ဒေဝီ။ ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်တဲ့လှုပ်ရှားမှု CDM လို့ ဆိုလိုက်တာနဲ့ မီးရထားဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။
ဆေးပညာလောကသားတွေက စတင်ခဲ့တဲ CDM လှုပ်ရှားမှုကို အခြားဝန်ကြီးနယ်ပယ်ဌာနပေါင်းစုံကလည်း တက်တက် ကြွကြွ ပါဝင်ခဲ့ကြသလို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရပ်တန့်စေဖို့ အင်တိုက်အားတိုက် ပါဝင်ခဲ့တဲ့ မီးရထားဝန်ထမ်း တွေရဲ့လှုပ်ရှားမှုကလည်း ပြောစမှတ်တွင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေးမှုကြားထဲကနေ မီးရထားတွေမထွက်နိုင်ဖို့ ရထားသံလမ်းမှာအိပ်ကာ အာဏာဖီဆန်ခဲ့ကြသလို နေထိုင်ရာနေရာတွေကနေ ဖယ်ရှားခဲ့ချိန်မှာလည်း အစဉ်အဆက်လုပ်ကိုင်လာတဲ့လုပ်ငန်းခွင်နဲ့ နေအိမ်ကိုစွန့်ခွာပြီး ပိုင်ဆိုင် ရာပစ္စည်းအနည်းငယ်သာ ယူဆောင်လို့ ရဲရဲဝံ့ဝံ့နဲ့ထွက်လာခဲ့တဲ့ ပုံရိပ်တွေက ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းစာမျက်နှာ တွေထက်မှာ ပါနေရာယူခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုကို အင်းစိန်၊မလွှကုန်း၊မြစ်ငယ်၊သာစည်၊မြစ်ကြီးနားစတဲ့ နိုင်ငံတစ်ဝှမ်း က မီးရထားဝန်ထမ်းတွေ ရာနှုန်းပြည့်နီးပါး ပါဝင်ခဲ့ကြပြီး မီးရထားခရီးစဉ်တွေ ရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ လုပ်ငန်းခွင်ရော နေစရာနေအိမ်တွေကိုပါစွန့်ခွာပြီး အာဏာဖီဆန်မှု CDMလမ်းကို ရွေးချယ်ခဲ့တဲ့ မီးရထား ဝန်ထမ်းတွေဟာ တစ်နှစ်ကျော်လာပြီးတဲ့အထိ အခက်အခဲတွေ ဒုက္ခအပူအပင်တွေကြား ကူညီမှုတွေထောက်ပံ့မှုတွေ မရှိ တော့ပေမယ့်လည်း ခက်ခဲတဲ့လမ်းကိုအားတင်းကာ ဖြတ်သန်းနေရဆဲပါပဲ။
မြစ်ငယ်မီးရထားဌာနကနေ အငယ်တန်းစာရေးရာထူးနဲ့ CDM လုပ်ခဲ့တဲ့ မစုမြတ်(အမည်လွှဲ)ဆိုရင် အလုပ်ရော၊ နေစရာ ရောစွန့်လွတ်ပြီး ပြင်ပမှာ ရပ်တည်ရတဲ့အခါ အလုပ်အကိုင်မရှိတာကြောင့်ရော နေစရာအခက်အခဲကြောင့်ရော စိတ်ဓာတ် ကျမိတယ်လို့ ဆိုပါတယ်။
CDMမှာပါဝင်ခဲ့ပြီးနောက် လအနည်းငယ်သာထောက်ပံ့မှုရခဲ့ပြီး လိုင်းခန်းကနေ ဖယ်ရှားခဲ့ပြီးနောက်မှာတော့ ထောက်ပံ့မှု တွေမရတော့ဘဲ ကိုယ့်ဘာသာရပ်တည်ခဲ့ရတယ်။ ပြင်ပမှာရပ်တည်ရတဲ့အခါ မိသားစုဝင်တစ်ဦးက ကိုယ်ပိုင်စီးပွားရေးရှိလို့ စားရေးသောက်ရေးအဆင်ပြေပေမယ့် နေစရာကတော့အခက်အခဲတစ်ခုပဲလို့ မစုမြတ်က ဆက်ပြောတယ်။
” အကိုကဈေးဆိုင်ရှိတော့ သူ့ကိုကူရောင်းပေးတော့ အဆင်ပြေပါတယ်။ ကိုယ်ကကူညီပေးတဲ့သူတွေရှိလို့ အခြားသူတွေ ထက်စာရင်တော့ တော်သေးတယ်ပြောရမယ်။ အခြားသူတွေကတော့ ဒုက္ခများတာပေါ့” လို့ မစုမြတ်က ဆိုတယ်။
မီးရထားဝန်ထမ်းတွေက CDM မှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ပေမယ့်လည်း မိသားစုစားဝတ်နေရေးနဲ့ နေဖို့ထိုင်ဖို့ အရမ်း ခက်ခဲလာတာကြောင့် လုပ်ငန်းခွင်ကိုပြန်ဝင်ကြသူတွေလည်းရှိကြပြီး စားဝတ်နေရေး ရေရှည်အဆင်မပြေတာကြောင့် သူတို့ကိုလည်း အပြစ်ပြောမသာဘူးလို့ မစုမြတ်ကပြောပါတယ်။
မစုမြတ်လိုပဲ လုပ်ငန်းခွင်ရော၊ နေစရာရောစွန့်ခွာပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုလျှောက်ခဲ့သူကတော့ မမျိုးမျိုးတို့ဇနီး မောင်နှံပါ။
” တစ်နှစ်ကျော်အတွင်းဖြတ်သန်းရတာမလွယ်ကူပါဘူး။ စိတ်ဓာတ်ကျတဲ့နေ့တွေ ပိုက်ဆံမရှိတဲ့နေ့တွေကို တော်လှန်ရေး ကြီးအောင်တော့မှာဆိုတဲ့စိတ်နဲ့ အားတင်းပြီးကျော်ဖြတ်ခဲ့ရတာ” လို့ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံက မီးရထားCDM ဝန်ထမ်းတစ်ဦးရဲ့ ဇနီးဖြစ်သူ မမျိုးမျိုးက ပြောပါတယ်။
ခင်ပွန်းဖြစ်သူCDMမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေရခဲ့သလို ဝမ်းရေးအတွက်အွန်လိုင်းကနေ ဈေး ရောင်းချတဲ့အခါလည်း CDMဝန်ထမ်းတွေ ရောင်းချတယ်ဆိုပြီး အားပေးကူညီသူတွေရှိခဲ့ပေမယ့် CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်တာ ဖမ်းဆီးမှုတွေရှိလာချိန်မှာ သူတို့လည်း လအနည်းငယ်လောက် ရွာပြန်တိမ်းရှောင်ခဲ့ရတယ်။
” အဲ့ဒီအချိန်တုန်းကဆို အရမ်းစိတ်ပင်ပန်းခဲ့ရတာ၊ သူလည်းအလုပ်မရှိတော့စိတ်ဓာတ်ကျ၊ ဖမ်းခံရမလားဆိုပြီး တော့လည်း တွေးပူ ဘာလုပ်စားရမလဲမသိနဲ့” လို့ မမျိုးမျိုးကပြောပါတယ်။
ခင်ပွန်းဖြစ်သူကိုဌာနက ထုတ်ပယ်လိုက်ပြီးနောက် ရန်ကုန်ကိုပြန်လာခဲ့ပြီး မြို့နယ်တစ်ခုမှာ အသိမိတ်ဆွေတွေနဲ့ ငှားရမ်း နေထိုင်ရတယ်။ ခင်ပွန်းဖြစ်သူက ဆွေမျိုးနီးစပ်တော်စပ်သူရဲ့ အလုပ်မှာ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး မမျိုးမျိုးက တော့ ယိုးဒယားထုတ်ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေတစ်ဆင့်ရောင်းချတာတွေနဲ့ ရပ်တည်နေရတယ်လို့ ဆက်ပြောပါ တယ်။
” အရင်တုန်းကတော့ နေစရာရှိတော့ ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်။ စားဖို့သောက်ဖို့ကတော့ ဘယ်လိုစားစားရပေမယ့် အခုကနေစရာအတွက်ကပူနေရတယ်”လို့ မမျိုးမျိုးကပြောပါတယ်။
သူတို့ဇနီးမောင်နှံမှာ သားသမီးမရှိလို့ ရတဲ့ဝင်ငွေနဲ့ချိုးခြံချွေတာပြီး နေထိုင်လို့ရပေမယ့် ဘဝတူ အခြားမီးရထားCDM ဝန်ထမ်းမိသားစုတွေမှာ အလုပ်အတွက် ပူရ၊နေစရာစားရာအတွက်ပူရ၊ သားသမီးတွေရှေ့ရေးအတွက်ပူပင်ရနဲ့ ပိုဒုက္ခများ တယ်လို့ ဆက်ပြောတယ်။
မလွှကုန်းမီးရထားCDM ဝန်ထမ်းဖြစ်သူ ကိုခင်မောင် (အမည်လွဲ)က ” တော်တော်တော့ဒုက္ခရောက်ပါတယ်။ စကတည်းက လွယ်တဲ့လမ်းကို လျှောက်တာမဟုတ်တော့ အကုန်ဒုက္ခရောက်ကြတာပေါ့” လို့ ပြောပါတယ်။
သူ၁၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စက်မှုကျွမ်းကျင်ရာထူးကိုစွန့်ခွာလို့ ဖေဖော်ဝါရီ၈ရက်နေ့မှာ အခြားသော မီးရထား ဝန်ထမ်းတွေနဲ့အတူ CDM ပြုလုပ်ခဲ့တာပါ။ CDM စလုပ်ခါစက အလှူရှင်တွေရဲ့ ငွေကြေးပံ့ပိုးမှုတွေ အစားအသောက် ရိက္ခာတွေရရှိခဲ့တာကြောင့် အဆင်ပြေပြေရှိခဲ့ပါတယ်။ မတ်လနောက်ပိုင်းမှာတော့ CDMလုပ်တဲ့ မလွှကုန်းမီးရထား ဝန်ထမ်းတွေ နေအိမ်လိုင်းခန်းကနေ ဖယ်ရှားခံရသလို ထောက်ပံ့ကူညီနေတဲ့အလှူရှင်တွေကို ဖမ်းဆီးတာတွေကြောင့် လှူဒါန်းထောက်ပံ့သူတွေလည်း နည်းသွားခဲ့ပါတယ်။
” အလှူရှင်တွေရပ်သွားတော့ ကျတော်တို့ကလည်း အလှူရှင်ရှိမှ လုပ်မယ်လို့ တွေးထားတာ မဟုတ်တဲ့အတွက် နည်း အမျိုးမျိုးနဲ့ရပ်တည်ပြီး CDMလုပ်ကြတာ” လို့ ကိုခင်မောင်ကပြောပါတယ်။
မီးရထားဝန်ထမ်းဘဝမှာ မလောက်ငပေမယ့် ပုံမှန်လစာတစ်ခုရှိပြီး နေစရာကလည်းမပူပင်ရဘဲ ပြင်ပမှာ ရပ်တည်ရတဲ့အခါ နေစရာအတွက် ခေါင်းခဲရပါတယ်။ ဒါကြောင့် ကိုခင်မောင်ဟာ မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းတဲ့ဘဝကို ရွေးချယ်ခဲ့တယ်။
မနက်မိုးလင်းတာနဲ့ ဇနီးဖြစ်သူကြိုလာတဲ့ ကုန်စိမ်းတွေကို သူကလှည်းနဲ့ရောင်းချသလို ဇနီးသည်က ဈေးမှာပြန်ရောင်း တာနဲ့ မိသားစုတွေ အသက်မွေးဝမ်းကြောင်းပြုရပါတယ်။
ဇနီးမောင်နှံနှစ်ဦး ကုန်စိမ်းရောင်းရတဲ့ထဲက အမြတ်တချို့ကို စုဆောင်းပြီး အိမ်လခပေးဖို့စုဆောင်းရ ခြိုးခြံရနဲ့ တစ်ခါတစ် လေ အရင်းမရှိတဲ့အခါ ရှိတဲ့ပစ္စည်းတွေပေါင်နှံပြီး အရင်းနှီးလုပ်နဲ့ သံသရာလည်နေတယ်လို့ ကိုခင်မောင်ပြောပါတယ်။
” အာဏာရှင်စနစ်ကို မကြိုက်လို့လုပ်တာ ၊ဘယ်လောက်ဒုက္ခရောက်ပါလေ့စေ၊ နေပူထဲမှာလှည်းတွန်းတာ ပူပါလေ့စေ၊ မနက် ၆နာရီကတည်းက လှည်းတွန်းပြီးဈေးရောင်းတာ နေဘယ်လောက်ပူပူ၊ ထမင်းတစ်နပ်တော့ စားရတာပဲ” လို့ ကိုခင် မောင်က ပြောပါတယ်။
သူတို့လိုပဲ အခြားမီးရထားCDM ဝန်ထမ်းတွေလည်း အလုပ်နဲ့နေအိမ်ကိုစွန့်ခွာပြီးတဲ့နောက် မိသားစု နည်းတဲ့သူတွေက စုပေါင်းပြီး ပြင်ပမှာ အိမ်ငှားရမ်းနေထိုင်ရသလို ဝမ်းရေးအတွက် ပန်းရံလုပ်၊ဆေးသုတ် ၊ဆိုက်ကားနင်း၊ လုံခြုံရေး ၊ ပစ္စည်းပို့ ၊ ဈေးရောင်း၊ အထွေထွေလုပ်သားအဖြစ် လုပ်ကိုင်တာတွေနဲ့ ရပ်တည်နေရတယ်လို့ ဆက်ပြောတယ်။
” မီးရထားဝန်ထမ်းတွေဆိုတာ နေတဲ့လိုင်းခန်းကအစ ဖက်တွယ်ထားရတာ အဘိုးကနေအဖေ၊ အဖေကနေသားအထိ မီးရ ထားမှာရတဲ့ အလုပ်ဝင်လုပ်ပြီး အဲ့ဒီလိုလက်ဆင့်ကမ်းပြီး နေစရာလေးမပျောက်အောင်ကြိုးစားထားရတာ။”လို့ ကိုယ်တိုင် မီးရထားCDMဝန်ထမ်းတစ်ဦးဖြစ်သလို မီးရထားCDMတွေကို ထောက်ပံ့ရာမှာပါဝင်ခဲ့သူ မြစ်ငယ်မီးရထားတွဲပြင်ဌာနမှ ကိုဝင်းအောင်(အမည်လွှဲ)က ပြောတယ်။
မီးရထားဝန်ထမ်းတွေက အခြားသောဌာနတွေလို ပြင်ပမှာလည်း တတ်ကျွမ်းတဲ့ပညာနဲ့သင့်လျော်တဲ့ အလုပ်နေရာက လည်း နည်းပါးတဲ့အတွက် သူတို့ CDM လုပ်ဆောင်ရတာ စွန့်စားတဲ့ကိစ္စလို့ဆက်ပြောတယ်။
” လေယာဉ်မှူးတွေ ကားဆရာတွေကမှ အပြင်မှာမောင်းစားလို့ရသေးတယ်။ စက်ခေါင်းမောင်းကျ ဘယ်သွားမောင်းမတုန်း၊ မီးရထားပြင်ရုံတွေ ဘာတွေက စက်ပြင်ဆရာတွေ ၊ တွင်ဆရာတွေကတော့ အပြင်မှာ ပညာနဲ့လုပ်စားလို့ရလို့မဆိုးဘူး ပြော ရမှာပေါ့။”လို့ ကိုဝင်းအောင်ကပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ၊ချေးငွေပြန်တောင်းခံတာတွေနဲ့ စားဝတ်နေရေးအခက်အခဲ တွေကြောင့် မီးရထားCDM ဝန်ထမ်းတွေအချို့ပြန်ဝင်ကြတာတွေလည်း ရှိပါတယ်။
ကိုဝင်းအောင်တို့ မန္တလေးတိုင်း-၃ မီးရထားတွဲပြင်ဌာနတစ်ခုတည်းမှာတင် ဝန်ထမ်း ၂၅၀ကျော် ရှိတဲ့အနက် ၂၁၄ဦး CDM ဝင်ရာကနေ မိသားစုစားဝတ်နေရေးတွေကြောင့် ၁၀ဦးလောက် လုပ်ငန်းခွင်ပြန်ဝင်သွားကြတယ်လို့ ဆက်ပြောပါတယ်။
အများစု မီးရထားဝန်ထမ်းတွေကတော့ ပြင်ပမှာ ဒုက္ခကိုယ်စီနဲ့ ရုန်းကန်ရပ်တည်နေရပေမယ့် CDM လုပ်ဆောင်ခဲ့တာကို နောင်တမရဘဲ တော်လှန်ရေးကြီးအောင်မြင်ဖို့သာ မျှော်လင့်မိတယ်လို့ မီးရထား CDM ဝန်ထမ်းတွေက ပြောပါတယ်။
အရင်ကတည်းက အကြောက်တရားနဲ့နေလာခဲ့တာကနေ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ပွင့်လင်းမြင်သာခဲ့သလို ကောင်းမွန်တဲ့ အပြောင်းအလဲတွေလည်း ကြုံခဲ့ရတာကြောင့် အရင်လိုဖိနှိပ်မှုတွေနဲ့ ကြောက်ရတဲ့အချိန်ကို ပြန်မသွားချင်တော့ဘူးလို့ ကိုခင်မောင်က ဆိုတယ်။
ဒီအတွက်လည်း ဘယ်လိုအခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေကြုံတွေ့ပါစေ ၊ မီးရထားCDMဝန်ထမ်းတွေက ကြိုးစားရပ် တည်သွားမှာဖြစ်ပြီး ” ဖြစ်ချင်ရာဖြစ် ဘယ်လောက်အခက်အခဲနဲ့ကြုံပါစေ၊ ဒါပေမယ့်ဒီအရေးတော်ပုံအောင်ရမယ်၊ မအောင် လို့တော့မရဘူး” လို့ ကိုခင်မောင်က ဆိုပါတော့တယ်။