ရှင်ငြိမ်း။ ။
ရှေးရိုးစွဲအယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်နေကြတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ဒုတိယလိင်လို့ ခွဲခြားသတ်မှတ်ကာ နိုင်ငံရေး၊ စစ်ရေးနဲ့မသက်ဆိုင်သူတွေအဖြစ် ခေတ်အဆက်ဆက်မှာ ဖယ်ကျဉ်ထားခံခဲ့ရပါတယ်။
ဒီလိုအခြေအနေကြားက အမျိုးသမီးတွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့သူတွေမဟုတ်ဘူး။ ဒါဟာခွဲခြားမှုတစ်ခုသာဖြစ်တယ် ဆိုတာကို နွေဦးတော်လှန်ရေးမှာ လက်နက်စွဲကိုင်တော်လှန်နေကြတဲ့ အမျိုးသမီးတွေရဲ့ရဲရင့်မှုတွေက သက်သေခံလျှက် ရှိနေပါပြီ။
“ အမျိုးသမီးတွေဟာ စစ်ရေးနဲ့မသက်ဆိုင်ဘူးဆိုတဲ့ ယူဆချက်ဟာ ဒီနွေဦးတော်လှန်ရေးမှာတော့ မဖြစ်နိုင်ဘူးပေါ့။ ဘာလို့ ဆိုအမျိုးသမီးတွေဟာ ခန္ဓာဗေဒအရ နွဲ့နှောင်းနိုင်ပေမယ့် စစ်ရေးလေ့ကျင့်တဲ့အခါ အမျိုးသားတွေနဲ့တန်းတူလုပ်နိုင်ကြ တယ်။ ခုဆိုစစ်မျက်နှာပြင်တိုင်းလိုလို အမျိုးသမီးတွေပါလာကြပြီ”လို့ ဆိုသူက BPLAရဲ့စစ်သမီး အကြည်ပါ။
အသက် ၂၀ ကျော်အရွယ်သာရှိသေးတဲ့ အင်ဂျင်နီယာကျောင်းသူ အကြည်ဟာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ လက်ဖြောင့်ဆုရအမျိုးသမီးစစ်မေတစ်ယောက်ဖြစ်ပါတယ်။
သူ့အနေနဲ့ ဒီလက်ဖြောင့်ဆုကို ရာကျော်တဲ့သင်တန်းသားတွေ အထူးသဖြင့် အမျိုးသားတွေကြားကနေ ရယူနိုင်ခဲ့တာက လည်း အမျိုးသမီးတွေအပေါ်မှာ ခွဲခြားထားတဲ့အမြင်တွေ၊ အယူအဆစွဲကို ချေဖျက်ပစ်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်လာခဲ့တယ်လို့ သူကဆိုပါတယ်။
“ ဒီဆုကို ကျနော့်လိုပဲ အမှတ်ပြည့်ရတဲ့အမျိုးသားတစ်ယောက်နဲ့ထပ်ယှဉ်ပြိုင်ပြီးမှရတာရယ်၊ နောက်အမျိုးသမီးတွေရဲ့လုပ် နိုင်စွမ်းကိုပြခွင့်ရလိုက်တဲ့အတွက် ဂုဏ်ယူတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဖိနှိပ်ထားတဲ့အယူ အဆတွေကိုလည်း ချေဖျက်ပြီးသားဖြစ်တာပေါ့”လို့ အကြည်က ပြောပါတယ်။
အမျိုးသမီးစစ်မေတစ်ယောက်အနေနဲ့ အမျိုးသားတွေကြားမှာ လက်ဖြောင့်တပ်ဆုရဖို့ဆိုတာ သာမာန်ကြိုးစားမှုနဲ့မရနိုင်ပါ ဘူး။ လေးလွန်းတဲ့သေနတ်တွေနဲ့အသားကျအောင်၊ ခက်ခဲပင်ပန်းလွန်းလှတဲ့လေ့ကျင့်မှုတွေကို အမျိုးသားတွေနဲ့တန်းတူ သွေးတွေ ချွေးတွေများစွာ ပေးဆပ်လေ့ကျင့်ပြီးမှ ရလာတာဖြစ်ပါတယ်။
နိုင်ငံတော်အာဏာကို စစ်တပ်က မတရားသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ပြည်သူတွေက ငြိမ်း ချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပေမယ့် အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းလာတဲ့အတွက် အလွှာပေါင်းစုံက လူငယ်လူရွယ်တွေဟာ မိဘရင်ခွင်ထဲကနေ ထွက်ခွာလာကြကာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီသွားရောက်ပြီး အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စစ်ပညာတွေသင်ခဲ့ကြပါတယ်။
ဒီထဲမှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်လာရာမှစလို့ အခုဆိုရင်အမျိုးသမီးကွန်မန်ဒိုအဖွဲ့တွေ၊ ပြောက်ကျားစစ်သည်တော်အဖွဲ့နဲ့ အမျိုးသမီးစနိုက်ဘာသမားတွေအဖြစ် တိုက်ပွဲတွေမှာ ပါဝင်လာကြပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ဇာတိ ဖြစ်တဲ့အကြည်ဆိုရင် အာဏာသိမ်းမှုမဖြစ်ခင်က စာဖတ်တာ၊ ကဗျာရေးတာကိုနှစ်ခြိုက်ခုံမင်သူဖြစ်ပြီး အင်ဂျင်နီယာဖြစ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တဲ့သူပါ။
ဒါ့ပေမဲ့ အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ သူရည်ရွယ်ချက်တွေ ပျောက်ပျက်သွားခဲ့ရပြီး သူတွေးထင်မထားတဲ့လက်နက် ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ခဲ့ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“အရင်ဆုံး လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရင်း တောင်းယူ ကြည့်တဲ့အဆင့်ပေါ့။ ဒီအခြေအနေမှာ စကစဘက်က ဖြိုခွင်းတိုက် ခိုက်လာတော့ ဒီတော်လှန်ရေးဟာ တောင်းယူလို့မရ တိုက်ယူမှရမယ်ဆိုတဲ့အသိနဲ့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ အကြည်က ဆိုပါတယ်။
မောင်နှမသုံးယောက်ရှိတဲ့အထဲမှာ ဒုတိယသမီးဖြစ်တဲ့အကြည်အနေနဲ့ လက်နက်ကိုင်ထဲဝင်ဖို့ ဆုံးဖြတ်တဲ့အခါ အကြမ်းမ ဖက်အာဏာဖီဆန်ရေး(CDM)လုပ်ထားတဲ့မိဘတွေက စိတ်ပူလို့သတိပေးတာမျိုးအပြင် တားဆီးပိတ်ပင်တာမရှိခဲ့ပါဘူး။
အကြည်ဟာ စစ်ပညာသင်ဖို့အတွက် မိုင်ပေါင်းများစွာဝေးတဲ့ နှစ်ညအိပ်သုံးရက်ခရီးကို အဖော်မပါတကိုယ်ထဲ တော အထပ်ထပ်တောင်အဆင့်ဆင့်ကို ဖြတ်ကျော်သွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှုတွေဟာ ဒေသအသီးသီးမှာရှိပေမယ့် BPLAကို ရွေးချယ်ရတာကတော့ တပ်ရဲ့သစ္စာအဓိဌာန်၊ မူဝါဒလမ်းစဉ်၊နိုင်ငံရေးမျှော်မှန်းချက်တွေကိုနှစ်သက်တာကြောင့်လို့ အကြည်က ရှင်းပြပါတယ်။
အကြည်အနေနဲ့ တပ်ထဲရောက်တဲ့အခါ ပထမဆုံးကြုံတွေ့ရတဲ့စိန်ခေါ်မှုကတော့ ကိုယ်နေဖို့အဆောင်အတွက် လိုအပ်တဲ့ သစ်၊ဝါးခုတ်တာကစ အိမ်အမိုးအထိ အမျိုးသမီးတွေကိုယ်တိုင်ဆောက်လုပ်ရတဲ့အခြေအနေနဲ့ ဦးစွာရင်ဆိုင်ရပါတယ်။
စစ်ရေးလေ့ကျင့်တော့လည်း အမျိုးသား၊ အမျိုးသမီးအတွက်လို့သီးသန့်မခွဲဘဲ မနက် ၄ နာရီခွဲမှစလို့ ထမင်းစားနားချိန်အပ ည ၉ နာရီ အထိ မရပ်မနားလေ့ကျင်ကြရတဲ့အတွက် စိတ်ခန္ဓာပင်ပန်းမှုတွေနဲ့ကြုံရတာကတော့ အများနည်းတူပါပဲ။
ဒါ့အပြင် စစ်မြေပြင်မှာ အသက်မသေဖို့ ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် နေဖို့၊ စားဖို့အတွက် ကိုယ်တိုင်ဖန်တီးရ တာ၊ စစ်သည်တစ်ယောက်ရဲ့ထမင်းစားချိန်ဟာ ၃ မိနစ်နဲ့ ၅ မိနစ်ကြားပြီးရသလို အခြေအနေအရသုံးရက်လောက် အစာ ငတ်ခံစစ်တိုက်နိုင်ဖို့လည်း လေ့ကျင့်ထားရပါသေးတယ်။
တပ်ထဲမှာ စားရတာက ငပိ၊ ပဲ၊ ငှက်ပျောအူ၊ အသားတုနဲ့ပဲလည်ပတ်ရနေရပြီး သင်တန်းဆင်းပွဲရှိမှသာ အသားအနည်း ငယ်စားရပြီး ရေဆိုလည်း ရေသန့်သီးသန့်မရှိဘဲ သုံးရေ၊ သောက်ရေက ညိုတိုတိုရေတစ်မျိုးကိုသာ သုံးကြရတယ်။
ပုံမှန်မစားရတဲ့ထမင်းဆိုလည်း ဆန်ကြမ်းသာသာဖြစ်ပြီး ခွဲတမ်းရတဲ့ငါးခြောက်ဟာ တစ်ယောက်ကို လေး၊ ငါးဖတ်အပြင် အပိုမရကြပါဘူး။ ဆေးဆိုလည်း ဘိုင်အိုဂျက်ဆစ်တလုံးကို မျှသောက်ခဲ့ရတဲ့အခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေး တယ်။
ဒါ့အပြင် လေ့ကျင့်ရေးရဲ့ခက်ခဲပြင်းထန်မှုကို အမျိုးသမီးနဲ့ အမျိုးသား တန်းတူပင်ပန်းရတယ်ဆိုပေမယ့် အမျိုးသမီးတွေက တော့ပိုမိုအားစိုက်ထုတ်ရသလို သူတို့ရဲ့လစဉ်ဓမ္မတာကိစ္စတွေကြောင့်လည်း စိတ်ခန္ဓာပိုလို့ပင်ပန်းကြရတယ်။ ဒီလို အခြေ အနေမျိုးမှာ အကြည်ဟာ လက်ဖြောင့်ဆုအပြင် ဆေးမနားဆုပါ ရရှိခဲ့တာပါ။
သို့ပေမဲ့ အကြည်က“သင်တန်းကာလဟာ ငရဲခန်းလို့ဆိုတဲ့အတိုင်း တကယ့်ငရဲခန်းပါပဲ”လို့ မှတ်ချက်ပြုပါတယ်။
အကြည်ရဲ့အနာဂတ်မျှော်မှန်းချက်ကတော့ တော်လှန်ရေးကို နိုင်အောင်အရင်တိုက်ပြီး အာဏာသိမ်းမှုတွေ ထပ်မဖြစ် အောင် ဖက်ဒရယ်ပြည်ထောင်စုဆီကိုရောက်အောင်သွားဖို့ပဲဖြစ်ပါတယ်။
“ဒါကြောင့် နည်းမှန်၊လမ်းမှန်နဲ့ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းပေါ်ရောက်အောင်သွားနိုင်ဖို့က ကျနော်တို့ကြိုးစား နေတဲ့တစ်ခုတည်းသောလမ်းကြောင်းဆိုရင်လည်း မမှားပါဘူး”လို့ သူက ဆိုပါတယ်။
ဖိုဝါဒီကြီးစိုးတဲ့ စစ်တပ်ကိုအမြစ်ဖြတ်မယ့် တော်လှန်ရေးတပ်ဖွဲ့တွေမှာ သင်တန်းနည်းပြ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးပိုင်း တွေမှာ အမျိုးသမီးတွေဟာအမျိုးသားတွေနဲ့တန်းတူ တာဝန်ထမ်းဆောင်နေကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် BPLA မှာ အကြည်တို့လို အမျိုးသမီးတွေအပြင် LGBT တွေကိုလည်း တပ်ရဲ့ခေါင်းဆောင်မှုနေရာမှာ တာဝန်ပေးထားပါတယ်။
BPLAတပ်ရဲ့စစ်သင်တန်းနည်းပြဖြစ်သူ မေဆိုရင် သူရဲ့ဝါသနာက Photo Model ဖြစ်ချင်ခဲ့တာပါ။ အာဏာမသိမ်းမီကတော့ ကျန်းမာရေး Volunteer လုပ်ခဲ့သလို မူကြိုကျောင်းဆရာမလည်းလုပ်ခဲ့တဲ့သူဖြစ်တယ်။
ရန်ကုန်သူမေဟာ မိဘတွေရဲ့ပိတ်လှောင်တားဆီးထားတဲ့ကြားက လက်နက်ကိုင်တော်လှန်ရေးထဲရောက်အောင်လာခဲ့ တာပါ။
သူ့အနေနဲ့ သင်တန်းကာလထဲမှာ ခက်ခဲပင်ပန်းမှုတွေကတော့ အကြည်နည်းတူဆိုပေမယ့် သင်တန်းနည်းပြဖြစ်တဲ့အခါမှာ တော့ သင်တန်းသားတွေအိပ်မှ နားရသလို တစ်ညလုံးလည်း ကင်းလိုက်စစ်ရ၊ အစည်းအဝေးတွေထိုင်ရနဲ့ မနက်ဆိုလည်း သင်တန်းသားတွေမထမီ ဦးစွာနိုးထရပါတယ်။
ဒါကြောင့် သင်တန်းဆရာဖြစ်ဖို့ဆိုတာက တော်ရုံဇွဲ၊ သတ္တိရှိရုံနဲ့ မရနိုင်ပါဘူး။ သာမာန်ထက်ပိုတဲ့ပင်ပန်းခံနိုင်မှုရှိရမှာဖြစ် သလို ခံယူချက်ကောင်းပြီး ကျန်းမာ၊သန်စွမ်းဖို့လို့လည်း လိုအပ်ပါတယ်။
“ အမျိုးသားတပည့်တွေက လှောင်ပြောင်တာတော့ မကြုံဖူးပါဘူး။ တတ်နိုင်သမျှ သူတို့လေးစားအောင်နေပါတယ်။ သူတို့နဲ့ ရောသင့်တဲ့နေရာရောပြီး တင်းကြပ်သင့်တဲ့နေရာမှာ တင်းကြပ်ပါတယ်။ စံပြဖြစ်ဖို့ကြိုးစားရပါတယ်”လို့ မေက ဆိုပါတယ်။
အမျိုးသမီးစစ်မေတွေအနေနဲ့ လက်ရှိမှာစစ်မြေပြင်မထွက်ရသေးပေမယ့် အကယ်၍အရေးပေါ်ထွက်တိုက်ရမယ်ဆိုလည်း အချိန်မရွေးထွက်တိုက်ဖို့အဆင်သင့်ပဲလို့ BPLAရဲ့စစ်မေတွေက ဆိုကြပါတယ်။
ဒါ့အပြင် နည်းပြမေကတော့ လက်နက်ကိုင်လမ်းစဉ်ဟာ အသက်အန္တရာယ်များလွန်းပြီး ပင်ပန်းခက်ခဲလွန်းတာကြောင့် သာမာန်လက်နက်ကိုင်ချင်ရုံနဲ့ ဝင်မလာသင့်သလို သေသေကျေကျေတိုက်မယ်ဆိုတဲ့စိတ်ဓါတ်မျိုးဆိုရင်တော့ သူတို့က ကြိုဆိုပါတယ်လို့ ပြောပါတယ်။
အလားတူ အမျိုးသမီးတွေဟာ စစ်နဲ့မသက်ဆိုင်ဘူး။ တိုက်ခိုက်စွမ်းရည်မရှိဘူးဆိုတဲ့စကားဟာ အရိုးစွဲနေတဲ့အယူအဆ အမှားတွေဖြစ်လို့ အမြစ်ကနေဆွဲနုတ်တော်လှန်ရမယ်လို့ ထောက်ပြနေသူကတော့ BPLAရဲ့ကွပ်ကဲရေးရုံး၊ ရုံးအုပ်ခိုင်ပဲ ဖြစ်ပါတယ်။
အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ခိုင်ဟာ လိင်အခြေပြုခွဲခြားတာတွေ၊ လိင်အခြေပြုဖိနှိပ်တာတွေ၊ အမျိုးသမီးတွေကို ဒုတိယလိင်အဖြစ် တံဆိပ်ကပ်ထားတာတွေနဲ့ပတ်သက်ပြီး တော်လှန်သင့်တယ်လို့ သူကပြင်းပြင်းထန်ထန်ဝေဖန်အကြံပြု ထားပါတယ်။
လိင်အခြေပြုဖိနှိပ်မှုက ဖိနှိပ်မှုအားလုံးရဲ့ အုတ်မြစ်ဖြစ်ပြီး ခွဲခြားမှုတွေကို ပိုပြီးလျော့နည်းဖို့ ပညာရေးပိုင်းမှာဖြစ်ဖြစ်၊ ပြင်ပ အလွတ်သဘောအရဖြစ်ဖြစ် ဘယ်လိုအမြင်ကျယ်အောင်လုပ်ပေးနိုင်မလဲဆိုတာကို ဝိုင်းပြီး အဖြေရှာရမယ်လို့ သူကပြော ပါတယ်။
အခုလိုအမျိုးသမီးတွေကို တဆင့်နှိမ့်အနေနဲ့ခွဲခြားထားတာဟာ လူ့ပတ်ဝန်းကျင်တခုလုံးမှာ စွဲကပ်နေတဲ့ဖိုဝါဒရဲ့ဆိုးမွေတွေ ဖြစ်ပြီး ဒါတွေကို အမျိုးသမီးအဖြစ် စတင်မွေးဖွားလာရကတည်းက ဆင်နွှဲနေရတဲ့တော်လှန်ရေးလို့ သူက သုံးသပ်ပါတယ်။
ခိုင်ဟာ ဘာသာစကားနဲ့ စာပေကိုဝါသနာပြီး သစ်ပင်စိုက်ကာအေးအေးချမ်းချမ်းနေလိုတဲ့ဆန္ဒရှိခဲ့တဲ့သူပါ။ ဒါပေမဲ့ အာဏာ သိမ်းမှုက သူ့ဘဝအများကြီးကျွမ်းထိုးမှောက်ခုံဖြစ်စေခဲ့ပါတယ်။ အကြောင်းက အာဏာသိမ်းလိုက်တဲ့နေ့ဟာ လုပ်ငန်းတစ် ခုမှာ သူ့အလုပ်သင်အနေနဲ့ ပထမဆုံးဆင်းရမယ့်နေ့ ဖြစ်နေခဲ့ပါတယ်။
အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာတော့ ခိုင်ဟာ ကျောင်းသားသမဂ္ဂစစ်ကြောင်းတွေ၊ ဗကသ၊ တကသစတဲ့စစ်ကြောင်း တွေနဲ့ လိုက်ပါဖြစ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ကျောင်းသားတွေကို ဝရမ်းထုတ်ဖမ်းဆီးလာကတည်းက သူ့မိသားစုကို စွန့် ခွာခဲ့တာ ယနေ့ထိပါပဲ။
“ ဆန္ဒပြပွဲတွေမှာ လိုက်ဖမ်းခံရတဲ့အခါ သေနတ်ကိုင်ထားတဲ့ လူရမ်းကားတစ်အုပ် ကိုယ့်ကိုရှာမတွေ့အောင်ပုန်းရင်း တဖြည်းဖြည်းနီးကပ်လာတဲ့စစ်ဖိနပ်သံတွေကြားတဲ့အခါ ခံစားရတဲ့ကြောက်ရွံ့မှုတွေကို ကျမတူလေးသာမက ဘယ်ကလေး မှ အဲ့လိုအဓိပ္ပါယ်မရှိတဲ့ကြောက်ရွံ့မှုတွေ မခံစားစေချင်တော့လို့ တောခိုဖို့ဆုံးဖြတ်ခဲ့တာ”လို့ ခိုင်က ဆိုပါတယ်။
ရင်းနှီးသူတစ်ချို့က သူတောထဲသွားမှာကို တားခဲ့ပေမယ့် သူ့ဆုံးဖြတ်ချက်အတိုင်း ရဲရဲဝံ့ဝံ့လျှောက်ခဲ့ပါတယ်။
“ဒီတော်လှန်ရေးက နှုတ်နဲ့ပဲ ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုးမဟုတ်တော့ဘူး။ ကျမတို့ယုံကြည်တဲ့တစ်ခုခုကို သေသေချာချာဆွဲ ကိုင်ပြီး ယတိပြတ်လုပ်ရမယ့်အရာပဲ။ ကျမတို့မပြတ်သားရင်၊ ကိုယ်လိုချင်တာကို ကိုယ်မသိရင် ဒီအာဏာသိမ်းတဲ့ကိစ္စက အရင်တုန်းကလိုပဲ မသိလိုက်မသိဘာသာနဲ့ပြီးသွားမှာ”လို့ ခိုင်က ဆိုပါတယ်။
ခိုင်ဟာ ယခင်ကတည်းက ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ဖိနှိပ်မှုမှန်သမျှကို ပျောက်ပျက်သွားအောင်လုပ်ဖို့ အမြဲကြံ ဆတွေးတောနေတတ်သူဖြစ်ပါတယ်။ ဖိနှိပ်ခံရမှုတွေမြင်တိုင်းလည်း သူဟာ အမြဲစိတ်ဆိုးဒေါသထွက်တတ်သူပါ။
ဒါကြောင့်အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားတဲ့အမြင်တွေ၊ အယူအဆတွေကို သူ့အနေနဲ့ လက်မခံသလို တော်လှန်ရေးမှာ လည်း ဒီခွဲခြားမှုတွေတပါတည်း တွန်းလှန်မယ်လို့ ခိုင်က အခုလို ဆိုပါတယ်။
“ ဒီတော်လှန်ရေးက အခွင့်အရေးတစ်ခုလို့ မြင်တယ်။ စစ်အာဏာရှင်တစ်ခုထဲ မဟုတ်ဘူး။ ကျွန်မတို့ လူ့အသိုက်အဝန်းမှာ အရိုးစွဲနေတဲ့မကောင်းတဲ့အယူအဆတွေ၊ ညစ်ထေးတဲ့ဆိုးယုတ်မှုတွေကို အမြစ်ကလှန်ပြီး ဆွဲနှုတ်ပစ်ဖို့အခွင့်အရေးပဲ”