ခြိမ်းခြောက်တယ်။ သူတို့ကြားပြောနေတဲ့ တရုတ်စကားလည်း ကျနော်တို့နားမလည်ဘူး” လို့ စစ်ရှောင်တာ၀န်ခံ တစ်ဦး က ပြန်ပြောပြနေပါတယ်။
ဇွပ်အောင် စစ်ရှောင်စခန်းမှာ စစ်ရှောင် ၁၀၀၀ နီးပါးရှိတဲ့ စခန်းကြီးတခုဖြစ်ကာ လက်ရှိမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြင်ထွက် အလုပ်လုပ်ရန် ခက်ခဲကြပြီး စခန်းထဲတွင် လူငယ်တွေ မိန်းကလေးတွေ အများကြီးရှိနေသဖြင့် MNDAA မှ တပ်သားသစ် စုဆောင်းသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
တဖက်မှာလည်း MNDAA တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကား အခက်အခဲရှိတာကြောင့် နှစ်ဖက်အကြား ညှိနှိုင်းရန် ခက်ခဲနေပါတယ်။
“ သူတို့တွေက တရုတ်လိုပဲပြောကြတာ။ ဘာပြောပြောနားမလည်ကြဘူး။ ကျနော်တို့လည်း ဘယ်သူ့ကို သွားပြောလို့ပြောရမှန်းမသိဘူး” လို့ စစ်ရှောင်စခန်း တာ၀န်ခံက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဟာ စစ်ရေးပဋိပက္ခတွေ ကြီးထွားခဲ့တဲ့နေရာဒေသတခုဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေနဲ့ မြန်မာစစ်တပ်တို့ ခြေရှုပ်လှုပ်ရှားတဲ့ အရပ်ဒေသ တခုဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခ အကျိုးဆက်တွေကြောင့် အမျိုးသမီးတွေဟာ “ ဓားစားခံ” ဖြစ်နေရကာ လက်ရှိ စစ်ရှောင်စခန်းထဲမှာ လက်နက်ကိုင် တပ်ဖွဲ့ စခန်းချနေထိုင်နေတဲ့ ပြဿနာဟာ ပြည်သူတွေ ကာကွယ်ရာမရောက်ဘဲ ပြည်သူတွေကို ဒုက္ခပေးရာရောက်ကြောင်း Kachin Women’s Association Thailand (KWAT) မှ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က ပြောဆိုလိုက်ပါတယ်။
“ကြည့်လိုက်တာနဲ့ မသင့်တော်နေမှန်း အားလုံးတန်းသိတယ်။ စစ်ရှောင်ပြည်သူတွေနေတဲ့ စခန်းမှာ လက်နက်ကိုင်အဖွဲ့တွေ တပ်ချနေရင်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ နောက်ပြီး တိုက်ပွဲဖြစ်ပြီ ဆိုရင်တော့ လက်နက်မရှိတဲ့ ပြည်သူတွေပဲ နစ်နာထိခိုက်မယ်။ စစ်ရှောင်ဆိုပြီး နေနေရတဲ့ စစ်ရှောင်စခန်းမှာ တပ်ချနေတယ်ဆိုတာက ပြည်သူများရဲ့ လုံခြုံရေးကို ပိုထိခိုက်အောင် ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ မွန်းနေလီ က ၀ေဖန်ပြောဆိုလိုက်ပါတယ်။
နဂိုကတည်းမှ စစ်ကြောင့်ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူတွေနေတဲ့ စခန်းကိုမှ လာရောက် နေထိုင်နေတဲ့ကိစ္စဟာ လက်နက်ကိုင်တွေလိုက်နာရမယ့် ကျင့်၀တ်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက ပြောပါတယ်။
“ဘယ်လက်နက်ကိုင်မဆို စစ်ရေးကျင့်၀တ်တွေ၊ ပြည်သူတွေအပေါ်ထားရမယ့် ကျင့်၀တ်တွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုရင် ပိုတောင်လိုက်နာရမယ်။ တော်လှန်ရေးလုပ်နေသူတွေကစ ချိုးဖောက်နေရင် မကောင်းဘူးပေါ့။ ပိုဆိုးတာက စစ်ရေးကြောင့်ထွက်လာတဲ့သူကို နောက်စိတ်ဒဏ်ရာထပ်ပေးတာပဲ ” လို့ ကွတ်ခိုင်မြို့ မှ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး UN Security Council မှ ချမှတ်ထားတဲ့ ၁၃၂၅ ဒီထဲမှာဆိုရင် တိုက်ပွဲကြောင့် နစ်နာနေတဲ့ အမျိုးသမီးတွေ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုထောက်ပံ့ရမယ် ဆိုတာတွေ ချမှတ်ထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ရဲ့ တိုက်တွန်းချက်တခုဖြစ်တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အရပ်သားတွေအဖြစ် အသိအမှတ်ပြုကာအကာအကွယ်ပေးရေးနဲ့ အခွင့်အရေးတွေဆိုင်ရာ ဆက်စပ်ပတ်သက်တဲ့ နိုင်ငံတကာဥပဒေတွေကို လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အုပ်စုတွေအားလုံး အပြည့်အဝလေးစားလိုက်နာဆောင်ရွက်ရန် ဆိုပါတယ်။
ဒါကြောင့် စစ်ရှောင်ဆိုပြီး ဒုက္ခရောက်နေတဲ့သူတွေကို လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးက ကာကွယ်ပေးဖို့က အဓိကအရေးကြီးဆုံးအရာဖြစ်တယ်။
“စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးကိုကာကွယ်ပေးဖို့က တိုက်ပွဲတွင်းပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး လိုက်နာဆောင်ရွက်ဖို့လိုတယ်။ အမျိုးသမီးများရဲ့ လုံခြုံရေးဆိုတာ အဓ္ဓမပြုကျင့်မှုတွေပါမယ်။ နည်းလမ်းမျိုးစုံဖြစ်နေတဲ့ အခြေအနေတွေကို ကာကွယ်ပေးရမယ်။ အဲ့တာတွေ ခိုင်ခိုင်မာမာ ပြောထားတယ်” လို့ မွန်းနေလီ က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရှောင်စခန်းမှာ လာနေတာကတော့ အရပ်သားပြည်သူတွေ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေသလို ဒီလိုလာရောက်နေထိုင်တာဟာ ရုပ်ဆိုးအကျည်းတန်ကြောင်းလည်း ဒေါ်ရွယ်က ပြောပါတယ်။
လက်ရှိမှာတော့ ဒေါ်ရွယ်တယောက်ဟာ စစ်ရှောင်ထဲမှာ သူ့ရဲ့သမီးနဲ့ အမျိုးသမီးတွေအတွက် တွေးပူပြီး၊ လက်နက်ကိုင် အုပ်စုတွေကိုလည်း စခန်းကနေ ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“ ကျမ မှာ သမီးလေးရှိတော့ တခုခုဖြစ်မှာလည်းစိုးရိမ်တယ်။ ကိုယ်နဲ့ဘာသာစကားမတူ လက်နက်ကိုင်တပ် ကိုယ့်စခန်းမှာလာနေတော့ စိတ်ပူတာပေါ့၊ ကြောက်လည်းကြောက်တယ်။ ညမှောင်ရင် ဘာဖြစ်လာမှာလဲဆိုပြီး တွေးပြီးအိပ်မပျော်ဘူး။ သူတို့တွေကို ဒီစခန်းကနေ ထွက်ခိုင်းစေချင်တယ်” လို့ ဒေါ်ရွယ် က ပြောပါတယ်။