ရှင်ငြိမ်း။ ။
စစ်အာဏာသိမ်းလိုက်တာရဲ့နောက်ဆက်တွဲဆင်းရဲကျပ်တည်းမှုတွေကို နိုင်ငံသားတွေသာမက ပြည်ပနိုင်ငံတွေမှာ အလုပ် လုပ်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့လူမူစီးပွားဘဝတွေပေါ်မှာပါ ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့တွေဖြစ်ပြီး နေစားဖို့မရှိလို့ လမ်းဘေးရောက်နေသူ တွေရှိသလို အစစအရာရာအဆင်မပြေမှုတွေကြောင့်လည်း ကိုယ့်ကိုကိုယ်အဆုံးစီရင်ကြတဲ့မြန်မာလုပ်သားတချို့လည်း ရှိ ခဲ့ပါတယ်။
ကိုဗစ်ကာလ အဆင်မပြေမှုတွေကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအယောက် ၂၀ လောက်ကိုယ်ကိုကိုယ်အဆုံးစီရင် ခဲ့ကြတယ်လို့ မလေးရှားမှာအဆင်မပြေတဲ့မြန်မာလုပ်သားတွေကို စားစရာတွေလှူဒါန်းပေးနေတဲ့ကိုအောင်အောင်က ရှင်းပြ ပါတယ်။
ဒါ့အပြင် ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်စပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချလိုက်တဲ့အခါမှာ လည်း မလေးရှားရောက်မြန်မာလုပ်သားတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်ကာ အခုလိုခက်ခဲကျပ်တည်းမှုနဲ့ရင်ဆိုင်သွားရတာ ဖြစ်တယ်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(IOM)ရဲ့စာရင်းတွေအရ မြန်မာနိုင်ငံရဲ့စုစုပေါင်း လူဦးရေ ၅၄ သန်းကျော်ရှိတဲ့အထဲမှာ လူဦးရေ လေးသန်းကျော်ဟာ ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ အလုပ်လုပ်နေ ကြရပြီး ဒီထဲကထိုင်းနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းနဲ့ မလေးရှားမှာ ၁၅ ရာခိုင်နှုန်းအလုပ်လုပ်နေရတယ်လို့ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်နေတဲ့အသက် ၃၁ နှစ်အရွယ်မနော်ဖော့ဆိုရင် ကိုဗစ် ကြောင့် အလုပ်မရှိတော့လို့ အိမ်ပြန်ဖို့ပြင်ဆင်နေစဉ်မှာ စစ်အာဏာသိမ်းလိုက်တာကြောင့် မပြန်နိုင်တော့ဘဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရသူဖြစ်တယ်။
“ မြန်မာပြည်အာဏာသိမ်းမှုက ကျမတို့လိုပြည်ပမှာအလုပ်လုပ်နေသူတွေပါထိခိုက်ခဲ့တာပေါ့။ ဘာလို့လဲဆိုဒီမှာလည်း ကိုဗစ်ကြောင့် အလုပ်မရှိလို့စိတ်ဓါတ်တွေကျနေရတဲ့အထဲ အိမ်ကငွေတောင်းလို့မပေးနိုင်ရင် ပိုပြီးစိတ်ဆင်းရဲရတယ်။ အဲ့ အချိန်တွေဆိုသေချင်စိတ်တွေဖြစ်လာတယ်”လို့ မနော်ဖော့က စိတ်ပျက်လက်ပျက်နဲ့ပြောပါတယ်။
မနော်ဖော့ဆိုရင် စားဝတ်နေရေးမပြေလည်တဲ့ မိသားစုတွေအနေနဲ့ အသက်ဆက်ရှင်သန်နိုင်ဖို့ ရွေးချယ်စရာ အလုပ် များများစားစားမရှိတာကြောင့် မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်နေရတာဖြစ်ပါတယ်။
“ မြန်မာပြည်မှာက အလုပ်ရှားပြီး အလုပ်လိုချင်သူများတော့ လုပ်ငန်းအတွေ့အကြုံတို့၊ ဘာတတ်မှတို့ အဲ့လိုတွေအများကြီး တောင်းတယ်။ နောက်လူခံမရှိရင်လည်း အလုပ်မရဘူး။ ရတဲ့လစာကျတော့လည်း မိသားစုမလောက်ဘူး”လို့ ဆိုပါတယ်။
မလေးရှားရောက်စမှာ နှစ်နှစ်နီးပါးလောက်အလုပ်လုပ်ရင်း နေစားစရိတ်တွေ၊ မိသားစုအကြွေးတွေကိုလည်း ဖဲ့ဆပ်နေရလို့ အိမ်ကို တစ်လကို မြန်မာငွေကျပ် သုံးသိန်းလောက်သာလွှဲပေးနိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မိသားစုကို ငွေပိုလွှဲနိုင်ဖို့ မနက် ၈ နာရီမှ ည ၈ နာရီအထိ အလုပ်လုပ်ရပြီး လစာမှာ တစ်လကိုမလေးရှား ရင်းဂစ် ၂၀၀၀(ယနေ့ ပေါက်ဈေးအရမြန်မာကျပ်ငွေ ၁၀ သိန်းနီးပါး)ရတဲ့ အီလက်ထရောနစ်စက်ရုံတစ်ခုကို ပြောင်းလုပ်ခဲ့ပါ တယ်။
“ မိသားစုတော့ငွေပိုလွှဲနိုင်ပါရဲ့။ အလုပ်က တကယ်သေမတတ်ပင်ပန်းတယ်”လို့ မနော်ဖော့က ရင်ဖွင့်ပါတယ်။
စက်ရုံမှာအလုပ်လုပ်နေတာ နှစ်နှစ်ကျော်ရှိလာတဲ့အချိန်မှာတော့ ကိုဗစ်ကပ်ရောဂါဝင်လာတဲ့အတွက် လုပ်ငန်းတွေပိတ်နား သွားလို့ အလုပ်ပြန်ကောင်းမယ့်အချိန်စောင့်ရင်း ရှိတဲ့ငွေလေးနဲ့စားဝတ်နေရေးဖြေရှင်းခဲ့တယ်။
အချိန်ကြာလာတဲ့အခါမှာ အိမ်လည်းငွေမပို့နိုင်၊ စုဆောင်းငွေလည်း ကုန်သလောက်ရှိလာတဲ့အခါမှာ မနော်ဖော့ရဲ့စားဝတ် နေရေးဟာ တစထက် တစကျပ်တည်းလာရာက အဆောင်ကနေနှင်ချခံရတဲ့အထိကို ဖြစ်သွားခဲ့တယ်။
“ အဆောင်ခပေးဖို့ ငွေလေးကျန်တာစောင့်ပေးပါ။ ငွေပေးပါမယ်။ ထွက်မပြေးပါဘူးဆိုလည်းမရဘူး။ ကျမအလုပ်သွားနေ တုန်းအထုတ်တွေလမ်းဘေးပုံထားတာ။ ညကြီးဆိုတော့ ကျမလည်းဘယ်သွားရမှန်းမသိလို့အဲ့နားမှာပဲအိပ်ခဲ့ရတယ်”လို့ မနော်ဖော့က ဆိုပါတယ်။
လက်ထဲမှာ မလေးရှားရင်းဂစ် ၁၀၀ လောက်ပဲရှိတော့မို့ သူငယ်ချင်းရဲ့အကူအညီနဲ့ ခေတ္တနေစရာရခဲ့ပေမယ့် စားဖို့အတွက် တော့ အဆင်မပြေတဲ့မြန်မာလုပ်သားတွေကို လာလှူတဲ့ထမင်း၊ ဟင်းတွေကို တောင်းယူစားခဲ့ရတယ်။
ဒီလိုခက်ခဲလာတဲ့အခြေအနေတွေကြောင့် နေရပ်ကရင်ပြည်နယ်ကို ပြန်ဖို့ဆိုတာကလည်း စစ်အာဏာသိမ်းမှုကြောင့် မပြန် ဖြစ်တော့ဘဲ ခက်ခဲဆင်းရဲမှုတွေကို ခါးစည်းကြိတ်မှိတ်ခံရင်း နေထိုင်နေကြရတာဖြစ်တယ်။
မနော်ဖော့က“ဟိုပြန်လည်း စစ်ပြေးရမှာဆိုတော့မထူးဘူးလေ။ ပြန်မနေတော့ဘူး။ ဒီမှာနေတာမှမျှော်လင့်ချက်ရှိဦးမယ်။ ဒီကာလခက်ခဲတော့ အလုပ်ရှင်တွေကမတန်တဆခိုင်းတယ်။ အလုပ်ပြုတ်မှာကြောက်ကြတော့ကြိတ်မှိတ်လုပ်ရတာပေါ့”လို့ ပြောပါတယ်။
လက်ရှိကရင်ပြည်နယ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒေသ ကာကွယ်ရေးတပ်ကိုကူညီပြီး အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေလို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေမှာ စစ်ရှောင်နေကြရတာဖြစ်တယ်။
မနော်ဖော့ရဲ့မိဘတွေကလည်း စစ်ရှောင်နေရတဲ့အတွက် အလုပ်အကိုင်တွေအဆင်မပြေတာကြောင့် ငွေလွှဲပေးဖို့ မကြာ ခဏတောင်းဆိုနေတဲ့အတွက် ငွေရှာဖို့ပင်ပန်းရသလို မိသားစုတွေရဲ့ဘေးအန္တရာယ်အတွက်ပါစိုးရိမ်ပူပန်ကြရပြန်တယ်။
အလားတူအဆောင်ကနေနှင်ချခံရပြီး မလေးရှားမှာဖြစ်သလို နေထိုင်စားသောက်နေရတဲ့သူနောက်တစ်ယောက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ အလုပ်လာလုပ်တဲ့ မေရှမ်းဖြစ်ပါတယ်။
အဆောင်ကနေ နှင်ချခံလိုက်ရတဲ့အချိန်မှာ ကိုဗစ်စည်းကမ်းတွေလည်းအနည်းငယ်ဖြေလျော့လိုက်လို့ အလုပ်တချို့ပြန်စ နေတာကြောင့် ညဆိုင်းအလုပ်တွေဆင်းရင်း သူငယ်ချင်းအဆောင်တွေမှာလှည့်လည်နေခဲ့ရပါတယ်။ ဝမ်းရေးအတွက် တော့ အလှူရှင်တွေကျွေးမွေးတာနဲ့ ဖြေရှင်းခဲ့ပါတယ်။
မေရှမ်းဟာ မလေးရှားနိုင်ငံကို ကိုဗစ်မဖြစ်မီကရောက်လာခဲ့သူဖြစ်ပြီး စက္ကူဂျပ်ပုံးလုပ်ငန်းတစ်ခုမှာလုပ်လုပ်နေတဲ့သူပါ။
အသက် ၂၂ အရွယ်မေရှမ်းက“ကျမရောက်ပြီးမကြာဘူး။ ကိုဗစ်ဖြစ်တာဆိုတော့ လက်ထဲမှာစုထားတဲ့ငွေမရှိဘူး။ ရတာနဲ့ အိမ်ပို့ရတာ။ အခုအလုပ်မရှိတော့မပို့နိုင်တော့ဘူး။ ကျမလည်းဒီမှာနေရတာအဆင်မပြေလို့အိမ်ပြန်ချင်ပြီ။ အိမ်ကလူတွေ လည်းစိတ်ပူတယ်”လို့ ပြောပြပါတယ်။
ကိုဗစ်ကာလမှာ မြန်မာလုပ်သားအများစုအလုပ်လုပ်နေရတဲ့စားသောက်ဆိုင်တွေပိတ်သိမ်းသွားရသလို လုပ်ငန်းတချို့မှာ လည်း လူလျော့တာ၊ လစာလျော့တာတွေကြောင့် စားဝတ်နေရေးခက်ခဲလာလို့ အိမ်ကိုပြန်ချင်နေကြပါပြီ။
ဒါပေမဲ့မြန်မာပြည်မှာလည်း ကိုဗစ်နဲ့အာဏာသိမ်းတွေကြောင့် စီးပွားတွေပျက်၊ အလုပ်လက်မဲ့တွေဖြစ်ကာ စားဝတ်နေရေး ခက်ခဲသွားတာက မြန်မာလုပ်သားတွေအနေနဲ့ ပြန်ဖို့ခက်စေတဲ့အဓိကအကြောင်းအရင်းဖြစ်ခဲ့ပါတယ်။
မေရှမ်းက“ဒီကိုလာတဲ့အကြွေးတွေဆပ်ဖို့ရှိသေးတယ်။ ဟိုမှာလည်းခက်ခဲနေတော့ လုပ်ကိုင်စားလို့ရမှာမဟုတ်ဘူး။ ဒီမှာ ကငွေရှာလို့ရသေးတယ်။ ဒါမဲ့ခက်တာက ဒီကာလမှာအမျိုးသမီးတွေအလုပ်ရဖို့က အမျိုးသားတွေလောက်မလွယ်ပြန်ဘူး” လို့ ဆိုပါတယ်။
အကြောင်းက အမျိုးသားတွေက အလုပ်မရွေးဘဲခိုင်းလို့ရပြီး အမျိုးသမီးတွေဆိုရင်တော့ အလုပ်ရွေးရသလို ခိုင်းလိုက်လို့ တစ်ခုခုဖြစ်ခဲ့ရင်လည်း လျော်ကြေးတို့၊ ဆေးကုပေးရတာတွေကြောင့် အလုပ်ရူတ်မှာစိုးတဲ့အတွက်အလုပ်မပေးချင်ကြတော့ ဘူးလို့ သူက ရှင်းပြပါတယ်။
ဒါပေမဲ့အမျိုးသမီးတွေဟာ အလုပ်မရမှာစိုးရိမ်တာကြောင့် ရှိတဲ့ခွန်အားထက်ပိုမိုစိုက်ထုတ်လုပ်ကိုင်ရလို့ အမျိုးသားတွေ ထက်ပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်နေထိုင်နေရပါတယ်။
ဒီလိုအခြေအနေကြားမှာ အာဏာသိမ်းမှုတွေကြောင့် စီးပွားရေးမပြေလည်တဲ့မိသားစုဝင်တွေက မကြာခဏငွေကြေး တောင်းခံမှုတွေရှိလာလို့ စိတ်ပင်ပန်းမှုများစွာဖြစ်ကြရပြန်ပါတယ်။
အလားတူ မေရှမ်းနဲ့အတူ အဆောင်ကနေနှင်ချခံရပြီး ကြုံသလိုနေထိုင်စားသောက်နေရသူနောက်တစ်ယောက်ကအသက် ၂၈ နှစ်အရွယ် မိကေပါ။ သူတို့နှစ်ယောက်ဟာ စုဌားတဲ့အဆောင်တစ်ခုမှာအတူနေရင်းသိကျွမ်းခဲ့ကြသူတွေ ဖြစ်တယ်။
မိကေကတော့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး မလေးရှားနိုင်ငံ၊ ပလစ်စတစ်စက်ရုံမှာ လုပ်သက် သုံးနှစ်ရှိ တဲ့အလုပ်သမားတစ်ယောက်ဖြစ်လို့ တစ်လကို မလေးရှားရင်းဂစ် ၂၀၀၀ (ကာလပေါက်ဈေးအရ မြန်မာကျပ်ငွေ ၁၀ သိန်း နီးပါး)ရပါတယ်။
ယခင်က မနက် ၈ နာရီမှ ည ၈ နာရီအထိလုပ်ရတဲ့အလုပ်အတွက် တစ်ရက်လုပ်ခက မလေးရှားရင်းဂစ် ၈၀ ၊ ၉၀ (မြန်မာ ကျပ်ငွေ လေးသောင်းကျော်)ရရာမှ ကိုဗစ်ကာလမှာတော့ တစ်ရက်ကို ရင်းဂစ် ၁၀ (မြန်မာကျပ်ငွေ လေးထောင်ကျော်) လောက် သာရတော့တဲ့အတွက် အဆောင်ခတွေမပေးနိုင်တဲ့အထိဖြစ်သွားခဲ့ကြရတာပါ။ လုပ်ခ ၁၀ ဆ လျော့နည်းသွားတဲ့ သဘောပါ။
ပြည်ပနိုင်ငံထွက်ပြီးအလုပ်လုပ်နေကြသူတွေဟာ မြန်မာပြည်မှာလုပ်ငန်းတစ်ခုထူထောင်နိုင်တဲ့အထိ အလုပ်လုပ်ရင်း ငွေစုမိပါက နေရပ်ပြန်ပြီးလုပ်ကိုင်စားသောက်ကြဖို့ရည်ရွယ်ထားတဲ့သူတွေများပါတယ်။
မြန်မာပြည်မှာက အလုပ်အကိုင်တွေရှားပါးသလို ခေါ်တဲ့အလုပ်တွေကလည်း လုပ်ငန်းအတွေ့အကြုံရှိသူတွေကို ဦးစားပေး ခေါ်ယူတာတွေရှိလို့ အလုပ်တစ်ခုရဖို့က ကောက်ရိုးပုံထဲအပ်ရှာရသလိုခက်ခဲပါတယ်။
မိကေကတော့“ကျမဆို ၁၀ တန်းအောင်ကတည်းက အလုပ်မျိုးစုံလျှောက်တာ တက္ကသိုလ်သာပြီးသွားတယ်။ အလုပ်မရ ဘူး။ အင်တာဗျူးပေါင်းလည်း တရာထက်မနည်းဖြေခဲ့ရလို့ စိတ်ဓါတ်တောင်ကျလာတယ်။ အဲ့ဒါနဲ့အမေက ပေါင်နှံချေးဌား ပြီး သူ့မိတ်ဆွေအဆက်အသွယ်နဲ့ ပို့ပေးလို့ဒီရောက်လာတာ”လို့ ရှင်းပြပါတယ်။
ဒါပေမဲ့သူတို့မထင်မှတ်ထားတဲ့ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေပိတ်သွားတဲ့အခါ သူတို့ရည်မှန်းချက်တွေလည်း ပျက် စီးသွားခဲ့ရသလို စစ်အာဏာသိမ်းမှုကြောင့် အိမ်ပြန်ဖို့လမ်းပါပျောက်ခဲ့ကြရတယ်။
“အာဏာသိမ်းမှုက ကျမတို့အမျိုးသမီးတွေကိုဝန်ပိုပိစေတယ်။ဘာလို့ဆိုဒီမှာလည်းကိုဗစ်ကြောင့် ခက်ခဲတယ်။ဟိုမှာလည်း စစ်ဘေးကြောင့်အဆင်မပြေကြဘူး။အဲ့တော့ကျမတို့က ဘယ်လောက်ပဲပင်ပန်း၊ ပင်ပန်းလုပ်ရတယ်။ ပိုရှာရတယ်။ ပိုပြီး လည်းရုန်းရတယ်”လို့ မိကေက ဆိုပါတယ်။
ယခင်အလုပ်ကောင်းစဉ်က အလုပ်တစ်ခုထဲကနေရတဲ့လစာလေး ပုံမှန်ပို့ပေးနိုင်လို့ များစွာမပင်ပန်းခဲ့ရပေမယ့် အာဏာ သိမ်းပြီးနောက်မှာတော့ မိသားစုအတွက်ငွေပိုရှာရလို့ ပင်ပန်းမှုကနှစ်ဆရှိတယ်လို့ သူက ရှင်းပြပါတယ်။
ယခင်NLDလက်ထက်က ကိုဗစ်ကာလမှာ အခုလိုနေရပ်ပြန်ဖို့အခက်အခဲရှိသူတွေကို မလေးရှားအစိုးရနဲ့ မြန်မာအစိုးရ ပေါင်းပြီး ပို့ဆောင်ပေးတာတွေရှိလို့ နေရပ်ပြန်ရေးအခုလောက်မခက်ခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ အရင် လောက်လုပ်မပေးနိုင်တော့လို့ မြန်မာလုပ်သားတွေအနေနဲ့ အခုလိုဒုက္ခတွေနဲ့ရင်ဆိုင်ကြရတာဖြစ်တယ်။
မလေးရှားမှာအဆင်မပြေတဲ့မြန်မာလုပ်သားတွေကို စားစရာတွေလှူဒါန်းပေးနေတဲ့ကိုအောင်အောင်က“ကိုဗစ်ကာလမှာ တော့ အတော်လေးဒုက္ခရောက်ကြပါတယ်။ ဒါမဲ့ကူညီပေးသူတွေလည်း တတ်နိုင်သလောက်ကူညီပေးနေတာပဲ။ လော့ ဒေါင်းတွေရှိတော့ တချို့လည်းအကူအညီတွေမရကြတာဖြစ်မယ်”လို့ ပြောပါတယ်။
လက်ရှိမလေးရှားနိုင်ငံမှာ ကိုဗစ်ကာလကပိတ်ထားတဲ့ဆိုင်တွေနဲ့ ခရီးသွားလာခွင့်တွေကို ဧပြီလမှာ ပြန်ဖွင့်ပေးမယ်လို့ မလေး ရှားဝန်ကြီးချုပ်က ပြောဆိုထားတာကြောင့် မြန်မာလုပ်သားတွေဟာ ဒီအခွင့်အရေးကိုစောင့်မျှော်လျှက်ရှိပါတယ်။
မနော်ဖော့ကတော့ “အရင်လိုအလုပ်တွေပြန်ကောင်းစေချင်တာပေါ့။ ရောဂါဘေး၊ စစ်ဘေးတွေငြိမ်းမှပဲ ကျမတို့လည်း အသက်ရူချောင်မှာ”လို့ ဆိုပါတယ်။