Home ဆောင်းပါး မြန်မာမူဆလင်အမျိုးသမီး သူရဲကောင်း မသီတာဦး

မြန်မာမူဆလင်အမျိုးသမီး သူရဲကောင်း မသီတာဦး

Photo Credit : ကိုထွန်းထွန်းလင်း (သာစည်မြို့၊ ပရဟိတ လူမှုကူညီရေးအဖွဲ့)

နန်းဆိုင်နွမ်။    ။

“ အမေလာပြီ၊ ငါ့သား မသေစေရဘူး”

အဲဒီလိုအော်ပြီး သံလမ်းပေါ်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ  (၂)ကြိမ်တိတိ ချော်လဲခဲ့ပါတယ်။

သူမဟာ ဗိုက်ထဲက ကိုယ်ဝန်ကို သတိမေ့ကာ ဝါးတပြန်စာနက်တဲ့ရေကန်ထဲကို  ခုန်ဆင်းပြီး ရေနစ်နေသူ(၂)ဦး အနက် အသက်(၅)နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ခဲ့သူ မသီတာဦးဖြစ်ပါတယ်။

“ ကလေးဇောကြောင့်ဖြစ်မယ်။ ကျမဗိုက်ထဲမှာလွယ်ထားတဲ့ (၃)လ သားလေးကို မေ့သွားတယ်။ ကျမစိတ်ထဲမှာ ရေနစ်နေတဲ့ကလေးပဲရှိတယ်။ အရမ်းထူးဆန်းတယ်” လို့ မသီတာဦးက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့တာပါ။

မသီတာဦးဟာ မန္တလေးတိုင်း၊ သာစည်မြို့နယ် ကွမ်းခြံရိုးဘူတာအနီးက မင်းလှကန်မှာ လှေနဲ့ငါးမျှားထွက်ရင်း လှေ မှောက်ပြီး ရေနစ်နေတဲ့ မီးရထားဝန်ထမ်းသားအဖကို  ဆင်းကယ်ခဲ့သူဖြစ်ပါတယ်။

သူမဟာ ကိုယ်ဝန်(၃)လလွယ်ထားပေမယ့် ရေနစ်နေတဲ့ အသက်(၅)နှစ်အရွယ်ကလေးကို ဆယ်ပေးခဲ့တဲ့ ကိုယ် ကျိုးစွန့် မြန်မာမူဆလင်အမျိုးသမီးတဦး ဖြစ်ပါတယ်။

ရေနစ်သူကို ကယ်တင်တဲ့အလုပ်ဆိုတာ အလွန်ကြောက်စရာကောင်းသလို ရေကူးမကျွမ်းကျင်ရင်လည်း (၂)ဦး စ လုံးသေဆုံးသွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအနေနဲ့ ကလေးကို ကယ်တင်နိုင်ခဲ့တဲ့အ တွက် အင်မတန်မှ အံ့သြဝမ်းသာစရာ ဖြစ်ရပါတယ်လို့ သာစည်မြို့၊ ပရဟိတ လူမှုကူညီရေးအဖွဲ့က ကိုထွန်းထွန်း လင်းက  ပြောပြပါတယ်။

“ နောက် ဘာသာခြားအမျိုးသမီးတဦးက ဗုဒ္ဓဘာသာကလေးငယ်ကို ကူညီလိုက်တာမျိုးဖြစ်တဲ့အတွက် ကျနော်တို့ ပိုပြီးတော့ ဂုဏ်ယူတယ်။ ဘာသာရေးတွေ ခွဲခြားပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်မှာ အခုလိုဘာသာမတူတဲ့ အမျိုးသမီးက အသက်စွန့်ပြီး ကယ်တင်ခဲ့တဲ့အတွက် ပိုပြီးပီတိဖြစ်ရပါတယ်” လို့ ကိုထွန်းထွန်းလင်း  ဆိုပါတယ်။

မင်းလှကန်မှာ  အမျိုးသားအများစုဟာ  ငါးလာမျှားကြချိန် အရက်သေစာ သောက်စားတတ်ကြပြီး အမြဲတမ်း အော် ဟစ်စနောက်ဆူညံနေကြတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ကတော့ အော်ဟစ်အကူအညီတောင်းနေတာကြားလို့ သွားပြီးကူညီပေးခဲ့တယ်လို့ မသီတာဦးက ပြောပြ ပါတယ်။

ရေနစ်နေတဲ့ သားအဖက “ကယ်ကြပါ၊ကယ်ကြပါ” လို့ အော်သံကြားတဲ့အချိန်မှာ မသတာဦးဟာ သူ့ယောင်းမကို ထွက်ကြည့်ခိုင်းရာက သူတို့ရေနစ်နေတာကို သိရှိလိုက်လို့ ဗိုက်ထဲကကလေးကို သတိမထားမိတော့ပဲ ကလေးကို ကယ်လိုစိတ်တခုဘဲရှိခဲ့တယ်လို့ မသီတာဦးက  ပြောပါတယ်။

“ ကမ်းမှာ အမြဲတမ်းလိုလို အရက်လာသောက်ကြမူးကြပြီးအော်နေကြတာရှိတယ်။ အစကတော့  စနောက်တယ် ထင်နေတာ။ ဒါပေမယ့် အဲဒီနေ့အော်နေတာ ဆိုးဆိုးဝါးဝါးပဲ။ မဟုတ်တော့ပါဘူးဆိုပြီး ယောင်းမကို သွားကြည့်ခိုင်း တယ်။ ယောင်းမက ကလေးနဲ့ သူ့အဖေ ရေနစ်နေတယ်ဆိုပြီး လာပြောတော့ ကျမလည်း ကလေးဇောနဲ့ ချက်ခြင်း ထပြေးသွားတာပဲ” လို့ မသီတာဦးက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ရေနစ်နေတဲ့ သားအဖ(၂)ဦးမှာ ကလေးငယ်ကို ရေထဲခုန်ဆင်းကူးခတ်ပြီး ကယ်ဆယ်လာနိုင်ခဲ့ပေမယ့် ရေနစ်သူကို ကယ်တင်ဖို့ ကမ်းစပ်ကိုပြေးသွားချိန်မှာ သံလမ်းပေါ်တွင် (၂)ကြိမ်မှောက်ရက်လှဲသလို ကမ်းစပ်မှာလည်း ဆူးခြုံ တွေကို ခုန်ကျော်ပြီး ခုန်ဆင်းသွားရတယ်လို့ မသီတာဦးက ဆက်ပြောပြပါတယ်။

“ ကလေးဇောသားဇောကြောင့်ဖြစ်မယ်။ ကျမဘာမှမမြင်တော့ဘူး။ ကလေးကိုပဲ ပြေးမြင်တာ။ မဖြစ်ခင်က ကျမ ယောကျ်ားကလည်း ငါးလာဖမ်းနေတဲ့သားအဖမှာ ကလေးက အသားဖြူဖြူနဲ့ ချစ်စရာလေးလို့ပြောပြထားတယ် လေ” လို့ မသီတာဦးက ဆိုပြန်ပါတယ်။

ကလေးကိုကယ်ဖို့ ရေထဲခုန်ဆင်းပြီး ကန်အလယ်ကို ကူးခတ်သွားချိန်မှာ မသီတာဦးဟာ ထမီကျွတ်ပြီး၊ ခြေ ထောက်ကြွက်တက်လာလို့ ဆက်မကူးနိုင်တော့တဲ့အတွက်“ အိုး.. အာလာရ်၊ ကျမကို စောင့်ရှောက်ပြီး သနား တော်မူပါ။ အိုး..အာလာရ် ဒီကလေးရဲ့အသက်ကို စောင့်ရှောက်ပြီး သနားတော်မူပါလို့  ရေထဲမှာ ငိုပြီး ဆုတောင်း ခဲ့ပါတယ်။ အခါ(၂၀)လောက် ရေငုတ်သွားပြီး ဆုတောင်းနေလိုက်တယ်” လို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ တွေကို အားရပါးရ ပြန်ပြောပြနေပါတယ်။

မသီတာဦးဟာ ကလေးနဲ့ကမ်းစပ်ကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာကို သတိမရတော့ဘဲ ကမ်းစပ်ပြန် ရောက်လာချိန်မှာပဲ မေ့မျောသွားခဲ့ပါတယ်။ သူသတိရလာတဲ့အချိန်မှာတော့ ဆေးရုံကို ရောက်နေပြီလို့ ဆိုပါ တယ်။

“ ဆေးရုံကနေဆင်းပြီး (၂)ရက်မြောက်နေ့မှာ ကျမကိုယ်ဝန်ပျက်ကျသွားခဲ့တယ်”လို့ မသီတာဦးက စိတ်မကောင်း စွာနဲ့ဆိုပါတယ်။

ကလေးကို သွားဆယ်တဲ့အချိန်ဟာ ဆောင်းတွင်းပိုင်းဖြစ်တဲ့အတွက် အလွန်အေးပေမယ့် ကလေးဇောကြောင့် အေးတဲ့ဒဏ်လည်းမသိတော့ဘဲ ကြွက်တက်လို့ ဆက်မကူးနိုင်တော့ပေမယ့် အာလာရ်ရဲ့ ကျေးဇူးတော်ကြောင့် ကမ်းစပ်အထိ ပြန်ရောက်လာခဲ့တာပါလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာနဲ့လူမျိုးကို အခြေခံပြီး ခွဲခြားမှုတွေ ရှိနေကြပေမယ့် မသီတာဦးကတော့ ကလေးငယ်ရဲ့ အ သက်ကိုသာ တန်ဖိုးထားကာ ဘာသာလူမျိုးကို စိတ်ထဲမခွဲခြားဘူးလို့ ပြောပြပါတယ်။

“ ကျမက ဒီကလေးကို ဗုဒ္ဓဘာသာဖြစ်လို့ မကယ်ဘူးဆိုရင် ကလေးသေသွားမှာပေါ။ ကျမတို့မှာလည်း အသက် (၅)နှစ်အရွယ် သားလေးတယောက်ရှိတယ်လေ။ အသက်တခုပဲ ကျမသိတယ်။ ဘာသာတွေ လူမျိုးတွေ ကျမ သိပ် အယူမသီးဘူး” လို့မသီတာဦးက ဆက်ပြီးပြောပါတယ်။

မသီတာဦးရဲ့ခင်ပွန်းဟာ တံငါအလုပ်လုပ်ကိုင်ပြီး ရလာတဲ့ငါးတွေကို မသီတာဦးက သာစည်ဈေးထဲမှာ သွားရောင်း ချတဲ့ အလုပ်ကို လုပ်ပါတယ်။

သူတို့မှာ ကလေး(၃)ဦးရှိပြီး အခုတော့ နောက်ထပ်ကိုယ်ဝန်ပြန်ရှိနေပြီလို့သိရပါတယ်။

မသီတာဦးကယ်ဆယ်ခဲ့တဲ့ ကလေးလေးဟာ သူတို့အိမ်ကို ဝင်ထွက်သွားလာမှုရှိသလို ကလေးအတွက် လိုအပ် တာကိုလည်း တတ်နိုင်သလောက် အကူအညီပေးနေသေးတယ်လို့လည်း သူမက ဆက်လက်ပြောပြပါတယ်။

သူများကလေးကို ကယ်တင်နိုင်ခဲ့ပေမယ့် ကိုယ့်ရင်သွေးပျက်ကျသွားတဲ့အပေါ် မသီတာဦးက “  အခုထိ တခါတ လေ စိတ်က အလိုလိုသိနေလို့လားမသိဘူး။ ခံစားရယ်။ ဝမ်းနည်းရတယ်။ ဒါပေမယ့် ဒီကလေးကို ကယ်လိုက် တော့ သူက ကျမသားဖြစ်သွားပြီလေ။ ကျမဆီကို အမြဲလာလည်တယ်။ အဆက်အသွယ်ရှိပါတယ်” လို့လည်း သူမ ခံစားချက်ကို ရင်ဖွင့်ပါတယ်။

ကိုယ့်ရင်သွေးပျက်စီးသွားပေမယ့်လည်း နောက်ရင်သွေးတယောက် အစားပြန်ရသလိုပါလို့  မသီတာဦးရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုတင်ဦးကလည်း ပြောပါတယ်

“ဆုံးရှုံးလိုက်ရတာကတော့ ဝမ်းတော့နည်းတာပေါ့။ ကိုယ့်ရမယ့်ကလေးမရလိုက်တာ။ ဒါပေမယ့် ဒီကလေးကို ကိုယ်က အသက်ကယ်ခဲ့တဲ့အတွက် သူကလည်း ကိုယ့်သားသမီးလိုပါပဲ။ အခုချိန်ထိ လိုတာဝယ်ပေး၊ သွားလိုက် လာလိုက်လုပ်နေတာပဲ၊ မိသားစုဝင်လိုဖြစ်နေတယ် ” လို့  ကိုတင်ဦးက ပြောပါတယ်။

“ ကျနော်တို့ကတော့ ဘာသာရေးကို သိပ်ပြီးအဓိကမထားဘူး။ တရက်လုပ် တရက်စားရမယ်။ ဒီမှာရှိတဲ့သူတွေနဲ့ သင့်မြတ်အောင်ပေါင်းမယ်။ ဆယ်တုန်းက ဗုဒ္ဓဘာသာဖြစ်လို့ ဗမာဖြစ်လို့ ဆင်းမကယ်ရင် အဲဒီကလေး(၅)နှစ်  အရွယ်မှာပဲ သေဆုံးရမယ်။ တကယ်လို့ သူကြီးလာရင် ဘာဖြစ်လာမလဲ၊ ခန့်မှန်းလို့မရဘူး” လို့ ကိုတင်ဦးက ပြော ပါတယ်။

မသီတာဦးလို အညတြသူရဲကောင်း အမျိုးသမီးတွေ ဘာသာလူမျိုးမခွဲခြားဘဲ  လူကိုလူချင်း ကူညီလိုတဲ့ မြန်မာ လူမျိုးတွေ အများကြီးပေါ်ထွန်းဖို့လိုသလို သူမဟာ ဘာသာရေး မခွဲခြားဘဲ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် စံပြနမူနာပါလို့ သာစည်မြို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

”ကိုယ့်စေတနာ ကိုယ့်အကျိုးပေးဆိုသလိုပါပဲ။ ကျမတို့က ဘာသာရေးမခွဲခြားဘူး။ ခွဲခြားနေရင် ဒီကလေးအသက် ကို ဘယ်လိုကယ်နိုင်မှာလဲ။ ကျမစိတ်ထဲမှာ ဘာသာမတူညီလဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တယောက်အခက်အခဲကို တ ယောက် ကူညီဖို့ အတူတူနေထိုင်ဖို့ပဲ ရှိပါတယ်” လို့ မသီတာဦးက သူမရင်တွင်းခံစားချက်ကို ပြောပြလိုက်ပါတယ်။

မသီတာဦးကို ၂၀၁၇ ခုနှစ်အတွက် တနှစ်တာ သူရဲကောင်းဆု 7 days News က ၂၀၁၈ ခုနှစ်၊ မတ်လမှာ ချီးမြှင့် ခဲ့ပါတယ်။

 

Related Articles