Home ဆောင်းပါး “အမြန်ဆုံးငြိမ်းချမ်းချင်တယ်”

“အမြန်ဆုံးငြိမ်းချမ်းချင်တယ်”

Honest Information (HI)

လက်ကျန်ရိက္ခာတွေနဲ့ မိုးကာစတွေကိုရေတွက်ရင်း စခန်းဆီကိုနောက်ထပ်ရောက်လာမယ့် စစ်ဘေးရှောင်တွေကိုခွဲဝေပေးဖို့ လောက်ငပါ့မလားလို့ အန်ဂျလာတစ်ယောက်တွေးပူနေပါတယ်။ အသက်(၃၁)နှစ်အရွယ် အန်ဂျလာဟာမိသားစုနဲ့အတူ ကယားပြည်နယ်၊ ဖရူဆိုမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကိုရောက်နေတာ လေးလနီးပါးရှိပါပြီ။

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက် အန်ဂျလာတို့ရောက်နေတဲ့ စစ်ဘေးရှောင်စခန်းကို မြို့ပေါ်ကနေ စစ်ဘေးရှောင်မယ့်သူတွေ ထပ်ပြီးရောက်လာဖို့လည်းရှိနေပါတယ်။

ကယားပြည်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲစတင်ခဲ့တဲ့ မေလ(၂၁)ရက်ကစပြီး ကယားပြည်နယ်က ပြည်သူအချို့ဟာ ဘေးလွှတ်ရာကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် ထွက်ပြေးလာကြရသူတွေဟာ ဖြစ်သလိုပုန်းအောင်းနေကြရပြီး ဒီဘက်ရွာမှာတိုက်ပွဲဖြစ်ရင် ဟိုဘက်ရွာကိုရွေ့တာ၊ တောင်ယာခင်းတွေထဲမှာစုနေကြတာ၊ တောင်တွေပေါ်၊လှိုင်ဂူတွေထဲမှာ တဲထိုးပြီး တိမ်းရှောင်နေကြရတာတွေလည်းရှိပါတယ်။

လွန်ခဲ့တဲ့လတွေတုန်းကဆိုရင် သူ့ရဲ့နေ့စဉ်ဘဝကို ဒီလိုစစ်ရှောင်စခန်းတွေမှာ ကုန်ဆုံးရမယ်လို့ မတွေးမိခဲ့ဘူးလို့ အန်ဂျလာက ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ ဒီလိုပဲဆန္ဒပြကြရင်းနဲ့ ပြီးသွားမယ်လို့ပဲတွေးခဲ့မိတယ်။ ဒီလိုစစ်ဘေးရှောင်စခန်းကို ရောက်လာရလိမ့်မယ်ဆိုပြီး မတွေးမိခဲ့ဘူး”လို့သူက တိုးညှင်းစွာပြောပါတယ်။

အန်ဂျလာတို့မိသားစုကတော့ စစ်ဘေးရှောင်စခန်းကိုရောက်တာအခုဆိုရင် လေးလနီးပါးရှိပြီဖြစ်ပြီး အိမ်ပြန်နိုင်မယ့် လမ်းကိုတော့ မမြင်နိုင်သေးပါဘူး။ ကယားပြည်နယ်မှာ အန်ဂျလာတို့မိသားတစ်စုလို စစ်ကြောင့်အိုးပစ်အိမ်ပစ်ပြေးကြရတဲ့ လူဦးရေက သောင်းနဲ့ချီပါတယ်။

အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ခန့်မှန်းတွက်ချက်မှုတွေအရ အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းတစ်သောင်းကျော်အထိ ရှိတယ်လို့ခန့်မှန်းထားပါတယ်။ ဒါဟာပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ ပမာဏဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ကယားပြည်နယ်တစ်ခုထဲတင် မဟုတ်ပါဘူး။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေ၊ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားတိုက်ပွဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတဲ့ စစ်ဘေးရှောင် နှစ်သိန်းခုနှစ်သောင်း ကျော်ရှိလာပြီလို့လည်း ISP-Myanmar ကတွက်ချက်ထားပါတယ်။

အာဏာမသိမ်းခင်က မြန်မာနိုင်ငံတွင်းမှာ စစ်ပြေးဒုက္ခသည် လေးသိန်းကိုးသောင်းလောက်ရှိခဲ့တဲ့အတွက် အာဏာသိမ်းပြီး ထပ်တိုး စစ်ပြေးဒုက္ခသည်တွေပါပေါင်းရင် ခုနှစ်သိန်းခြောက်သောင်းကျော်အထိရှိလာပြီဖြစ်ပါတယ်။လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည်တွေ ထပ်မံတိုးလာမယ့် အခြေအနေတွေရှိနေပါတယ်။

အန်ဂျလာတို့နေထိုင်တဲ့ ဖရူဆိုကစစ်ဘေးရှောင်စခန်းမှာတော့ စစ်ဘေးရှောင်တွေထပ်တိုးလာဖို့ရှိတဲ့အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပေမယ့် စားနပ်ရိက္ခာမလောက်ငမှာကိုစိုးရိမ်နေကြပါတယ်။

“အဓိကကတော့ စစ်ရှောင်တွေထပ်လာမှာဆိုတော့ လိုအပ်နေတယ်။ ဆေးဝါးရယ်၊ စားနပ်ရိက္ခာရယ်၊ မိုးကာတွေ ခက်ခဲနေတယ်။ ထပ်ပြီးများလာရင် ပိုခက်ခဲလာမယ်”လို့ အန်ဂျလာကဆိုပါတယ်။

စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေဟာ နေရေးထိုင်ရေးအပြင်၊ကိုဗစ်ရောဂါအန္တရာယ်၊ အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

“ပြေးရလွှားရတဲ့အခါမှာ အမျိုးသမီးနဲ့ကလေးငယ်တွေက မပြေးနိုင်မလွှားနိုင်တာမျိုးတွေရှိတဲ့အတွက် ပိုပြီးစိုးရိမ်ရတယ်။ နောက်တစ်ခုကဒီနေရာမှာ စစ်ကြောင်းတွေထိုးလာမယ်ဆိုရင် အမျိုးသမီးတွေ အကြမ်းဖက်မှုတွေကြုံတွေ့ရမလားဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်” လို့ အန်ဂျလာကဆိုပါတယ်။

အန်ဂျလာနည်းတူ စစ်ဘေးရှောင်ရင်းစိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေသူကတော့ ဒေါ်လှဝင်း(အမည်လွဲ)ပဲ ဖြစ်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာနေထိုင်တဲ့ ဒေါ်လှဝင်းတို့မိသားစုဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တဲ့ မေလကစတင်ကာ နေအိမ်ကိုစွန့်ပြီး တောထဲတောင်ထဲကို ထွက်ပြေးလာကြရတာဖြစ်ပါတယ်။

ဒေါ်လှဝင်းတို့မိသားစုလည်း တခြားသူတွေနည်းတူ အခုလိုစစ်ဘေးရှောင်ရလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့တာမျိုး မရှိခဲ့ပါဘူး။

“စစ်ဘေးရှောင်ရလိမ့်မယ်။ ဘယ်နေရာကိုတော့သွားရလိမ့်မယ်ဆိုပြီး ဘာမှမရှိဘူး။ အဲ့လိုဖြစ်တဲ့အခါမြို့ပေါ်ကနေ ခြေဦးတည့်ရာ ပြေးတဲ့အခြေအနေမျိုးမှာ၊ တောထဲတောင်ထဲတွေမှာ ရက်ကြာသွားတဲ့ဟာလိုမျိုးတွေအများကြီးပေါ့။ တစ်နေရာမှာ တည်ခိုးဖို့မရောက်သေးခင် လမ်းမှာအစာရေစာနဲ့ပတ်သက်လို့အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခက်တွေ ရှိတယ်” လို့ ဒေါ်လှဝင်းကဆိုပါတယ်။

စစ်ဘေးရှောင်တဲ့အခါမှာ သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေလည်းပါတဲ့အတွက် ရာသီဥတုဒဏ်ကြောင့်သူတို့တွေဟာ ဖျားနာကြပြီး အသက်ဆုံးရှုံးတာတွေကိုလည်း ဒေါ်လှဝင်းတစ်ယောက်မျက်မြင်ကြုံခဲ့ရပါတယ်။

ဒါ့အပြင်စစ်ကောင်စီက စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာကို ဖျက်စီးတာ၊ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းတွေကို ခိုးယူတာ စတာတွေလည်းရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာနေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်သောင်းကိုးထောင်ကျော်အထိ ရှိနေပါတယ်။

အလားတူ ကချင်ပြည်မှာ စစ်အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင် ဦးရေ တစ်သိန်းကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ရေးပဋိပက္ခတွေ ထပ်ဖြစ်လာတဲ့အတွက် စစ်ရှောင်ဦးရေတွေ တိုးလာတယ်လို့ ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အသစ်ထပ်တိုးလာတဲ့ စစ်ရှောင်တွေကို စစ်ရှောင်စခန်း သီးသန့်ထပ်ပြီး မလုပ်တော့ဘဲ စစ်ရေး မရှိတဲ့နေရာ၊ စစ်ရေး ပဋိပက္ခနဲ့ အလှမ်းဝေးတဲ့ကျေးရွာတွေမှာ ထားတယ်လို့သူကဆိုပါတယ်။

မြင့်တက်လာတဲ့ကိုဗစ်ဒဏ်နဲ့ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ကူညီဖို့ကလည်းအခက်အခဲတွေရှိနေပါတယ်။

“စစ်ရှောင်တွေ အတွက်အရမ်းကို ဒုက္ခကြီးတယ်။ စစ်ရှောင်လာတဲ့သူတွေမှာလည်း ကလေးနဲ့ အမျိုးသမီး၊ ကလေးမိခင်တွေ ကအများဆုံးဆိုတော့ အာဟာရပြတ်လပ်တာတွေတော့ စိုးရိမ်စရာပေါ့။ သွားမကူနိုင်တော့ သားဖွားခါစမိခင်တွေ ကိုယ်ဝန်သည်မိခင်တွေအတွက် ကျနော်တို့လည်း စိုးရိမ်နေရတယ်”လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကဆိုပါတယ်။

ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ဘေးရှောင်ဦးရေ တစ်သောင်းလေးထောင်ကျော်တိုးလာတယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ ရှမ်းပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေ တနေ့ထက် တနေ့ပိုများလာပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်းတပ်ပေါင်းစုဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်နဲ့ တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲတွေ ဇူလိုင်လမှစတင်ကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပါတယ်။

ဒါ့အပြင် ရှမ်းမြောက် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် အတွင်းမှလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်တွေဟာ အခက်အခဲမျိုးစုံရင်ဆိုင်နေရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းမြောက် ကျောက်မဲ၊သီပေါ၊နမ့်ခမ်းနဲ့ မူဆယ်မြို့နယ်တွေမှာ စစ်ရှောင် ငါးထောင်ကျော် ထပ်မံတိုးလာပါတယ်။

ရှမ်းပြည်အတွင်း ၂၀၁၂ခုနစ် စစ်ရေး ပြဿနာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်များစားရင်း နဲ့ စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စာရင်း စုစုပေါင်းမှာ နှစ်သောင်းနီးပါးရှိတယ်လို့ Hi သတင်းဌာန စုံစမ်း မေးမြန်းချက်အရ သိရပါတယ်။

“ ရှမ်းပြည် ကတော့ အခုနောက်ပိုင်းစစ်ရေးက နေ့တိုင်းနီးပါးပါပဲ။ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ ပြဿနာက ပိုဆိုးတယ်။ ကိုဗစ်ရော စစ်ရေးကြောင့်ရော အခုဆိုရင်တော်တော်ဒုက္ခရောက်နေတယ်” လို သီပေါမြို့နယ်က စစ်ရှောင်ကူညီပေးနေတဲ့ နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

စစ်ရှောင်စခန်းကိုရောက်ရှိနေထိုင်တဲ့သူအများစုဟာ အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ များသလို ကိုယ်ဝန်သည် အမျိုးသမီးတွေ၊ မွေးဖွားစ မိခင်တွေပါ၊ ပါဝင်ကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
လက်ရှိ ကျေးရွာအနီးတဝိုက် တိုက်ပွဲကြောင့် စစ်ရှောင်တွေဟာ မြို့ပေါ်ရောက်လာပြီး ကိုဗစ်-၁၉ ကူးစက်မှု ဒဏ်ကိုလည်း ခံနေရတဲ့အပြင် နိုင်ငံရေးအခြေအနေ၊ ကိုဗစ်ကြောင့်အလှူရှင်တွေကလည်း လာရောက်ကူညီမှု မရှိသလောက် နည်းပါးနေပါတယ်။

“အခုနောက်ပိုင်းစစ်ရှောင်တွေကို ကူညီပေးမယ့်သူတွေက တော်တော်ခက်ခဲတယ်။ ရေရှည် တိုက်ပွဲဖြစ်ရင် စားနပ်ရိက္ခာတွေ အတွက် ခက်ခဲမယ်။ အမျိုးသမီးနဲ့ ကလေးတွေ အတွက်လည်း ပိုပြီးဝန်ထုတ်ဝန်ပိုးကြီးနေတယ်” လို့စစ်ရှောင်ကူညီပေးနေသည့် နန်းမွမ်းမွမ်းပေါင်းကပြောပါတယ်။

ဒါ့အပြင် ကျေးရွာမှ မြို့ပေါ် စစ်ဘေးရှောင်လာတဲ့ ကျောက်မဲမြို့နယ် မိုင်းငေါ့ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည် အမျိုးသမီးတွေ အပါအဝင် ကိုဗစ်-၁၉ ကူးစက်မှုဒဏ်ကို ခံစားနေကြရပါတယ်။

“ စစ်ရှောင်ထဲက အမျိုးသမီးတွေ ကိုယ်ဝန်သည်တွေကအစ ကိုဗစ်ကူးခံရတယ်။ သီးသန့်ခွဲနေရတယ်။ စစ်ရှောင်ထဲမှာ ကလေးမွေးတာတွေရောရှိတယ်။ အစုံပါပဲ။ အခုကျမတို့က ကိုဗစ်ကို ကြောက်နေရတယ်။ ဒီမှာကစုနေတော့ ကူးဖို့ကလွယ်တယ်လေ။ ရွာမှာကဘာမှ ဖြစ်တာမဟုတ်ဘူး” လို့ ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာ အတွင်းရှိ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်နေသူပြည်သူတွေဟာ အခက်အခဲတွေကိုရင်ဆိုင်ရင်း အိမ်ပြန်ရမယ့်နေ့ရက်ကိုစောင့်ဆိုင်းနေပါတယ်။

တိုက်ပွဲတွေ ငြိမ်သွားပြီး မိမိနေရပ်ကိုသာပြန်ချင်တဲ့အကြောင်းနဲ့၊ တိုက်ပွဲတွေကြောင့် အိမ်ကိုစွန့်လာရတဲ့အတွက် တောင်ယာလည်း မလုပ်နိုင်တာကြောင့် ရေရှည်စားဝတ်နေရေး အတွက်စိုးရိမ်နေတယ်လို့ စစ်ရှောင်အမျိုးသမီး ကဖွင့်ဟပါတယ်။

“ အခုက သူများလာလှူမှ စားနေရတယ်။ ကလေးတွေရော ကျမတို့ရော ကောင်းကောင်းမနေရဘူး။ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး” လို့ သူကဆိုပါတယ်။

ကယားပြည်နယ်စစ်ရှောင်စခန်းက အန်ဂျလာကတော့….
“အဖြစ်ချင်ဆုံးဆန္ဒကတော့ အမြန်ဆုံးငြိမ်းချမ်းချင်တယ်” လို့ဆိုပါတော့တယ်။

Related Articles