ခင်ဘုန်းမို့။ ။
ရုံးဆင်းချိန်ဖြစ်တဲ့အတွက် ရန်ကုန်ရဲ့အဓိကလမ်းမကြီးတွေမှာ ဘက်စ်ကားတွေ၊ ရုံးအကြိုအပို့ယာဉ်တွေ၊အငှားယာဉ်တွေနဲ့ ပြည့်နေပါတယ်။
ဂျင်းဘောင်းဘီ မိုးပြာရောင်၊ ရှပ်အကျီအကွက်ကိုဝတ်ဆင်ထားတဲ့ ဆံပင်ခပ်တိုတိုနဲ့ အမျိုးသမီးတစ်ဦးဟာ ကားမောင်း နေရင်းမီးပွိုင့်နဲ့ယာဉ်တန်းရှည်ကြီးကို တစ်ချက်ကြည့်လိုက် လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်နဲ့ သက်ပြင်းရှည်ကြီး ကို ချလိုက်ပါတယ်။
သူကတော့ ရန်ကုန်က အငှားယာဉ်မောင်းတွေထဲက ရှားရှားပါးပါးအမျိုးသမီးအငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ အသက် ၄၅နှစ် အရွယ် ဒေါ်အေးအေးခိုင်ပါ။
အချိန်ကညနေငါးနာရီခွဲဖြစ်နေပြီး ဒေါ်အေအေးခိုင်တစ်ယောက် အုံနာကြေးပြည့်ပေမယ့် အိမ်စရိတ်နဲ့နောက်နေ့ဆီဖိုး အတွက် ပိုက်ဆံမလောက်သေးတာကြောင့်စိတ်ပူနေပါတယ်။
“ ဆီဈေးကတက်တော့ ကိုယ့်အတွက်မကျန်ဘူးပေါ့ အုံနာခနဲ့စားဖို့နေဖို့တောင်အတော်ရုန်းကန်ရတယ်ကွယ်” လို့ ဒေါ်အေး အေးခိုင်ကခပ်ညီးညီးဆိုတယ်။
ပြည်တွင်းနိုင်ငံရေး၊စစ်ရေးမတည်ငြိမ်တာ၊ရုရှား-ယူကရိန်း စစ်ရေးအခြေအနေတွေကြောင့် စက်ဆုံးဆီတင်သွင်းရောင်းချတဲ့ လုပ်ငန်းတွေအပေါ်ရိုက်ခတ်မှုတွေရှိခဲ့တာပါ။
စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကျပ် ၂,၀၀၀ နှုန်းအထက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
၂၀၂၂ခုနှစ်မတ်လ ၂၈ ဈေးနှုန်းတွေအရ ဓာတ်ဆီ 92 Octane တစ်လီတာကို ၂,၀၃၅ ကျပ်၊ 95 Octane တစ်လီတာကို ၂,၁၁၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂,၀၂၀ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၂,၂၁၅ ကျပ်ဝန်းကျင်တို့ပဲဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီလက စက်သုံးဆီဈေးနှုန်းတွေဟာ ဒီဇယ်တစ်လီတာကို ၇၀၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ(92) တစ်လီတာကို ၆၅၀ ကျပ်ဝန်းကျင်သာရှိခဲ့တာပါ။
ဒီလိုဆီဈေးနှုန်းတွေမြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းအလုပ်ကိုလုပ်ကိုင်တဲ့ အမျိုးသမီးတွေဟာလည်း အခက် အခဲတွေရှိနေတာပါ။ ဆီဈေးတက်တာကြောင့် အုံနာခရအောင်မနည်းရှာနေရတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့် တာကြောင့် လည်း စားစရိတ်ကာမိအောင် ကြိုးစားရုန်းကန်နေရပါတယ်။ ဒါ့အပြင်ခေတ်ကာလအခြေအနေအရ လုယက်မှုတွေကြောင့် လည်း စီးပွားရှာရတာ နောက်ဆံတင်းစရာအခြေအနေပါ။
“ လုတာကိုမျက်စိရှေ့တင် မြင်ဖူးထားတော့ အပြင်လူသိပ်မတင်တော့ဘူး။ လက်တားငှားတာဆို သတိထားတယ်။ လူများ ရင်မတင်ဘူး။ ကာကွယ်ဖို့ဆိုက အဖြစ်ခင်က ဆင်ခြင်နိုင်သလောက်ဆင်ခြင်တယ်။ အနားမှာ သံတုတ်တစ်ချောင်းတော့ ဆောင်ထားမိတယ်”လို့ ဒေါ်အေးအေးခိုင်ကဆိုပါတယ်။
အရင်ကဆို ည ၁၀နာရီ ၁၁နာရီအထိ ကားထွက်ခဲ့ပေမယ့် အခုဆိုရင်တော့ ညနေငါးနာရီခွဲ ခြောက်နာရီဆို ကားသိမ်းပါပြီ။ ကားစောစောသိမ်းတဲ့အတွက် ဝင်ငွေကလည်းထက်ဝက်လျော့သွားပါတော့တယ်။
ဒေါ်အေးအေးခိုင်တစ်ယောက် တချို့ရက်တွေမှာ တစ်ရက်သုံးသောင်းလောက်ရပေမယ့် တချို့ရက်တွေမှာတော့ ဈေးဦး တောင်မပေါက်ပါဘူး။
“လက်တလောအခက်အခဲအနေနဲ့ ဝင်ငွေထွက်ငွေမမျှတော့ အကြွေးတင်တယ်”လို့သူကဆိုပါတယ်။
ဒေါ်အေးအေးခိုင်ဟာ အငှားယာဉ်မောင်းအဖြစ် မလုပ်ကိုင်ခင်က ကွန်ပျူတာ ဒီဇိုင်နာအဖြစ်လုပ်ကိုင်ခဲ့ပြီး အသက် ၄၀ အရွယ်မှာတော့ ကားမောင်းစသင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အငှားယာဉ်မောင်းလုပ်သက်သုံးနှစ်ရှိပါပြီ။
ဒေါ်အေးအေးခိုင်တစ်ယောက် သူများလက်အောက်မှာအလုပ်မလုပ်ချင်လိုတဲ့ စိတ်တစ်ခုကြောင့် အငှားယာဉ်မောင်းတဲ့ အလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ အငှားကားစမောင်းစဉ်ကာလတုန်းကတော့ လမ်းကြောင်းတွေသေချာမသိတဲ့အတွက် ငှားစီးတဲ့သူတွေကိုသာအားကိုးခဲ့ရပါတယ်။
ဈေးမတန်တဲ့လမ်းကြောင်းတွေကိုလိုက်ပို့ခဲ့ရဖူးသလို စာနာတတ်တဲ့ခရီးသည်တွေက ကားခအပြင်ပိုပေးတာတွေလည်း ဒေါ်အေးအေးခိုင်တစ်ယောက်ကြုံခဲ့ရပါတယ်။
“ ခရီးသည်တွေကပြန်စောင့်ရှောက်တာလည်းခံရဖူးပါတယ်”လို့သူကဆိုပါတယ်။
လက်ရှိ ခေတ်ကာလအခြေအနေနဲ့ ကုန်ဈေးနှုန်းတွေကြောင့် ကားမောင်းတဲ့အလုပ်နဲ့ပတ်သက်ပြီး ရှေ့ဆက်ဖို့သင့်မသင့် လည်း တွေဝေနေမိပါတယ်။
“ တစ်ပတ်မှာ ၂ ရက်လောက်ပဲအော်ဒါရှိတော့ ဝင်ငွေကိုကြည့်ပြီး သွေးပျက်လာလို့ ဘာလုပ်ရမလဲ ကုမ္မဏီအလုပ်ပဲပြန် ဝင်ရမလား။ အဲ့ဒါလည်းအဆင်မပြေနိုင်ဘူး။ အသက်ကဝန်ထမ်းလုပ်ဖို့ အဆင်မပြေဆိုတဲ့အတွေးနဲ့ အိပ်ပျက်ခဲ့တဲ့နေ့တွေ လည်းရှိတာပေါ့။ မလုပ်ပဲနေပြန်ရင်လည်း နေစရိတ်စားစရိတ်က တရိပ်ရိပ်တက်နေတာ စိတ်တင်းပြီးကြိုးစားလုပ်ရတာ ပါပဲ” လို့ဒေါ်အေးအေးခိုင်က ခပ်တိုးတိုးဆိုပါတယ်။
အငှားယာဉ်မောင်းလုပ်သက် ၁၀နှစ်နီးပါးရှိတဲ့ ဒေါ်မီမီပြုံးကလည်း ကုန်ဈေးနှုန်းနဲ့ ဆီဈေးတွေကြောင့် အခက်တွေ့ တယ်လို့ဆိုပါတယ်။
“ ကုန်ဈေးနှုန်းကြီးတာထက် ထည့်လိုက်တဲ့ဆီဖိုးပြန်ရဖို့ ခေါင်းထဲထည့်ထားရတော့ ဘယ်လောက်ခက်ခဲမလဲဆိုတာ မဖြေ တတ်တော့ပါဘူး” လို့ ဖွင့်ဟပါတယ်။
အရင်က ည၁၂နာရီလောက်အထိ ကားမောင်းပေမယ့် လက်ရှိမှာတော့ ည ၇နာရီဆိုကားသိမ်းပြီဖြစ်တဲ့အတွက် ဝင်ငွေက ထက်ဝက်ကျော်ကျော်နည်းသွားပါတယ်။ဒေါ်မီမီပြုံးတစ်ယောက် လုယက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပေမယ့် အထွေအထူး တော့ မပြင်ဆင်ထားပါဘူး။
ဒေါ်မီမီပြုံးဟာ အငှားယာဉ်မောင်းအဖြစ်မလုပ်ကိုင်ခင်က မြန်မာ့သစ်လုပ်ငန်း အင်ဂျင်နီယာဌာနမှာ အငယ်တန်းစာရေး ရာထူးနှစ်နှစ်လုပ်ခဲ့ပါတယ်။
ခင်ပွန်းသည် ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ သားတစ်ယောက်သမီးနှစ်ယောက်ကို ကိုယ်တိုင်အဖေလိုရော အမေ လိုပါ တာဝန်ယူပြီး အငှားယာဉ်မောင်းအလုပ်လုပ်ကိုင်ကာ ရှာဖွေကျွေးမွေးနေတာဖြစ်ပါတယ်။
အငှားကားမောင်းရင်းစီးပွားရှာတာ အပြင် အိမ်မှုကိစ္စတွေကိုလည်း သားသမီးတွေနဲ့ခွဲဝေစီမံပါတယ်။
မနက် ၅နာရီပုံမှန်ထကာ တစ်အိမ်လုံးအတွက် မနက်စာပြင်ဆင်ပြီး မနက်၇နာရီလောက် ကားစမောင်းထွက်ပါတယ်။ မနက် ၁၀နာရီလောက်ဆိုရင် ဈေးဝယ်ပြီးနေ့လည်နဲ့ ညနေအတွက် ချက်ပြုတ်ကာနေ့လည် ၁နာရီကျော်လောက်ကား ပြန် ထွက်ပြီး ည၇နာရီဝန်းကျင်တော့ ပုံမှန်ကားသိမ်းဖြစ်တယ်လို့ ဒေါ်မီမီပြုံးကသူ့တစ်နေ့တာ ဖြတ်သန်းပုံကိုပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အကျပ်အတည်းတွေနဲ့ စီးပွားရေးအခြေအနေကြောင့် အငှားယာဉ်မောင်းတဲ့ အလုပ်ကိုရပ်ပစ်ချင် တဲ့ အတွေးမျိုးမရှိသေးဘဲ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်မှုအရ ကားမောင်းရတာကို ကျေနပ်နေမိတုန်းပဲလို့ ဒေါ်မီမီပြုံးက ဖွင့်ဟ ပါတယ်။
ဒေါ်အေးအေးခိုင်နဲ့ ဒေါ်မီမီပြုံးတို့နည်းတူ အထွေထွေအခက်အခဲတွေကြားက အမျိုးသမီး အငှားယာဉ်မောင်း အဖြစ်လုပ် ကိုင်နေသူကတော့ အသက် ၃၈နှစ်အရွယ် ဒေါ်ရဲငယ်ငယ်ထွန်းဖြစ်ပါတယ်။
ဆီဈေးနဲ့ကုန်ဈေးနှုန်းတွေအပြင် ကားစောစောသိမ်းရတဲ့အတွက် ဝင်ငွေလည်းထက်ဝက်လောက် လျော့နည်းသွား ပါတယ်။
“လူတွေကလည်း သိပ်မငှားကြတော့ဘူး။ ပိုက်ဆံရဖို့ မနည်းကြိုးစားနေရတယ်”လို့ ဒေါ်ရဲငယ်ငယ်ထွန်းကဆိုပါတယ်။
ဖခင်ဖြစ်သူရဲ့ကားဖြစ်တာကြောင့် အုံနာခမပေးရပေမယ့် အိမ်စရိတ်တော့ တစ်နေ့နှစ်သောင်းလောက် ကျန်အောင်ရှာရ တယ်လို့ သူကဆက်ပြောပါတယ်။
အငှားယာဉ်မောင်းအဖြစ်မလုပ်ကိုင်ခင်က အထည်ချုပ်စက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ပြီး အခုဆိုရင်အငှားယာဉ်မောင်းလုပ် သက် သုံးနှစ်ကျော်ရှိပါပြီ။
ဒေါ်ရဲငယ်ငယ်ထွန်းဟာ ကားမောင်းရတာဝါဿနာပါတဲ့အပြင် စားဝတ်နေရေးအတွက်မြန်မြန်ဖြေရှင်းပေးနိုင်တဲ့ အလုပ်ဖြစ် တဲ့အတွက် ကားမောင်းတဲ့အလုပ်ကိုရွေးချယ်ဖြစ်ခဲ့တာပါ။
အငှားယာဉ်မောင်းအလုပ်ကိုလုပ်ကိုင်ရာမှာ အမျိုးသမီးဖြစ်တဲ့အတွက် တခြားအခက်အခဲတော့မရှိပေမယ့် ကားပျက်တဲ့ အချိန်တွေမှာတော့ အခက်အခဲဖြစ်တဲ့အတွက် ကိုယ်တိုင်ကားပြင်တတ်အောင်လေ့ကျင့်နေတယ်လို့ ဒေါ်ရဲငယ်ငယ်ထွန်းက ဖွင့်ဟပါတယ်။
“ အမျိုးသမီးကားမောင်းတာဖြစ်လို့ မစီးဖူးဘူး။ စီးချင်တယ်ပြောတာတမျိုး အများစုကအားပေးကြတယ်။ တချို့ဆိုတောင်း သလောက်ပေးတယ်။ တချို့ကပိုပေးခဲ့တယ်။ ကားမောင်းနေရင် အနောက်ကလိုက်လေ့လာကြတာလည်းကြုံရတယ်”လို့ အမျိုးသမီးအငှားယာဉ်မောင်းအပေါ် ခရီးသည်တွေရဲ့တုန့်ပြန်မှုကိုပြောပါတယ်။
ဒါ့အပြင်လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေကိုကြုံတွေ့ရတဲ့အခါမှာလည်း မသိချင်ယောင်ဆောင်တဲ့ အနေနဲ့တုန့်ပြန်တယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း လုယက်တာတွေနဲ့ပတ်သက်ပြီးစိုးရိမ်နေပါတော့တယ်။
“ ကြောက်လည်းကြောက်မိတယ်။ ခရီးသည်တွေနဲ့အဆင်ပြေအောင် စကားကိုအမှားမရှိရအောင်ဂရုစိုက်နေရတယ်” လို့ ဒေါ်ရဲငယ်ငယ်ထွန်းကဖွင့်ဟပါတယ်။
အငှားယာဉ်မောင်းအလုပ်ကို လုပ်ကိုင်နေကြတဲ့အမျိုးသမီးတွေဟာ အခက်အခဲတွေရှိနေပေမယ့်လည်း ကားမောင်းတဲ့ အလုပ်ကိုနှစ်သက်နေကြဆဲပါ။
“ လမ်းပိတ်တဲ့အချိန်တွေဆို ကားမမောင်းချင်တော့ပါဘူး။ အလုပ်ပြောင်းဖို့မရှိလို့ပါ။ ဒါပေမယ့် ကားကမောင်းကောင်းလေ ပိုက်ဆံရလေ ပိုက်ဆံရလေ မောင်းကောင်းလေဆို အားရကျေနပ်မိပါတယ်”လို့ဒေါ်ရဲငယ်ငယ်ထွန်းကဆိုပါတယ်။