လင်းဇေ။ ။
အိမ်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ဆိုပြီး သစ်ပင်မှာတွဲထားတဲ့ လက်ဝှေ့ထိုးတဲ့အိတ်တစ်ခုရှိတယ်။ တရက်တော့ ကလေး တစ်ယောက် အဲဒီလက်ဝှေ့အိတ်ကို ထိုးနေသံကြားလို့ သွားကြည့်လိုက်တော့ ကလေးဟာ ချက်ချင်းပဲ အိမ်ထဲဝင်ပြေး သွားတယ်။ ကျနော်က သူ့ကို “ထိုး ထိုး သားရေ ရတယ်၊ ဘာမှမဖြစ်ဘူး” လို့ပြောပြီး ဆိုင်ကယ်နဲ့ မြို့ထဲဘက် ထွက်သွားလိုက်တယ်။
ကျနော် အိမ်ပြန်ရောက်တော့ ကလေးဟာ လက်ဝှေ့အိတ်ကို သဲသဲမဲမဲသာထိုးနေတော့တယ်။ သူထိုးနေတာကို ကျနော် ရပ်ကြည့်နေပေမယ့် သူ့အာရုံထဲမှာ ကျနော်ဟာ ရှိမနေဘူး။ ပါးစပ်ကလည်း တစ်စုံတစ်ခုကို ရေရွတ်နေတယ်။ သေချာနား ထောင်ကြည့်တော့မှ “သေစမ်း စခ၊ သေစမ်း။ ရော့ကွာ….ရော့ကွာ” လို့ ထပ်ကာ ထပ်ကာ ရေရွက်ပြီး ထိုးနေတာပါ။
အဲဒီအခါမှ ကျနော့်ရဲ့လှုပ်ရှားမှုတွေ အားလုံးတုန့်ဆိုင်းသွားတယ်။ အတွေးတွေဟာ တဒင်္ဂရပ်တန့်သွားတယ်။ ကျနော်ဟာ ကြက်သေသေပြီး သူ့ကို ကြည့်နေမိတယ်။
ဒီကလေးရဲ့အသက်ဟာ ငါးနှစ်မပြည့်သေးပါဘူး။ မကွေးတိုင်းဘက်ကနေ စစ်ရှောင်တဲ့သဘောနဲ့ ကျနော်တို့ဆီကို ရောက် လာခဲ့တာပါ။ မိသားစုသုံးစုက ကျနော်တို့အိမ်မှာနေပြီး ကျန်တဲ့မိသားစုနှစ်စုက ကျနော့်ဇနီးရဲ့အဒေါ်အိမ်မှာ နေကြပါတယ်။
ဒီကလေးမှာ သူ့အမေရယ်၊ သူ့အဖွားရယ်ပါတယ်။ သူ့အမေက ကိုယ်ဝန်ကြီးနဲ့ပါ။ သူ့အဖေကတော့ PDF လို့ အမည်တပ်ခံ ရတာကြောင့် သူတို့ရွာက ထွက်မလာခင် ရက်ပိုင်းကပဲ တောထဲထွက်ပြေးသွားခဲ့ရတယ်။ ဒါပေမဲ့ သူတို့မိသားစု ကျနော်တို့ ဆီရောက်ပြီး သုံးရက်လောက်မှာပဲ သူ့အဖေနဲ့ အဖေဘက်က အဖိုး၊ အဖွားတွေ အဖမ်းခံလိုက်ရပါတယ်။
သူတို့ထွက်ပြေးသွားတဲ့ စခန်းကို စစ်တပ်နဲ့ရဲက ဝင်စီးလိုက်ကြတာပါ။ စခန်းကို ဝင်စီးခံရချိန်မှာ အမျိုးသားနှစ်ယောက် သေ ဆုံးခဲ့တယ်။ သူတို့ကတော့ အသက်မသေပေမယ့် ခေါင်းနဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရပြီး အဖမ်းခံလိုက်ရတယ်။ အဲဒီ သတင်းတွေကြားတဲ့အခါမှာ ကျနော်တို့ဟာ ကလေးနဲ့ သူ့အမေကို အသိမပေးခဲ့ဘူး။ ပြီးတော့ အိမ်မှာ နောက်သုံးရက် လောက်ကို ကျနော်တို့ သတင်းမကြည့်ဘဲနေလိုက်ကြတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီသတင်းကို ကလေးအပါအဝင် ကိုယ်ဝန်ဆောင်မိန်းမဖြစ်သူကိုပါ မသိစေချင်လို့ပါ။ ဒါပေမဲ့ ကလေးဟာ အကင်းပါးပါတယ်။ လူကြီးတွေ တိုးတိုးတိတ်တိတ်စကားပြောတဲ့အခါ နောက်ကနေ ချောင်းပြီး နားထောင် တယ်။ ပြီးတော့ သူက မသိချင်ယောင်ဆောင်နေတတ်တယ်။ ပြီးရင် “မင်းအောင်လှိုင် မင်းကို ငါသတ်ချင်တယ်”၊ “မင်းကို ငါ ဓားနဲ့ထိုးသတ်မယ်၊ ရော့ကွာ ရော့ကွာဆိုပြီး ထိုးသတ်ပစ်မယ်” “အစိမ်းကောင်တွေကို အကုန်သတ်ပစ်မယ်” စသဖြင့် မကြာခဏ ကြုံးဝါးတတ်တယ်။
ဒီကလေးဟာ နိုင်ငံရေးနားမလည်ပေမယ့် အနီတွေ အစိမ်းတွေဆိုတာကိုတော့ ကောင်းကောင်းသိပါတယ်။ ကြံ့ခိုင်ရေး ပါတီကိုထောက်ခံသူတွေ၊ စစ်တပ်ထောက်ခံသူတွေဆိုရင် သူက အစိမ်းကောင်တွေ၊ အစိမ်းကောင်မတွေလို့ ခေါ်တယ်။ အန်အန်လ်ဒီ ပါတီကိုထောက်ခံသူတွေဆိုရင် အနီ။ သူ့ကိုယ်သူလည်း အနီကောင်လို့ သတ်မှတ်ထားတယ်။ အင်္ကျီဝတ် တဲ့အခါ အနီရောင်တွေဝတ်တတ်တယ်။
သူဆော့ကစားနေရင်း ထိခိုက်မိလို့ ငိုတာမျိုးဆိုရင် “မင်း အနီကောင်မဟုတ်ဘူးလား၊ အနီကောင်ဆိုတာ မငိုဘူးကွ” လို့ သာပြောလိုက် ခဏဆိုအငိုတိတ်တယ်။ ပြီးရင် လက်နှစ်ဖက်ကားတားကားတားနဲ့ လူမိုက်လို လမ်းလျှောက်ပြီး “ငါက အနီကောင်ကွ မနားဘူး” ဆိုပြီး လမ်းလျှောက်နေရော။
သူတို့ရဲ့ ရွာလေးဟာ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ထဲမှာရှိတဲ့ ရွာလေးပါ။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် ကြပါတယ်။ ရွာက လူတွေဟာ ရိုးလွန်းအားကြီးလို့ ‘အ’ တဲ့အဆင့်ထိရှိတယ်လို့ ဆိုရမယ်။
၂၀၁၈ လောက်က ကျနော် အဲဒီရွာကို ကားမောင်းပြီးရောက်သွားတယ်။ နောက်ရက်မှာ အားလုံးကိုနှုတ်ဆက်ပြီး ပြန်မယ် လုပ်တော့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ ကားအနားကပ်လာပြီး ကားထဲကို ကြည့်တယ်။ ပြီးတော့ “အော်…ကားကြီးက အထဲမှာ အခေါင်းကြီးပါလား” လို့ မှတ်ချက်ပြုတယ်။ ရွာကို ဧည့်သည်ရောက်လို့ နှစ်ရက်၊ သုံးရက် အတူနေပြီး ပြန်တော့မယ်ဆိုရင် ငိုတတ်ကြတယ်။ ဧည့်သည်ပြန်တဲ့အခါ အိမ်ပြန်လက်ဆောင်အဖြစ် ကောက်ညှင်း၊ ပဲ၊ ဆီ၊ အသီးအရွက်တွေထည့်ပေးတတ်ကြတယ်။
ကလေးတွေကို ကျောင်းပို့တဲ့အခါ မိဘနဲ့ခွဲရမှာစိုးလို့ဆိုပြီး သားသမီးကိုကျောင်းမထားကြတဲ့သူတွေလည်း ရှိကြတယ်။ သားသမီးတွေကို အဝေးကိုမလွှတ်ဘဲ ရွာမှာပဲ မိသားစုနဲ့အတူတူလုပ်ကိုင်စားသောက်ကြတယ်။ ရွာကနေထွက်ပြီး တနယ် တကျေးမှာ အလုပ်သွားလုပ်ကြတယ်ဆိုတာ ရှားတယ်။
ဒါပေမဲ့ ရွာသူရွာသားတွေဟာ နိုင်ငံရေးအသိတော့ နိုးကြားကြတယ်လို့ဆိုရမယ်။ အိမ်ခြေ ရာဂဏန်းရှိတဲ့နေရာမှာ အိမ်ခြေ သုံးအိမ်လောက်ကလွဲလို့ တစ်ရွာလုံးနီးပါးဟာ NLD ကို ထောက်ခံတဲ့သူတွေ ချည်းပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အန်လ်ဒီနိုင်တော့ ရွာထဲမှာ အသံချဲ့စက်တွေဖွင့်ပြီး အောင်ပွဲခံတဲ့အနေနဲ့ ဝက်သားနဲ့ထမင်းကျွေးပြီး အလှူလုပ်ကြ တယ်လို့ဆိုတယ်။
ဒါပေမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးကြတဲ့ အဲဒီရွာသူ၊ ရွာသားအားလုံးဟာ သူပုန်တွေဖြစ်သွားရရှာတယ်။ တစ်ရွာလုံးက NLD ကို ထောက်ခံသလို ရွေးကောက်ပွဲ နိုင်တဲ့အခါမှာလည်း အောင်ပွဲခံပျော်ပါးခဲ့တဲ့ကျေးရွာဖြစ်တာကြောင့် စစ်တပ်က အဲဒီရွာလေးကို သူပုန်ရွာလို့ သတ်မှတ်ခဲ့ တယ်။
ဒါကြောင့် ညဘက်ဆိုရင် ရဲနဲ့စစ်သားတွေက ရွာထဲကိုဝင်ပြီး သေနတ်တွေဖောက်၊ အိမ်ခြံစည်းရိုးတံခါးတွေကို ကန် ကျောက်၊ ဆဲဆို၊ ဟိုအိမ်ဝင်စစ်ဆေး၊ ဒီအိမ်ဝင်စစ်ဆေးနဲ့ နောက်တော့ ရွာသားတွေဟာမှောင်တာနဲ့ အိမ်မှာမနေရဲကြ တော့ဘဲ ရွာအနောက်ဘက် တောင်ကုန်း၊ တောင်ကြားတွေမှာ ပုန်းခိုအိပ်ကြရတယ်။
တစ်ရက်တော့ ရွာထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာ အသံဗုံးပေါက်ပါတယ်။ အသံသာကြားရပြီး ဘာမှ ပျက်ဆီးထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့နောက်ရက်မှာတော့ ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီး စာရင်းထွက်လာပါတော့တယ်။ အဲဒီစာရင်းမှာ ပါတဲ့ရွာသူ၊ ရွာသားတွေဟာ PDF ဟုတ်ခြင်း မဟုတ်ခြင်းထက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ မတည့်ကြ သူတွေချည်းဖြစ်နေပါတယ်။
အဲဒီလူစာရင်းမှာ ကျနော်တို့အိမ် ရောက်နေတဲ့ကလေးတွေရဲ့အဖေတွေလည်း ပါဝင်ကြပါတယ်။ တကယ်တော့ သူတို့ဟာ NLD ကို ထောက်ခံတာ၊ မင်းအောင်လှိုင်အာဏာသိမ်းတာကို မကြိုက်တာ ဒါလောက်ပဲ အတွေးရှိကြတယ်။ PDF ဆိုတာ တွေ၊ လက်နက်ကိုင်တော်လှန်ဖို့ဆိုတာတွေအထိ တွေးထားကြသူတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ ရွာအုပ်ချုပ်ရေးမှူးက ဒီလူတွေဟာ PDF တွေပါလို့ နာမည်နဲ့တကွစာရင်းထုတ်ပြီး စစ်ကောင်စီလက်ထဲ ထည့်လိုက် တဲ့အခါမှာတော့ ကျေးရွာထဲက လူအများစုဟာ တောထဲကိုထွက်ပြေးကြဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါကြောင့် PDF လို့ စွပ်စွဲခံရတဲ့ မိသားစုဝင်အများစုကတော့ တောထဲထွက်ပြေးသွားကြပြီး အသက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ကလေး ငယ်တွေရှိတဲ့ မိသားစုဝင်ငါးစုကတော့ ကျနော်တို့အိမ်ကိုရောက်လာကြပါတယ်။
သူတို့တွေ အိမ်ကိုရောက်လာတုန်းက ကလေးတွေမဆိုထားနဲ့ လူကြီးတွေကိုယ်တိုင် အိပ်ရေးတွေပျက်၊ အစားအသောက် တွေပျက်ပြီး အားနည်းနေကြလို့ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ကြဘူး။ ပြီးတော့ စစ်တပ်ကို ကြောက်လန့် ရှောင်ပုန်းပြီး နေခဲ့ရတာဖြစ်လို့ စကားပြောတဲ့အခါ အသံကျယ်ကျယ်တောင် မပြောရဲကြဘူး။
ကလေးတွေဆိုရင်လည်း သူတို့မကျေနပ်တာမျိုးဖြစ်ရင်၊ သူတို့အချင်းချင်း တစ်ဦးနဲ့တစ်ဦး ဒေါသထွက်တာမျိုးဖြစ်ရင် အစိမ်းကောင်တွေ၊ စစ်ခွေး၊ ရဲခွေးဆိုတဲ့ စကားတွေ၊ “မင်းက စစ်ခွေးလား” လို့ စကားနာထိုးတာမျိုးတွေ မကြာခဏပြော တတ်ကြတယ်။ ပြီးတော့ သူတို့ဟာ ဒေါသထွက်လွယ်တတ်ကြတာကိုလည်း တွေ့ရတယ်။
ကျနော်တို့ဆီရောက်လာတဲ့ မိသားစုငါးစုမှာ ကလေးက လေးယောက်ပါ။ သုံးနှစ်အရွယ်တစ်ယောက်၊ ငါးနှစ်အရွယ်တစ် ယောက်၊ ခုနှစ်နှစ်အရွယ်တစ်ယောက်နဲ့ ၁၄ နှစ်အရွယ်တစ်ယောက်ပါ။ အရွယ်ရောက်နေပြီဖြစ်တဲ့ ၁၄ နှစ်အရွယ် မိန်းကလေးက ခံစားချက်တွေကို ထင်ထင်ရှားရှားမပြပေမယ့် ကျန်တဲ့အရွယ်ငယ်သေးတဲ့ ယောင်္ကျားလေးသုံး ယောက်က တော့ ခံစားချက်တွေ ကိုယ်စီနဲ့ပါ။
တစ်ရက်မှာ ငါးနှစ်အရွယ်ကလေးက အိမ်ထဲမှာတအားဆော့နေလို့ ကျနော့်အဒေါ်က ငြိမ်ငြိမ်နေဖို့တားတယ်။ တားမရတဲ့ အဆုံး “အေး…ဒီလောက်တောင် ပြောမရတဲ့ဟာ ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်” ဆိုပြီး အဒေါ်က ပြောမိလိုက်တယ်။ အဲဒီအခါကလေးဟာ အိပ်ခန်းထဲကို အတင်းဝင်ပြေးသွားပြီး တံခါးကို အထဲကနေ ဂျက်ထိုးထားလိုက်တယ်။ အပြင် ထွက်ဖို့ခေါ်တာ ဘယ်လိုမှ ခေါ်မရဘူး။ ထမင်းစားဖို့ခေါ်တာလည်း ထွက်မလာဘူး။
နောက်တော့ မိသားစုတွေက ချော့မော့ပြီး တံခါးဖွင့်ခိုင်းတဲ့အခါ ထွက်လာတယ်။ တံခါးဖွင့်လိုက်တာနဲ့ အိပ်ခန်းတစ်ခန်း လုံးဟာ အီအီးနံ့တွေ ထောင်းထောင်းထလို့ပါ။ အိမ်သာမှာ ပုံမှန်အလေးသွားလေ့ရှိတဲ့ ကလေးဟာ အိပ်ခန်းထဲမှာ အလေး သွား ထားတာပါ။ ကလေးဟာ အကြောက်လွန်ပြီး အီအီးတွေထွက်ကျလေသလား၊ အလေးသွားချင်ပေမယ့် အခန်းပြင် မထွက်ရဲတာနဲ့ အခန်းထဲမှာပဲအလေးသွားလေသလားဆိုတာ အတိအကျမပြောနိုင်ပေမယ့် သူရဲ့စိတ်ထဲမှာ စစ်သား၊ ရဲတွေနဲ့ပတ်သက်လို့ ကြောက်စိတ်တွေရှိနေတာတော့ အမှန်ပါ။
နောက်ထပ် သုံးနှစ်နဲ့ ခုနစ်နှစ်အရွယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ဒီအတိုင်းပါပဲ။ တစ်ရက် ကျနော်တို့လမ်းထဲမှာ သံဃာတွေဆွမ်းခံကြွလာကြပါတယ်။ သံဃာဦးရေကများတော့ ယာဉ်ထိန်းရဲနဲ့ စခန်းရဲတချို့က လုံခြုံရေးယူပေးတယ်။ ကလေးနှစ်ယောက်ဟာ သံဃာတွေကိုကြည့်နေရင်းက ရဲတွေကိုလည်းမြင်ရော အိမ်အနောက်ဘက်ကို ထွက်ပြေးသွားပြီး ပုန်းနေကြတယ်။ ဘယ်လိုမှ ခေါ်လို့မရဘူး။ ဆွမ်းခံကြွတဲ့သံဃာတန်းကြီးဆုံးသွားမှ သူ့တို့ရဲ့ အမေက “သားရေ ရဲတွေမရှိ တော့ဘူး။ လာလို့ရပြီ” လို့ ပြောမှ ကလေးတွေဟာ အိမ်ရှေ့ကို ထွက်လာကြတယ်။
ဒီကလေး သုံးယောက်ဟာ ရဲနဲ့စစ်သားကို ကြောက်တဲ့စိတ်ရှိကြသလို နောက်ထပ်တူညီတဲ့စိတ်တစ်ခုက မင်းအောင်လှိုင်ကို သတ်ချင်နေကြတာပါပဲ။ သူတို့ဟာ တစ်ရက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ကတော့ မင်းအောင်လှိုင်ကို သတ်ချင်တဲ့ အကြောင်း ပြောတတ်ကြတယ်။ ထူးခြားတာက သူတို့ပြောတဲ့အခါ သာမန်ပြောတာမျိုးမဟုတ်ဘဲ အံကြိတ်ပြီး ပြောတာမျိုး၊ တောက်ခေါက်ပြီးပြောတာမျိုး၊ ကြုံးဝါးပြီးပြောတာမျိုး စသဖြင့် ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ကို ပြောကြတာပါ။
သူတို့ရဲ့ရင်ထဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်သား၊ ရဲ နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို မုန်းနေတာဟာ အသွေးအသားထဲကကို မုန်းနေကြတာပါ။
သူတို့တွေဟာ ကျနော်တို့အိမ်မှာ တစ်လလောက်နေပြီးတဲ့နောက် ရွာကို ပြန်သွားကြပါတယ်။ ကလေးတွေကတော့ သူတို့ရဲ့ရွာကို မပြန်ချင်ကြဘူး။ ကျနော်တို့ဆီမှာပဲနေချင်တဲ့အကြောင်း တဖွဖွပြောရှာတယ်။
ဒါပေမဲ့ တောထဲကိုထွက်ပြေး သွားခဲ့ရတဲ့ သူတို့ရဲ့ဖခင်တွေဟာ အဖမ်းခံရပြီး မြို့မှာတရားရင်ဆိုင်နေရတဲ့ အခြေအနေ တွေကြောင့် လူကြီးတွေပြန်ရမယ့်အခါ ကလေးတွေလည်း မဖြစ်မနေ ပြန်ကြရတဲ့သဘောပါ။
ဒီကလေးတွေဟာ ရဲနဲ့စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်တိုင်ခံစားခဲ့ရတယ်။ ခြိမ်းခြောက်မှုတွေကို မခံနိုင်တဲ့အဆုံး မိသားစုနဲ့အတူ ရွာကနေ ထွက်ပြေးခဲ့ရတယ်။ ပြီးတော့ မိသားစုတွေ တကွဲတပြားဖြစ်သွားခဲ့ရတယ်။ သူတို့ရဲ့ ဖခင်တွေဟာ အဖမ်းခံရ၊ ရိုက်နှက်သတ်ဖြတ်ခံရ၊ ထောင်ချခံရတာတွေကို သူတို့ကိုယ်တိုင် မြင်တွေ့ကြားသိနေရတော့ ဒါတွေဟာ သူတို့အတွက် ဘယ်တော့မှ မေ့ပျောက်နိုင်မယ် မထင်ဘူး။
ဒီကလေးတွေဟာ လွတ်လပ်ပေါ့ပါးပြီး ဆော့ကစားနေရမယ့်အရွယ်လေးမှာ အကြောက်တရားနဲ့ အမုန်းတရားတွေပဲ သင်ကြားနေရတယ်။
အဲဒါကိုတွေကိုကြည့်ပြီး ကျနော်တွေးမိတာတစ်ခုက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့နောက်လိုက် တွေရဲ့လုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ စိတ်ဒဏ်ရာတွေရနေတဲ့ ကလေးဘယ်လောက်တောင်များရှိနေမလဲလို့ တွေးမိသလို ဒီကလေးတွေ ကြီးပြင်းလာမယ့် မြန်မာပြည်ရဲ့အနာဂတ်မှာ အာဏာရှင်စစ်တပ်အတွက် နေရာမရှိနိုင်တော့ဘူးဆိုတာပဲ။