သန့်ရှင်းထွန်း။ ။
ဆင်းရဲတွင်းထဲကျရောက်နေသော မိသားစုကို ဆွဲထုတ်လိုသော စိတ်ကြောင့် မိသားစုနှင့်ဇာတိမြေကို စွန့်ခွာရန် မသဇင်ခိုင်(အမည်လွှဲ) ဆုံးဖြတ်ခဲ့သည်။ သူ၏ဇာတိမြေဖြစ်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ မိုင်ပေါင်းများစွာဝေးသော နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ဆီထွက်ခွာရန် ပြင်ဆင်ချိန်တုန်းကတော့ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်။
“အနီးပတ်ဝန်းကျင်က လူပွဲစားတစ်ဦးက တရုတ်တွေနဲ့ လက်ထပ်ရင် ငွေနှစ်ဆယ့်ငါးသိန်း ရမယ်ဆိုပြီးပြောတယ်။ မွဲပြာကျနေတဲ့ မိဘနှစ်ပါးအတွက် ကိုယ်ပိုင်အိမ်တစ်ဆောင်ရမလားဆိုပြီး စွန့်စားခဲ့တာ။ မောင်လေးကျောင်း ထားနိုင်ဖို့လည်း လိုသေးတယ်လေ” ဟု မသဇင်ခိုင်က စစ်ကောင်စီအာဏာသိမ်းပြီး နှစ်လကျော်ခန့်အကြာ ၂၀၂၁ ခုနှစ် ဧပြီလလယ်ပိုင်းက တရုတ်နယ်စပ်သို့ ထွက်ခွာဖြစ်ခဲ့ပုံကို ပြောပြသည်။
ပွဲစား၏မက်လုံးများက မသဇင်ခိုင်ကို စွဲဆောင်နိုင်ခဲ့သည်။ သူတို့မိသားစုမှာ ဆင်းရဲလွန်းသဖြင့် နေထိုင်စရာမြေမရှိဘဲ စစ်တွေမြို့က အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းကျူးကျော်မြေတွင် အခြေချနေခဲ့ရသည်။ ကျူးကျော်ရပ်ကွက်က သူတို့အိမ်ကလည်း တဲသာသာခန့်သာရှိသည်။
မိဘနှစ်ပါးကို ကိုယ်ပိုင်မြေတစ်ကွက်နှင့် အိမ်တစ်လုံး ဆောက်လုပ်ပေးချင်သည့် သမီးတစ်ယောက်အတွက် ရခိုင်ပြည်နယ်တွင် အလုပ်ရှာဖွေခြင်းထက် တနယ်တကျေးကို စွန့်စားထွက်ခွာရန်က အိမ်ပိုင်ရာပိုင်ဖြစ်လာရန် ပိုမိုနီးစပ်နိုင်သည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် အခြားဒေသများထက် ဆင်းရဲမှုနိမ့်ကျနေသော ပြည်နယ်တစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့် လူငယ်လူရွယ်များ နိုင်ငံရဲ့အခြားဒေသတွေနဲ့ နိုင်ငံခြား၊တိုင်းပြည်တွေကို ယခင်ကတည်းက ထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေခဲ့ကြသည်။
ကိုဗစ်ဂယက်နှင့် စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အဆင်မပြေမှုများက
ပိုမိုများပြားလာခဲ့ပြီး လက်လုပ်လက်စားများအပေါ် ပို၍ ဒဏ်ပိလာခဲ့ သည့်နောက် တရုတ်နယ်စပ်ဆီ ထွက်ခွာဖို့အတွက် မသဇင်ခိုင်ရဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့သည်။
သို့သော်ရည်မှန်းချက်မှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ဘဲ တရုတ်နယ်စပ်ကိုပင် မရောက်နိုင်ခဲ့ဘဲ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သောင်တင်ခဲ့ရသည်။ မသဇင်ခိုင်နှင့်အတူ ၎င်း၏အစ်မဖြစ်သူအပါအဝင် တခြားအမျိုးသမီးငယ် ခြောက်ဦးမှာလည်း ရည်မှန်းချက်အသီးသီးဖြင့် လူပွဲစား၏ နောက်ကို လိုက်လာခဲ့ကြသည်။
“တရုတ်တွေက လာသမျှလူကို ယူတာမဟုတ်ဘူးလေ။ ရုပ်ရည်ကိုလည်း ကြည့်သေးတယ်။ ညီမတို့လို ရုပ်ရည်သိပ် မလှတဲ့သူတွေအတွက်တော့ နေရာမရှိဘူး”ဟု မျက်နှာလုံးလုံး၊ အသားညိုညိုနှင့် မသဇင်ခိုင်က ပြောသည်။
တရုတ်ကိုလည်းဝင်မရ၊ လမ်းစရိတ်လည်း တပုံတခမ်း ကုန်နေခဲ့သော လူပွဲစားအမျိုးသမီးမှာ မသဇင်ခိုင်တို့ကို နေရပ်ပြန်မပို့တော့ဘဲ အမျိုးသမီးငယ် ခြောက်ဦးစလုံးကို လားရှိုးမြို့ရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်စေခိုင်းခဲ့သည်ဟု ပြောပြသည်။ ထိုအလုပ်ကို သဘောမတွေ့သော တခြားအမျိုးသမီးငယ်တစ်ဦးမှာ တရုတ်သို့မဝင်ရကြောင်း သိသိချင်း ရခိုင်သို့ ပြန်လာနိုင်ခဲ့သည်။
ကျန်အမျိုးသမီးငယ် ငါးဦးမှာ အနှိပ်ခန်းတွင် အလုပ်လုပ်ခဲ့ရသော်လည်း ရလာသည့် ငွေကြေးများကို မိဘများထံသို့ တစ်ကျပ်တစ်ပြားမှ ပြန်မပို့နိုင်ဘဲ ပွဲစားအမျိုးသမီးကုန်ကျခဲ့သော ကုန်ကျစရိတ်ကို ပေးဆပ်ခဲ့ရကြောင်း ဆိုသည်။
“ရတဲ့ပိုက်ဆံကို အဖေနဲ့ အမေကို မပေးဘဲ ပွဲစားကယူထားတည်းက ညီမအတွေးဝင်သွားတယ်။ ညီမလိုက်လာတာ မှားပြီဆိုတာကို။ ညီမကိုယ်တိုင် နွားကျခဲ့တယ်ဆိုပြီး သတိဝင်လာတယ်။ ထွက်သွားလို့ရှိရင် သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်။”ဟု မသဇင်ခိုင်က ဆက်ပြောသည်။
ထိုသို့ လားရှိုးမြို့တွင် အလုပ်လုပ်နေစဉ်အချိန်မှာပင် ပွဲစားအမျိုးသမီးနှင့် အနှိပ်ခန်းကလူတစ်ချို့ ပြဿနာဖြစ်ခဲ့သည့်အတွက် မသဇင်ခိုင်နှင့် အစ်မဖြစ်သူတို့မှာ မူဆယ်မြို့သို့ ပြောင်းရွေ့ခဲ့ရပြီး အဖော်ဖြစ်သူ ကျန်အမျိုးသမီးငယ် သုံးဦးမှာ လားရှိုးမြို့၌ပင် ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
မူဆယ်မြို့ကို ရောက်လာခဲ့သော မသဇင်ခိုင်တို့ ညီအစ်မနှစ်ဦးမှာ ပွဲစားစီစဉ်ပေးသည့်နေရာတွင် ဆက်လက်နေထိုင်ခဲ့ရပြီး အမှောင်ထဲက အလုပ်ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ရသည်။
“မူဆယ်မှာတော့ ညအိပ်ခေါ်တဲ့အလုပ်ကို လုပ်ခဲ့ရတယ်။ ဒါပေမယ့် တစ်သိန်းရရင် ပွဲစားက ကိုးသောင်း၊ ညီမက တစ်သောင်းပဲရတယ်။ အဲလိုနေရတဲ့အချိန်မှာ အိမ်နဲ့အဆက်သွယ်က သိပ်မရဘူး။ ပွဲစားတွေက ညီမတို့ လင်ရသွားပြီဆိုပြီးတော့ အိမ်ကလူတွေကို ညာထားကြတယ်” ဟု မူဆယ်မြို့တွင် ကျင်လည်ခဲ့ရပုံကို ပြန်ပြောပြသည်။
ထိုသို့နေထိုင်ရင်း မသဇင်ခိုင်၏ အစ်မဖြစ်သူမှာ ပွဲစားအမျိုးသမီးနှင့် စကားများရန်ဖြစ်ကြပြီးနောက် ပွဲစားအမျိုးသမီး လက်ထဲက မရရသည့်နည်းလမ်းဖြင့် ရုန်းထွက်ကာ ရခိုင်သို့ ပြန်သွားခဲ့ပြီး ညီမဖြစ်သူ မသဇင်ခိုင်မှာ ပွဲစားလက်ထဲတွင် ဆက်လက်ကျန်ရစ်ခဲ့သည်။
မသဇင်ခိုင်၏ အစ်မဖြစ်သူ ရခိုင်သို့ ပြန်ရောက်လာသည့်အချိန်တွင် ညီမဖြစ်သူကို ပွဲစားများထံမှ ဆွဲထုတ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး သက်ဆိုင်ရာ လူကုန်ကူးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့တချို့ကို အကူညီတောင်းခံခဲ့သည်ဟု မသဇင်ခိုင်၏ မိခင်က ပြောသည်။
“ထွက်သွားတာက ညီအစ်မနှစ်ယောက်လေ၊ ပြန်ရောက်တော့ အစ်မပဲပြန်ရောက်လာတယ်။ အဒေါ်တို့က စိုးရိမ်တဲ့အတွက် ရတဲ့နည်းနဲ့ ပြန်ရောက်ဖို့ ကြိုးစားခဲ့တယ်” ဟု ၎င်းကဆိုသည်။
ထို့သို့အစ်မဖြစ်သူ ကြိုးစားမှုကြောင့် မသဇင်ခိုင်မှာ ရခိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပွဲစားအမျိုးသမီးနှင့် အပေါင်းအပါတစ်ချို့ကို တိုင်းတန်းကာ အမှုဖွင့်လှစ်ထားသည်။
အမှုဖွင့်လှစ်ထားသည့်အတွက် မသဇင်ခိုင်မှာ ပွဲစားအမျိုးသမီး၏ ဆွေမျိုးများ ရန်ပြုခံရမည်ကို စိုးရိမ်ကြောက်လန့် နေရသည်ဟု ဆိုသည်။
“ပွဲစားညီမတစ်ယောက်ဆိုရင် ညီမကို ရန်ရှာလာသေးတယ်။ ဒါပေမယ့် ဖြစ်သွားခဲ့တာတစ်ခုကို အကောင်းပဲ ညီမစိတ်ထဲ မှတ်ထားတယ်”ဟု မသဇင်ခိုင်က ပြောသည်။
အခြားမိန်းကလေးငယ်များ ယခုကဲ့သို့ ဖြစ်ရပ်များနှင့် မကြုံရစေရန် မည်သူမဆို စကားချိုသွေး၍ ခေါ်သည်ဖြစ်စေ မလိုက်မိဖို့၊ မသိနားမလည်၍ လိုက်ခဲ့မိသော်လည်း မသင်္ကာလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေး အကြောင်းကြားရန် မသဇင်ခိုင်က တိုက်တွန်းသည်။
မသဇင်ခိုင်တို့လို အခက်အခဲကြုံရတဲ့သူတွေ ရှိသော်လည်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များထဲတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှု၊ မိသားစုစားဝတ်နေရေး အဆင်မပြေမှုများကြောင့် အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးများမှာ နိုင်ငံခြားတိုင်းပြည်များနှင့် တခြားဒေသများသို့ အလုပ်လုပ်ရန် နေ့စဉ်နှင့်အမျှ ထွက်ခွာနေကြသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှ နိုင်ငံခြားတိုင်းပြည်များသို့ ရောက်ရှိနေသော လူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိပြီး ထိုအထဲတွင် အမျိုးသမီးဦးရေ နှစ်သောင်းကျော်ပါဝင်နေပြီး အများဆုံးထွက်ခွာ နေသော ခရိုင်များတွင် မြောက်ဦးခရိုင်နှင့် စစ်တွေခရိုင်တို့မှဖြစ်သည်။
စီးပွားရေးတံခါးပေါက်များ ဖွင့်ထားသည့် ကာလ၌ပင် အလုပ်အကိုင် အခွင့်အလမ်းမရှိမှုကြောင့် တခြားတိုင်း ပြည်များသို့ ထွက်ခွာနေကြသည့် ရခိုင်ဒေသခံများမှာ လက်ရှိ စစ်ကောင်စီ လက်ထက်တွင် တဟုန်ထိုးတက်နေသည့် ကုန်ဈေးနှုန်းနှင့် ဆင်းရဲကျပ်တည်းမှုက အမျိုးသမီးငယ်များကို အမှောင်လောကထဲသို့ မရောက်ရောက်အောင် တွန်းပို့နေသလို ဖြစ်နေသည်ဟု ရခိုင်အခြေစိုက် အမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိဘများ ဆင်းရဲမွဲတေမှုကြောင့် ပညာသင်ရမည့်အချိန်တွင် ပညာမသင်နိုင်ဘဲ အရွယ်နှင့်မမျှအောင် မိဘနှင့်အတူ အလုပ်ထွက်လုပ်ရသည့် မိသားစုများမှာလည်း တပုံတခမ်းရှိနေပြီး ပညာမဲ့မှုကြောင့် ဆုံးဖြတ်ချက်မှားကာ လူပွဲစား များ၏ ပြောဆိုစည်းရုံးမှုအောက်တွင် မျောပါခဲ့ရသည့် အမျိုးသမီးငယ်များလည်းရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိဟောင်းတစ်ဦးက ပြောသည်။
မိဘနှစ်ပါးကို အိမ်နှင့်ခြံနှင့် ထားလိုသဖြင့် တရုတ်နိုင်ငံဘက်ဆီ စွန့်စားထွက်ခွာခဲ့သော်လည်း အခက်အခဲမျိုးစုံကြုံခဲ့ရသည့် မသဇင်ခိုင်မှာ စစ်တွေမြို့ရှိ မိဘများထံသို့ ပြန်ရောက်ချိန်တွင်လည်း သူမထွက်သွားမီ အခြေအနေကဲ့သို့ပင် မိသားစုရဲ့ဘဝက ထူးမခြားနားဖြစ်နေသည်ကို တွေ့ခဲ့ရပြီး သမီးတစ်ဦး အနေဖြင့် မိဘများအတွက် တာဝန်မကျေသေးဟု ဆိုသည်။
မသဇင်ခိုင် နေအိမ်သို့ ပြန်ရောက်လာချိန်မှာပင် ၎င်းတို့နေထိုင်သော အာကျိတ်တော်ကုန်းရှိ ကျူးကျော်နေအိမ်များကို မတ်လ ၁၀ ရက် နံနက်ပိုင်းက စစ်တပ်၊ရဲ၊ထွေ/အုပ်တို့က ဖြိုခွင်းရှင်းလင်းခဲ့သည့်အတွက် ထပ်မံထွက်ပြေးခဲ့ရပြန်သည်။
အလုပ်အကိုင်ရှားပါးမှုနှင့် ပဋိပက္ခများအကြား ဘဝတက်လမ်းအတွက် စွန့်စားခဲ့သည့် မသဇင်ခိုင်၏ အိမ်မက်များသည်လည်း အကောင်အထည်မပေါ်သေးဘဲ အခက်အခဲများကြား ရုန်းရင်းကန်ရင်းနှင့် အဆုံးသတ်ခဲ့ရပြီဖြစ်သည်။