ခင်ဘုန်းမို့။ ။
မှိန်ပျပျ ဖယောင်းတိုင် မီးအလင်းရောင်အောက်မှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်ကလေးတစ်ဦးဟာ သူ့ဖခင်နဲ့ အတူ ပုံပြင်စာအုပ်ဖတ်နေကြတယ်။
ဖခင်ဟာ ကလေးငယ် နားလည်လောက်တဲ့ စကားလုံးအသုံးနှုန်းနဲ့ ဖတ်ပြတာကြောင့် ကလေးငယ်ဟာ ဖခင်ပုံပြင် ဖတ်ပြ တာကို နှစ်ခြိုက်ကျေနပ်နေပုံပါပဲ။
ကလေးငယ်လေးအတွက် ဖခင်ဟာစာအုပ်ဖတ်ဖော်၊ တီဗီဇာတ်လမ်းတွဲကြည့်ဖော်အပြင် ဆော့ကစားဖက်လည်း ဖြစ်တယ်။ အလုပ်တာဝန်များလို့ အိမ်ပြန်ဘယ်လောက်နောက်ကျကျ အိမ်ပြန်ရောက်တာနဲ့ အချိန်တွေကို သမီးငယ်အတွက်သာ ကုန် ဆုံးစေခဲ့တယ်။
တစ်ရက်မှာတော့ ထူးဆန်းတဲ့ဧည့်သည်တချို့က ဖခင်ကိုလာခေါ်တာကို ကလေးငယ်တွေ့လိုက်ရတယ်။ အဖေနဲ့အမေရဲ့ ထူးခြားစွာ အပြန်လှန်မေးမြန်းနေတာတွေကိုတွေ့ရတယ်။ ပြီးတော့ သူ့ဖခင်ကို ခေါ်သွားကြတော့တယ်။
မိဘတွေရဲ့အပြုအမူကြောင့် အန္တရာယ်တစ်ခုခုရှိပြီဆိုတာ နားလည်လိုက်တဲ့ သမီးငယ်က ဖေဖေလိုက်မသွားနဲ့လို့ လှေကား ရင်းအထိ ဆင်းပြီးဆွဲထားကာတားဆီးခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဖခင်ကို သူနဲ့ဝေးရာဆီ ခေါ်ဆောင်သွားကြပါပြီ။
ကလေးငယ်ရဲ့ဖခင်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရတာပါ။
အဲ့ဒီနောက် အတူကစားဖက် စာဖတ်ဖက် အဖေကပြန်မလာတော့ဘဲ ရုတ်တရက်နေအိမ်ကပျောက်ကွယ်သွားတဲ့အတွက် ကလေးငယ်မှာ စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။ ဖခင်မဲ့ရှင်သန်ခဲ့ရတဲ့ ကာလတွေဟာ နုနယ်တဲ့ကလေးဘဝရဲ့ ပြန်သတိရ စရာမကောင်းတဲ့ အိပ်မက်ဆိုးတွေ ဖြစ်ခဲ့တယ်။
စစ်အာဏာရှင်စနစ်အောက်မှာကြီးပြင်းခဲ့ရပြီး ဒီစနစ်ရဲ့ရိုက်ခတ်မှုတွေကို ငယ်ဘဝထဲက ခံစားခဲ့ရဖူးတဲ့ အဲ့ဒီကလေးငယ် ဟာ ယခုချိန်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ မြန်မာပြည်သူတွေ နာကျင်ခံစားနေကြရတဲ့ စိတ်ဒဏ်ရာ တွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သုတေသနပြု လေ့လာနေတဲ့စိတ်ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါပြီ။
သူကတော့ အသက်၂၈နှစ်အရွယ် မဖြူပန်းနုခင်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ဗားမောက်ပြည်နယ်၊ ဗားမောက်တက္ကသိုလ် (University Of Vermont)မှာ Clinical Psychology (ကုသရေးဆိုင်ရာစိတ်ပညာ)ကို ပါရဂူဘွဲ့ တက်ရောက်နေတာဖြစ် ပါတယ်။
အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့
မဖြူပန်းနုခင်ရဲ့ ဖခင်ဖြစ်သူဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရပြီးနောက်မှာ မိသားစုအနေနဲ့ ငွေရေးကြေးရေး အပြင် အဖက်ဖက်က အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဖခင်ဖြစ်သူနဲ့ ငါးနှစ်အကြာ ခွဲခွာရတဲ့ကာလအတွင်း မိခင်နဲ့ အစ်မဖြစ်သူတို့ရဲ့ဂရုစိုက်ဖေးမမှု ချစ်ခြင်းမေတ္တာတွေ၊ အားပေးကြင်နာမှုခွန်အားတွေနဲ့ ကြီးပြင်းခဲ့ရတယ်။ အရွယ်ငယ်လွန်း သေးလို့ လောကဓံရိုက်ခတ်မှုတွေကို မိခင်နဲ့အစ်မဖြစ်သူလောက်တော့ မခံစားခဲ့ရပေမယ့် ဖခင်ကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ သာ နေ့စဉ်ဘဝ နေ့ညများကို ဖြတ်သန်းခဲ့ရတယ်။
“ အဖေတင်မက နီးစပ်ရာမိသားစုအသိုင်းအဝိုင်းတွေကြားက နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူ တွေရဲ့ ခံစားနာကျင်ရ အနစ်နာခံရတာတွေကို နေ့စဉ်မြင်နေကြားရင်း ကြီးပြင်းလာရသူတစ်ယောက်အနေနဲ့ သူတို့ရဲ့ စိတ် ဒဏ်ရာတွေနဲ့ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ရိုက်ခတ်မှုတွေကို ငယ်ဘဝထဲကနားလည်ခဲ့တယ်” လို့ မဖြူပန်းနုခင်က ဖွင့်ဟပါ တယ်။
မဖြူပန်းနုခင်တစ်ယောက် စိတ်ပညာရှင်တစ်ယောက်အဖြစ် ကုထုံးတွေဆောင်ရွက်တဲ့အခါမှာ ကိုယ်တိုင်က စစ်အာဏာ ရှင်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို ထိခိုက်ခံစားခဲ့ရဖူးသူဖြစ်တဲ့အတွက် ဒီလိုကြုံတွေ့ရသူတွေအပေါ်မှာ အပြည့်အဝ စာနာ နားလည်သလို ဒီလိုကိစ္စရပ်တွေကို သိပ္ပံနည်းကျလေ့လာချင်စိတ်ဖြစ်ခဲ့ရတယ်။
ဒါကြောင့် မဖြူပန်းနုခင်ဟာ ပါရဂူဘွဲ့သုတေသနကျမ်းအတွက် စာတမ်းတင်ရာမှာ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စိတ်ဒဏ်ရာသင့်မှုတွေနဲ့ ဒီဖိနှိပ်မှုတွေကို ရင်ဆိုင်ကြံ့ကြံ့ခံနိုင်စိတ်ကို လေ့လာတဲ့ သုတေသနစာတမ်းကို တင် သွင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဒီလိုကြိုးစားရာမှာ ပါရဂူဘွဲ့အတွက် သုတေသနအဆိုပြုချက်ကို တင်သွင်းခဲ့ရာမှာ ထပ်မံပြင်ဆင်စရာမလိုဘဲ အောင်မြင်ခဲ့ ပါတယ်။ ပါရဂူတန်းရဲ့ နောက်ဆုံးအဆင့်အနေနဲ့ ပြုစုတင်သွင်းမယ့် ဒီသုတေသနအတွက် ဒေတာအချက်အလက် ကောက် ယူဖို့ ဆက်လက်ဆောင်ရွက်ရဦးမှာပါ။
လုံခြုံရေးကို အထူးဦးစားပေးတဲ့အနေနဲ့ အမည်ဖော်ပြဖို့မလိုဘဲ မြန်မာပြည်တွင်းက အတွေ့အကြုံဆိုးတွေကို ကိုယ်တိုင် ခံစားခဲ့ရပြီး ပြန်လည်ဝေမျှနိုင်သူတွေဆီက စစ်တမ်းကောက်ယူသွားမှာဖြစ်တယ်လို့ မဖြူပန်းနုခင်က ရှင်းပြပါတယ်။
အခက်အခဲအကျပ်အတည်းတွေလည်း အများကြီးရှိနိုင်ပြီး ပြည်တွင်းပြည်ပက စိတ်ပညာရှင်၊ သုတေသန ပညာရှင်တွေရဲ့ အကူအညီသာမက သူတို့ရဲ့ ကြီးကြပ်အုပ်ထိန်းမှုအောက်မှာ ဒီသုတေသနကို ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။
ပထမဆုံးအဆင့်ဖြစ်တဲ့ အဆိုပြုချက်(proposal) စာမျက်နှာ၇၀ကျော်ရေးခဲ့ရတဲ့ ကာလတစ်လျှောက်လုံးမှာလည်း မြန်မာ ပြည်သူတွေရဲ့စိတ်ဒဏ်ရာခံစားရမှုတွေကို လေ့လာတင်ပြရင်း ကိုယ်တိုင်လည်း စိတ်နာကျင်ထိခိုက်ရပေမယ့် ဒါက ကိုယ့် ဘဝရဲ့အရေးကြီးဆုံးအတွေ့အကြုံတစ်ခုလို့ နားလည်မိတယ်လို့ မဖြူပန်းနုခင်က ဆိုပါတယ်။
“ ဒီစာတမ်းကိုစရေးတဲ့အခါမှာ ကိုယ့်အသိုင်းအဝိုင်းထဲက စိတ်ထိခိုက်စရာသတင်းတွေ ကြားရတိုင်း ကိုယ်ခံစားရတဲ့ ဒီနာ ကျင်မှုတွေကို လောင်စာအဖြစ်အသုံးချမယ်၊ နာကျင်မှုတွေကြားကတန်ဖိုးရှိတဲ့ ရည်ရွယ်ချက်ပြည့်ဝတဲ့ အလုပ်တစ်ခုခုကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက် နေ့ရောညရော အချိန်ရှာပြီး ကြိုးစားရေးသားခဲ့ရာမှာ အခုလို စာတမ်းပြီး မြောက်ခဲ့တာပါ”လို့ သူကဆိုပါတယ်။
စိတ်ပညာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသားဆု ရရှိခဲ့
ဒီလိုကြိုးစားခဲ့မှုတွေကြောင့် ကုသရေးဆိုင်ရာ စိတ်ပညာဘာသာရပ်တွေမှာ ထူးချွန်ရုံတင်မကဘဲ လူမှုအသိုင်းအဝိုင်း အတွင်း အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဘွဲ့လွန်ကျောင်းသားကျောင်းသားတွေကို အမေရိကန်စိတ်ပညာ အသင်းကြီးက နှစ်စဉ်ဆုချီးမြှင့်ရာမှာ ယခုနှစ် (၂၀၂၂)အတွက် ဆုကို မဖြူပန်းနုခင်ကရရှိခဲ့ပါတယ်။
မဖြူပန်းနုခင်ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာစိတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူ တွေရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကြိုးစားဖြည့်ဆည်းခဲ့ရာမှာ ပညာပေးသင်တန်းတွေပေးခဲ့တာ၊ ကုသရေးပိုင်း ဆိုင်ရာလိုအပ်ချက်တွေကို တပ်အားသရွေ့ပါဝင်ခဲ့တာတွေအပြင် မဖြူပန်းနုခင် တင်သွင်းမယ့် သုတေသနကျမ်းအပေါ် အသိအမှတ်ပြုမှုတစ်ခုအနေနဲ့ အမေရိကန်စိတ်ပညာအသင်းကြီးက ဂုဏ်ပြုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
“ မြန်မာပြည်စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျွန်မရဲ့သုတေသနစာတမ်းနဲ့ပတ်သက်ပြီးတော့ ဒီဆုကိုရရှိခဲ့တဲ့အတွက် အထူးပဲ အမှတ်တရ ဖြစ်ရပါတယ်” လို့ မဖြူပန်းနုခင်ကဆိုပါတယ်။
မဖြူပန်းနုခင်ဟာ အသက်၁၇နှစ်အရွယ်ထဲက ပြည်ပမှာပညာတော်သင်ဖို့ မွေးရပ်မြေကထွက်ခွာခဲ့တာဖြစ်တယ်။ တက္က သိုလ် ဝင်တန်းအောင်ပြီးစ ဆေးကျောင်းတက်ရောက်နေစဉ်မှာပဲ American Center မှာ အင်္ဂလိပ်စာ လေ့လာရင်း စိတ် ပညာနဲ့အာရုံကြောသိပ္ပံဘာသာရပ်စာအုပ်တွေကိုလေ့လာဖြစ်ခဲ့တယ်။
အဲ့ဒီနောက် အမေရိကန်အစိုးရကပေးတဲ့ ပညာသင်ဆုရရှိခဲ့ပြီး အမေရိကန်နိုင်ငံကို ပညာတော်သင်ခြောက်လ သွားရောက် ခွင့်ရခဲ့ပါတယ်။ ခြောက်လတာကာလအတွင်းမှာ ဦးနှောက်အာရုံကြောသိပ္ပံဘာသာရပ်ကို လေ့လာရင်းနဲ့ အထူးစိတ်ဝင်စား ခဲ့တယ်။
မြန်မာပြည်တွင်းက လိုအပ်ချက်တွေကိုလည်း အမေရိကန်လိုနိုင်ငံမျိုးမှာသာ သင်ကြားခွင့်ရမယ့် ခေတ်မီပညာရပ်တွေနဲ့ တိုးတက်အောင်လုပ်တာ သုတေသနဲ့အဖြေရှာတာတွေ လုပ်နိုင်မယ်လို့ ယုံကြည်မိတာကြောင့် အမေရိကန် ပြည်ထောင်စု မှာပဲ ကျောင်းဆက်တက်နိုင်အောင်ကြိုးစားကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ပညာသင်ကာလ ပြီးဆုံးလို့အမိနိုင်ငံပြန်လာတဲ့အခါ အမေရိကန်နိုင်ငံမှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ပညာသင်ဆု တွေ လျှောက်ထားရတာနဲ့ တစ်နှစ်အချိန်ကုန်ဆုံးခဲ့တယ်။ နောက်ဆုံးတော့ Prospect Burma နဲ့ OSI ပညာသင်ဆုတွေကို ရရှိပြီး အမေရိကန်နိုင်ငံသို့ ထပ်မံပညာသင်ခွင့်ရကာ Montana State University မှာ ဦးနှောက်အာရုံကြောသိပ္ပံ ဘာသာရပ်ကို လေးနှစ်သင်ယူခဲ့ပြီး Bachelor ဘွဲ့ရရှိခဲ့တယ်။
ဒုတိယနှစ်ကတည်းက သုတေသနပညာသင်ဆုကို ရရှိခဲ့လို့ သင်ကြားစရိတ်အထောက်အကူဖြစ်သလို သုတေသန အတွေ့အကြုံလည်း စောစီးစွာ ရယူခွင့်ရခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့က စိတ်ကျန်းမာရေးဆေးရုံတွေမှာ Mental Health Specialist (စိတ်ကျန်းမာရေးအထူးပြုပညာရှင်) အနေနဲ့ရယ်၊ ဟားဗတ်တက္ကသိုလ်ရဲ့ Public Health စာသင်ခန်းတွေမှာ ကမ္ဘာ့စိတ် ကျန်းမာရေးသုတေသနအဖွဲ့ရဲ့ Research Assistant အနေနဲ့ရယ်၊ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတစ်ခုမှာ စိတ်ကျန်းမာရေးစောင့်ရှောက်မှုမန်နေဂျာအနေနဲ့ အလုပ်လုပ်ကိုင်ခဲ့တယ်။
မြန်မာပြည်မှာ ဆေးကျောင်းတက်စဉ်ကတည်းက စိတ်ကျန်းမာရေးအထူးပြုဘာသာရပ်တွေကို စိတ်ဝင်စားခဲ့သူ ဖြစ်တာနဲ့ အညီ စိတ်ကျန်းမာရေး ကုသမှုအတွေ့အကြုံရရှိခဲ့ပြီးနောက်ပိုင်းမှာ နောက်ထပ်ခြောက်နှစ်စာ ပါရဂူဘွဲ့ တက်ရောက်ရင် စိတ်ဒဏ်ရာတွေနဲ့ပတ်သက်တဲ့ စိတ်ထိခိုက်မှုတွေ၊ စိတ်ဝေဒနာတွေကို အထူးပြုလေ့လာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါရဂူ ဘွဲ့ဆက်လက်တက်ရောက်ခဲ့တယ်။
စိတ်ကျန်းမာရေးကုထုံးတွေကို ဆောင်ရွက်ရာမှာ တစ်ခါတစ်ရံအမေရိကန်ကို ရွေ့ပြောင်းနေထိုင်လာသူတွေထဲက မြန်မာ ပြည်ဖွားပြည်သူတွေကို ကုထုံးတွေပေးခွင့်ရခဲ့တယ်။ စစ်ပွဲတွေ၊နိုင်ငံရေးအကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာ တွေကို စိတ်ကျန်းမာရေးပညာရှင်တွေ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးအဖြေရှာပေးတဲ့အခါမှာ ကုထုံးတွေ အရမ်းအောင်မြင်တာကို တွေ့ခဲ့ရတယ်။
ဒီလိုမျိုးပညာတွေကို မြန်မာပြည်တွင်းမှာ လုပ်ပေးခွင့်ရရင် ဘယ်လောက်များ တန်ဖိုးရှိမလဲဆိုပြီးတော့ မျှော်လင့်မိတဲ့ အတွက် ဒီဘာသာရပ် (ကုသရေးဆိုင်ရာစိတ်ပညာ)ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့မဖြူပန်းနုခင်က ဆိုပါတယ်။
မူလကတည်းက နိုင်ငံခြားမှာပညာသင်ဖို့ မျှော်မှန်းထားဖူးသူတစ်ဦးမဟုတ်ဘဲ ပညာသင်ဆုများရရှိလို့သာ ပြည်ပမှာ ကျောင်းတက်ရသူဖြစ်တဲ့အပြင် အလယ်အလတ်တန်းစားမိသားစုက လာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပညာတော်သင်ဆုပေးတဲ့ တက္ကသိုလ်တွေမှာပဲ တက်ရောက်သင်ကြားရတာဖြစ်တဲ့အတွက် အမြဲတမ်း နယ်ဘက်မှာပဲ ကျောင်းတက်ရတယ်။ ရာသီဥတုအေးခဲပြင်းထန်တဲ့ ဆောင်းတွင်းကာလတွေကို ဖြတ်သန်းရတယ်။ ဘာသာစကား၊ ယဉ် ကျေးမှုမတူတဲ့နေရာမှာ တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်။ လူမျိုးရေးဆိုင်ရာ ခွဲခြားမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။
မိသားစုက အဝေးမှာဖြစ်တဲ့အတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်။ မိသားစုဘက်က လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေနဲ့ ဖေးမခဲ့တယ်။ မိသားစုရဲ့ဖေးမအားပေးမှုတွေကြောင့်သာ ပညာရေးနဲ့ပတ်သက်တဲ့ မြင့်မားတဲ့ ရည်မှန်း ချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ မဖြူပန်းနုခင်ကဆိုပါတယ်။
“ ကိုယ်ဖြစ်ချင်တာရှိခဲ့ရင် အခက်အခဲတွေတော့ အများကြီးကြုံနိင်တယ်၊ ဒါပေမဲ့ ဒါကိုကျော်ဖြတ်နိုင်ရမယ်၊ ရင်ဆိုင်နိုင်ရ မယ်ဆိုတဲ့စိတ်မျိုး … ကြိုးစားရင် မဖြစ်နိုင်တာမရှိ၊ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စိတ်မျိုး အမေရော အဖေရောက မွေးမြူ ပေးခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။
အသက်၁၇အရွယ်ကစပြီး ကိုယ့်ရဲ့ကျန်းမာရေး၊ စားရေးသောက်ရေး၊ ငွေရေးကြေးရေး၊ ပညာရေးစတာတွေကို ကိုယ်တိုင် စီမံခဲ့ရတယ်။ ပညာရေးရည်မှန်းချက်ကြီးခဲ့တဲ့ မဖြူပန်းနုခင်ဟာ အိမ်နဲ့ကျောင်းက ကွာလှမ်းတဲ့အတွက် ခြောက်တန်း ကျောင်းသူဘဝကနေ ဆေးကျောင်းတက်တဲ့အထိ ဘတ်စ်ကားပေါ်အချိန်ကုန်ရတာများလို့ ဘတ်စ်ကားစီးရင်း ကျောင်းစာ ဖတ်တဲ့ အလေ့အကျင့်နဲ့ ကျောင်းသူဘဝကိုဖြတ်သန်းခဲ့သူဖြစ်တယ်။ မဖြူပန်းနုခင်ဟာ ငယ်စဉ်ကတည်းက ကိုယ်စိတ်ဝင် စားတဲ့ပညာရပ်တွေကို လေ့ကျင့်နိုင်မယ့်အခြေအနေကို ကိုယ့်ဘာသာ မွေးမြူနိုင်စွမ်းရှိခဲ့တယ်။
“ ခြောက်တန်းကလေးဘဝထဲက အဲဒီလို ဘတ်စ်ကားစီးပြီး ကျောင်းတက်ခဲ့ရတဲ့အချိန်မှာ အခုလို အမေရိကန်ပြည်ထောင် စုမှာ ပါရဂူဘွဲ့လာတက်နိုင်မယ်လို့ တခါမှမမျှော်လင့်ခဲ့မိဘူး။ ဒါပေမယ့်ကျွန်မတို့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ဒါမှ မဟုတ် အနာဂတ်မှာမျှော်လင့်တာတစ်ခုခုပေါ့၊ ဒါကိုတိတိကျကျသိပြီဆိုရင် မဖြစ်ဖြစ်အောင် ကြိုးစားနိုင်စွမ်း၊ တစိုက်မတ် မတ် လုံ့လဝီရိယနဲ့ကြိုးစားနိုင်မယ်ဆိုရင် ရည်မှန်းချက်ကိုရောက်နိုင်စွမ်း လူတိုင်းမှာရှိပါတယ်။ ”လို့ မဖြူပန်းနုခင်က ပြော ပါတယ်။
အမျိုးသမီးဖြစ်တဲ့အတွက် နှစ်ဆပိုကြိုးစားရ
ကျောင်းပြီးလို့အလုပ်ရှာတဲ့အခါမှာ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားအနေနဲ့မို့ ပိုခက်ခဲခဲ့တယ်။ အလုပ်တစ်ခု ရဖို့ အီးမေးလ် ၇၀၊၈၀ လောက် ရေးရတဲ့အပြင် တက္ကသိုလ်တွေက ပါမောက္ခတွေ၊ ဆေးရုံအုပ်တွေကို သူတို့ကျောင်းက ဆေးရုံ၊ဆေးခန်းတွေ၊ သုတေသနဓာတ်ခွဲခန်းတွေမှာ ပညာရှင်လိုသလား၊ ကျောင်းသားလိုသလားဆိုပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်ရင်း ကြိုးစားခဲ့ရတယ်။
ဒီလိုပညာရှင်တွေကို မိတ်ဆက်တဲ့အခါမှာလည်း သူတို့အကြောင်းတွေ၊ သူတို့ရေးထားတဲ့ သုတေသနတွေကို တိတိကျကျ အချိန်ယူ ဖတ်မှတ်လေ့လာပြီးမှ မိတ်ဆက်တဲ့အခါ သူတို့ရဲ့တွေ့ရှိတေသနပြုချက်တွေကို ဘယ်လောက်စိတ်ဝင်စား ကြောင်း အသေးစိတ် ပြောပြနိုင်အောင်ကြိုးစားရတယ် ။ ဒီလိုပြောပြနိုင်မှသာ အလုပ်ရဖို့ အခွင့်အရေး ရေးရေးပေါ်နိုင်တာ ဖြစ်ပါတယ်။
ဒီလို အီးမေလ်း၈၀ကျော်ပို့တဲ့အထဲမှ ငါးယောက်၊ခြောက်ယောက်လောက်ကပဲ အရေးတယူ အကြောင်းပြန်ပြီး အဲ့ဒီအထဲ ကမှ နှစ်ယောက်သုံးယောက်လောက်ကပဲ အင်တာဗျူးခေါ်တာမျိုးကြုံရကာ ကျန်တာတွေအားလုံးက ယဉ်ယဉ်ကျေးကျေး ငြင်းတဲ့စာတွေပဲ ဖြစ်တယ်။
“ တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက် အဆက်အသွယ်အကူအညီမရှိတဲ့ ဘော်စတွန်မြို့ကြီးကို အရောက်သွားပြီး ကိုယ်လိုချင် တဲ့ အလုပ်မျိုးကို ရှာနေတဲ့အချိန်က ဘဝမှာ အခက်တကာ့အခက်ခဲဆုံး အချိန်တွေပဲလို့ ပြောလို့ရပါတယ်” လို့မဖြူပန်းနုခင် က ဖွင့်ဟပါတယ်။
အလုပ်ဒါမှမဟုတ် အခွင့်အရေးတစ်ခုကို အမျိုးသားနဲ့အမျိုးသမီး ပြိုင်တူလျှောက်တယ်ဆိုရင်တောင် အမျိုးသားကို ပိုပြီး ဦးစားပေးရွေးချယ်လေ့ရှိကြောင်း သုတေသနတွေမှာ တွေ့ရှိထားတာကို မိမိဘဝအတွေ့အကြုံရလည်း ကိုယ်တိုင်နား လည်ခဲ့တာကြောင့် တချို့အခြေအနေတွေမှာ နှစ်ဆပို ကြိုးစားရသလို ဖြစ်တယ်လို့ မဖြူပန်းနုခင် က ဆိုပါတယ်။
“ တမင်ခွဲခြားတာမျိုး မဟုတ်ရင်တောင်မှ တစ်ခါတစ်လေ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေကို (အထူးသဖြင့် လူဖြူမဟုတ်တဲ့အမျိုးသမီးတွေကို) ခေါင်းဆောင်ပိုင်းမှာ အမြင့်ပိုင်းတာဝန်ယူဖို့ ရွေးချယ်လေ့မရှိဘူးဆိုတာ ဖြစ်တတ်တော့ ကိုယ်က နှစ်ဆပိုတော်သလို ပိုထိုက်တန်သလိုမျိုး သက်သေပြရတဲ့ အနေအထားတွေရှိတယ်” လို့မဖြူပန်းနုခင်က ဆိုပါ တယ်။
ဒါ့အပြင် အမျိုးသမီးဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေကို ဦးစားပေး ဆုံးဖြတ်ရတဲ့အခါတွေ ရှိပေမယ့် တချို့အလုပ် တွေကိုတော့ အရဲစွန့်ပြီး လုပ်ကိုင်ရတဲ့အခြေအနေတွေလည်း ရှိခဲ့တယ်။
ငယ်ဘဝအိပ်မက်နဲ့ထပ်တူကျ
လေ့လာနေတဲ့ပညာရပ်ရဲ့ ထူးခြားသဘာဝတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အခက်အခဲတွေ အများကြီး ကြုံတွေ့ရပေမယ့် ဒီအလုပ်တွေပေါ်မှာ မဖြူပန်းနုခင်တစ်ယောက် ပျော်မွေ့နေပါတယ်။
ငယ်ဘဝက ဆရာဝန်နဲ့ စာရေးဆရာ၊ကဗျာဆရာ ဖြစ်ချင်ခဲ့ပေမယ့် လက်ရှိဘဝက ငယ်ဘဝအိပ်မက်နဲ့ ထပ်တူကျတယ်လို့ မဖြူပန်းနုခင်က ယုံကြည်နေပါတယ်။
“ ကဗျာဆရာတွေ စာရေးဆရာတွေနဲ့ စိတ်ပညာရှင်တွေအကြားမှာ တူညီမှုလမ်းကြောင်းတစ်ခုက အခက်အခဲကြားထဲ ကနေ အဓိပ္ပါယ်ရှိတဲ့ဘဝတွေကို တည်ဆောက်နိုင်ဖို့ လုပ်ချင်တယ်။ မိမိအတွက်ရော အားလုံးအတွက်ပါ အဓိပ္ပါယ်ရှိတဲ့ တန်ဖိုးတွေဖြစ်အောင် ဖန်တီးချင်တဲ့ ရည်ရွယ်ချက်တွေတူတယ်” လို့ မဖြူပန်းနုခင်က သူ့အမြင်ကို ဆိုပါတယ်။
မဖြူပန်းနုခင်ဟာ ငယ်စဉ်ကတည်းက စာဖတ်ဝါဿနာပါပြီး စာအုပ်တွေနဲ့ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ကဗျာ ဆရာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ကဗျာရေးတာစိတ်ဝင်စားခဲ့တယ်။
ကလေးမဂ္ဂဇင်းတွေမှာလည်း ကဗျာပြိုင်ပွဲတွေ၊စာစီစာကုံးပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံရတာတွေ ရှိခဲ့ တယ်။ ၁၈နှစ်အရွယ်က နိုင်ငံကို တစ်နှစ်လောက်ပြန်နေခွင့်ရစဉ်မှာ Teenနဲ့Beauty မဂ္ဂဇင်းတွေမှာ ဆောင်းပါးတချို့ ရေးခဲ့ ဖူးတယ်။
နွေဦးတော်လှန်ရေးမှာပါဝင်
မဖြူပန်းနုခင်ဟာ ဖေဖော်ဝါရီလအစထဲက စစ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက လက်မခံတဲ့ အကြောင်း တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာအနေနဲ့ ကြည့်မနေဘဲ မြန်မာပြည်သူတွေနဲ့ ရပ်တည်ပေးပါဆိုတဲ့ အကြောင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်အမတ်တွေ၊ သက်ဆိုင်ရာအစိုးရတွေဆီကို စာရေးတာ၊ တောင်းဆိုမှုတွေ လုပ်တာ၊ မြန်မာပြည်ကဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဘာသာပြန်ပြီး နိုင်ငံတကာသတင်းဌာနတွေဆီ ပို့ပေးတာ၊ ကုလ သမဂ္ဂက တာဝန်ရှိသူတွေထံ အီးမေးတွေပို့တာ စတဲ့လှုပ်ရှားမှုတွေကို ပြည်ပရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီနောက် မတ်လကစတင်ပြီး မြန်မာပြည်က ပြည်သူတွေခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ စိတ်ကျန်း မာရေးပညာပေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ခဲ့ပါတယ်။
တခြားစိတ်ပညာရှင်တွေ မြန်မာပြည်ဖွားစိတ်ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ မိမိကိုယ်ကိုသေကြောင်းကြံဖို့ ကြံစည်နေတဲ့ စိတ်တွေအတွေးတွေ ဖြစ်နေတယ်ဆိုရင် ဘယ်လိုကျော်ဖြတ်မလဲ မိသားစုဝင်တွေ ဘယ်လိုကူညီပေးမလဲ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို ထိခိုက်ခံစားခဲ့ရတဲ့အမျိုးသမီးငယ်၊ အမျိုးသားတွေ အကြမ်းဖက် ထိခိုက်ခံစားခဲ့ရတဲ့လူတွေနဲ့ တော်လှန် ရေးရဲဘော်တွေအားလုံးကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးမလဲဆိုတာတွေနဲ့ ကိုယ်ချစ်ခင်ရတဲ့ သူတွေ ဆုံးရူံးသွားတဲ့မိသားစုဝင်တွေကို ကြီးမားတဲ့ဆုံးရှုံးမှုတွေ နောက်ပိုင်းဖြစ်တတ်တဲ့စိတ်ဒဏ်ရာတွေကို တတ်နိုင် သမျှသက်သာစေဖို့ ကူညီဆောင်ရွက်ပေးတဲ့ အစီအစဉ်တွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။
ဒါ့အပြင် ပြည်တွင်းမှာ အမျိုးသမီးရေးရာကိစ္စရပ်တွေကို ကူညီနေတဲ့ Sister to Sister အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ ပြည်တွင်းက အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး စစ်တပ်က အမျိုးသမီးတွေအပေါ် ကျူးလွန်နေမှုတွေကို သက်သေအထောက်အထားတွေစုဆောင်းကာ UN Women အဖွဲ့ဆီကိုတင်ပြတာ၊ အမျိုးသမီးတွေ ဖမ်းဆီးခံ၊ သတ်ဖြတ် ခံရတဲ့အခြေအနေတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မေရီလော်လာနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေအရေးအတွက် တင်ပြတောင်းဆိုတာတွေပြုလုပ်ခဲ့တယ်။
ဆက်ပြီးလည်း မဖြူပန်းနုခင်ဟာ အောင်မြင်တဲ့ စိတ်ပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းရင်း မြန်မာပြည်ရဲ့ တော်လှန်ရေး လုပ်ငန်းတွေမှာ ဆက်လက်ပါဝင်သွားဖို့ဆုံးဖြတ်ထားတယ်လို့ ယခုလိုဆိုတယ်။
“ ပြည်တွင်းပြည်ပမှာရှိတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေနဲ့ပူးပေါင်းပြီး စိတ်ပိုင်းဆိုင်ရာ၊ပညာရေးပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေပေးပြီးတော့ တော်လှန်ရေးအတွက်အကောင်းဆုံး ကြိုးစားသွားဖို့ရည်မှန်းထားပါတယ်”