သန့်ရှင်းထွန်း။ ။
နှစ်အတော်ကြာ ရင်ဆိုင်နေခဲ့ရသည့် လူမျိုးရေးပဋိပက္ခများနှင့် စစ်ပွဲများငြိမ်သက်သွားပြီး တည်တည်ငြိမ်ငြိမ်ရှိနေသည့် ရခိုင်ပြည်နယ်တွင် ဒေသခံများအတွက် နောက်ထပ်စိန်ခေါ်မှု အသစ်တစ်ခုရင်ဆိုင်ရပြန်သည်။
ထိုအရာက ဥပဒေမဲ့လုပ်ရပ်များနှင့် အုပ်စုဖွဲ့ရမ်းကားမှုများ တဖြည်းဖြည်း များပြားလာခြင်းဖြစ်ပြီး လူမသိရှင်မသိ သေဆုံးမှု၊ လူပျောက်ဆုံးမှုများလည်းရှိခဲ့သည်။
လူသိများသည့်အမှုအခင်းများအနက် ၂၀၂၁ အတွင်းက ဒေသခံများ၏ဝမ်းစာဖြစ်သည့် ရိတ်သိမ်းပြီးစပါးများနှင့် စပါးရိတ်သိမ်းခြွေလှေ့စက်များ မီးရှို့ခံရမှု၊ နွားများအကြောင်းမဲ့ ဓားဖြင့်ခုတ်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းမျိုးဖြစ်သည်။ ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာန၏အဆိုအရ ၂၀၂၁ ဒီဇင်ဘာလအတွင်း အလားတူ အမှုမျိုး ၁၀ ခုထက်မနည်း ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အဆိုပါအဖြစ်အပျက်များက သာမန်မှုခင်းဆိုသည်ထက် ပိုမိုသည့်ဖြစ်ရပ်များ ဖြစ်ခဲ့သည်။ ဆန်ကိုအဓိကထား စားသုံးသည့် ရခိုင်ပြည်နယ်တွင် မိုးစပါးရိတ်သိမ်းချိန်ကာလဖြစ်သည့် ဒီဇင်ဘာတွင် ရိတ်သိမ်းပြီးစပါးများ မီးရှို့ခံခဲ့ရခြင်းလည်းဖြစ်သည်။ ဖြစ်စဉ်များက တစ်မြို့တည်း၊ တစ်နေရာတည်းတွင် ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ ဘူးသီးတောင်၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး စသည့် မတူညီသည့် ဒေသအသီးသီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာရှိ ဒေသခံများ ပိုင်ဆိုင်သည့် စပါးရိတ်သိမ်းခြွေလှည့်စက်နှစ်လုံးသည် ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် ညက မီးရှို့ဖျက်ဆီးခံရပြီး နောက်တစ်ရက်အကြာတွင် မြောက်ဦးမြို့နယ် လောင်းကြက် ကျေးရွာမှ ရိတ်သိမ်းပြီး စပါးများ မီးရှို့ခံရသည်။
နောက်ထပ် သုံးရက်အကြာတွင် အဆိုပါအဖြစ်အပျက်များသည် ရခိုင်တောင်ပိုင်းဆီသို့ ရောက်သွားခဲ့ပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ စည်မော်ကျေးရွာမှ ဒေသခံများ၏ ရိတ်သိမ်းပြီး စပါးများ မီးရှို့ခံရပြန်သည်။
ဒီဇင်ဘာ ၂၀ အရောက်တွင် ကျေးလက်နေသူများအတွက် စပါးစိုက်ရန်အဓိကကျသည့် နွားများတိုက်ခိုက်ခံရမှု မြောက်ဦးတွင် ဖြစ်ပွားခဲ့ပြန်သေးသည်။ မြောက်ဦးမြို့နယ်အတွင်းရှိ မုချာရွာမှ ဒေသခံလယ်သမား၏ နွားငါးကောင်၏ခြေလက်များကို တင်းကုတ်အတွင်း ဝင်ရောက်ခုတ်ဖြတ်သွားခဲ့သည်။ ပိုင်ရှင်ရွာသားသည် နွားငါးကောင်အနက် သုံးကောင်ကို ရောင်းထုတ်ခဲ့ရပြီး နှစ်ကောင်ကိုဆေးကုပေးခဲ့ရသည်။
အဆိုပါအဖြစ်အပျက်အပြီး နောက်တစ်ရက်အကြာ ၂၀၂၁ ဒီဇင်ဘာ ၂၁ တွင် ဘူးသီးတောင်မြို့နယ် ကင်းဒါးရွာမှ လယ်သမားများ၏ စပါးစည်းများ မီးရှို့ခံရပြန်သည်။
ထို့အပြင် ၂၀၂၁ ဒီဇင်ဘာ ၂၃ တွင် မင်းပြားမြို့နယ် နဂရာကျေးရွာတွင် ကောက်လှိုင်းစည်းများ မီးရှို့ခံခဲ့ရသည်။
စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်သလို ဆန်ကိုလည်းအဓိက အစားအစာအဖြစ် စားသုံးကြသည့် ဒေသခံများအတွက်ကတော့ အဆိုပါ အဖြစ်အပျက်များက ဆုံးရှုံးမှုကြီးမားလွန်းပြီး ဒေါသထွက်စရာ အခြေအနေမျိုး ဖြစ်သည်။
ဒါ့အပြင် ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် မတည်မငြိမ်မှုများနှင့် စစ်ပွဲများကြောင့် စပါးစိုက်ပျိုးရိတ်သိမ်းရန် အခက်အခဲများရှိခဲ့ပြီး ယခုနှစ်တွင်မှ သီးနှံမှဝင်ငွေ ပြန်ရရန် တာဆူနေခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲသံများ တိတ်ဆိတ်သွားပြီး ပြန်လည်ထူထောင်ရေးများ လုပ်နေချိန်တွင် ကြုံတွေ့နေရသည့် အမှုအခင်းများတွင် တရားခံရှာမရသည့် အခြေအနေများလည်း ရှိနေသည်။
ရခိုင်မှဒေသခံများအတွက် အမှုဖြစ်ပွားပါက တိုင်ကြားရန်အတွက် နှစ်နေရာရှိနေသည်။ နေပြည်တော်အုပ်ချုပ်ရေးမှ ဆင်းသက်သည့် ရဲစခန်းများနှင့် ရက္ခိုင့်တပ်တော် ( AA ) အင်အားကြီးထွားလာချိန်မှ စတင်ပြီးအသက်ဝင်လာသည့် AA ၏ တရားစီရင်ရေးစနစ်တို့ ဖြစ်သည်။
ရဲစခန်းများထံမှ မှုခင်းနှင့်ဆိုင်သည့် သတင်းအချက်အလက်များ မသိရှိရသော်လည်း ၂၀၂၂ မတ်လအတွင်းက ULA/AA ၏ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ၂၀၂၁ အတွင်း ULA/AA ၏ တရားရေးဌာနသည် တစ်ရက်လျှင် ရာဇဝတ်မှုနှင့်တရားမမှု ၁၀ မှုနှုန်း တိုင်တန်းသည်ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ အရေအတွက်အားဖြင့် အမှုပေါင်း ၃၈၀၀ ကျော်ရှိခဲ့သည်။
၂၀၂၂ ဇန်နဝါရီမှ မတ်လထိ သုံးလတာကာလအတွင်း ၁၈၄၅ မှု ရှိခဲ့သည်ဟုလည်း ULA/AA ၏ ပြောခွင့်ရအရာရှိ ဦးခိုင်သုခက ၂၀၂၂ ဧပြီလ ၅ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ လက်ခံရရှိသည့် အမှုများအနက် ထက်ဝက်ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး နောက်ထပ်ဖြေရှင်းရန် အမှုပေါင်း ၂၇၅၇ ကျန်ရှိသေးကြောင်း ၎င်းက ဆိုသည်။
အမှုအခင်းဖြစ်ပါက တိုင်ကြားရန် နှစ်နေရာအထိ ရှိနေသော်လည်း နှစ်နေရာစလုံးက အရေးမယူနိုင်ဘဲ လွတ်မြောက်နေသည့် မှုခင်းများအတွက် စိုးရိမ်နေကြသည့် ဒေသခံများလည်း ရှိကြသည်။
“ပြစ်မှုတွေ ဆက်တိုက်ဖြစ်လာပြီးတော့ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်တာက နောက်ဆက်တွဲ ပြည်သူတွေ့ရဲ့ လုံခြုံမှုအတွက် အရမ်းစိုးရိမ်စရာ ကောင်းလာတယ်။ ပြစ်မှုဖြစ်ရင် ရဲကပဲဖြစ်ဖြစ် အေအေကပဲ ဖြစ်ဖြစ် ချက်ချင်းဖော်ထုတ်ပေးဖို့လိုပါတယ်”ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
ကျေးလက်ဒေသများထက် တရားဥပဒေ စိုးမိုးမှုကောင်းသည့် နေရာဖြစ်သော မြို့ပေါ်ရပ်ကွက်တွင် ယခုကဲ့သို့ ဥပဒေမဲ့ ဝင်ရောက်ရမ်းကားမှုကိုပင် သက်ဆိုင်ရာ အဖွဲ့အစည်းများက မဖော်ထုတ်နိုင်ဆိုပါက နောက်ထပ် ရခိုင်ပြည်သူများ၏ လုံခြုံရေးမှာ ရင်လေးဖွယ်ကောင်းနေသည်ဟု မောင်တောမြို့မိမြို့ဖတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလ ၅ ရက်က တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိမိနေအိမ်အတွင်း မိသားစုနှင့်အတူ အိပ်နေချိန် ဓားများကိုင်ဆောင်ထားသူ တချို့က ဖမ်းဆီးခေါ်သွားခဲ့ပြီး ယခုအချိန်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က စစ်တွေဟိုတယ်အနီးရှိ ကွန်ကရစ်တံတားငယ်အနီးတွင် အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးကို ခန္ဒာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် နှာခေါင်းက သွေးထွက်သေဆုံးနေသော အလောင်း တစ်လောင်းကို တွေ့ရှိခဲ့သည်။
အလားတူ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် မျက်လုံးတစ်ဖက်မပါ၊ ခန္ဒကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် သေဆုံးနေသော အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ လက်သည်တရားခံကို မဖော်ထုတ်နိုင်ခြင်းက နောက်ထပ်ရာဇဝတ်မှုများ ကျူးလွန်ရန် အားပေးရာရောက်နေသည်ဟု ရခိုင်ဒေသခံတချို့က သုံးသပ်သည်။
ထို့အပြင် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ၊ မော်တော်ယာဥ်အများအပြားကို အကြောင်းမဲ့ ဖျက်ဆီးမှုများလည်း ရှိနေသည်။
ပြစ်မှုကျူးလွန်သူများကို ထိုက်တန်သည့်ပြစ်ဒဏ် မပေးနိုင်သေးခြင်းက ရခိုင်ဒေသရှိ အမျိုးသမီးများ၏ လုံခြုံရေးကိုလည်း ကြီးမားသည့် ခြိမ်းခြောက်မှုများ ရှိနေခဲ့သည်။
စစ်တွေကဲ့သို့သော မြို့ကြီးများတွင်ပင် နေ့အလင်းရောင်အောက်တွင် အမျိုးသမီးများအား သားပြောမယားပြော ပြောဆိုကာထိပါးနှောင့်ယှက်ခြင်းများကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြသူများလည်းရှိသည်။ အဆိုပါအဖြစ်အပျက်များအကြောင်း HI သတင်းဌာနက “ စစ်တွေကမ်းနားကိုအကျည်းတန်စေသူများ” ဆိုသည့် သတင်းဆောင်းပါးဖြင့် ၂၀၂၂ ဧပြီလအတွင်းက ရေးသားထောက်ပြထားသည်။
အမျိုးသမီးအချို့မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံကြရသော်လည်း တရားဥပဒေစိုးမိုးမှုမရှိဘဲ ရုံးချိန်းပေါင်း မြောက်မြားစွာ ချိန်းဆိုနေရသော တရားရုံးများသို့ သွားလိုစိတ် မရှိခြင်းကြောင့် ရခိုင်ပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် ပတ်သက်၍ တိုင်တန်းခြင်းမှာ မရှိသလောက် နည်းပါးနေပြီး နှောင့်ယှက်မှုများကို ငြိမ်ခံနေရသည့် အနေအထားဖြစ်နေသည်ဟု Woman Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က ပြောသည်။
ပြီးခဲ့သည့် နှစ်များအတွင်း မတည်ငြိမ်မှုများ၊ စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြည်နယ်သည် အဆိုပါပြဿနာများ တည်ငြိမ်သွားခဲ့သော်လည်း တရားဥပဒေစိုးမိုးရေးဆိုသည့် စိန်ခေါ်မှုအသစ်တစ်ခုကို ရင်ဆိုင်နေရသည်။
ရခိုင်ပြည်သူများသည် ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှုပေးနိုင်သော အဖွဲ့အစည်းများကို မျှော်လင့်နေသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
“လုပ်ချင်သလိုလုပ်၊ ဖြစ်ချင်သလိုဖြစ်နေတဲ့ ခေတ်ပျက်ကြီးတစ်ခုထဲကို ပြည်သူတွေ ရောက်နေတာ”ဟု ၎င်းက ပြောသည်။