ခင်ဘုန်းမို့။ ။
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပွဲကြောင့် နှစ်နှစ်ကျော်လောက် အသက်မဲ့နေခဲ့တဲ့ စာသင်ကျောင်းတွေဟာ CDM ဆရာ၊ဆရာမတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
အရိပ်ကောင်းတဲ့အပင်ကြီးတွေအောက်မှာ စားပွဲဝိုင်းတွေချထားပြီး ကလေးငယ်တွေဟာ စာအုပ်၊ ခဲတံအစုံနဲ့ စိတ်ဝင်တစား စာသင်နေကြပါတယ်။ အတန်းရှေ့က ဆရာမက သင်ပုန်းပေါ်က သင်ခန်းစာတွေကို တိုင်ပေးချိန်မှာတော့ ကလေးငယ်တွေက တက်တက်ကြွကြွနဲ့ လိုက်ဆိုနေကြပါတယ်။
စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်တဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်း ဧရာဝတီမြစ်ဘေး မြောင်မြို့နယ်ထဲက ဒေသခံတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးစနစ်နေရာမှာ ကိုယ်ပိုင်အစီအစဉ်နဲ့ လည်ပတ်မယ့် ပညာရေးစနစ်တစ်ခုကို အစားထိုးလိုက်ပြီး အခြေခံပညာကျောင်းတွေကို ၂၀၂၂ မတ်လ ၁ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
မြောင်မှာစတင်နေတဲ့ ပညာရေးစနစ်ကို ဒေသခံတွေပါဝင်တဲ့ “မြောင်ပညာရေးကွန်ရက်” ကဦးဆောင်ပြီး CDM ဆရာ၊ ဆရာမတွေနဲ့အတူ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။
မြောင်နယ်မှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေ ပညာရေးနှောင့်နှေးမှုမရှိစေရေးနဲ့ CDM ဆရာ၊ ဆရာမတွေလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ပြီး မြောင်ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ Teresa ကပြောပါတယ်။
“မြောင်နယ်က ကလေးတွေက ကိုဗစ်ကြောင့်လည်း ပညာသင်ကြားရေး ရပ်နားခဲ့ရတယ်။ စစ်အာဏာသိမ်းမှုပါ ဆက်တိုက်ကြုံလာရပြီး ပညာသင်ကြားခွင့် ထပ်မံဆုံးရှုံးခဲ့ရတယ်။ စစ်အာဏာရှင်ရဲ့အောက်မှာ ပညာရေးစနစ်လည်း ပျက်စီးခဲ့ရတယ်”
မြောင်မြို့နယ်တင်မဟုတ်ဘဲ ကပ်ရောဂါနဲ့ နိုင်ငံရေးလွန်ဆွဲမှုတွေကြားထဲမှာ ပညာရေးစနစ်ဟာ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ တနိုင်ငံလုံးက ကျောင်းသား ၁၂ သန်းခန့်ဟာ ကိုဗစ်ကူးစက်မှုတွေကြောင့် ကျောင်းမတက်နိုင်ခဲ့ဘူးလို့ Save the Children (Myanmar) က ၂၀၂၁ အတွင်းက ထုတ်ပြန်ထားပါတယ်။ ကိုဗစ်အလွန် စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ချိန်မှာလည်း သန်းနဲ့ချီတဲ့ကျောင်းသားတွေ စာသင်ခန်းဆီ ပြန််မရောက်ဘဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အာဏာဖီဆန် CDM လုပ်တာကြောင့် ဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဟာ ယာယီအလုပ်ရပ်ဆိုင်းခံရတယ်လို့ ဆရာဆရာမများအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရသိရပါတယ်။
ကိုဗစ်ရောဂါကြောင့် တံခါးမဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းတွေဟာ စစ်အာဏာသိမ်းပြီး နောက်မှာတော့ CDMပြုလုပ်သူဆရာ၊ ဆရာမတွေနဲ့ စစ်ကောင်စီလက်အောက်မှာ ဖွင့်တဲ့စာသင်ကျောင်းတွေမှာ ပညာမသင်ကြားလိုတဲ့ လူငယ်တွေကြောင့် စာသင်ကျောင်းတွေဟာ အသက်ဝင်ဖို့အလှမ်းဝေးသွားခဲ့ပါတယ်။
နှစ်နဲ့ချီကြာ လစ်လပ်နေတဲ့ ပညာရေးဟာကွက်ကို ဖြည့်စည်းနိုင်ဖို့အတွက် မြောင်ဒေသခံတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြပါတယ်။
မြောင်ပညာရေးကွန်ရက်အနေနဲ့ ရပ်ရွာလူထုအခြေပြုတဲ့ ပညာရေးဖော်ဆောင်တာ၊ ကြားကာလရပ်တန့်နေတဲ့ ပညာရေးကို ပြန်လည်ဖော်ဆောင်တာ၊ ပညာရေး ရေရှည်တည်တံ့အောင် ဆောင်ရွက်တာ၊ မြို့နယ်အတွင်း ပညာရေးကွန်ရက်တစ်ခု ဖန်တီးပေးတာ၊ ဆရာဆရာမတွေရဲ့ စွမ်းရည်မြှင့်သင်တန်း ပို့ချပေးတာတွေကို ဆောင်ရွက်သွားမယ်လို့ မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။
မြောင်ပညာရေးကွန်ရက်အနေနဲ့ သူငယ်တန်းကနေ အထက်တန်းပညာရေး ပြီးဆုံးသည်အထိ သင်ကြားပေးနိုင်ဖို့နဲ့ သင်ကြားရေးလုပ်ငန်းတွေ အောင်မြင်လာအောင် သင်ထောက်ကူပစ္စည်းတွေ ပြဌာန်းစာအုပ်တွေကို ပံ့ပိုးပေးပါတယ်။
လိုအပ်တဲ့သင်ကြားရေးပစ္စည်းတွေကို အလှူခံသလို တခြားပညာရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အကူအညီတောင်းတာတွေ ဆောင်ရွက်တယ်လို့ ကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ Teresa ကဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျောင်းလုံခြုံရေး၊ ဆရာဆရာမလုံခြုံရေး၊ ကလေးတွေလုံခြုံရေးကို အလှည့်ကျနဲ့ တာဝန်ယူဆောင်ရွက်ပေးပါတယ်။
ကျောင်းတွေပြန်ဖွင့်ဖို့အတွက် အရင်ဆုံးရပ်မိရပ်ဖတွေ၊ ဆရာဆရာမတွေရဲ့လုံခြုံရေးကို ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး မကြောက်ဖို့ပြောဆိုရတာ၊ ကျောင်းတွေကိုပံ့ပိုးပေးနိုင်ဖို့ ရန်ပုံငွေရှာဖွေတာ၊ စာသင်နေစဉ် မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ မကျရောက်အောင် ကြိုတင်ပြင်ဆင်ရတာတွေရှိတယ်လို့ ကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ Teresa ကဖွင့်ဟပါတယ်။
“အကြီးမားဆုံးစိန်ခေါ်မှုကတော့ ဖွင့်တဲ့ကျောင်းတွေ များလာတာနဲ့အမျှ ဘက်ဂျက်ရေးဆွဲရတာတွေ တစ်လတစ်လ ပံ့ပိုးငွေတွေ လောက်ငှဖို့ လုံးပန်းရတာပါပဲ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ စာသင်ကျောင်း (၂၂)ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာ၊ဆရာမ (၃၅၀) ခန့်နဲ့ ကျောင်းသား (၃၇၀၀)ဝန်းကျင်ကို သင်ကြားပေးနေပါတယ်။
မြောင်ပညာရေးကွန်ရက်အနေနဲ့ CDM ဆရာ၊ ဆရာမတွေအတွက် လစဉ်ထောက်ပံ့ပေးသလို ရပ်ရွာရန်ပုံငွေနဲ့ပေါင်းပြီး ကျောင်းကော်မတီဆုံးဖြတ်ချက်နဲ့ လစာပေးတာတွေလည်း ရှိတယ်လို့သိရပါတယ်။
စာသင်ကျောင်းတွေ ပြန်လည်အသက်ဝင်လာတဲ့အတွက် ကျောင်းသားတွေအနေနဲ့ စာသင်ကြားခွင့်ရပြီး ပြင်ပအာရုံတွေ မပျံ့လွှင့်တော့သလို ဆရာ၊ဆရာမတွေအနေနဲ့လည်း ကိုယ်ဝါသနာပါတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ခွင့်ရကြပါတယ်။
ကျောင်းနေအရွယ်ကလေးတွေကို စာသင်ခန်းထဲမှာ ပြန်တွေ့ရတဲ့နေ့က အလွန်ပီတိဖြစ်မိတယ်လို့ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းကဖွင့်ဟပါတယ်။ အသက်(၅၈)နှစ်အရွယ် ဒေါ်ဝင်းဝင်းဟာ စစ်အာဏာသိမ်းပြီးနောက် ဧပြီလကစတင်ကာ CDMပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်း ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။
“စစ်အာဏာရှင်ရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘူး။ ပြီးတော့ လက်နက်မဲ့ပြည်သူတွေ အေးချမ်းစွာဆန္ဒပြနေတာကို အကြမ်းဖက်ဖြိုခွင်းခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ဒီစနစ်ဆိုးကြီးရဲ့အောက်မှာ လွတ်မြောက်အောင် CDM ပြုလုပ်ခဲ့ခြင်းဖြစ်တယ်” လို့ဒေါ်ဝင်းဝင်းကဖွင့်ဟပါတယ်။
ဒေါ်ဝင်းဝင်းတစ်ယောက် လစာမရတော့ တောင်သူအလုပ်ကို ဦးစားပေးလုပ်ကိုင်ခဲ့ရတယ်။ စားဝတ်နေရေး အခက်အခဲတွေလည်း ရှိခဲ့တယ်။ CDM ပြုလုပ်ပြီးနောက်မှာ ဒေါ်ဝင်းဝင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ လုံခြုံမှုမရှိတာပါပဲ။ ဘယ်သွားသွား စိုးရိမ်စိတ်အပြည့်နဲ့ အိပ်မပျော်တဲ့ ညပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခက်အခဲတွေကို ကြိုးစားရင်ဆိုင်ကျော်လွှားရင်း စာသင်တဲ့အလုပ်ကို မြတ်နိုးတန်ဖိုးထားတာကြောင့် မြောင်ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ကာ စာသင်ကြားတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့တယ်။ ဒေါ်ဝင်းဝင်းဟာ စာသင်ခန်းထဲ ပြန်လည်အခြေချနိုင်သလို ကြိုးစားသင်ယူနေတဲ့ ကလေးတွေကြား ဝါသနာပါရာအလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်တာကြောင့် ကြည်နူးနေမိပါတယ်။
“အခုကာလက တော်လှန်ရေးကာလလည်းဖြစ်တော့ ကလေးတွေ တကယ်တတ်မြောက်ရေးကိုသာ ဦးစားပေးပြီး သင်ပါတယ်။ စိုးရိမ်စိတ်တော့ရှိတာပေါ့” လို့ ဒေါ်ဝင်းဝင်းက ဖွင့်ဟပါတယ်။
ဆရာမတစ်ဦးဖြစ်တဲ့ ရှင်းသန့်ကလည်း “ကျောင်းပြန်ဖွင့်တဲ့အချိန် စာသင်ခန်းနဲ့ ဝေးကွာနေပြီဖြစ်တဲ့ ကျွန်မအတွက် ကလေးတွေနဲ့ စာသင်ခန်းထဲ အတူစာသင်ရတဲ့ ခံစားချက်က ပြောပြလို့မရအောင် ကြည်နူးရတယ်” လို့ ဝမ်းသာအားရ ဖွင့်ဟပါတယ်။
မရှင်းသန့်ကိုယ်တိုင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး CDMပြုလုပ်ခဲ့သူဖြစ်တယ်။ CDMလုပ်ပြီးနောက်မှာ အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး လစာမရတဲ့အတွက် မိသားစုစားဝတ်နေရေး ခက်ခဲခဲ့ပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း မြောင်ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်မိကာ စာသင်တဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။
စာသင်တဲ့လုပ်ငန်းတွေပြန်လည်လုပ်ကိုင်တဲ့အခါမှာ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အနေအထားတွေမရှိသလို မိမိတို့ရပ်ရွာမှာပဲ သင်ကြားရတဲ့အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရတယ်လို့ မရှင်းသန့်ကဖွင့်ဟပါတယ်။
ဒါပေမယ့်သင်ကြားရေးပစ္စည်း အလုံအလောက်မရှိတဲ့ အခက်အခဲ၊ တော်လှန်ရေးကာလမှာ စာသင်ကြားရတဲ့အတွက် သင်ကြားရေးနှောင့်နှေးမှုစတဲ့ အခက်အခဲအချို့တော့ ရင်ဆိုင်ကြရပါတယ်။
ဒီလိုကျောင်းတွေ ပြန်ဖွင့်တဲ့အတွက် လူငယ်တွေရဲ့ ပညာရေးနှောင့်နှေးမှုမရှိတော့သလို CDMလုပ်ထားတာကြောင့် စာသင်ခန်းကို လွမ်းဆွတ်နေရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့လည်း ဝါသနာကို ပြန်လည်အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
“တော်လှန်ရေးအောင်မြင်ပြီးဆုံးချိန်ထိ ဒီလုပ်ငန်းတွေမှာ ပါဝင်သွားမယ်လို့ စဉ်းစားထားပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့အခါ ပိုပြီးကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ ဆက်လက်သင်ကြားချင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှ အမြန်လွတ််မြောက်ချင်ပါတယ်” လို့ ဆရာမရှင်းသန့်က သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
ဒေါ်ဝင်းဝင်းကလည်း “တော်လှန်ရေးပြီးဆုံးပြီး ပြည်သူ့အစိုးရ အာဏာပြန်ရသည်အထိ စာကိုပဲတစိုက်မတ်မတ် သင်ကြားပေးနေမှာပါ။ တော်လှန်ရေးအောင်မြင်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ပြီး ကလေးတွေရဲ့ အနာဂတ်လှပအောင် ပြူလုပ်ပေးချင်ပါတယ်” လို့ ဆိုပါတော့တယ်။