Home ဆောင်းပါး အမျိုးသမီးတွေဦးစီးတဲ့ကူရာမဲ့တိရစ္ဆာန်ကယ်ဆယ်ရေး

အမျိုးသမီးတွေဦးစီးတဲ့ကူရာမဲ့တိရစ္ဆာန်ကယ်ဆယ်ရေး

ခင်ဘုန်းမို့။ ။

အမျိုးအစားစုံ၊ အရောင်အသွေးနဲ့ အရွယ်စုံရှိတဲ့ များပြားလှတဲ့ ခွေးလေးတွေဟာ ခြံဝန်းကျယ်ကြီးတစ်ခုထဲမှာ တစုတဝေးတည်း ရှိနေကြပါတယ်။ တချို့က ဆော့ကစားနေကြသလို၊ တချို့က တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လဲလျောင်းအိပ်စက် နေကြပါတယ်။

ခွေးလေးတွေကြားထဲမှာ အမျိုးသမီးတစ်ဦးကတော့ အစာပန်းကန်တွေကိုင်ကာ အလုပ်ရှုပ်နေပါတယ်။ အလုပ်များပေမယ့် အဲ့ ဒီအမျိုးသမီးမျက်နှာမှာတော့ ပင်ပန်းတဲ့ အရိပ်အယောင်မတွေ့ရဘဲ ပြုံးရွှင်ကြည်လင်နေပါတယ်။ သူကတော့ ရွှေရောင်နှလုံးသား တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာ (Golden Heart Animal Rescue Yangon) ကို တည်ထောင်ထားတဲ့ အသက်(၃၁)နှစ်အရွယ် မနှင်းဆီမြင့်ပါ။

အဆိုပါ ကယ်ဆယ်ရေးဂေဟာဟာ ပိုင်ရှင်မဲ့လေလွှင့်ခွေးတွေ၊ ကားတိုက်သွားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ဒုက္ခိတဖြစ်သွားတဲ့ခွေးတွေ၊ နာမကျန်းဖြစ်နေတဲ့ ခွေးတွေကို အဓိကစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

မနှင်းဆီမြင့်ဟာ ကားတိုက်သွားတဲ့ ခွေးလေးတစ်ကောင်ကို ကယ်ရာကနေစပြီး ဂေဟာတစ်ခုအနေနဲ့ (၂၀၁၄)ခုနှစ်ကစပြီး တည်ထောင်ဖြစ်ခဲ့တာပါ။

“ကောင်းနေတဲ့ခွေးထက်စာရင် ဂိလာနဒရွတ်ဆွဲနေတဲ့ ခွေးတွေက ပိုပြီးအကူအညီ လိုအပ်တယ်ပေါ့နော်။ သနားဖို့ကောင်းတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေရတယ်။ အဲ့အတွက်ပိုပြီးတော့ ကယ်ဖြစ်သွားတာပါ” လို့ မနှင်းဆီမြင့်က ဖွင့်ဟပါတယ်။

သခင်တွေကစွန့်ပစ်တာ၊ လူတစ်ချို့ရဲ့ရိုက်နှက်ခြင်းခံရပြီး ဒဏ်ရာရတာ၊ကားတိုက် ဆိုင်ကယ်တိုက်ပြီး ဒုက္ခိတဖြစ်တာ၊ လမ်းပျောက်ပြီးအိမ်ကို မပြန်တက်တော့တာ အစရှိတဲ့ ခိုနားရမဲ့ ခွေးလေး၊ကြောင်လေးတွေအတွက် နားခိုစရာနေရာတချို့ကို တိရစ္ဆာန်ချစ်သူတွေက ဖန်တီးလာခဲ့ကြပါတယ်။ ဒီခိုနားရာတွေကို ဦးစီးနေတဲ့ တိရစ္ဆာန်ချစ်သူတွေထဲမှာ အမျိုးသမီးတွေ အများစု ပါဝင်ပါတယ်။

ခွေး၊ကြောင်တွေအတွက် ဂေဟာကို ဦးစီးနေတဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ပုံမှန်ဘဝကို ပရဟိတလုပ်ငန်းတစ်မျိုးဖြစ်တဲ့ ဒီလုပ်ငန်းထဲမှာပဲ နစ်မြုပ်ထားကြတာများပါတယ်။ ဒီအထဲမှာ မနှင်းဆီမြင့်လည်း အပါအဝင်ပါ။

မူလက နိဗ္ဗာန်ကုန်ရောင်းဝယ်ရေး လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပေမယ့် ဂေဟာဖွင့်ပြီးတဲ့နောက်မှာတော့ ဆိုင်ကိုအိမ်ကလူတွေနဲ့လွှဲခဲ့ရပြီး ဂေဟာအလုပ်တွေကိုသာ ဇောက်ချလုပ်ကိုင်ပါတော့တယ်။

ဂေဟာလုပ်ငန်းကို စတင်လုပ်ဖို့ဆုံးဖြတ်တုန်းက မိသားစုတွေက သိပ်သဘောမကျလှပေမယ့် မနှင်းဆီမြင့်က ကိုယ်တိုင်ပြုစုလုပ်ကိုင်ရတာ ဝါသနာပါတဲ့အတွက် ဂေဟာကိုဦးစီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မနှင်းဆီမြင့်အနေနဲ့ မိုးလင်းတာနဲ့ ဂေဟာကဝန်ထမ်းတွေ ဆောင်ရွက်သမျှအလုပ်တွေကို စောင့်ကြပ်ကြည့်ရှုသလို ကိုယ်တိုင်လည်း ပါဝင်လုပ်ကိုင်ပါတယ်။

အစာချက်တာ၊ အစာကျွေးတာ၊ ခွေးလေးတွေကို သွားကယ်တာ၊ လာပို့တဲ့ခွေးလေးတွေကို စောင့်ယူတာ၊ဆေးခန်းပြဖို့ ကားစီစဉ်တာ စတာတွေကို စီစဉ်ရသလို ဖျားနာနေတဲ့ခွေးလေး၊ ကြောင်လေးတွေကို ဆေးတိုက်ဖို့၊ ဆန်ပြုတ်တိုက်ဖို့ စတာတွေကို ကိုယ်တိုင်ဦးစီးပါတယ်။

ဂေဟာမှာ ရောဂါသည်၊ ဒုက္ခိတ၊ ဂိလာနတွေ ဦးစားပေးကယ်တာ၊ ခြေပြတ်၊လက်ပြတ်၊မျက်လုံးကန်းတာတွေ နာတာရှည်သမားတွေ အများဆုံးရှိတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကို (၂၄)နာရီစောင့်ကြည့်နေရပါတယ်။ လက်ရှိဂေဟာမှာ ခွေးအကောင်ရေ (၇၀၀)ကျော်၊ ကြောင်အကောင်ရေ(၁၀၀)၊ နွား(၆)ကောင်၊ ဝက်(၁)ကောင်ကိုကယ်ဆယ်ထားပါတယ်။

“ကယ်ဆယ်ခဲ့တာ အကောင်ရေ ထောင်ချီရှိပေမဲ့ လက်ရှိ စောင့်ရှောက်ထားပြီး ကျန်နေတာကတော့ ဒီလောက်ပါ” လို့ မနှင်းဆီမြင့်က ရှင်းပြပါတယ်။

ဂေဟာမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်း (၂၆) ယောက်ရှိပြီး ဝန်ထမ်းစရိတ်အနေနဲ့ တစ်လကို သိန်း(၅၀)ကျော်ရှင်းရကာ အထွေထွေ ကုန်ကျစရိတ်နဲ့ ခွေးလေးတွေကြောင်လေးတွေ စရိတ်က တစ်လကို သိန်း (၂၅၀)ကနေ သိန်း (၃၀၀)ကြား ကုန်ကျမှုရှိတယ်လို့မ နှင်းဆီမြင့်ကပြောပါတယ်။

“အလှူငွေ မလောက်တဲ့အခါ အလှူရှင်နည်းပါးတဲ့အချိန်တွေနဲ့ အရမ်းခက်ခဲတဲ့ အချိန်တွေရှိပါတယ်။ အဲ့လိုအချိန်ဆိုရင်တော့ ကိုယ့်ရဲ့နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်း၊ မိဘဆီကနေပဲ ငွေချေး၊ ရှိတဲ့ပစ္စည်းတွေရောင်းချပြီး လုပ်ရတာပေါ့နော်။ ငွေချေးလို့ရတဲ့အခါချေး၊ မရတဲ့အခါ တအားငွေလိုလာတဲ့အခါ ကိုယ့်မှာရှိတဲ့ဟာရောင်း၊ ပေါင်သင့်တာပေါင်ပေါ့။ အဲ့လိုတွေလုပ်ရပါတယ်” လို့ မနှင်းဆီမြင့်က သူ့အခက်အခဲကို ပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်းမမြဲတာ၊ ဝန်ထမ်းရှာပါးတာ၊ ဝန်ထမ်းစရိတ်၊ ဂေဟာလည်ပတ်နိုင်ဖို့အတွက် ငွေရေးကြေးရေး အခက်အခဲတွေအပြင် ဆေးကုသမှုကို အလျင်မှီပေးနိုင်ဖို့နဲ့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေကို အချိန်မှီဝယ်ယူနိုင်ဖို့ ဆေးကုသမှုအပိုင်းမှာလည်း အချိန်မှီခွဲစိတ်နိုင်ဖို့ ခွဲစိတ်စရိတ်တွေပေးနိုင်ဖို့စတဲ့ အခက်အခဲတွေက မနှင်းဆီမြင့်အတွက် အကြီးမားဆုံး အခက်အခဲတွေ ဖြစ်ပါတယ်။

“စပြီး သွားပြီဆိုတော့ တောက်လျှောက်လုပ်မှရတော့မှာ အသက်တွေကအများကြီးပဲ။ နောက်ဝန်ထမ်းတွေရဲ့ ရပ်တည်မှုတွေရှိတယ်ပေါ့နော်။ အဲဒီတော့ဒါကရပ်တန့်လိုက်လို့မရဘူး။ ကိုယ်ကရပ်တန့်ချင်လဲ တခါတလေ စိတ်ဓာတ်တွေကျနေလဲ ကိုယ့်ကိုကိုယ် အားပြန်မွေးရတာပေါ့။ သူတို့မျက်နှာလေးတွေကြည့်ပြီး ‘ဪ…ဒါရပ်တန့်လို့ မရဘူး’ ဆိုတဲ့ စိတ်နဲ့ပဲ ရှေ့ကိုဆက်ပြီးသွားနေရတာပဲ” လို့ မနှင်းဆီမြင့်က ဖွင့်ဟပါတယ်။

မနှင်းဆီမြင့်နည်းတူ ပိုင်ရှင်မဲ့ကြောင်လေးတွေ၊ရောဂါသည်လေးတွေနဲ့ဒုက္ခိတဖြစ်နေတဲ့ ကြောင်လေးတွေကို ကယ်ဆယ်စောင့်ရှောက်ထားတဲ့ သက်တန့်အိမ် (ကြောင်လေးများရဲ့ခိုနားရာ) ဂေဟာကို ဦးဆောင်သူကတော့ အသက်(၅၀)ကျော်အရွယ် အန်တီငယ်ဖြစ်ပါတယ်။

အန်တီငယ်ရဲ့ဂေဟာ နေရာအစုံက လေလွင့်ကြောင်လေးတွေ အရောင်အစုံအလင်ရှိတာကြောင့် ဂေဟာအမည်ကို သက်တန့်လို့ တင်စားပြီး “သက်တန့်အိမ်”လို့ အမည်ပေးထားတာပါ။

အန်တီငယ်ဟာ လွန်ခဲ့တဲ့နှစ်(၃၀)ကျော်ကတည်းက လမ်းဘေးလေလွင့်ကြောင်လေးတွေ၊ ဘုရားတွေပေါ်က စွန့်ပစ်ခံကြောင်လေးတွေကို သွားရောက်ကျွေးမွေးဖြစ်ရာကနေ ကိုဗစ်ရောဂါတွေဖြစ်တဲ့အခါမှာတော့ သွားရောက်ကျွေးမွေးလို့ မရတော့တဲ့အတွက် ခိုကိုးရာမဲ့ ရောဂါခံစားနေရတဲ့ကြောင်တွေ၊ လေလွင့်ကြောင်တွေကို ခေါ်ယူစောင့်ရှောက်ဖြစ်ခဲ့တာပါ။

“သူတို့လေးတွေရဲ့ အသက်ရှင်ခွင့်က ရာခိုင်နှုန်းနည်းပေမယ့် ရှင်သန်ချိန်လေးမှာ အကောင်းဆုံး လုပ်ပေးလိုက်ချင်တဲ့ ဂရုဏာစိတ်က တွန်းအားပေါ့နော်။ ညှိုးငယ်တဲ့မျက်ဝန်းလေးတွေနဲ့ မဝံ့မရဲအမူအရာလေးတွေက အကာအကွယ်ပေးပါလို့ တောင်းဆိုနေသလို ရုန်းထွက်မရတဲ့ ဆွဲအားတွေပေါ့” လို့ အန်တီငယ်က ဂေဟာဦးစီးဖြစ်ခဲ့ပုံကို ပြောပါတယ်။

အန်တီငယ်အနေနဲ့ ဂေဟာကကလေးတွေကို ကျွေးမွေးပြုစုတာ၊သန့်ရှင်းရေးလုပ်တာ၊ ဆေးခန်းပြတာ၊ကယ်ဆယ်ရေးလုပ်တာ စတာတွေနဲ့တစ်နေကုန်အချိန်ကုန်ပြီး ကိုယ်ပိုင်နားချိန်မရှိသလောက်ပါပဲ။

သူကယ်တင်ခဲ့တဲ့ ကြောင်ကလေးတွေဟာ ရာကျော်ရှိပြီး လက်ရှိမှာလည်း အကြီး၊အသေး ကစလို့ မွေးကင်းစတွေအထိ အကောင်(၁၀၀)ဝန်းကျင် ရှိပါတယ်။ ကြောင်ကလေးတစ်ချို့ကိုတော့ လာလှူတဲ့အလှူရှင်တွေကချစ်လို့ မွေးစားဖို့ ခေါ်သွားကြတာတွေ ရှိပါတယ်။

ဂေဟာအတွက် သန့်ရှင်းရေးဝန်ထမ်းကိုသာ အချိန်ပိုင်းခေါ်ပြီး ကျန်တာကိုမိသားစုတွေ ကိုယ်တိုင်လုပ်ကိုင်ကြပါတယ်။ ဝန်ထမ်းစရိတ်ချွေတာပြီး လိုအပ်တဲ့ဆေးကုသစရိတ်နဲ့ အသုံးအဆောင်တွေကို ပိုဝယ်ပေးဖြစ်တယ်လို့ အန်တီငယ်က ပြောပါတယ်။

“အလှူငွေတစ်ဆ၊ ကိုယ်ပိုင်ငွေ နှစ်ဆပေါ့နော်။ ဂေဟာအကြီးကြီးလည်း မဟုတ်တော့လေ။ အလှူ ရှင်တွေ အများကြီးမရှိပါဘူး ”လို့ အန်တီငယ်က ဖွင့်ဟပါတယ်။

ကြီးကြီးမားမား အခက်အခဲမရှိခဲ့ပေမယ့် ပတ်ဝန်းကျင်အနှောက်အယှက်တွေတော့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မနှင်းဆီမြင့်နဲ့ အန်တီငယ်တို့နည်းတူ လေလွင့်ကြောင်လေးတွကို ကယ်တင်ထားသူကတော့ ဂိုးဂိုးလို့ အမည်ပေးထားတဲ့ သနားစရာ လေလွင့်ကြောင်လေးများ ကယ်ဆယ်ရေးဂေဟာကို ဦးစီးနေတဲ့ ဒေါ်အေးအေးမော်ပါ။

“စွန့်ပစ်ခံကြောင်လေးတွေ အရမ်းများနေတာရယ်၊ စိတ်ထဲမကောင်းလွန်းတာရယ်၊ ကယ်တင်ချင်တာရယ်၊ သူတို့လေးတွေ ခိုကိုးရာမဲ့ဖြစ်နေတဲ့ဘဝတွေကို အရမ်းသနားတာကြောင့် ၂၀၁၅ခုနှစ်ကစပြီး တည်ထောင်ခဲ့ပါတယ်”လို့ ဒေါ်အေးအေးမော်က ပြောပါတယ်။

ဂေဟာအလုပ်တွေနဲ့ ပင်ပန်းပေမယ့် သားသမီးတွေရဲ့ အားပေးကူညီမှုတွေ အများကြီးရရှိတယ်လို့ ဒေါ်အေးအေးမော်က ဖွင့်ဟပါတယ်။

နေရာပေါင်းစုံကစွန့်ပစ်ခံကလေးတွေကို ကယ်တင်ထားပြီး လက်ရှိမှာ (၆၀၀)နီးပါးရှိပါတယ်။ ဂေဟာမှာ ဝန်ထမ်းသုံးဦးရှိပြီး အထွေထွေကုန်ကျစရိတ်၊ ဝန်ထမ်းစရိတ်၊ ကြောင်လေးတွေရဲ့ စားစရိတ်စတဲ့ ကုန်ကျငွေဟာ တစ်လကိုသိန်း(၄၀)ဝန်းကျင် ရှိတယ်လို့ သူကဆိုပါတယ်။ အလှူငွေမလောက်တာ၊ နည်းပါးတာတွေလည်းရှိပြီး ချွေတာသုံးစွဲရပါတယ်။

ခွေးလေးတွေ၊ ကြောင်လေးတွေဂေဟာ ဦးစီးနေကြသူ အမျိုးသမီးတွေဟာ အခက်အခဲတချို့ရှိပေမယ့်လည်း ဒီလုပ်ငန်းတွေကို ပီတိအပြည့်နဲ့ လုပ်ကိုင်နေကြတုန်းပါပဲ။

သက်တန့်အိမ်ဂေဟာတည်ထောင်သူ အန်တီငယ်က “ကယ်တင်စောင့်ရှောက်ထားတဲ့ ကလေးတွေ ကိုယ့်ဆီမှာပျော်နေရင် ကျေနပ်ပီတိဖြစ်ရတာပါပဲ။ ကိုယ်စွမ်းနိုင်သလောက် ထိပေါ့နော်။ ကျန်းမာရေးကောင်းနေသရွေ့တော့ လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကလေးတွေအားလုံးကို အပြည့်စုံဆုံး စောင့်ရှောက်ပေးချင်တာ ရင်ထဲကဆန္ဒပါ” လို့ ပြောပြပါတယ်။

နေရာပေါင်းစုံက ကယ်တင်ခဲ့တဲ့ကလေး‌တွေ ကျန်းမာပြီးအခက်အခဲတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ချိန်ကတော့ ဒေါ်အေးအေးမော်အတွက် အားရကျေနပ်စရာအချိန်တွေပါပဲ။

“ဂေဟာအလုပ်တွေကို ဘယ်အချိန်ထိလုပ်မလဲဆိုရင် ထွက်သက်နောက်ဆုံးအချိန်ထိ ဖြစ်မယ်နဲ့တူတယ်”လို့ ဒေါ်အေးအေးမော်ကဆိုပါတယ်။

မနှင်းဆီမြင့်အတွက်ကတော့ သူပြုစုစောင့်ရှောက်ထားတဲ့ ခွေးလေးတွေကို ဝတုတ်နေတာပဲ၊သန်းတွေ မွှားတွေလည်းမရှိဘူး၊စိုပြေနေတာပဲ၊အကုန်လုံးက လူယဉ်တယ်နော်၊ ခွေးလေးတွေကအရမ်းဖက်လှဲတကင်းရှိကြတာပဲ ဆိုတဲ့ဂေဟာကိုလာလည်တဲ့ အလှူရှင်တွေရဲ့စကားသံက ပီတိအဖြစ်ဆုံးပါပဲ။

“ကိုယ်ကိုတိုင်မှာလဲ ဆီးချို၊သွေးချို၊လေးဘက်နာဖြစ်နေပါတယ်။ အဲဒီရောဂါနှစ်ခုကြောင့် ကျန်းမာရေးမကောင်းပါဘူး။အရမ်းဂရုစိုက်ရပါတယ်။ ခွေးလေးတွေကြားထဲမှာနေတာလဲ အရမ်းဂရုစိုက်ရပါတယ်။ ကျန်းမာနေသ၍ကတော့ ဆက်လုပ်သွားဦးမှာပဲ”လို့မနှင်းဆီမြင့်ကဆိုပါတော့တယ်။

Author:

Related Articles